ရှောင်ရိ၏လေ့ကျင့်ရေး
Vol. 20 Ch. 271
"ကပ်ဘေးမိုးကြိုး"
လင်ချိုးက အံကြိတ်လိုက်ပြီး ကောင်းကင်ချီများကို ညာလက်သီးတွင် စုစည်းလိုက်၏။ သူ၏လက်သီးချက် ထွက်ပေါ်လာသောအခါ မိုးချုန်းသံတစ်ခု ဖြစ်ပေါ်လာသည်။ ဤလက်သီးချက်တွင် အလယ်အဆင့်ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်၏ အစွမ်းအားလုံး ပါဝင်နေ၏။
"ဘုန်း"
ဝိညာဥ်စစ်သည်တော်က ပေါက်ကွဲမှုကြောင့် နောက်သို့ ယိုင်ထွက်သွားခဲ့သည်။ ထို့နောက် လင်ချိုးက ချက်ချင်းထွက်ပြေးလိုက်၏။
"မင်းထွက်ပြေးလို့မရဘူးကွ။ ကြည့်ရတာ ငါက နဂါးငွေ့တန်းလက်ဝါးသိုင်းကို သေချာမတတ်သေးဘူးထင်တာပဲ"
ဝိညာဥ်စစ်သည်တော်မှာ လင်ချိုးကြောင့် ထိခိုက်သွားသောအခါ ယဲ့ချန်လည်း နာကျင်သွား၏။ သူက ချက်ချင်းတည်ငြိမ်အောင် ကြိုးစားလိုက်ချိန်တွင် လင်ချိုးက ပင်လယ်အတွင်း ဒိုင်ဗင်ထိုးဆင်းသွားခဲ့သည်။
အကယ်၍ ခရမ်းမီးတောက်ကြယ်ခြင်္သေ့သာ နဂါးငွေ့တန်းလက်ဝါးသိုင်းကို ထုတ်ဖော်လိုက်လျှင် လင်ချိုးမှာ တစ်ချက်တည်းသေသွားပေလိမ့်မည်။ ကျင့်ကြံဆင့်အရာတွင် ယဲ့ချန်က လင်ချိုးအောက်နိမ့်ကျသဖြင့် အစွမ်းထက်လက်ဝါးသိုင်းကို ထုတ်ဖော်လိုက်သော်လည်း ရန်သူကို ဒဏ်ရာရစေရုံသာ တတ်နိုင်ခဲ့၏။ လင်ချိုးသည် သူ၏အလားအလာကို လှုံ့ဆော်ပေးနိုင်သော ဆေးလုံးတစ်မျိုးကို သောက်သုံးလိုက်သဖြင့် ကောင်းကင်ချီများ ရုတ်တရက်ထွက်ပေါ်လာခြင်းဖြစ်သည်။
"ဒီကောင် ထွက်ပြေးချင်လည်း မလွတ်နိုင်တော့ပါဘူး"
ယဲ့ချန်သည် ပတ်ဝန်းကျင်ကို ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သည်။ လင်ချိုးမှာ ပင်လယ်အတွင်း ထွက်ပြေးမသွားဘဲ ကျွန်း၏အခြားတစ်ဖက်သို့ ကူးခတ်သွား၍ ကျောက်ဆောင်တစ်ခုပေါ်သို့ တက်လိုက်၏။ သူက ရေဘဝဲများကို ကြောက်လန့်သဖြင့် ပင်လယ်အတွင်း ဆင်းမသွားရဲပေ။ ကြည့်ရသည်မှာ ကောင်းကင်ချီများကို ပြန်လည်ဖြည့်တင်းနေပုံပေါ်သည်။
"ဒီလူက အချိန်ဆွဲပြီး ထွက်ပြေးဖို့ ကြိုးစားနေတာဖြစ်ရမယ်။ ဒါပေမယ့် ငါ့ဝိညာဥ်အသိစိတ်လက်ကနေ ထွက်ပြေးဖို့ မဖြစ်နိုင်ပါဘူး"
ယဲ့ချန်သည် ဝိညာဥ်အသိစိတ်ဖြင့် လင်ချိုးကို ထပ်မံတိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ ထိုအချိန်တွင် ပင်လယ်ရေအောက်မှ မတည်ငြိမ်သော ပြင်းထန်သည့် စွမ်းအားကြီးတစ်ရပ် ထွက်ပေါ်လာသည်။
"ဘာဖြစ်တာလဲ"
ယဲ့ချန်က တန့်ခနဲဖြစ်သွားကာ ပင်လယ်ရေအောက်သို့ ဝိညာဥ်အသိစိတ်ကို စေလွှတ်လိုက်သည်။
လင်ချိုးသည် ယဲ့ချန်က သူ့နောက်သို့ လိုက်မလာကြောင်း သတိထားမိသောအခါတွင်မှ စိတ်အေးသွားရသည်။ သူက သက်ပြင်းတစ်ချက်ချလိုက်သော်လည်း သတိကို မလျှော့ရဲချေ။ ကောင်းကင်သားရဲများ၏ ကြောက်စရာအကောင်းဆုံးအချက်က ဝိညာဥ်အသိစိတ်ဖြစ်သည်။ ၎င်းတို့က အားသာချက်ကို အကောင်းဆုံးအသုံးချကာ ရန်သူများကို ကီလိုမီတာထောင်ချီသည်အထိ အလွယ်တကူ နောက်ယောင်ခံလိုက်နိုင်ကြလေသည်။
"ငါက ဒီအခွင့်အရေးကို အရယူပြီး ပြန်ကောင်းအောင် ကျင့်ကြံရမယ်။ နောက်တစ်ကြိမ်ပြန်တွေ့ရင် ငါက ဒီလိုမျိုးထွက်မပြေးဘူးကွ"
လင်ချိုးက တစ်ချက်တွေး၍ အံကြိတ်ကြုံးဝါးလိုက်သည်။ သူက မိုးကြိုးချီများကိုထိုးဖောက်၍ သွေးကြောများကို ဒဏ်ရာရစေခဲ့သော ယဲ့ချန်၏လက်ဝါးသိုင်းကို အလွန်ကြောက်လန့်နေမိသည်။ ဤလက်ဝါးသိုင်းက သူ့ကို ကျောရိုးထဲမှပင် စိမ့်တက်သွားစေခဲ့သည်။ လင်ချိုးသည် ကျွန်းပေါ်ရှိသစ်တောအတွင်း ဝင်ရောက်သွားခဲ့သည်။ ကောင်းကင်ချီများကိုဖြည့်တင်းနေရင်း ပတ်ဝန်းကျင်ကိုလည်း အဆက်မပြတ်စစ်ဆေးနေရသည်။ သစ်ရွက်များကို ဖြတ်တိုက်လာသော လေသံကပင် သူ့ကိုခြောက်လှန့်နေသည်။ သူက သတိကို အဆုံးအစွန်အထိ ထုတ်ဖော်ထားလိုက်၏။
ယဲ့ချန်သည် ပင်လယ်ရေအောက်မှ အရှိန်အဝါကြောင့် လင်ချိုးနှင့်တိုက်ခိုက်မည့်အလုပ်ကို ရပ်ထားလိုက်သည်။ ထို့နောက် သူက နေလင်းယုန်ကို ဆေးထည့်ပေးရန် ဆုံးဖြတ်လိုက်၏။
"ဂီး ဂီး"
နေလင်းယုန်မှာ နာကျင်လွန်းသဖြင့် ခပ်တိုးတိုးအော်မြည်နေသည်။
ယဲ့ချန်သည် ၎င်း၏ဒဏ်ရာကို ညှင်သာစွာစစ်ဆေးလိုက်သည်။ မြှားက ရင်ဘတ်ကို ဖောက်ထွက်သွားသဖြင့် ဒဏ်ရာက အလွန်ပြင်းထန်သည်။ အကယ်၍ သာမန်သားရဲများဆိုလျှင် ဤဒဏ်ရာကြောင့် အတန်ကြာတည်းက သေဆုံးသွားပေလိမ့်မည်။ နေလင်းယုန်မှာ ကောင်းကင်အဆင့်ဖြစ်သောကြောင့် ပြင်းထန်သည့်အသက်အားကို ပိုင်ဆိုင်ထားသည်။ ဒဏ်ရာမှာ ဖြည်းညှင်းစွာပင် ပြန်လည်ကောင်းမွန်စပြုနေသည်။
ယဲ့ချန်သည် ဒဏ်ရာကို ဆေးထည့်ပြီး ပတ်တီးစည်းပေးခဲ့သည်။ ထို့နောက် သူက နေလင်းယုန်ကို ဆန်းကျယ်အဆင့် ဝိညာဥ်ဆေးတစ်လုံး တိုက်ကျွေးလိုက်သည်။
ပတ်တီးများစည်းပြီးနောက် နေလင်းယုန်က ထရန်ကြိုးစားလိုက်သော်လည်း မြေပြင်ပေါ်သို့ပြန်လည် ပြုတ်ကျသွားသည်ချည်းသာဖြစ်သည်။
"အားဖန်ကိုး မင်း အနားယူလိုက်ပါဦးကွာ"
ယဲ့ချန်က ၎င်း၏ကျောကိုပွတ်သပ်၍ ပြောလိုက်သည်။ ဒဏ်ရာပြင်းထန်စွာရထားသော်လည်း နေလင်းယုန်က သူ့အတွက် အလုပ်လုပ်ပေးချင်နေခဲ့သည်။ အနာဂတ်တွင် ၎င်းကို ကောင်းမွန်စွာဆက်ဆံပေးမည်ဟု ယဲ့ချန်က ဆုံးဖြတ်လိုက်သည်။ ၎င်းက အလွန်အစွမ်းမထက်သော်လည်း အခြားလူများ၊သားရဲများတွင်မရှိသော သစ္စာရှိမှုကို ပိုင်ဆိုင်ထားသည်။
ယဲ့ချန်သည် ပင်လယ်ပြင်ကို စိုးရိမ်စွာစိုက်ကြည့်နေခဲ့သည်။ သူ၏ဝိညာဥ်အသိစိတ်က ရေအောက်ချောက်နက်အတွင်း ဆင်းသက်သွားခဲ့သည်။ ဤအရှိန်အဝါက ဝိညာဥ်ပုလဲအတွင်း ကျင့်ကြံနေသော ရှောင်ရိအပေါ် အကျိုးသက်ရောက်မည်ကို ပူပန်နေမိသည်။
နေရောင်က ပင်လယ်ရေပြင်ထက်တွင် တောက်ပစွာလင်းလက်နေသည်။ အမျိုးအမည်မသိရသော ဖြစ်တည်မှုတစ်ခုက တည်ငြိမ်နေသော ရေပြင်အောက်တွင် နိုးထလာပြီဖြစ်သည်။
ယဲ့ချန်သည် ဝိညာဥ်အသိစိတ်ဖြင့် ဝူစီနှင့်ဝိညာဥ်ပုလဲကို ရှာတွေ့ခဲ့သည်။ ဝူစီသည် ကျောက်တုံးတစ်ခုပေါ်တွင်ကပ်တွယ်၍ တစ်ခုခုကို စားသောက်ပုံပေါ်သည်။ သူနှင့်မလှမ်းမကမ်းတွင် ပင်လယ်သားရဲငါးကောင်က စစ်သည်များသဖွယ် တန်းစီရပ်နေကြသည်။
ဝိညာဥ်ပုလဲသည် ရေအောက်ချောက်နက်အတွင်း မှိန်ဖျော့ဖျော့အနက်ရောင်များ တောက်ပနေသည်။ ထိုအလင်းများကြောင့် ၎င်းက ဧရာမပုလဲကြီးတစ်လုံးသဖွယ် ထင်မှတ်ရပြီး ဆန်းကျယ်သောအသွင်ကို ဆောင်နေခဲ့သည်။
ဝိညာဥ်ပုလဲအတွင်း မူလအသွင်ပြောင်းထားသော ရှောင်ရိသည် သူကဲ့သို့ တောင်ပံနဂါးကြီးများနှင့် တိုက်ခိုက်နေခဲ့သည်။ တောင်ပံနဂါးကြီးများမှာ တစ်ကိုယ်လုံးနက်မှောင်နေသဖြင့် ရှောင်ရိနှင့် အနည်းငယ်ကွာခြားနေသည်။ ၎င်းတို့ကို ရှောင်ရိ၏လေ့ကျင့်ဖော်များအဖြစ် နတ်ဆိုးအဘိုးအိုက ဝိညာဥ်ပုလဲ၏စွမ်းအင်နှင့် ဖန်တီးပေးထားခြင်းဖြစ်သည်။
"ဆရာ လေ့ကျင့်ရတာ အရမ်းခက်တယ်"
ရှောင်ရိက တိုက်ခိုက်နေရင်း ညည်းညူလိုက်သည်။
ရှောင်ရိသည် မိစ္ဆာကျင့်စဥ်ကို ထုတ်ဖော်ထားသဖြင့် သူ၏အမွေးအတောင်များက ပုံမှန်ထက်လေးငါးဆခန့် ပို၍ကြီးမားနေသည်။ ၎င်းတို့အပေါ်တွင် အနက်ရောင်မီးတောက်များ လွှမ်းခြုံနေကာ ပြင်းထန်သောအပူချိန်ကို ထုတ်ဖော်ထားသည်။ မီးတောက်များကြားတွင် စွမ်းအင်ဖြင့် ဖန်တီးထားသော သံမဏိဓားသွားများ ဖြစ်တည်နေသည်။ ဤကား မိစ္ဆာကျင့်စဥ်၏သိုင်းကွက် ဖြစ်လေသည်။
"ဒါပေါ့ကွ။ လေ့ကျင့်ရေးက တကယ်ခက်ခဲတယ်။ ဒါပေမယ့် မင်းအစွမ်းပိုထက်လာရင် တန်ပါတယ်"
နတ်ဆိုးက တင်ပျဥ်ခွေထိုင်နေပြီး တစ်ကိုယ်လုံး အနက်ရောင်များတောက်ပနေသည်။ သူ၏ပတ်ဝန်းကျင်တွင် မျက်တွင်းဟောက်ပက်၌ အနီရောင်မီးတောက်များရှိသော အရိုးခေါင်းသုံးခုက လှည့်ပတ်ပျံသန်းနေကြသည်။ အခြားလူများသာ ဤမြင်ကွင်းကိုမြင်လျှင် အဘိုးအိုကို အစွမ်းထက်မိစ္ဆာကြီးတစ်ကောင်ဟု ထင်မှတ်သွားနိုင်ကြသည်။
နတ်ဆိုးသည် လေထဲတွင်တိုက်ခိုက်နေသော တပည့်ကိုကြည့်၍ ကောင်းချီပေးခံရသူဟု သတ်မှတ်ထားခဲ့သည်။ အတိတ်တွင် သူက မိစ္ဆာကျင့်စဥ်၏ပထမအကွက်ကို တတ်မြောက်ရန် နှစ်ပေါင်းနှစ်ရာ အချိန်ယူခဲ့ရသည်။ ရှောင်ရိကမူ တစ်လအတွင်း ပထမအကွက်ဖြစ်သော မီးဓားငရဲကို တတ်မြောက်လာကာ နောက်ထပ်လဝက်အတွင်း ကျွမ်းကျင်သွားပေလိမ့်မည်။
"ငါ့ခန့်မှန်းချက်က မှန်နေပြီ။ တောင်ပံမြွေနဂါးတွေက ရှေးဟောင်းသန္ဓေပြောင်းသားရဲဖြစ်လို့ မိစ္ဆာသွေးကို ပိုင်ဆိုင်ထားတယ်။ သူတို့က မိစ္ဆာကျင့်စဥ်ကိုတတ်မြောက်ဖို့ အများကြီးကြိုးစားစရာမလိုဘူး။ ဒီအရည်အချင်းကို သာမန်လူတွေ ယှဥ်နိုင်မှာမဟုတ်ဘူး"
နတ်ဆိုးက တစ်ချက်ပြုံး၍ ချီးကျူးလိုက်သည်။
ဤကျင့်စဥ်ကိုတီထွင်ခဲ့သူများသာ သူ၏စကားကိုကြားလျှင် သေဆုံးသည်အထိ ခွက်ထိုးခွက်လှန် ရယ်မောကြမိပေလိမ့်မည်။ မိစ္ဆာကျင့်စဥ်များကို လေ့ကျင့်ရခြင်းက သာမန်ကျင့်စဥ်များနှင့် အလွန်ကွာခြားသည်။ လေ့ကျင့်ရေးက အလွန်လျင်မြန်ပြီး သာမန်ပါရမီနှင့်လူတစ်ယောက်ပင် မီးဓားငရဲကိုတတ်မြောက်ရန် အချိန်နှစ်လသာ လိုပေမည်။ ဤအကွက်ကိုတတ်မြောက်ရန် နှစ်ပေါင်းနှစ်ရာ အချိန်ယူရခြင်းက အလွန်ရယ်စရာကောင်းသော ပြက်လုံးတစ်ခုပမာ ဖြစ်သည်။
ရှောင်ရိ၏ကိုယ်ထဲတွင် မိစ္ဆာသွေးများစီးဆင်းနေသဖြင့် ဤအကွက်ကိုတတ်မြောက်ရန် အများဆုံး အချိန်သုံးရက်သာ လိုသင့်သည်။ သို့သော် အချိန်တစ်လကျော်ယူခဲ့ရခြင်းက တုံးအမှုကို မီးမောင်းထိုးပြနေသည်။ အကယ်၍ မိစ္ဆာကျင့်စဥ်တီထွင်သူများသာ အသက်ရှင်နေလျှင် ရှောင်ရိကို ရိုက်နှက်မိကြပေလိမ့်မည်။ သို့သော် နတ်ဆိုးအဘိုးအိုကမူ ရှောင်ရိကို ကောင်းချီပေးခံရသောတပည့်ဟု သတ်မှတ်ထားခဲ့လေသည်။
"ဘန်း"
ရှောင်ရိကို ဝိညာဥ်ပုလဲ၏ မြွေနဂါးကြီးတစ်ကောင်က ရိုက်နှက်လိုက်သည်။ သူ၏ခန္ဓာကိုယ်က အလွန်မာကျောနေခြင်းကြောင့်သာ မဟုတ်လျှင် တစ်ကိုယ်လုံး ဒဏ်ရာများ ပြည့်နှက်နေနိုင်သည်။
အတိတ်တွင် ယဲ့ချန်နှင့်အမွေးပွလေးသည် ရှောင်ရိကို သိုင်းပညာသင်ကြားပေးရန် အကြိမ်ပေါင်းများစွာကြိုးစားခဲ့ဖူးသည်။ သို့သော် ဘယ်ဘက်နားကဝင် ညာဘက်နားကထွက်ဖြစ်သောကြောင့် ရှောင်ရိမှာ သိုင်းမတတ်ခဲ့ပေ။ သူက အမြဲတမ်းကစားရန်သာ စိတ်အားထက်သန်နေပြီး ယနေ့သင်လိုက်သောသိုင်းကွက်များကို နောက်တစ်ရက်တွင် မေ့သွားတတ်သည်။ ထို့ကြောင့် ရှောင်ရိကို သိုင်းပညာသင်ပေးရခြင်းက အောင်မြင်ရန် မဖြစ်နိုင်လုနီးပါး အလုပ်တစ်ခုဖြစ်သည်။
ရှောင်ရိသည် မူလအသွင်သို့ ပြောင်းလိုက်လျှင် မျိုးရိုးမှဆင်းသက်လာသော သိုင်းကွက်အနည်းငယ်ကို တတ်မြောက်သည်။ သူက မွေးဖွားချိန်မှစ၍ သိုင်းပညာအသစ်များကို မလေ့ကျင့်ဖူးပေ။ လက်ရှိတွင် မိစ္ဆာကျင့်စဥ်ကို အားသွန်ခွန်စိုက်ကျင့်ကြံနေခြင်းမှာ ရှောင်ရိသည် ယဲ့ချန်နှင့်အမွေးပွလေးကို ကာကွယ်ပေးလိုသော မောင်နှမချစ်ခြင်းမေတ္တာကြောင့် ဖြစ်သည်။
ရှောင်ရိသည် မြွေနဂါးကြီး၏ရိုက်ချက်ကို ခံလိုက်ရသော်လည်း အံကြိတ်ပြီး နာကျင်မှုကို သည်းခံနေလိုက်သည်။
"ငါက အားနည်းလွန်းတယ်။ ဒီအတိုင်းဆိုရင် အစ်ကိုကြီးနဲ့မမကို ကာကွယ်မပေးနိုင်သေးဘူး။ ငါ ပိုပြီးသန်မာလာရမယ်"
ရှောင်ရိ၏မျက်လုံးများက ဆုံးဖြတ်ချက်ကြောင့် တောက်ပလင်းလက်လာသည်။ သူ၏တောင်ပံများကို ခတ်လိုက်သောအခါ စွမ်းအင်ဖြင့်ဖန်တီးထားသော သံမဏိဓားသွားများ ပြေးထွက်သွားခဲ့သည်။
"မီးဓားငရဲ"
အနက်ရောင်မီးများ တောက်လောင်နေသော ဓားသွားများက ဝိညာဥ်ပုလဲမှဖြစ်ပေါ်လာသော ပုံရိပ်များထံ ဝင်ရောက်သွား၏။ တဘုန်းဘုန်းပေါက်ကွဲသံများနှင့်အတူ ၎င်းတို့လည်း ပျက်စီးသွားခဲ့သည်။
မြွေနဂါးပုံရိပ်များကို ဖြေရှင်းပြီးနောက် ရှောင်ရိက လူအသွင်ပြောင်းပြီး ပြန်လည်ဆင်းသက်လာခဲ့သည်။ လက်ရှိတွင် သူက အသက်ရှူရပ်လုနီးပါး မောပန်းနေသည်။
ရှောင်ရိက လေ့ကျင့်ဘက်များကို မီးဓားငရဲဖြင့် သုတ်သင်နိုင်လိုက်သောအခါ နတ်ဆိုးက မုတ်ဆိတ်ကိုသပ်၍ ကျေနပ်နေပုံပေါ်သည်။
"မဆိုးဘူး။ မင်းက ငါထင်ထားတာထက် ပိုပြီးမြန်နေတယ်။ မီးဓားငရဲကို မင်းကျွမ်းကျင်သွားရင် ပိုပြီးအစွမ်းထက်တဲ့ သိုင်းကွက်ကို သင်ပေးမယ်။ ရေခဲငရဲလို့ခေါ်ပြီး အရင်အကွက်ထက် ဆယ်ဆပိုပြီးအစွမ်းထက်တယ်"
အဘိုးအိုက ဂုဏ်ယူစွာပြောလိုက်သည်။
"မီးဓားငရဲထက် ဆယ်ဆပိုအစွမ်းထက်တယ် ဟုတ်လား။ ဒါဆိုရင် ငါက အမှောင်ဝိညာဥ်ကို သတ်နိုင်မှာလား"
ရှောင်ရိက မျှော်လင့်တကြီးဖြင့် မေးလိုက်သည်။
"ဒါပေါ့ကွ။ နိမ့်ကျတဲ့ အမှောင်ဝိညာဥ်လောက်ကို အလွယ်လေးသတ်နိုင်တယ်။ ဒါက သင်ယူရမှာ ပိုပြီးခက်ခဲတယ်။ ငါ့တုန်းက ငါးရာ အဲ မဟုတ်ပါဘူး ထူးချွန်တဲ့ပါရမီကြောင့် ရက်ငါးဆယ်တည်း အချိန်ယူခဲ့တယ်"
"ဆရာ ဆရာက အရမ်းတော်တယ်"
ရှောင်ရိက လေးစားစွာဖြင့် ချီးကျူးလိုက်သည်။
"ရှောင်ရိ တစ်နေ့ကျရင် မင်းက ငါ့လိုအဆင့်မျိုးရောက်လာမှာပါ"
နတ်ဆိုးအဘိုးအိုက မျက်နှာပူပူဖြင့် ရှောင်ရိ၏ပခုံးကိုပုတ်ကာ အားပေးလိုက်သည်။
ဆရာဖြစ်သူ၏စကားကြောင့် ရှောင်ရိမှာ အလွန်စိတ်လှုပ်ရှားပျော်ရွှင်နေသည်။ ရေခဲငရဲ၏အစွမ်းထက်ပုံကို တွေးမိလိုက်သောအခါ လေ့ကျင့်လိုစိတ်များ တဖွားဖွားဖြစ်ပေါ်လာသည်။
ထိုအချိန်တွင် ရေအောက်ချောက်နက်အတွင်း ပင်လယ်ရေများ၌ ရေပူဖောင်းကြီးများ ဖြစ်ပေါ်လာသည်။ အဘိုးအိုက တစ်ခုခုကို အာရုံခံမိဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
"ဆရာ ဘာဖြစ်တာလဲ"
ဆရာဖြစ်သူ၏ အရိပ်အကဲကြောင့် ရှောင်ရိက မေးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး"
အဘိုးအိုက ခေါင်းယမ်းပြလိုက်သည်။ သို့သော် သူ၏အတွေး၌ ကံဆိုးမှုကိုအပြစ်တင်နေပြီး ချောက်နက်အတွင်း တစ်ခုခုရှိနေနိုင်ကြောင်း ခံစားနေရသည်။
ထိုအချိန်တွင် ဝိညာဥ်ပုလဲအပြင်ရှိ ဝူစီ၏မျက်လုံးလေးများ ပြူးကျယ်သွားကာ တစ်ကိုယ်လုံး တုန်ခါသွားခဲ့သည်။ သူက ချောက်နှင့်ဝိညာဥ်ပုလဲကို တလှည့်စီကြည့်ပြီး လက်တံလေးများကို ဝှေ့ယမ်းပြနေသည်။
"ဆရာ ဝူစီက ငါတို့ကို ချက်ချင်းထွက်သွားဖို့ အချက်ပြနေတယ်"
ဝူစီလုပ်ရပ်၏ အဓိပ္ပါယ်ကို နားလည်သော ရှောင်ရိက အဘိုးအိုကို ချက်ချင်းသတိပေးလိုက်သည်။
"ဘာလို့ထွက်ပြေးရမှာလဲ"
အဘိုးအို၏စကားအဆုံးတွင် အောက်ဘက်ရှိ ချောက်နက်အတွင်းမှ မှိန်ဖျော့ဖျော့အလင်းတစ်ခု ထွက်ပေါ်လာသည်။ ခဏအကြာတွင် အလင်းက ပိုမိုတောက်ပလာပြီး အလွန့်အလွန်ကြီးမားသော ပင်လယ်လိပ်ကြီးတစ်ကောင် ထွက်ပေါ်လာလေသည်။
***