ငါးစာ
Vol. 20 Ch. 273
ယဲ့ချန်က မော့ကြည့်လိုက်သောအခါ သူ့ထံတိုးဝင်လာနေသော ဝိညာဥ်ပုလဲနှင့် ၎င်းနောက်မှလိုက်လာသော ပင်လယ်လိပ်ကြီးကို တွေ့လိုက်ရသည်။ ဝိညာဥ်စစ်သည်တော်က ဓားကိုဆွဲကိုင်ပြီး လိပ်ကြီးထံ နောက်တစ်ကြိမ် ပြန်လည်ပြေးဝင်သွားခဲ့သည်။
"ဆရာ မြန်မြန်ထွက်ပြေး"
ရှောင်ရိက စိုးရိမ်တကြီးဖြင့် အော်ဟစ်သတိပေးနေသည်။
"ဒီလိပ်ကြီးက အရမ်းမြန်လွန်းတယ်။ ဒီတစ်ခေါက် ဆရာ မရှင်သန်နိုင်လောက်တော့ဘူး။ ရှောင်ရိ ဝိညာဥ်ပုလဲကနေ မြန်မြန်ထွက်သွားတော့။ ငါ့ကို လိပ်ကြီးစားသွားရင်တော့ အလောင်းကို ကောင်းကောင်းမွန်မွန် သင်္ဂြိုလ်ပေးရမယ်နော်"
နတ်ဆိုးအဘိုးအိုက သက်ပြင်းတစ်ချက်ချ၍ ပြောလိုက်သည်။
"ဆရာ ငါက လိပ်ကြီးရဲ့အီးပုံထဲမှာ လိုက်ရှာရမှာလား"
ရှောင်ရိက နားမလည်ဟန်ဖြင့် ပြန်မေးလိုက်သည်။
"ထားလိုက်ပါတော့ကွာ။ ငါ့ဘာသာ ပင်လယ်ထဲ သေပါတော့မယ်"
ရှောင်ရိ၏စကားကြောင့် အဘိုးအိုမှာ ဆွံ့အသွားခဲ့သည်။
"ဆရာ ငါ ဒီကောင်ကြီးကို တိုက်ခိုက်မယ်"
ရှောင်ရိက ဝိညာဥ်ပုလဲအတွင်းမှ လှစ်ခနဲပြေးထွက်သွားခဲ့သည်။ ထို့နောက် မီတာသုံးရာကျော်ရှည်လျားသော ဧရာမတောင်ပံမြွေနဂါးကြီးအဖြစ် ပြောင်းလဲလိုက်သည်။ သူ၏ခန္ဓာကိုယ်ပတ်လည်တွင် အနက်ရောင်မီးတောက်များနှင့် သံမဏိဓားများ လည်ပတ်နေကြသည်။
"မီးဓားငရဲ"
မီးတောက်နက်များ စွဲလောင်နေသော ဓားသွားများက လိပ်ကြီးထံ မိုးရွာသကဲ့သို့ တဖွဲဖွဲကျဆင်းသွားသည်။ သို့သော် လိပ်ကြီးက ပါးစပ်ကိုဟ၍ မီးတောက်များနှင့် ဓားသွားများကို အစာအိမ်အတွင်း မျိုချပစ်လိုက်သည်။
"ဒီကောင်က ဒါတွေကိုလည်း စားနိုင်တာလား။ အစွမ်းထက်လိုက်တာ"
ရှောင်ရိက အလွန်အံ့သြသွားခဲ့သည်။ ထိုအချိန်တွင် လိပ်ကြီးက ရှောင်ရိကို တွန်းထုတ်လိုက်သောအခါ မီတာသုံးဆယ်အထိ လွင့်ထွက်သွား၏။ ထို့နောက် ၎င်းက ဝိညာဥ်ပုလဲနောက်သို့ ဆက်တိုက်လိုက်သွားလေသည်။
"ဘုရားရေ"
နတ်ဆိုးအဘိုးအိုမှာ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားခဲ့သည်။ ဝိညာဥ်ပုလဲက အဝေးသို့ထွက်ပြေးရန် ကြိုးစားလိုက်၏။
လိပ်ကြီးက ရေချီနည်းစနစ်များကို ထုတ်ဖော်လိုက်သည်။ အချင်းဝက်မီတာထောင်ချီကြီးသော ရေနံရံကြီးများက လှောင်အိမ်တစ်ခုပမာ မြင့်တက်လာခဲ့သည်။ ၎င်းတို့အပေါ်တွင် ရုန်းများရှိနေပြီး ဝိညာဥ်ပုလဲက ထိုးဖောက်နေသော်လည်း အကြောင်းမထူးပေ။ ရေလှောင်အိမ်၏အမိုးများက နေ့အလင်းရောင်ကိုပင် ကာသွားသောကြောင့် နေအလင်းရောင် အနည်းငယ်မျှသာ ထိုးဖောက်နိုင်နေသည်။
ရေတန်းအချို့က အသက်ရှိသော မြွေကြီးများကဲ့သို့ ဝိညာဥ်ပုလဲထံ တိုးဝင်လာကြသည်။ ယဲ့ချန်သည် ရှောင်ရိကိုမြင်သောအခါ မျက်လုံးများ တောက်ပသွားသည်။ ရှောင်ရိကို နောက်တစ်ကြိမ်မြင်ရခြင်းက အလွန်ကောင်းမွန်ပေသည်။
ယဲ့ချန်သည် ပတ်ဝန်းကျင်ကို လှည့်ပတ်စစ်ဆေးလိုက်သည်။ ဧရာမရေလှောင်အိမ်ကြီးက ကျွန်းကိုဗဟိုပြု၍ ဖြစ်ပေါ်နေသောကြောင့် ယဲ့ချန်တို့နှင့်တကွ ဝိညာဥ်ပုလဲကိုပင် အုပ်မိုးထားသည်။
ဝိညာဥ်စစ်သည်တော်က ခရမ်းရောင်မီးများ တောက်လောင်နေသော ဓားဖြင့် ခုတ်ချလိုက်၏။ ဧရာမလိပ်ကြီးက ၎င်းကိုမြင်သောအခါ ဒေါသပေါက်ကွဲသွားသည်။ ပါးစပ်ကြီးကိုဟ၍ ကျရောက်လာသော ခရမ်းရောင်မီးများကို ဝါးမျိုလိုက်သည်။ ထို့နောက် လိပ်ကြီးက ဝိညာဥ်စစ်သည်တော်ထံ ခေါင်းဖြင့် တဟုန်ထိုးဝင်ဆောင့်လိုက်သည်။
လိပ်ကြီးက မြန်လွန်းသဖြင့် ဝိညာဥ်စစ်သည်တော်က ရှောင်တိမ်းရန် မလွယ်ချေ။ နားကွဲမတတ်ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဝိညာဥ်စစ်သည်တော်က လွင့်ထွက်သွား၍ ချက်ချင်းပုံပျက်သွားခဲ့၏။
"အစ်ကိုကြီး လိပ်ကြီးက အားလုံးကို စားနိုင်နေတယ်"
ရှောင်ရိက အော်ဟစ်သတိပေးလိုက်သည်။ ရေလှောင်အိမ်အတွင်း ရောက်ရှိနေသောကြောင့် ဝိညာဥ်ပုလဲ လွတ်မြောက်ရန် လမ်းစမရှိချေ။ ဆရာက အလွန်ကံဆိုးသူဖြစ်သည်ဟု ရှောင်ရိက တွေးလိုက်မိသည်။
သို့သော်လည်း သူက တောင်ပံများကိုခတ်၍ လိပ်ကြီးထံ နောက်တစ်ဖန် ပြန်လည်တိုးဝင်သွားခဲ့သည်။ ယဲ့ချန်က အော်ဟစ်ကြုံးဝါး၍ ဝိညာဥ်စစ်သည်တော်ကို နောက်တစ်ကြိမ် ထုတ်ဖော်လိုက်၏။ ဝိညာဥ်စစ်သည်တော်က ကြယ်အလင်းများ တောက်ပနေသော လက်ဝါးဖြင့် လိပ်ကြီးကို ရိုက်ချလိုက်သည်။
"နဂါးငွေ့တန်းလက်ဝါးသိုင်း"
"ဘုန်း ဘုန်း ဘုန်း"
ခရမ်းရောင်အလင်းတန်းများက လိပ်ကြီး၏ကိုယ်ပေါ်သို့ ကျရောက်ပေါက်ကွဲသွားခဲ့သည်။ လက်ဝါးသိုင်း၏ ဖျက်ဆီးနိုင်စွမ်းက အံ့မခန်းဖြစ်သော်လည်း လိပ်ကြီးက လုံးဝဒဏ်ရာမရချေ။
ရှောင်ရိသည်လည်း ရန်သူကို အမြှီးဖြင့် ဆက်တိုက်ရိုက်ခတ်နေသည်။ သို့သော် လိပ်ကြီး၏ခံစစ်ကို မထိုးဖောက်နိုင်ခဲ့ပေ။
ကောင်းကင်အောက်တွင် အခြေအနေများက ဖရိုဖရဲဖြစ်နေခဲ့သည်။ ဧရာမလိပ်ကြီးက ဝိညာဥ်ပုလဲနောက်သို့ သည်းကြီးမည်းကြီးလိုက်နေသည်။ မြွေနဂါးကြီးအဖြစ် အသွင်ပြောင်းထားသော ရှောင်ရိနှင့် ယဲ့ချန်၏ဝိညာဥ်စစ်သည်တော်က ၎င်းကိုတားမြစ်နိုင်ရန် အဆက်မပြတ်ကြိုးစားနေကြသည်။ သို့သော် နှစ်ယောက်လုံး ဆက်တိုက်လွင့်ထွက်နေရသည်။
ကျွန်း၏အခြားတစ်ဖက်ပိုင်းတွင် လင်ချိုးက သစ်တောအတွင်း ရှိနေခဲ့သည်။ သူက ရေလှိုင်းကြီးများကို ရင်ဆိုင်ခဲ့ရသော်လည်း သူ၏ခွန်အားအချို့ကို ပြန်ရလာသောကြောင့် လှိုင်းပုတ်မည့်ဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့သည်။ သူက ကောင်းကင်ထက်တွင်ရှိနေသော သားရဲကြီးနှစ်ကောင်အနက် မည်သည်ကို ကြောက်ရမည်နည်းဟုပင် ဝေခွဲမရဖြစ်နေလေသည်။ ဧရာမပင်လယ်လိပ်ကြီးနှင့် တောင်ပံမြွေနဂါးကြီးက မီတာသုံးရာကျော်စီ ရှည်လျားကြီးမားကြသည်။
"ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ။ လိပ်ကြီးက ဟိုပုလဲနောက်ကို ဘာလို့လိုက်နေရတာလဲ။ မြွေနဂါးကြီးကလည်း ဘယ်အမျိုးအစားလဲ"
အတွေးများရှုပ်နေသော လင်ချိုး၏မြင်ကွင်းအတွင်း ဝိညာဥ်စစ်သည်တော်က လိပ်ကြီးကိုတားမြစ်ရန် ကြိုးစားနေသော်လည်း ဆက်တိုက်လွင့်ထွက်နေခဲ့သည်။ ထို့ကြောင့် လိပ်ကြီး၏ခွန်အားက ဆန်းကျယ်ဝိဇ္ဇာထိပ်ဆုံးနှင့်အထက်ဟု သူက သတ်မှတ်လိုက်သည်။ ၎င်းက ခန္ဓာကိုယ်ကြီးနှင့် ဝင်ဆောင့်ခြင်း၊ ပါးစပ်ဖြင့်ကိုက်ခြင်းမှလွဲလျှင် တိုက်ခိုက်ရေးနည်းစနစ်များ သိထားပုံမပေါ်ချေ။ သို့သော် ခုခံရေးစွမ်းအားက အလွန်ကောင်းမွန်ပြီး မြွေနဂါးကြီးက မည်မျှတိုက်ခိုက်ပါစေ ထိခိုက်မှုမရှိချေ။ ကာကွယ်ရေးသက်သက်တွင် လိပ်ကြီးက နတ်ဘုရင်တစ်ကောင်နှင့် ယှဥ်ပြိုင်နိုင်သည်။
လင်ချိုးသည် ယဲ့ချန်ကိုလုပ်ကြံရန် ဆက်တိုက်တွေးနေမိသည်။ သို့သော် လက်ရှိတွင် သူက ဒဏ်ရာရထားပြီး လက်နက်လည်း ပျက်စီးသွားသောကြောင့် ဖြစ်ပျက်လာသမျှကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ ယဲ့ချန်သည် လိပ်ကြီးနှင့်တိုက်ခိုက်ရင်း အားနည်းလာလျှင် လုပ်ကြံရန် အကောင်းဆုံးအခွင့်အရေး ဖြစ်ပေါ်လာပေမည်။ ထို့အပြင် မြွေနဂါးကြီးကလည်း ယဲ့ချန်နှင့် ရင်းနှီးနေပုံပေါ်သည်။
"ဒီကောင်ရဲ့နောက်ခံက ဘာများလဲ"
လင်ချိုးက အတွေးနက်သွားခဲ့သည်။
အရှေ့ပိုင်းတိုက်ကြီးတွင် သမာဓိကောင်စီအပြင် အစွမ်းထက်အင်အားစု များစွာရှိသည်။ ရှေးဟောင်းမျိုးဆက်သွေး ပိုင်ဆိုင်ထားသော မျိုးနွယ်များနှင့် နတ်ဘုရင်နန်းတော်များအပြင် လျှို့ဝှက်ဂိုဏ်းများနှင့် မျိုးနွယ်များလည်း ရှိသည်။ သို့သော် အားလုံးက သမာဓိကောင်စီကို တိုက်ရိုက်မစော်ကားရဲသကဲ့သို့ သမာဓိကောင်စီကလည်း အကြောင်းအရင်းမရှိဘဲ ထိုအင်အားစုများကို ပြဿနာမရှာချေ။
အကောင်းဆုံးရွေးချယ်မှုမှာ ယဲ့ချန်နှင့် အခြားလူများထံမှ ထွက်ပြေးရန်ဖြစ်သည်။ အနာဂတ်တွင်မှ ယဲ့ချန်၏နောက်ခံအကြောင်း စစ်ဆေးပြီး မည်သို့ဆုံးဖြတ်ရမည်ကို စဥ်းစားပေလိမ့်မည်။ သို့သော်လည်း လင်ချိုးကိုယ်တိုင်ပင် ကျွန်းကိုပိတ်လှောင်ထားသော ရေလှောင်အိမ်ကြီးအတွင်းမှ ထွက်ပြေးရန်နည်းလမ်းကို တွေးမရချေ။
လိပ်ကြီး၏တိုက်ခိုက်မှုကို သုံးကြိမ်ခံရပြီးနောက် ဝိညာဥ်စစ်သည်တော်က နောက်ဆုံးတွင် ကျယ်လောင်စွာပေါက်ကွဲ၍ ပျက်စီးသွားခဲ့သည်။ ယဲ့ချန်မှာ ရင်ဘတ်တွင် နာကျင်မှုတစ်ခုခံစားလိုက်ရ၍ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။ သူ၏နှုတ်ခမ်းထောင့်မှ သွေးအချို့ပင် စီးကျလာခဲ့သည်။
"ဒီလိပ်ကြီးဟာ ကောင်းကင်သိုင်းချီကဖြစ်ပေါ်လာပြီး တိုက်ခိုက်ရေးစွမ်းအား အများကြီးမရှိဘူး။ ဒါပေမယ့် ဒါက အရာအားလုံးကို ဝါးမျိုနိုင်ပြီး ကာကွယ်နိုင်စွမ်းကလည်း အရမ်းမြင့်တယ်။ နတ်ဘုရင်တစ်ယောက်ရှိနေရင်တောင် လိပ်ကြီးကိုထိခိုက်အောင် လုပ်နိုင်မယ်မထင်ဘူး"
ယဲ့ချန်က ခပ်တိုးတိုးရေရွတ်လိုက်သည်။
"ကောင်စုတ်လေး မင်းသာမရှိရင် လိပ်ကြီးရဲ့ခုခံနိုင်စွမ်းကို ထိုးဖောက်နိုင်မှာမဟုတ်ဘူး။ မင်းရဲ့ကောင်းကင်ဓားပျံကတော့ ထိုးဖောက်နိုင်လောက်တယ်။ ဒါပေမယ့် ကောင်းကင်သိုင်းချီက လောကစိတ်ဝိညာဥ်သတ္တဝါဖြစ်လို့ ထိုးဖောက်နိုင်ရင်တောင် အသုံးမဝင်ဘူး။ ဒီကောင်ရဲ့တစ်ကိုယ်လုံးကို ချီတွေသက်သက်နဲ့ ဖွဲ့စည်းထားတယ်"
ခရမ်းမီးတောက်ကြယ်ခြင်္သေ့ကြီး၏ အသံက ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။
"ဒါဆိုရင် အနိုင်ယူဖို့ နည်းလမ်းမရှိဘူးလား"
ယဲ့ချန်က မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
"နည်းလမ်းက မရှိတာတော့ မဟုတ်ဘူး"
ခြင်္သေ့ကြီးက အနည်းငယ်တိတ်ဆိတ်သွားခဲ့သည်။
"ဘယ်လိုနည်းလမ်းလဲ"
"မင်းသာ နတ်ဘုရင်အဆင့်ထက်ပိုတဲ့ ခွန်အားကို ထုတ်ဖော်နိုင်ရင် လိပ်ကြီးကို ကောင်းကင်ချီအဖြစ် သန့်စင်နိုင်လောက်မယ်"
ခြင်္သေ့ကြီးက ဖြေလိုက်သည်။
"ဒါက လက်တွေ့မကျဘူး။ ကျုပ်က နတ်ဘုရင်အဆင့်ခွန်အားကိုတောင် မပိုင်ထားဘူး"
"မင်းရဲ့လက်မောင်းကာထဲမှာ ငါတောင်ကြောက်ရတဲ့ တစ်ခုခုရှိတယ်"
"ဘာလဲ"
ယဲ့ချန်က စိတ်လှုပ်ရှားနေခဲ့သည်။
"ကောင်းကင်ကြယ်တာရာ ပင်မတံဆိပ်"
"ပင်မတံဆိပ်လား။ ခြင်္သေ့ကြီး ပင်မတံဆိပ်ထဲမှာ ဘယ်လိုမှော်သားရဲမျိုးကို ဖမ်းချုပ်ထားတာလဲ။ အတိတ်မှာတုန်းက ကျုပ်က ဒါကိုစစ်ဆေးဖူးပေမယ့် သေလုမျောပါးဖြစ်သွားခဲ့ရတယ်"
ယဲ့ချန်က ပင်မတံဆိပ်၏အစွမ်းအကြောင်း ရုတ်တရက်တွေးလိုက်မိသည်။
"ပင်မတံဆိပ်ထဲမှာရှိနေတာက သားရဲ မဟုတ်ဘူး။ ငါ မင်းကို အခုတော့မပြောပြနိုင်ဘူး။ ငါ မင်းကို ပြောနိုင်တာတစ်ခုက ကောင်းကင်ကြယ်တာရာပင်မတံဆိပ်က အလွန်အစွမ်းထက်တယ်ဆိုတာပဲ။ မင်းသာ ဝိညာဥ်အသိိစတ်နဲ့ ပင်မတံဆိပ်ထဲကိုဝင်နိုင်ရင် ကောင်းကင်သိုင်းချီကို ဖိနှိပ်နိုင်တဲ့ အစွမ်းမျိုး ထွက်ပေါ်လာလိမ့်မယ်"
ခြင်္သေ့ကြီးက ရှင်းပြလိုက်သည်။
"ဒါပေမယ့် ဒီစွမ်းအားကို ကျုပ်မထိန်းချုပ်နိုင်ဘူး။ ဒါက အရမ်းပြင်းထန်လွန်းနေတယ်။ အကယ်၍ ဝိညာဥ်အသိစိတ်နဲ့ ပင်မတံဆိပ်ထဲကိုဝင်သွားရင် အန္တရာယ်ရှိနိုင်တယ်"
ယဲ့ချန်က ပြန်ပြောလိုက်သည်။ ပင်မတံဆိပ်အတွင်းမှ သူ ပစ်ထုတ်ခံလိုက်ရသော အဖြစ်ကို ပြန်တွေးလိုက်မိ၍ တစ်ကိုယ်လုံး တုန်ခါသွားခဲ့သည်။ ဤစွမ်းအင်က သူ့ကို အလွယ်တကူသတ်နိုင်ပေသည်။
"ငါက မင်းကို ဖြေရှင်းနည်းပြောပြနိုင်ပေမယ့် မင်းကိုယ်တိုင် အဖြေထုတ်ရလိမ့်မယ်။ ဒါက အသုံးဝင်မဝင်ဆိုတာကိုလည်း ငါ အာမမခံနိုင်ဘူး"
ခြင်္သေ့ကြီးက တစ်လုံးချင်းပြောလိုက်သည်။
ယဲ့ချန်က ကောင်းကင်ထက်သို့ မော့ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ ဒဏ်ရာရထားသော ရှောင်ရိက စိတ်ပိုင်းဖြတ်ထားဟန်ဖြင့် လိပ်ကြီးကို လိုက်လံတားဆီးနေခဲ့သည်။
ရှောင်ရိက ကစားမက်သူဖြစ်သော်လည်း စိတ်အတွင်း၌ အလွန်အမင်း ကျေးဇူးသိသူတစ်ဦးဖြစ်သည်။ ဝိညာဥ်ပုလဲအတွင်းမှ အကြီးအကဲက သူ့ကို ကျင့်စဥ်နှင့်သိုင်းပညာ သင်ကြားပေးနေသဖြင့် ရှောင်ရိ၏ဆရာဖြစ်သည်။ သူက သေဆုံးလျှင်ပင် ဆရာ၏အသက်ကို အစွမ်းကုန်ကယ်တင်ပေလိမ့်မည်။
"ရှောင်ရိအတွက် ငါ အစွမ်းကုန်ထုတ်သုံးမယ်"
ယဲ့ချန်က စိတ်ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူ၏ဘယ်လက်ဝါးပေါ်တွင်ရှိသော လက်ထောက်တံဆိပ်က ခရမ်းရောင်မီးတောက်များနှင့်အတူ မြင့်တက်လာခဲ့သည်။
"ခြင်္သေ့ကြီး ကျုပ် တောင်းပန်ပါတယ်"
"ဟေ့ကောင် ဟေ့ကောင် မင်း ငါ့ကို ငါးစာအဖြစ် မသုံးနဲ့လေကွာ"
ခြင်္သေ့ကြီးကအော်ဟစ်၍ အလန့်တကြားထခုန်လိုက်၏။
ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်က အထက်အောက်မြင့်တက်နေပြီး ခရမ်းရောင်တောက်ပနေသည်။
လိပ်ကြီးက ၎င်းကိုအာရုံခံမိသဖြင့် လေထဲတွင် ရုတ်တရက်တန့်သွားခဲ့သည်။ လိပ်ကြီးက ဝိညာဥ်ပုလဲနှင့် ယဲ့ချန်၏လက်ဝါးထက်ရှိ လက်ထောက်တံဆိပ်ကို တလှည့်စီကြည့်လိုက်သည်။ ၎င်းက ဝိညာဥ်ပုလဲနောက်သို့ အစွမ်းကုန်လိုက်နေသော်လည်း ယခုအချိန်အထိ မဖမ်းဆီးနိုင်သောကြောင့် စိတ်ပျက်နေပြီဖြစ်သည်။ ထိုအချိန်တွင် လိပ်ကြီးသည် ယဲ့ချန်၏ကိုယ်တွင်းမှ ထွက်ပေါ်နေသော ရတနာနှစ်ခု၏အရှိန်အဝါကို အာရုံခံလိုက်မိသည်။ ထို့ကြောင့် ၎င်းက ဝိညာဥ်ပုလဲကို လက်လွှတ်ခံကာ ယဲ့ချန်ထံ တဟုန်ထိုးပျံသန်းလာခဲ့သည်။
"ဘုရားရေ ကောင်းကင်ကို ကျေးဇူးတင်ပါတယ်"
ဝိညာဥ်ပုလဲအတွင်းမှ နတ်ဆိုးအဘိုးအိုက နဖူးပေါ်ရှိချွေးများကို လက်ဖြင့်သုတ်လိုက်သည်။ သူက ဝိညာဥ်တစ်ခုဖြစ်နေ၍ ချွေးမထွက်ကြောင်းကိုပင် မေ့လျော့သွားခဲ့သည်။
ရှောင်ရိသည် ယဲ့ချန်ကိုငုံ့ကြည့်လိုက်သောအခါ ဘယ်လက်ဖဝါးတွင် တံဆိပ်တစ်ခုလွင့်မျောနေသည်ကို တွေ့လိုက်ရသည်။ အနည်းငယ်တုံးအသော ရှောင်ရိပင်လျှင် ယဲ့ချန်က တံဆိပ်ကို ငါးစာအဖြစ်အသုံးချ၍ လိပ်ကြီးကိုမျှားခေါ်နေကြောင်း ချက်ချင်းနားလည်လိုက်သည်။ သူ၏မျက်လုံးများက နီရဲသွားပြီး ပင်လယ်လိပ်ကြီးကို ရှိသမျှအားဖြင့် တစ်ကိုယ်လုံး ဝင်ဆောင့်ပစ်လိုက်သည်။
"ဘန်း"
ဧရာမတောင်ပံမြွေနဂါးကြီးနှင့် ဧရာမလိပ်ကြီးက ခန္ဓာကိုယ်ချင်း တိုက်သွားခဲ့သည်။ ရှောင်ရိ၏ရုပ်ခန္ဓာက နတ်ဘုရင်များကြားတွင် ထိပ်တန်းဖြစ်သောကြောင့် ဝင်ဆောင့်အား၏ ပြင်းထန်မှုက ဖော်ပြရန်ပင် မဖြစ်နိုင်။
သို့သော်လည်း ပင်လယ်လိပ်ကြီးက ထိခိုက်မှုမရှိချေ။ ၎င်းက ဒေါသထွက်သွားပြီး ပါးစပ်ကိုဟ၍ ရှောင်ရိကို ရေလုံးကြီးဖြင့် ထွေးထုတ်လိုက်သည်။ ရှောင်ရိမှာ ချက်ချင်းလွင့်ပျံသွားခဲ့သည်။
ထို့နောက် ကောင်းကင်သိုင်းချီမှ ထွက်ပေါ်လာသော လိပ်ကြီးက ယဲ့ချန်ထံ ထိုးဆင်းသွားခဲ့သည်။ ၎င်းက ပါးစပ်ကို ကျယ်ကျယ်ဟပြီး ယဲ့ချန်ကိုဟပ်ရန် နီးကပ်လာလေသည်။
***