← Chapters

အစွမ်းကုန်တိုက်ခိုက်ခြင်း

Vol. 20 Ch. 270

အစွမ်းကုန်တိုက်ခိုက်ခြင်း

Vol. 20 Ch. 270

"သမာဓိကောင်စီက ဘယ်လိုအဖွဲ့အစည်းမျိုးလဲ"

ယဲ့ချန်က လင်ချိုးကို တစ်ချက်ကြည့်၍ မေးလိုက်သည်။ ယခုအချိန်အထိ သူက သမာဓိကောင်စီအကြောင်းကို သေချာစွာမသိထားပေ။

လင်ချိုးသည် ယဲ့ချန်မှ သမာဓိကောင်စီအကြောင်း မသိသောကြောင့် ထူးဆန်းစွာ ပြန်ကြည့်လိုက်သည်။ သူက အနည်းငယ်စဥ်းစားပြီးနောက် အကြောင်းအရင်းကို သိလိုက်သည်။ သမာဓိကောင်စီသည် လေးစားကြောက်ရွံ့ခြင်းခံရသော်လည်း လူသားကမ္ဘာတွင် သူတို့၏အစွမ်းက ရေခဲတောင်ကြီး၏ အစိတ်အပိုင်းလေးတစ်ခုသာ ဖြစ်သည်။ အပြင်လူများစွာက ကောင်စီအကြောင်း အနည်းငယ်သာသိထားတတ်သဖြင့် ယဲ့ချန်က ၎င်း၏အစစ်အမှန်စွမ်းအားနှင့် အာဏာကို အတိအကျမသိဟု လင်ချိုးက သတ်မှတ်လိုက်သည်။

"သမာဓိကောင်စီကို လူသားတွေနဲ့ ကောင်းကင်သားရဲတွေပူးပေါင်းပြီး တည်ထောင်ထားတာဖြစ်တယ်။ အရှေ့ပိုင်းတိုက်ကြီးမှာ လက်ထောက်ကောင်စီခြောက်ခုရှိပြီး ခေါင်းဆောင်တိုင်းက နတ်ဝိဇ္ဇာ သို့မဟုတ် နတ်ဘုရင်တွေဖြစ်ကြတယ်။ ပင်မစီကောင်စီမှာ ခေါင်းဆောင်သုံးယောက်နဲ့ မဟာအကြီးအကဲခုနစ်ယောက် ရှိတယ်ဆိုပေမယ့် တည်နေရာကို ဘယ်သူမှမသိကြဘူး။ သူတို့ရဲ့ကျင့်ကြံဆင့်က လူသားတွေ စိတ်တောင်ကူးလို့မရတဲ့ အခြေအနေကို ရောက်နေကြပြီ"

လင်ချိုးက သူ့အတွက် အသက်ရှင်ရန် အခွင့်အရေးဖြစ်လာနိုင်သော သမာဓိကောင်စီ၏စွမ်းအားကို ရှင်းပြလိုက်သည်။ သိူ့သော် သူ၏စကားများကို ကြားသော်လည်း ယဲ့ချန်၏မျက်နှာU မင်သေသေဆက်ရှိနေသဖြင့် စိတ်ဓာတ်ကျသွားခဲ့သည်။

ယဲ့ချန်က စိတ်ထဲတွင် အံ့သြနေခဲ့သည်။ သမာဓိကောင်စီက ဤမျှအစွမ်းထက်နေသောအခါ အရှေ့ပိုင်းတိုက်ကြီးကို ထိန်းချုပ်နိုင်ခြင်းက အံ့သြစရာမဟုတ်ချေ။ ထို့ကြောင့် သူတို့က အမှောင်ဝိညာဥ်ကဲ့သို့အရာများကို မွေးမြူရဲခြင်းဖြစ်ပေသည်။

ယဲ့ချန်သည် လင်ချိုး၏စကားများက အမှန်ဟုတ်မဟုတ် မသေချာသော်လည်း အချက်အလက်အနည်းငယ် ရလိုက်သည်။ ကောင်းကင်သားရဲများသည်ပင် သမာဓိကောင်စီအတွင်း ပါဝင်ပတ်သက်နေကြသည်။

"မင်းတို့ ဘယ်လောက်အစွမ်းထက်ပါစေ အမွေးပွလေး တစ်ခုခုဖြစ်ရင် မင်းတို့တွင်းထဲအထိ လာသောင်းကျန်းပြမယ်"

ယဲ့ချန်က စိတ်ထဲမှ ကြုံးဝါးလိုက်သည်။ အကယ်၍ အမွေးပွလေး မထိခိုက်လျှင် ပြဿနာနည်းမည်ဖြစ်သည်။ ကန့်သတ်ဒေသကျွန်းပေါ်ရှိ အဖြစ်အပျက်ကြောင့် အမှောင်ဝိညာဥ်ကို မွေးမြူထားသော အကြောင်းအရင်းက တွေးစရာပင်ဖြစ်သည်။

"ကျွန်းပေါ်ကနေ တစ်ယောက်တည်း ထွက်သွားရမယ်"

ယဲ့ချန်၏အကြည့်က လင်ချိုးထံ ကျရောက်သွားခဲ့သည်။ သူ၏လက်ရှိခွန်အားက ကောင်းကင်ဝိဇ္ဇာအဆင့်ဖြစ်သောကြောင့် ဝိညာဥ်စစ်သည်တော်ကိုအသုံးချပြီး လင်ချိုးကို တိုက်ခိုက်ရမည်ဖြစ်သည်။ ကျားကို တောတွင်းသို့ပြန်လွှတ်သော လုပ်ရပ်မျိုး သူက မလုပ်နိုင်ပေ။

ယဲ့ချန်သည် ပင်လယ်သားရဲများက ချီနန်နှင့်လင်ချိုးကို အနိုင်ယူနိုင်မည်ဟု တွေးထင်ထားခဲ့သည်။ သို့သော် လင်ချိုးက ကံကောင်းစွာဖြင့် လွတ်မြောက်ပြီး အသက်ရှင်နိုင်ခဲ့သည်။

ယဲ့ချန်သည် သူ၏ခွန်အားကို ရန်သူဖြင့်စမ်းသပ်လိုသဖြင့် မျက်လုံးများ တောက်ပလာသည်။

လင်ချိုးသည် ယဲ့ချန်၏ခွန်အားကို မသိသောကြောင့် တုန်လှုပ်နေခဲ့သည်။ သူသည်လည်း ယဲ့ချန်မှ သူ့ကို အလွတ်ပေးမည်မဟုတ်ကြောင်း နားလည်ထားသည်။ သူသာ လွတ်မြောက်သွားလျှင် သမာဓိကောင်စီ၏ဒေါသကြောင့် ယဲ့ချန်က အ​သေသတ်ခံရပေလိမ့်မည်။

သမာဓိကောင်စီသည် နှစ်ပေါင်းသောင်းချီကြာအောင် ဤနည်းအတိုင်း လုပ်ဆောင်ခဲ့သည်။ သူတို့၏သိက္ခာကို လုံးဝထိပါးမခံချေ။ သူတို့ကိုအညံ့ခံလျှင် အသက်ချမ်းသာမည်ဖြစ်ကာ ဆန့်ကျင်လျှင် လိုက်သတ်ခံရမည်ဖြစ်သည်။ သမာဓိကောင်၏လှေကို ဖျက်ဆီးခြင်းသည် စော်ကားမှုဖြစ်သောကြောင့် ယဲ့ချန်မသေမချင်း ရပ်မည်မဟုတ်ချေ။

"ဂီး ဂီး"

နေလင်းယုန်သည် အခြေအနေကို နားလည်ဟန်ဖြင့် တစ်ချက်အော်မြည်ကာ ကောင်းကင်ထက်သို့ ပျံတက်သွားခဲ့သည်။

"ဝှစ် ဝှစ် ဝှစ်"

လင်ချိုးသည် လက်ဦးမှုယူရန် ဆုံးဖြတ်ကာ သိုလှောင်အိတ်အတွင်းမှ လေးကို ချက်ချင်းဆွဲထုတ်သည်။ ထို့နောက် မြှားသုံးချောင်းကို လေးကြိုးတွင်တပ်ဆင်ပြီး ယဲ့ချန်ထံ ပစ်ခတ်လိုက်သည်။ မြှားများက လျှပ်ပြက်သကဲ့သို့ လျင်မြန်စွာနှင့် လေကို ထိုးဖောက်သွား၏။

ထို့နောက် လင်ချိုးသည် ယဲ့ချန်ကို မတိုက်ခိုက်လိုသောကြောင့် ထွက်ပြေးလိုက်သည်။ ဤအခြေအနေတွင် ထွက်ပြေးခြင်းက အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။ မြှားများ၏ရလဒ်ကိုပင် စောင့်ကြည့်မနေတော့ဘဲ ကျွန်း၏အခြားတစ်ဖက်သို့ ချက်ချင်းထွက်ပြေးသွားသည်။

မြှားများကြောင့် ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။ မြှားသုံးချောင်းတွင် အလယ်အဆင့်ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်၏ စွမ်းအားများ ပါဝင်နေသဖြင့် သူက မတိုက်ခိုက်နိုင်ပေ။ သို့သော် မြှားများက အလွန်လျင်မြန်သဖြင့် ရှောင်တိမ်းရန်လည်း အချိန်မရှိပေ။

"ဘုန်း ဘုန်း ဘုန်း"

ဝိညာဥ်စစ်သည်တော်က ယဲ့ချန်၏ကိုယ်တွင်းမှ ထွက်ပေါ်လာကာ မြှားများကို ဓားဖြင့် ခုတ်ချလိုက်သည်။ မြှားသုံးချောင်းက ပေါက်ကွဲသွားပြီး တန်ပြန်အားကြောင့် ဝိညာဥ်စစ်သည်တော်က နောက်ပြန်ဆုတ်သွားရသည်။ ယဲ့ချန်သည်လည်း ပေါက်ကွဲမှု၏အရှိန်ကြောင့် အနည်းငယ် နောက်ဆုတ်လိုက်ရ၏။

ဝိညာဥ်စစ်သည်တော်က ဓားရှည်ကိုမြှောက်ကိုင်ပြီး လင်ချိုးနောက်သို့ ချက်ချင်းလိုက်ပြေးသွားခဲ့သည်။

ထွက်ပြေးနေသော လင်ချိုးက တစ်ချက်လှည့်ကြည့်လိုက်သောအခါ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားခဲ့သည်။ ဝိညာဥ်အသွင်ဖြစ်တည်ခြင်းကို နတ်ဘုရင်များသာ ထုတ်ဖော်နိုင်သည်။ အကယ်၍ ရန်သူက နတ်ဘုရင်ဆိုလျှင် လူသားများ၏နတ်ဝိဇ္ဇာနှင့် စွမ်းအားချင်းတူညီသည်။ လင်ချိုးက ဆန်းကျယ်ဝိဇ္ဇာဖြစ်၍ အဆင့်တစ်ဆင့်သာကွာခြားသော်လည်း ကွာဟချက်က အလွန်ကြီးမားပေသည်။ နတ်ဘုရင်တစ်ယောက်က သူ့ကို ကီလိုမီတာပေါင်းများစွာအထိ နောက်ယောင်ခံလိုက်နိုင်သောအခါ လင်ချိုးအတွက် ပြေးစရာမြေမရှိပေ။

"မဟုတ်သေးဘူး။ ဒီကောင်က နတ်ဘုရင်မဟုတ်ဘူး"

သို့သော် ဝိညာဥ်စစ်သည်တော်က သူ၏မြှားများကြောင့် နောက်ဆုတ်သွားသော မြင်ကွင်းကြောင့် သူက ဖြတ်ခနဲသတိရလိုက်သည်။ အကယ်၍ နတ်ဘုရင်၏ဝိညာဥ်ဆိုလျှင် သူ၏တိုက်ကွက်ကို အလွယ်တကူဖြေရှင်းသွားပေလိမ့်မည်။

လေတိုးသံတစ်ချက်နှင့်အတူ ဝိညာဥ်စစ်သည်တော်က လင်ချိုးအနား ရောက်လာခဲ့သည်။

မီးဓားသိုင်း မီးနဂါးနေကိုသတ်

ခရမ်းရောင်မီးများ တောက်လောင်နေသော ဓားကြီးက လင်ချိုးထံ ကျရောက်လာသည်။ ဝိညာဥ်စစ်သည်တော်က နတ်ဘုရင်၏ဝိညာဥ်မဟုတ်သော်လည်း သူက ခြိမ်းခြောက်မှုတစ်ခုကို ခံစားလိုက်ရသည်။ ထို့ကြောင့် လင်ချိုးမှာ ကျောပေး၍ ရင်မဆိုင်ရဲသောကြောင့် ချက်ချင်းမျက်နှာလှည့်လိုက်သည်။ သူက လက်ထဲရှိလေးရှည်နှင့် ဓားချက်ကို ထိပ်တိုက်ရင်ဆိုင်သည်။

"ဘန်း"

လင်ချိုးက အနည်းငယ်နောက်ဆုတ်ပေးလိုက်ရပြီး သူ၏ဆံပင်အချို့ မီးလောင်ပြီး ပြတ်ကျကုန်သည်။ ဝိညာဥ်စစ်သည်တော်လည်း တန်ပြန်အားကြောင့် တုန်ယင်သွားခဲ့သည်။

"ဆန်းကျယ်ဝိဇ္ဇာ စဦးအဆင့်"

လင်ချိုးသည် ဝိညာဥ်စစ်သည်တော်၏ခွန်အားကို သိသောအခါ အလွန်ပျော်ရွှင်သွားခဲ့သည်။

"နိမ့်ကျတဲ့ ဆန်းကျယ်ဝိဇ္ဇာလေးတစ်ယောက်က ငါ့ကို သတ်ချင်တယ်ပေါ့"

သူ့အောက်ခွန်အားနည်းသော ရန်သူကြောင့် ဤအခြေအနေထိ ကြောက်လန့်ခဲ့ရသောအခါ လင်ချိုးမှာ ဒေါသူပုန်ထပေါက်ကွဲနေသည်။

လင်ချိုး၏ကိုယ်တွင်းမှ ကောင်းကင်ချီများ ထွက်ပေါ်လာ၍ သံချပ်ကာတစ်စုံ ဝတ်ဆင်ထားသကဲ့သို့ ထင်မှတ်ရ၏။

"နေဖောက်သက်တန့်မြှား"

လင်ချိုးက မြှားများဖြင့် ပစ်ခတ်လိုက်သည်။ ဝိညာဥ်စစ်သည်တော်ကလည်း ဓားဖြင့် ပက်ထုတ်လိုက်၏။

"သေစမ်း"

ဤအခြေအနေကို အခွင့်ကောင်းယူလိုက်ပြီး လင်ချိုးက ယဲ့ချန်ထံ မြှားတစ်စင်း ပစ်ခတ်လိုက်သည်။ လင်ချိုးသည် ကောင်းကင်သားရဲများ၏ အားနည်းချက်ကို သိရှိထားသည်။ သာမန်အခြေအနေများတွင် ကောင်းကင်သားရဲများက ဝိညာဥ်​ဖြင့်တိုက်ခိုက်လျှင် အဆင့်တူမှော်သားရဲများကို အစောင့်အဖြစ် ချထားတတ်သည်။ မှော်သားရဲက ပို၍သန်မာလေလေ သူတို့က ပို၍လုံခြုံလေလေဖြစ်သည်။ ယဲ့ချန်အနားတွင်မူ အစောင့်သားရဲတစ်ကောင်မှ မရှိချေ။

ယဲ့ချန်ထံ လင်ချိုး၏မြှားက ဝင်ရောက်လာသောအခါ ကောင်းကင်တွင်ရှိနေသော နေလင်းယုန်က ချက်ချင်းထိုးဆင်းလာသည်။ မြှားက ၎င်းကို ထိုးဖောက်သွားပြီး ကောင်းကင်ချီများက ၎င်း၏ခန္ဓာကိုယ်ထက်တွင် ပေါက်ကွဲသွားခဲ့သည်။ နေလင်းယုန်မှာ နာကျင်စွာအော်မြည်၍ ဆယ့်ငါးမီတာအဝေးအထိ လွင့်ထွက်သွားသည်။ နေလင်းယုန်မှာ မြှားချက်ကြောင့် တစ်ကိုယ်လုံး သွေးချင်းချင်းနီနေခဲ့သည်။

နေလင်းယုန်သည် ဉာဏ်ရည်နည်းပါးသော သားရဲဖြစ်ကာ ရှုပ်ထွေးသော သဘောတရားများကို နားမလည်နိုင်ပေ။ ၎င်း၏စိတ်ထဲတွင် ပိုင်ရှင်ကိုကာကွယ်ရမည်ဟူသော အသိတစ်ခုတည်းသာ ရှိသည်။

ယဲ့ချန်သည် မူလက နေလင်းယုန်ကို များစွာဂရုမစိုက်ပေ။ ၎င်းက သူ့အတွက် အသက်စွန့်ပြီး မြှားကို ခန္ဓာကိုယ်ဖြင့်ကာကွယ်ပေးသွားသောအခါ အလွန်စိတ်ခိုက်သွားခဲ့သည်။ ဤကား သဘာဝအရ လုပ်ဆောင်ခြင်းဖြစ်သော်လည်း ယဲ့ချန်က နေလင်းယုန်ကို အလွန်ကျေးဇူးတင်မိသွားသည်။ တစ်ခါတရံတွင် မှော်သားရဲများက လူသားများထက် ပို၍ယုံကြည်စိတ်ချရသည်။

ယဲ့ချန်သည် နေလင်းယုန်၏အခြေအနေကို မြင်သောအခါ သူ၏နှလုံးသားထဲတွင် ဒေါသများ ပြည့်နှက်လာခဲ့သည်။ သူ၏ကိုယ်တွင်းမှ ကောင်းကင်ချီများ ထွက်ပေါ်လာပြီး ဝိညာဥ်စစ်သည်တော်နှင့် ပေါင်းစပ်သွားခဲ့သည်။ ဝိညာဥ်စစ်သည်တော်၏ အရွယ်အစားက ဖြည်းဖြည်းချင်းကြီးမားလာ၏။

"မီးနဂါးနေကိုသတ်"

ဝိညာဥ်စစ်သည်တော်သည် ငရဲဘုံမှတက်လာသော ငရဲသားကဲ့သို့ ဓားကို ခုတ်ချလိုက်သည်။ ဓားသွားပေါ်တွင် တောက်လောင်နေသော မီးတောက်များက နဂါးတစ်ကောင်အသွင်နှင့် ဆင်တူနေခဲ့သည်။

လင်ချိုးသည် ဝိညာဥ်စစ်သည်တော်၏ဓားချက်ကို မြင်သောအခါ ကြောက်လန့်တကြားဖြင့် မိုးကြိုးချီများကို ထုတ်ဖော်လိုက်သည်။ သူ၏လက်ထဲရှိ လေးက မိုးချုန်းသံတစ်ချက်နှင့်အတူ မိုးကြိုးစွမ်းအားများ ထင်ဟပ်လာသည်။

"မိုးကြိုးဖောက်ခွဲကျင့်စဥ်"

လင်ချိုးက လေးကို တုတ်တစ်ချောင်းပမာ သဘောထားပြီး ရိုက်ထုတ်လိုက်သည်။

ခရမ်းရောင်မီးတောက်များနှင့် မိုးကြိုးချီများက လေထဲတွင် ထိပ်တိုက်ရင်ဆိုင်သွားကြသည်။ ထို့နောက် မီးပွားများက နေရာအနှံ့သို့လွင့်ပျံနေပြီး ကောင်းကင်ထက်တွင်လည်း လျှပ်စီးများ ယှက်နွယ်နေသည်။ ဘန်းခနဲမြည်သံနှင့်အတူ ပေါက်ကွဲမှုကြောင့် လေးက အလယ်မှ နှစ်ပိုင်းကျိုးသွားခဲ့သည်။ လင်ချိုးမှာလည်း မီတာတစ်ရာခန့် နောက်ဆုတ်သွားရ၏။ ဝိညာဥ်စစ်သည်တော်၏ဓားမှာလည်း အက်ကြောင်းများ ပြည့်နှက်လာပြီး ပျောက်ကွယ်သွားခဲ့လေသည်။

"ငါ့​ငွေမိုးကြိုးလေး"

လင်ချိုးမှာ သူ၏လေးကျိုးကိုကြည့်ပြီး ဝမ်းနည်းပက်လက်ဖြစ်သွားခဲ့သည်။ ဝိညာဥ်စစ်သည်တော်က ဆန်းကျယ်ဝိဇ္ဇာစဦးအဆင့်ဖြစ်သော်လည်း ၎င်း၏တိုက်ခိုက်ရေးစွမ်းအားကို လုံးဝအထင်သေး၍ မဖြစ်ချေ။

"ဒီကောင်က တော်တော်ထူးဆန်းတယ်။ ငါ ဆက်ပြီးတိုက်ခိုက်လို့ မဖြစ်ဘူး။ ပြေးရမယ်"

လင်ချိုးသည် ဝိညာဥ်စစ်သည်တော်ကို တလှည့်၊ ယဲ့ချန်ကို တလှည့်ကြည့်ပြီး ဆုံးဖြတ်ချက်ချလိုက်သည်။

"ထွက်ပြေးချင်တာလား"

လင်ချိုး၏အမူအရာကို နားလည်လိုက်သော ယဲ့ချန်က အေးစက်စက်ရေရွတ်သည်။ နေလင်းယုန်ကို ဤရန်သူက နှစ်ကြိမ်တိတိ နာကျင်စေခဲ့သောကြောင့် အသက်ကြွေးကို သေချာပေါက်ပြန်ယူရမည်ဖြစ်သည်။

"နဂါးငွေ့တန်းလက်ဝါးသိုင်း"

ဝိညာဥ်စစ်သည်တော်က သိုင်းလမ်းစဥ်နိယာမတစ်ခု ပါဝင်သော လက်ဝါးချက်ကို ထုတ်ဖော်လိုက်သည်။ များပြားလှသော ခရမ်းရောင်မီးတောက်များက လင်ချိုးထံ ကြယ်ရောင်များပမာ ကျရောက်လာ၏။

လင်ချိုးသည် သူ၏ပတ်လည်ရှိချီများ အေးခဲသွားသည်ကို ခံစားလိုက်ရ၏။ မမြင်ရသော စွမ်းအားတစ်ရပ်က သူ့ကို နေရာတွင် ချုပ်နှောင်ထားလိုက်သည်။ ခေါင်းမော့၍ကြည့်လိုက်သောအခါ ဝိညာဥ်စစ်သည်တော်၏လက်ဝါးချက်က ကြယ်ရောင်များပမာ ကျဆင်းလာသည်။ ဤလက်ဝါးချက်က အလွန်ရိုးရှင်းပုံပေါ်သော်လည်း အလွန်အစွမ်းထက်နေသည်။ ၎င်းကိုရင်ဆိုင်ရခြင်းက ကြယ်အစုအဝေးကြီးတစ်ခု၏စွမ်းအားနှင့် ရင်ဆိုင်ရသည့်အလားပင်ဖြစ်သည်။

လက်ဝါးချက်နှင့် ငါးမီတာအကွာတွင် လင်ချိုးသည် တောင်တစ်လုံးကဲ့သို့ဖိအားမျိုးကို ခံစားလိုက်ရ၏။ သူက မျက်လုံးများကိုပင် မဖွင့်နိုင်တော့ချေ။

"မိုးကြိုးချီအကာအရံ"

လင်ချိုးသည် ကြောက်လန့်တကြားဖြင့် သူ၏တစ်ကိုယ်လုံးကို ကာကွယ်ပေးနိုင်သော ချီအလွှာတစ်ခုကို ထုတ်ဖော်လိုက်သည်။ သူ၏အတွေးတွင် ဤချီဒိုင်းက ဝိညာဥ်စစ်သည်တော်၏လက်ဝါးချက်ကို ခုခံနိုင်မည်ဟု ထင်မှတ်ထား၏။ သို့သော် ခရမ်းရောင်မီးတောက်များက လင်ချိုး၏မိုးကြိုးချီများကို အလွယ်တကူထိုးဖောက်လာသည်။

"မကောင်းတော့ဘူး။ ချီအကာအကွယ်က မခုခံပေးနိုင်တော့ဘူး"

လင်ချိုးက ရှောင်တိမ်းချင်သော်လည်း လှုပ်ရှား၍ပင် မရချေ။ နဂါးငွေ့တန်းလက်ဝါးက လင်ချိုး၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ပေါက်ကွဲသွားခဲ့သည်။

ကောင်းကင်ထိုးဖောက်၊ ကောင်းကင်ဆုံချက်၊ နှလုံး၊ မရဏဂိတ်၊ အသက်ဂိတ်စသော လူ့ခန္ဓာကိုယ်၏အားနည်းချက်များက ပြိုကွဲသွားကြသည်။ လင်ချိုးမှာ သွေးကြောများ အပြင်းအထန်ထိခိုက်ကုန်သဖြင့် ပါးစပ်အပြည့် သွေးများ အန်ထုတ်လိုက်ရသည်။

ဆန်းကျယ်လှသော လက်ဝါးသိုင်းက လင်ချိုး၏စိတ်ဝိညာဥ်ကို ထိခိုက်သွားစေခဲ့သည်။ မိုးကြိုးချီအကာအရံပင် ဤလက်ဝါးချက်ကို မခုခံနိုင်ပေ။ ၎င်းက အစစ်အမှန်သန်မာသော သိုင်းကျင့်စဥ်တစ်ခုဖြစ်၏။ ဆန်းကျယ်ဝိဇ္ဇာစဦးအဆင့်တစ်ယောက်က နတ်ဘုရင်များကဲ့သို့ ဝိညာဥ်အသွင်ဖြစ်တည်ခြင်းအပြင် အစွမ်းထက်သိုင်းကွက်များကိုလည်း တတ်မြောက်ထားသည်။

ထို့ကြောင့် လင်ချိုးမှာ အဆင်အခြင်မဲ့စွာဖြင့် ဆက်လက်တိုက်ခိုက်ရန် မဝံ့ရဲတော့ချေ။ သူက သိုလှောင်အိတ်အတွင်းမှ ဆေးတစ်လုံးကို လျင်မြန်စွာသောက်၍ ကောင်းကင်ချီများ ဖြည့်တင်းလိုက်သည်။ ထို့နောက် အဝေးသို့ ချက်ချင်းပျံပြေးသွားခဲ့သည်။

"ဘယ်ကို ထွက်ပြေးချင်နေတာလဲ"

ဝိညာဥ်စစ်သည်တော်က ညာလက်ဖြင့် လင်ချိုးကို ကုတ်ဆွဲလိုက်လေသည်။

***

All Chapters