← Chapters

နတ်ဝိဇ္ဇာ

Vol. 20 Ch. 274

နတ်ဝိဇ္ဇာ

Vol. 20 Ch. 274

မီတာတစ်ရာ၊ ငါးဆယ်၊ သုံးဆယ်စသဖြင့် လိပ်ကြီးက ယဲ့ချန်ထံ လျင်မြန်စွာနီးကပ်လာနေသည်။ ထို့ကြောင့် ယဲ့ချန်အနေဖြင့် ရှောင်တိမ်းရန်မလွယ်ချေ။

"ဟေ့ကောင် မင်း သေချင်နေပြီလား။ ငါ့ကို ဆွဲခေါ်မသွားနဲ့ဟ"

ခရမ်းမီးတောက်ကြယ်ခြင်္သေ့ကြီးက လက်ထောက်တံဆိပ်အတွင်းမှ အော်ဟစ်သတိပေးလိုက်သည်။

ပင်လယ်လိပ်ကြီး နီးကပ်လာသည်နှင့်အမျှ ယဲ့ချန်၏ရင်ထဲရှိ စိုးရိမ်စိတ်က စတင်ကြီးမားလာသည်။ ဤတစ်ခေါက် သူရှုံးနိမ့်၍ မရချေ။

လိပ်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး ယဲ့ချန်သည် လက်မောင်းကာအတွင်းမှ ကောင်းကင်ကြယ်တာရာ ပင်မတံဆိပ်ကို ထုတ်ယူလိုက်သည်။ ပင်မတံဆိပ်က တည်ငြိမ်စွာဖြင့် လေပေါ်သို့ မြှောက်တက်လာခဲ့သည်။

လိပ်ကြီးသည် ပင်မတံဆိပ်ကိုမြင်သော် မျက်လုံးများ ပို၍တောက်ပလာသည်။ ၎င်းက ပင်မတံဆိပ်ထံမှ ပိုမိုသန့်စင်သောစွမ်းအင်ကို ခံစားနေရသည်။ သန့်စင်သောစွမ်းအင်များဆိုလျှင် ကောင်းကင်သိုင်းချီမှ အလွတ်မပေးဘဲ ဝါးမျိုမည်ဖြစ်သည်။

ပင်လယ်လိပ်ကြီးက ပင်မတံဆိပ်ကို ပါးစပ်ဖြင့်ဟပ်လိုက်ချိန်တွင် ယဲ့ချန်၏ဝိညာဥ်အသိစိတ်က လက်ထောက်တံဆိပ်အတွင်း ဝင်ရောက်သွားခဲ့သည်။ ထို့နောက် ပင်မတံဆိပ်အတွင်းမှ ရှေးဟောင်းသားရဲတစ်ကောင်၏ ဟိန်းသံကြီး ကျယ်လောင်စွာထွက်ပေါ်လာသည်။

"ဘုန်း"

အလွန်ပြင်းထန်သော စွမ်းအင်တစ်ရပ်က ပင်မတံဆိပ်ကိုဗဟိုပြု၍ အရပ်မျက်နှာပေါင်းစုံသို့ ပြန့်ထွက်လာခဲ့သည်။ ထိုစွမ်းအင် ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ယဲ့ချန်သည် ပင်မတံဆိပ်ကိုပစ်ချကာ လက်ထောက်တံဆိပ်အတွင်း ချက်ချင်းပြေးဝင်သွားသည်။

ပင်မတံဆိပ်၏စွမ်းအင်က ပါးစပ်ကိုဟ၍ ဝင်ရောက်လာသော လိပ်ကြီးကို ပြင်းထန်စွာထိမှန်သွားခဲ့သည်။

"ဝုန်း"

မိုးချုန်းသကဲ့သို့ ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ လိပ်ကြီးက မီတာရာပေါင်းများစွာသို့ လွင့်ထွက်သွားခဲ့သည်။ ၎င်းက ရေနံရံကြီးများနှင့် ဝင်ဆောင့်မိသွားသောကြောင့် အော်မြည်ကာ စတင်မှိန်ဖျော့လာသည်။

"ဘုန်း ဘုန်း ဘုန်း"

မျက်လုံးဖြင့်ပင်မြင်နိုင်သော စွမ်းအင်လှိုင်းကြီးက ကျွန်းကိုလည်း ဖြတ်သန်းသွားသည်။ စတုရန်းမီတာ ရာချီကျယ်ဝန်းသော ကျွန်း၏အပေါ်ယံမျက်နှာပြင်က ပြားကပ်သွားပြီး ကျောက်တုံးနှင့်သစ်ပင်များ နေရာအနှံ့ လွင့်ပျံနေသည်။

ဤတစ်ကြိမ်တွင် ယဲ့ချန်၏ဝိညာဥ်အသိစိတ်က ပင်မတံဆိပ်အတွင်း ပို၍နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ခဲ့သည်။ ထို့ကြောင့် ပင်မတံဆိပ်၏စွမ်းအားမှာ ယဲ့မျိုးနွယ်တောင်ကြားမှအဖြစ်ထက် ပို၍ပြင်းထန်နေသည်။

ကျွန်း၏တစ်ဖက်တွင်ရှိသော လင်ချိုးမှာ ပေါက်ကွဲသံကို ကြားလိုက်ရချိန်တွင် ဝုန်းခနဲ ပင်လယ်အတွင်း လွင့်ထွက်နေပြီဖြစ်သည်။ ကောင်းကင်တွင်လွင့်ပျံနေသော ကျောက်တုံးများကလည်း သူ့ကို ဝင်ဆောင့်သွားကြသည်။ လင်ချိုးက အသည်းအသန်ရုန်းကန်၍ ကမ်းခြေသို့ ပြန်တက်လာပြီးနောက် မယုံနိုင်လောက်အောင် အစွမ်းထက်သော စွမ်းအားကြီးကို ကြောက်လန့်သွားခဲ့သည်။

လက်ထောက်တံဆိပ်အတွင်း၌ ယဲ့ချန်မှာလည်း အခြေအနေမကောင်းပေ။ သူက အချိန်မီရှောင်တိမ်းခဲ့သော်လည်း စွမ်းအင်အဖျားခတ်သွားသောကြောင့် အတွင်းအင်္ဂါများ ထိခိုက်ကုန်သဖြင့် သွေးများ အန်ထွက်နေသည်။

"ယဲ့ချန် မင်း တော်တော်သတ္တိကောင်းတယ်"

ခြင်္သေ့ကြီးက ချီးကျူးလိုက်ခြင်းဖြစ်သည်။ သူ့ကို ယဲ့ချန်က ငါးစာအဖြစ်အသုံးချခြင်းကို စိတ်ထဲမထားတော့ပေ။ အကယ်၍ သူဆိုလျှင် ယဲ့ချန်ထက်ဆိုးသော အလုပ်မျိုးကိုပင် လုပ်မိပေလိမ့်မည်။

စက္ကူတစ်ရွက်ကဲ့သို့ ဖြူရော်ရော်ဖြစ်နေသော ယဲ့ချန်က ခါးသက်သက်ပြုံးပြလိုက်သည်။ သူက အသက်ကို တန်ဖိုးထားသော်လည်း အခြေအနေနှင့်အချိန်အခါအရ စွန့်စားရန်မှတစ်ပါး ရွေးချယ်စရာမရှိချေ။ သူက ဝိညာဥ်အသိစိတ်ဖြင့် အပြင်သို့ ထောက်လှမ်းလိုက်သည်။ ပင်မတံဆိပ်က မြေပြင်ပေါ်တွင် တည်ငြိမ်စွာရှိနေပြီး ပင်လယ်လိပ်ကြီးမှာ အပြင်းအထန်ဒဏ်ရာရသွားပြီး ပင်လယ်ရေမျက်နှာပြင်ထက်တွင် သေလုမျောပါးဖြစ်နေသည်။

ရှောင်ရိသည်လည်း အပြင်းအထန်ဒဏ်ရာရသွားသဖြင့် ရေပြင်ပေါ်တွင် ပေါလောမျောနေသည်။ သူသည်လည်း ပျံသန်းရန် ခွန်အားမရှိတော့ပေ။

ကျွန်းပေါ်တွင် ရန်သူတစ်ယောက် ရှိနေသဖြင့် ယဲ့ချန်က တင်ပျဥ်ခွေထိုင်ပြီး ကောင်းကင်ချီကို ချက်ချင်းလည်ပတ်လိုက်သည်။

ဝိညာဥ်ပုလဲက ကောင်းကင်ထက်တွင် အနက်ရောင်တောက်ပနေသည်။ ထိုအချိန်တွင် ဝိညာဥ်ပုလဲအတွင်းရှိနေသော နတ်ဆိုးအဘိုးအို ထွင်ထျန်းက အပြင်ဘက်ရှိအခြေအနေကို စောင့်ကြည့်နေခဲ့သည်။ သူက ပင်မတံဆိပ်သည် ကောင်းကင်သိုင်းချီကို အနိုင်ယူလိုက်သည်အား မျက်မြင်တွေ့ခဲ့ရ၏။

"ဒါက ဘယ်လိုရတနာမျိုးလဲ။ ဒီအထဲမှာ ရှေးဟောင်းသားရဲကြီးတစ်ကောင် ရှိနေတာလား"

ကောင်းကင်ချီများကို သုံးဆယ်ရာခိုင်နှုန်းအထိ ပြန်လည်ဖြည့်တင်းပြီးသောအခါ ယဲ့ချန်က အပြင်သို့ ပြန်ထွက်လိုက်သည်။ ထို့နောက် သူက ပင်မတံဆိပ်ကိုကောက်ယူပြီး လက်မောင်းကာအတွင်း ချက်ချင်းသိမ်းဆည်းလိုက်၏။ အဝေးတွင်ရှိနေသော ရေနံရံကြီးများက ဖြည်းညှင်းစွာပြိုကျနေပြီး ရေလှောင်အိမ်ကလည်း စတင်ပျောက်ကွယ်လာသည်။

အဝေးတွင် ပင်လယ်လိပ်ကြီးက ကောင်းကင်သို့ပျံတက်ရန် ကြိုးစားနေသည်။ သို့သော်လည်း ၎င်းက ရေမျက်နှာပြင်အထက်မှ မတက်နိုင်ခဲ့ပေ။ သို့သော်လည်း ဒဏ်ရာရထားသော ရှောင်ရိက ထရပ်နိုင်လာခဲ့သည်။

"ဟေ့ကောင် အချိန်ဖြုန်းနေတာ ရပ်စမ်း။ ကောင်းကင်သိုင်းချီကို မြန်မြန်သန့်စင်လိုက်"

ခြင်္သေ့ကြီးက ယဲ့ချန်ကို အလောတကြီးဆော်သြောလိုက်သည်။

"ဘယ်လိုသန့်စင်ရမှာလဲ"

ယဲ့ချန်က မေးလိုက်သည်။

"ဒီလိပ်ကြီးကိုဖမ်းပြီး မင်းကိုယ်တွင်းက ကောင်းကင်ချီကိုသုံးလိုက်။ ပြီးရင် ကောင်းကင်သိုင်းချီကိုစုပ်ယူပြီး မင်းကိုယ်ပိုင်ဖြစ်အောင် လုပ်ရမယ်။ မင်းက ဒါကိုသန့်စင်နိုင်ရင် ကျင့်ကြံခြင်းမှာ အများကြီးအထောက်အကူပြုလိမ့်မယ်"

ကောင်းကင်သိုင်းချီက သာမန်ကောင်းကင်ချီများထက် ပို၍အဆင့်မြင့်ကြောင်း ခြင်္သေ့ကြီးက ရှင်းပြလိုက်သည်။

ထို့ကြောင့် ယဲ့ချန်သည် ပင်လယ်အတွင်းရှိ လိပ်ကြီးကိုဖမ်းဆီးရန် ဆုံးဖြတ်လိုက်ချိန်တွင် ကောင်းကင်၌ ပြောင်းလဲမှုများ ရုတ်တရက်ဖြစ်ပေါ်လာသည်။ အလွန်ပြင်းထန်သော ကောင်းကင်ချီများက ဖိအားတစ်ရပ်အဖြစ် ယဲ့ချန်နှင့်ရှောင်ရိအပေါ်သို့ ကျဆင်းလာခဲ့သည်။ နှစ်ယောက်လုံး နေရာမှ မရွေ့နိုင်တော့ပေ။

အစွမ်းထက်ဖိအားကြောင့် ယဲ့ချန်မှာ အဝေးသို့ကြည့်လိုက်မိသည်။ ကောင်းကင်နှင့်ပင်လယ် ထိစပ်နေဟန်တူသော နေရာမှ ပုံရိပ်တစ်ခု ပျံသန်းလာနေသည်။

"မကောင်းတော့ဘူး။ နတ်ဝိဇ္ဇာအဆင့် ကျင့်ကြံသူတစ်ယောက် လာနေတယ်။ ကောင်းကင်သိုင်းချီကို မြန်မြန်သန့်စင်ရမယ်"

ခြင်္သေ့ကြီးက တစ်ဖက်လူ၏ခွန်အားကို ခန့်မှန်းမိသဖြင့် ချက်ချင်းသတိပေးလိုက်သည်။

ယဲ့ချန်ကအံကြိတ်ပြီး ဒန်တန်အတွင်းမှ ကြယ်တာရာအမြုတေကိုးခုကို လည်ပတ်ပြီး ရုန်းကန်လိုက်သော်လည်း ဖိအားက ပြင်းထန်လွန်းနေသ​ဖြင့် လှုပ်ပင်မလှုပ်နိုင်ချေ။ သူက ခြေတစ်လှမ်း လှမ်းလိုက်သောအခါ ခြေထောက်အောက်ရှိကျောက်တုံးက ဘုန်းခနဲ ပေါက်ကွဲကြေမွသွားသည်။ ဤအချက်က ယဲ့ချန်သည် တစ်ဖက်လူ၏ဖိအားကို ဆန့်ကျင်ရန် မည်မျှကြိုးစားနေကြောင်း သိသာစေသည်။

"မရဘူး။ ဒီကောင်က အစွမ်းထက်လွန်းနေတယ်"

ယဲ့ချန်က ပြောလိုက်သည်။ သူက ပင်မတံဆိပ်ကြောင့် အပြင်းအထန်ဒဏ်ရာရထားသည်ဖြစ်ရာ ဤဖိအားကို မယှဥ်နိုင်ချေ။

ရန်သူက ထန်တိုက်လင်ထက် ပို၍အားနည်းသည်။ ထန်တိုက်လင်၏ခွန်အားက ပင်လယ်ကြီးကဲ့သို့ကျယ်ဝန်းကာ ရေကဲ့သို့အရှိန်အဝါမျိုး ပါဝင်သည်။ သို့သော် ဖိအားပိုင်ရှင်ကျင့်ကြံသူက အရှိန်အဝါကြီးမားသည်။ သူက ထန်တိုက်လင်အောက် နိမ့်ကျသော်လည်း ယဲ့ချန်ဆန့်ကျင်နိုင်သော လူမျိုးမဟုတ်ပေ။

အချိန်ခဏအတွင်း လူတစ်ယောက်က ထိုနေရာသို့ ရောက်ရှိလာသည်။ လေးထောင့်ကျကျမျက်နှာ၊ နှာယောင်မြင့်မြင့်နှင့် မုတ်ဆိတ်ပါးပါးရှိပြီး အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းလူတစ်ယောက် ဖြစ်သည်။ ထိုလူက အရပ်ရှည်ရှည်နှင့် တုတ်ခိုင်သန်မာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ပေါက်ကွဲအားပြင်းသော အရှိန်အဝါမျိုးကို ဖော်ထုတ်ထားသည်။

ထိုလူက လေထဲတွင် ပျံသန်းနေရင်း ကောင်းကင်သိုင်းချီနှင့် ဝိညာဥ်ပုလဲကို ထူးဆန်းသောအကြည့်မျိုးနှင့် အာရုံစိုက်နေခဲ့သည်။

"ဒီအနက်ရောင်ပုလဲက ဘယ်လိုရတနာမျိုးလဲ။ ကောင်းကင်သိုင်းချီကို အပိုင်သိမ်းပြီးရင် ဒါလည်း ငါ့အပိုင်ဖြစ်ရမယ်"

ယဲ့ချန်နှင့်ရှောင်ရိက ဖိအားကြောင့် မလှုပ်နိုင်ဘဲ ကောင်းကင်သိုင်းချီကို ကြားလူမှဖြတ်လုယူသွားနိုင်သောကြောင့် ထွင်ထျန်းက စိုးရိမ်နေသည်။ လက်ရှိတွင် သူက ဝိညာဥ်ပုလဲ၏ အစောင့်ဝိညာဥ်ဖြစ်နေခဲ့သည်။ တစ်ယောက်ယောက်မှ ဝိညာဥ်ပုလဲကိုအသက်မသွင်းပေးလျှင် သူ၏ခွန်အားကို ထုတ်ဖော်နိုင်ခြင်းမရှိပေ။ လက်ရှိတွင် သူက ဝိညာဥ်ပုလဲကိုအသုံးပြု၍ ထွက်ပြေးရန်တစ်မျိုးသာ တတ်နိုင်သည်။ အကယ်၍ ရှောင်ရိ သို့မဟုတ် ယဲ့ချန်သာ ဝိညာဥ်ပုလဲကိုအသက်သွင်းပေးနိုင်လျှင် နတ်ဝိဇ္ဇာတစ်ယောက်ကို သေချာပေါက်သတ်နိုင်သည်။ သို့သော်လည်း နှစ်ယောက်လုံးက လိပ်ပြာလက်နက်တစ်ခုကို အသက်သွင်းနိုင်ရန် အားနည်းလွန်းနေခဲ့သည်။

"ငါက သမာဓိကောင်စီ၊ တိမ်ပြာကောင်စီခွဲရဲ့ခေါင်းဆောင် ဖုယု ဖြစ်တယ်။ ဒီကောင်းကင်သိုင်းချီကို နောက်ယောင်ခံလိုက်နေတာ လပေါင်းများစွာ ရှိနေပြီ။ ငါက ဒီကောင်းကင်သိုင်းချီကို ယူသွားရင်လည်း မင်းတို့ မကန့်ကွက်ဘူးမလား"

"ကောင်းကင်သိုင်းချီက လောကစိတ်ဝိညာဥ်သတ္တဝါ ဖြစ်နေပြီ။ မင်းတို့ရဲ့ခွန်အားနဲ့ ဒါကိုသန့်စင်ဖို့ လုံးဝမဖြစ်နိုင်ဘူး။ ငါ့ကိုပေးလိုက်တာ ပိုကောင်းမယ်"

ဖုယုက ယဲ့ချန်နှင့်ရှောင်ရိကို အေးစက်စက်ကြည့်၍ တစ်ချက်ပြုံးကာ ပြောလိုက်သည်။ အမှန်တရားတွင် သူက ကန့်သတ်ဒေသ၏အဖြစ်ကို စုံစမ်းရန် ရောက်ရှိလာခြင်းဖြစ်ပြီး ကောင်းကင်သိုင်းချီကို ယခုမှတွေ့ခြင်းဖြစ်သည်။ သို့သော်လည်း ဖုယုက လောဘကြီးသူပီပီ ကောက်ကျစ်ယုတ်မာစွာ ဆုံးဖြတ်လိုက်လေသည်။

ဖုယုသည် ကျွန်းပေါ်ရှိလူငယ်နှင့် မြွေနဂါးကြီး၏ခွန်အားကို စစ်ဆေးလိုက်သည်။ လူငယ်က ကောင်းကင်ဝိဇ္ဇာတစ်ယောက်ဖြစ်ပြီး မြွေနဂါးက နတ်ဘုရင်အဆင့်မရောက်သေးသော်လည်း ကောင်းကင်သိုင်းချီကို သတ်ဖြတ်နိုင်လုနီးပါးအထိ စွမ်းဆောင်နိုင်ခဲ့ခြင်းက မယုံနိုင်စရာဖြစ်သည်။ ဤအရာက ဝိညာဥ်ပုလဲ၏လက်ချက်လည်း မဖြစ်နိုင်ပေ။ ဝိညာဥ်လက်နက်များက ကောင်းကင်သိုင်းချီ၏အစာဖြစ်သောကြောင့် ပြန်လည်တိုက်ခိုက်နိုင်မည် မဟုတ်ပေ။ အခြေအနေကိုသုံးသပ်ပြီး ကောင်းကင်သိုင်းချီကို လုယူရာတွင် ပြဿနာမရှိဟု သတ်မှတ်လိုက်လေသည်။

ဖုယုသည် ယဲ့ချန်နှင့်ရှောင်ရိ၏ နောက်ခံများအကြောင်း သိချင်နေသည်။ အကယ်၍ သူက အစွမ်းထက်အင်အားစုများကို ရန်စမိလျှင် သမာဓိကောင်စီ၏ အာဏာအပြင်သို့ရောက်နေသော မြောက်ပင်လယ်၌ ဖြစ်သောကြောင့် အန္တရာယ်ရှိနိုင်သည်။

"ကန့်ကွက်လို့မရဘူး ဟုတ်လား လိ။ အတိတ်တုန်းက ငါလည်း သမာဓိကောင်စီကအဘိုးကြီးတွေနဲ့ သူငယ်ချင်းဖြစ်ဖူးပါတယ်။ သမာဓိကောင်စီဟာ တရားမျှတပြီး တော်တော်စည်းကမ်းကြီးတယ်။ အခုတော့ ကောင်စီခွဲရဲ့ခေါင်းဆောင် ခွေးမသားတစ်ယောက်က ဓားပြတစ်ယောက်လို ပြုမူနေတယ်။ သမာဓိကောင်စီက ဒီလောက်နိမ့်ကျသွားတယ်ပေါ့။ ယဲ့ချန် ကောင်းကင်သိုင်းချီကို ဒီကောင့်လက်ထဲ ပေးလိုက်လို့မဖြစ်ဘူး"

ဖုယူ၏စကားကြောင့် လက်ထောက်တံဆိပ်အတွင်းရှိနေသော ခြင်္သေ့ကြီးက ဒေါသထွက်နေသည်။

ယဲ့ချန်သည်လည်း ကောင်းကင်သိုင်းချီကို လက်လွှတ်မခံလိုပေ။ တစ်ဖက်လူကအစွမ်းထက်ပြီး လုယူနိုင်စွမ်းရှိနေသောအခါ သူက အားနည်းနေသောကြောင့် မတားမြစ်နိုင်ချေ။ သို့သော်လည်း ဖုယုသည် လူကြီးလူကောင်းဟန်ဆောင်၍ ဓားပြတိုက်နေခဲ့သည်။ ယဲ့ချန်နှင့်ရှောင်ရိက ကောင်းကင်သိုင်းချီကိုမသန့်စင်နိုင်ဟု ဖုယုက အခိုင်အမာပြောဆိုနေသည်။ ကြိုးပင်ကြိုးစားမကြည့်ရသေးလျှင် ဤအချက်ကို သိနိုင်မည်မဟုတ်ပေ။ သမာဓိကောင်စီ၏အဖွဲ့ဝင်များက ဤမျှအောက်တန်းကျသည်ဆိုလျှင် အမှောင်ဝိညာဥ်ကို မွေးမြူထားခြင်းမှာ အဆန်းမဟုတ်ချေ။

"တကယ်လို့သာ ငါ အတိတ်က ဒီလိုကောင်မျိုးကိုတွေ့ခဲ့ရင် သေတဲ့အထိ ရိုက်သတ်ပစ်မယ်"

ခြင်္သေ့ကြီးက အားမလိုအားမရဖြစ်နေဟန်ဖြင့် ပြောလိုက်သည်။

"ဒီလိပ်ကြီးကို ငါတို့ အနိုင်ယူထားတာ။ မင်းက ဘာကိစ္စလိုချင်နေရတာလဲ"

ရှောင်ရိက ဖုယု၏မောက်မာမှုကို သည်းမခံနိုင်သဖြင့် ဒေါသတကြီးကန့်ကွက်လိုက်၏။

ရှောင်ရိ၏စကားကြောင့် ဖုယု၏မျက်နှာက အေးစက်သွားသည်။ သူက နှာခေါင်းရှုံ့လိုက်သောအခါ ပြင်းထန်သော စွမ်းအားတစ်ရပ်က ရှောင်ရိ၏ရင်ဘတ်ပေါ်သို့ ဝုန်းခနဲပြုတ်ကျလာသည်။ ရှောင်ရိမှာ ပင်လယ်အတွင်း ပြုတ်ကျလုနီးပါးဖြစ်သွားလေသည်။

***

All Chapters