စွမ်းအားစည်းမျဉ်း
Vol. 20 Ch. 275
"အရူးကောင် မင်းက သေချင်နေတာလား"
ဖုယုက ငေါက်ငမ်းလိုက်ပြီး ယဲ့ချန်ကို တစ်ချက်လှမ်းကြည့်သည်။ သူက ယဲ့ချန်နှင့်ရှောင်ရိကို ခြောက်လှန့်ရန် ကြိုးစားနေခြင်းဖြစ်သည်။
ရှောင်ရိမှာ ပျံတက်ရန် ကြိုးစားနေသော်လည်း ဖုယု၏ဖိအားကြောင့် ရေပြင်ပေါ်တွင် ယက်ကန်ယက်ကန်ဖြစ်နေခဲ့သည်။ သူ၏မျက်လုံးများက ကောင်းကင်သို့ မော့ကြည့်နေပြီး ဒေါသစိတ်များ ထင်ဟပ်နေသည်။
"မင်းက တော်တော်အကျိုးအကြောင်းမညီပါလား ဖုယု"
ရှောင်ရိ အနိုင်ကျင့်ခံနေရသဖြင့် ယဲ့ချန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။ အကယ်၍ သူ့ထံတွင် နတ်ဝိဇ္ဇာတစ်ယောက်၏ခွန်အားမျိုးရှိလျှင် ဖုယုကိုတိုက်ခိုက်ရန် ပြေးဝင်သွားပြီဖြစ်သည်။
"ဒီလောကကြီးမှာ စွမ်းအားကြီးတဲ့သူက စည်းမျဥ်းကို ချမှတ်တယ်။ မင်းရဲ့ခွန်အားနဲ့ ငါ့ကို တားနိုင်မယ်ထင်နေလား"
ဖုယုက လှောင်ရယ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ပတ်လည်တွင် ကောင်းကင်ချီများကို လည်ပတ်နေသည်။
ဖုယုသည် ကောင်းကင်သားရဲတစ်ယောက် မဟုတ်သော်လည်း တောင်နှင့်မြစ်များကို မှောက်လှန်နိုင်စွမ်းရှိသော နတ်ဝိဇ္ဇာတစ်ယောက် ဖြစ်သည်။ ဤအဆင့်နှင့် ဆန်းကျယ်ဝိဇ္ဇာအဆင့်ကြားတွင် အလွန်ကွာခြားပြီး စွမ်းအား၏အထွတ်အထိပ်ကို ဖော်ပြနေသည်။ ဆန်းကျယ်ဝိဇ္ဇာများသည် နတ်ဝိဇ္ဇာများရှေ့တွင် စွမ်းအားကို စတင်အသုံးပြုတတ်ခါ စကလေးငယ်များပမာ အားနည်းလှသည်။ ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်ကိုသတ်ရန် နတ်ဝိဇ္ဇာတစ်ယောက်၏ လက်ချောင်း တစ်ချက်လှုပ်ရုံသာ လိုအပ်သည်။
ဖုယုသည် ယဲ့ချန်နှင့်ရှောင်ရိက ကောင်းကင်သိုင်းချီကို အနိုင်ယူနိုင်ခဲ့သော အကြောင်းအရင်းနှင့် နောက်ခံကို သိလို၍သာမဟုတ်လျှင် စကားအပိုများ ပြောနေမည်မဟုတ်ပေ။
"သမာဓိကောင်စီရဲ့ ရည်ရွယ်ချက်က လောကကြီးရဲ့တရားမျှတမှုကို စောင့်ရှောက်ဖို့ မဟုတ်ဘူးလား။ ဖုယု မင်းလုပ်နေတာက ဒါကိုကိုယ်စားပြုတယ်ဆိုရင် အတော်ရယ်စရာကောင်းတာပဲ"
ယဲ့ချန်သည် ဖုယုက ကောင်းကင်သိုင်းချီကိုလုယူခြင်းမှ အချိန်ဆွဲနိုင်ရန် ရန်စလိုက်သည်။ သူသည် နတ်ဘုရင်များစွာကို တွေ့ဖူးသည့်အပြင် နတ်ဘုရင်နှင့် နတ်ဝိဇ္ဇာအဆင့်ထက်ပင်မြင့်သော ဖြစ်တည်မှုများကိုပင် တွေ့ဆုံဖူးခဲ့သည်။ ထို့ကြောင့် နတ်ဝိဇ္ဇာတစ်ယောက်နှင့် ရင်ဆိုင်ရသော်လည်း ယဲ့ချန်၏ရင်ထဲတွင် ကြောက်စိတ် လုံးဝမရှိချေ။
"ဘယ်သူမှ သမာဓိကောင်စီကို ဝေဖန်ခွင့်မရှိဘူး"
ယဲ့ချန်၏စကားကြောင့် အနာပေါ်တုတ်ကျဖြစ်သွားသော ဖုယုက ဒေါသထွက်သွားခဲ့သည်။ ထို့နောက် စွမ်းအားတစ်ရပ်က ယဲ့ချန်၏ရင်ဘတ်ကို ထိမှန်သွားသဖြင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားစေသည်။
လောကတွင် သန်မာသူများက အားနည်းသူများနှင့် အကျိုးသင့်အကြောင်းသင့်ပြောရန် စိတ်မဝင်စားကြပေ။ တရားမျှတမှုက လေသက်သက်သာဖြစ်သည်။ ဖုယုက ကောင်းကင်သိုင်းချီကို ပေါ်တင်လုယူနေခြင်းဖြစ်သော်လည်း ယဲ့ချန်က မတားမြစ်နိုင်ခဲ့ပေ။
"တစ်နေ့ကျရင် ငါက သွေးလမ်းခင်းပြီး သမာဓိကောင်စီမှာ မင်းကိုလာတွေ့မယ်"
ယဲ့ချန်က လက်သီးကိုဆုပ်၊ အံကိုကြိတ်၍ ကြုံးဝါးလိုက်သည်။
ဖုယုသည် ယဲ့ချန်က သူ၏စွမ်းအားကြောင့် ခြေလှမ်းအနည်းငယ်သာ ဆုတ်သွားရသည်ကို အံ့သြနေခဲ့သည်။ သူက ယဲ့ချန်၏အေးစက်စက်မျက်လုံးများကို မြင်သော်လည်း ဂရုမစိုက်ချေ။ အကယ်၍ ယဲ့ချန်က မကျေနပ်လျှင်လည်း သူ့ကို ယှဥ်နိုင်စွမ်းရှိလာမည်မဟုတ်ဟု ယုံကြည်ထားသည်။
"မင်းလိုသေးနုပ်တဲ့ ကောင်းကင်ဝိဇ္ဇာလေးတစ်ယောက်က သမာဓိကောင်စီကို စိန်ခေါ်ချင်တာလား။ ငါသာ မင်းရဲ့ကျင့်ကြံဆင့်ကို ဖျက်ဆီးဖို့ သနားနေလို့မဟုတ်ရင် မင်း အသက်ဆက်ရှူနိုင်နေမှာ မဟုတ်ဘူး"
ဖုယုသည် ယဲ့ချန်၏ကျင့်ကြံဆင့်ကို ခန့်မှန်း၍ ပြောလိုက်သည်။ သူက ယဲ့ချန်နှင့်ရှောင်ရိကို အသက်ချမ်းသာပေးခဲ့သော အာဏာရှင်ကြီးတစ်ယောက်သဖွယ် ပြုမူပြောဆိုနေသည်။
"ခွေးကောင်"
ရှောင်ရိက ဒေါသတကြီးဖြင့် ထပျံလိုက်သော်လည်း ပြင်းထန်သောဖိအားကြောင့် ပင်လယ်အတွင်း ဗွမ်းခနဲ ပြန်ပြုတ်ကျသွားခဲ့သည်။ နတ်ဝိဇ္ဇာတစ်ယောက်၏ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသော်လည်း ရှောင်ရိ၏ကျင့်ကြံဆင့်က အားနည်းနေခဲ့သည်။ ထို့အပြင် သူက အပြင်းအထန်ဒဏ်ရာရထားသောကြောင့် ဖုယုကိုတွန်းလှန်ရန် မဖြစ်နိုင်ခဲ့ချေ။
ဖုယု၏ခွန်အားအောက်တွင် ယဲ့ချန်ရော ရှောင်ရိပါ မည်သို့မျှမတတ်နိုင်ခဲ့ပေ။
ဖုယုသည် လက်ဝါးဖြင့် ဆွဲယူလိုက်သောအခါ ပင်လယ်လိပ်ကြီးက သူ့ထံသို့ ဖြည်းညှင်းစွာရွေ့လာခဲ့သည်။ လိပ်ကြီးက လွတ်မြောက်ရန် အစွမ်းကုန်ရုန်းကန်နေသော်လည်း အချည်းနှီးသာဖြစ်၏။ အကယ်၍ ၎င်းက အပြင်းအထန်ဒဏ်ရာရထားခြင်းမရှိလျှင် ဖုယုမှာ အလွယ်တကူ ဖမ်းဆီးနိုင်မည်မဟုတ်ပေ။
"ငါက ကောင်းကင်သိုင်းချီကို အနိုင်ယူခဲ့တာဖြစ်လို့ ဒါက ငါ့အပိုင်ဖြစ်တယ်။ ဒါပေမယ့် အခုတော့ ဖုယုလုယူသွားတာကို ကြည့်နေရတယ်"
ယဲ့ချန်က ဒေါသပေါက်ကွဲနေသော်လည်း အားနည်းနေသောအခါ သည်းခံရန်မှတစ်ပါး ရွေးချယ်စရာမရှိချေ။
"မင်းလိုတိရိစ္ဆာန်တစ်ကောင်က ငါ့ကို ဆန့်ကျင်ရဲတာလား"
ဖုယုသည် ကောင်းကင်သိုင်းချီက ရုန်းကန်နေသဖြင့် ဒေါသထွက်သွား၏။ သူက ၎င်းကို လက်သီးဖြင့် ဆက်တိုက်ထိုးချလိုက်သောအခါ တဘုန်းဘုန်းမြည်သံများ ထွက်ပေါ်လာသည်။ လိပ်ကြီး၏နာကျင်စွာအော်မြည်သံက လေထဲတွင် ပျံ့နှံ့လာခဲ့သည်။
ထိုအချိန်တွင် လင်ချိုးသည် ကျွန်းပေါ်မှနေ၍ အဖြစ်အပျက်ကို အစအဆုံးတွေ့မြင်ခဲ့သည်။ ဖုယုသည် တိမ်ပြာကောင်စီ၏ခေါင်းဆောင်ဖြစ်ပြီး ယဲ့ချန်ကို ဖိနှိပ်လိုက်သောအခါ သူက အလွန်ပျော်ရွှင်သွားပြီး ခုန်ထွက်သွားခဲ့သည်။ ထိုအချိန်တွင် သူက ယဲ့ချန်ကို အလွန်လက်စားချေချင်နေပြီဖြစ်သည်။
ဖုယုသည် ကျွန်းပေါ်တွင် နောက်ထပ်လူတစ်ယောက်ရှိနေကြောင်း သိလိုက်သောအခါ သူ၏စွမ်းအားဖြင့် ချက်ချင်းဖိအားပေးလိုက်သည်။
"ဘယ်သူလဲ"
ဖုယု၏အသံက မိုးချုန်းသံကဲ့သို့ ကျယ်လောင်စွာထွက်ပေါ်လာ၏။
"ခေါင်းဆောင်ဖု ကျုပ်က အာကာသအလင်းကောင်စီခွဲရဲ့ အရာရှိ လင်ချိုးပါ။ ခေါင်းဆောင်ဖုကို လေးစားစွာနဲ့ အရိုအသေပေးပါတယ်"
လင်ချိုးက မြေပြင်တွင် ချက်ချင်းဒူးထောက်ပြီး လေးစားစွာပြောလိုက်သည်။
"ငါက အာကာသအလင်းကောင်စီ ခေါင်းဆောင်လဲ့နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်။ မင်းက ဒီမှာဘာလုပ်နေတာလဲ။ ပြီးတော့ ဘာလို့ ဒီလောက်စုတ်ပြတ်နေရတာလဲ"
လင်ချိုး၏စကားကို ကြားသောအခါ ဖုယု၏မျက်နှာပေါ်ရှိ တင်းမာမှုက အနည်းငယ်ပြေလျော့သွားခဲ့သည်။ လင်ချိုး၏အဝတ်အစားများက စုတ်ပြဲနေပြီး ညစ်ပတ်နေသောကြောင့် သမာဓိကောင်စီအဖွဲ့ဝင်တစ်ယောက်၏ ဂုဏ်ကျက်သရေမျိုးကို မပိုင်ဆိုင်ထားချေ။
"ခေါင်းဆောင်ဖု ကျေးဇူးပြုပြီး ဒီငယ်သားအတွက် လက်စားချေပေးပါ"
လင်ချိုးက သနားစဖွယ် တောင်းဆိုလိုက်သည်။
"မင်းမှာပြောချင်တာရှိရင် ပွင့်ပွင့်လင်းလင်းပြောစမ်း။ ငါက မင်းအတွက် ဖြေရှင်းပေးမယ်"
ဖုယုက ပင်လယ်လိပ်ကြီးကို လက်ဝါးဖြင့်ရိုက်နေရင်း ဖြေလိုက်သည်။
"အာကာသအလင်းကောင်စီက တစ်ယောက်ရောက်နေပြီဆိုရင် ကျန်တဲ့ကောင်တွေ မကြာခင်ရောက်လာနိုင်တယ်။ ကောင်းကင်သိုင်းချီကို ငါ မြန်မြန်ဖမ်းသွားရမယ်"
သူ၏စိတ်ထဲတွင် ဤအတွေး ဖြစ်ပေါ်နေသည်။
"ကျွန်တော်က နောက်ထပ်အရာရှိတစ်ယောက်ဖြစ်တဲ့ ချီနန်နဲ့ ကန့်သတ်ဒေသကိုစစ်ဆေးဖို့ တိုက်လှေတစ်စီးနဲ့ ခရီးထွက်ခဲ့ပါတယ်။ လမ်းမှာ ပင်လယ်သားရဲတွေ တိုက်ခိုက်တာခံရပြီး လှေနစ်မြုပ်သွားခဲ့ပါတယ်။ ပြီးတော့ ချီနန်လည်း ပျောက်ကွယ်သွားတယ်။ ကျွန်တော်က ကံကောင်းလို့ ဒီကျွန်းပေါ်ကို ရောက်လာနိုင်ခဲ့တယ်။ ဒီခွေးကောင်က ကျွန်တော့်ကိုတိုက်ခိုက်ပြီး အပြင်းအထန်ဒဏ်ရာရစေခဲ့ပါတယ်"
လင်ချိုးက ယဲ့ချန်ကိုညွှန်ပြပြီး ကုန်းတိုက်လိုက်သည်။ သို့သော် သူက နေလင်းယုန်ကို ပထမဆုံး မြှားဖြင့်ပစ်ခတ်ခဲ့သည့်အကြောင်းကို ချန်လှပ်ထားခဲ့လေသည်။
"ဟမ့် သမာဓိကောင်စီရဲ့လှေကို တိုက်ခိုက်ရဲရလောက်အောင် သတ္တိရှိနေတယ်ပေါ့။ မင်း ဘာပြောချင်သေးလဲ"
လင်ချိုး၏စကားကို ကြားသောအခါ ဖုယုက ယဲ့ချန်ကို ဓားသွားပမာထက်ရှသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
ဖုယု၏စကားအဆုံးတွင် လင်ချိုး၏မျက်နှာထက်၌ ဆိုးယုတ်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
လင်ချိုးဖြစ်စေ ဖုယုဖြစ်စေ ယုတ်မာကြသူများဖြစ်သောကြောင့် သမာဓိကောင်စီသည် မြွေနှင့်ကြွက်များ၏ အသိုက်တစ်ခု ဖြစ်ပုံရသည်။ ဤလူများနှင့် အကျိုးအကြောင်းပြောခြင်းက အဓိပ္ပါယ်မရှိသောကြောင့် ယဲ့ချန်က စကားတစ်ခွန်းမှမဟခဲ့ပေ။
"ကျွန်တော်တို့လှေပေါ်မှာ သမာဓိရွှေဓားအလံကို တပ်ဆင်ထားပါတယ်။ ဒီကောင်က အလံကိုတွေ့တာတောင် လှေကို တိုက်ခိုက်ခဲ့ပါတယ်။ ဒါက သမာဓိကောင်စီကို စော်ကားတဲ့လုပ်ရပ်ဖြစ်ပါတယ်။ ခေါင်းဆောင်ဖု ကျေးဇူးပြုပြီး ဆုံးဖြတ်ပေးပါ"
လင်ချိုးက မီးလောင်ရာလေပင့်လိုက်ပြန်သည်။ သူ၏မျက်လုံးကမူ ယဲ့ချန်ကို စိုက်ကြည့်နေခဲ့သည်။
ဖုယုက ယဲ့ချန်ကိုကြည့်လိုက်သောအခါ လေထဲတွင် မျက်လုံးချင်းဆုံသွားခဲ့သည်။ ယဲ့ချန်၏အကြည့်တွင် ကြောက်စိတ်တစိုးတစိမျှမရှိသောကြောင့် ဖုယုမှာ စော်ကားခံလိုက်ရသကဲ့သို့ မှတ်ယူလိုက်၏။
"ခွေးကောင် မင်းက သမာဓိကောင်စီရဲ့လှေကို တိုက်ခိုက်ရဲတယ်ဆိုတော့ သေချင်နေတာပဲ။ မင်းကများ ငါ့ကို ဒီလိုကြည့်ရဲတယ်။ ဒူးထောက်စမ်း"
မျက်နှာတစ်ခုလုံး မည်းနက်နေသော ဖုယုက ယဲ့ချန်ကို အမိန့်ပေးလိုက်သည်။ ပိုမိုပြင်းထန်သော ကောင်းကင်ချီများက ယဲ့ချန်အပေါ်သို့ ကျဆင်းလာသည်။
"ဒီကောင့်မှာ နောက်ခံတစ်ခုရှိရမယ်။ မဟုတ်ရင် သမာဓိကောင်စီလှေကို တိုက်ခိုက်ရဲမှာမဟုတ်ဘူး။ ဒါပေမယ့် ဒီကောင်ကိုမသတ်ရင်တောင် သင်ခန်းစာ ကောင်းကောင်းပေးရမယ်။ မဟုတ်ရင် သမာဓိကောင်စီရဲ့ဂုဏ်သိက္ခာ ထိခိုက်သွားနိုင်တယ်"
ဖုယု၏စိတ်ထဲတွင် ယဲ့ချန်၏နောက်ခံအကြောင်း တွေးလိုက်မိသော်လည်း သမာဓိကောင်စီကို မထီမဲ့မြင်ပြုခြင်းက သူ့ကို ဒေါသထွက်စေသည်။
သမာဓိကောင်စီလာလျှင် အစွမ်းထက်အင်အားစုကြီးများပင် လမ်းဖယ်ပေးရသည်။ ထို့ကြောင့် ဖုယုကဲ့သို့ လူယုတ်မာများက စိတ်ကြိုက်မောက်မာခွင့် ရနေခြင်းဖြစ်သည်။
ယဲ့ချန်သည် သူ၏ရင်ဘတ်ကို တူဖြင့်ထုချလိုက်သကဲ့သို့ ခံစားနေရသည်။ သူ၏နှုတ်ခမ်းမှ သွေးများစီးကျနေသော်လည်း ဒူးမထောက်မိအောင် တောင့်ခံထားသည်။ သူက ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်အားကိုးဖြင့် ကောင်းကင်ချီများထုတ်ဖော်ကာ ဒူးခေါင်းနှစ်ဖက်ကို အောက်မှပင့်တင်ထားလိုက်သည်။
"ယောကျ်ားတွေက မိဘ၊ ကောင်းကင်နဲ့ မြေကြီးကိုသာ ဒူးထောက်တယ်။ မင်းကိုယ်မင်းဘယ်သူထင်နေတာလဲ။ ခွေးသား ငါက စော်ကားခံရမယ့်အစား သေပစ်လိုက်မယ်"
ယဲ့ချန်က အေးစက်စက်ပြောလိုက်သည်။ သူ၏အကြည့်က ဖုယုထံကျရောက်နေပြီး ကျားနာတစ်ကောင်၏ ရန်ငြိုးကြီးသော အကြည့်မျိုးဖြစ်နေသည်။
ယဲ့ချန်သည် ဖုယု၏ကောင်းကင်ချီကို သူ၏ကောင်းကင်ချီဖြင့် တွန်းလှန်နေသောအခါ ကြားသို့ရောက်နေသာ ခန္ဓာကိုယ်တွင် ထိခိုက်မှုများ ဖြစ်တည်လာသည်။ ကျောက်ပြားနှစ်ချပ်က ယဲ့ချန်ကိုအလယ်တွင်ထား၍ အထက်နှင့်အောက်မှ ဖိနှိပ်နေသည့်ပမာဖြစ်ရာ တစ်ကိုယ်လုံးရှိအရိုးများ စတင်အက်ကွဲလာသည်။
ယဲ့ချန်၏အကြည့်က ဖုယုကို အနည်းငယ်ထိတ်လန့်သွားစေသည်။ ယဲ့ချန်သည် သူ့ကိုရန်ငြိုးဖွဲ့နေသော ကျားနာတစ်ကောင်ကဲ့သို့ ဖြစ်သည်။ အကယ်၍ သူက ယဲ့ချန်ကိုမသတ်လျှင် အနာဂတ်တွင် အေးအေးချမ်းချမ်း နေရတော့မည်မဟုတ်ပေ။
ကောင်းကင်ဝိဇ္ဇာတစ်ယောက်က သူ၏ကောင်းကင်ချီကို တွန်းလှန်နိုင်သည်မှာလည်း ပထမဆုံးအကြိမ်ဖြစ်သည်။ အတိတ်တွင် ဖုယုသည် ကောင်းကင်ဝိဇ္ဇာအဆင့်များကို မျက်လုံးထဲထည့်မထားခဲ့ပေ။ နတ်ဝိဇ္ဇာတစ်ယောက်နှင့် ကောင်းကင်ဝိဇ္ဇာတစ်ယောက်ကြားတွင် ကွာခြားမှုက မိုးနှင့်မြေပမာ ကြီးမားလှသည်။ ဖုယုသည်လည်း ပါရမီရှင်တစ်ယောက်ဖြစ်ကာ ကောင်းကင်ဝိဇ္ဇာအဆင့်မှ နတ်ဝိဇ္ဇာအဆင့်သို့ရောက်ရန် နှစ်ပေါင်းရှစ်ဆယ်သာ အချိန်ယူခဲ့ရသည်။
သာမန်ကောင်းကင်ဝိဇ္ဇာတစ်ယောက်အတွက် နတ်ဝိဇ္ဇာဆိုသည်က နတ်ဘုရားတစ်ပါးပင် ဖြစ်သည်။ ဖုယုသွားသော နေရာတိုင်းတွင် ဆန်းကျယ်ဝိဇ္ဇာများမှာ ပုရွက်ဆိတ်များကဲ့သို့ဖြစ်သည်။ သူတို့က သူ့ကို အလွန်ရိုသေစွာဆက်ဆံရသည်။ သို့သော်လည်း ယဲ့ချန်၏မျက်လုံးများတွင် ကြောက်စိတ်အစား သတ်ဖြတ်လိုစိတ်ကိုသာ ဖုယုက တွေ့နေရသည်။
"အရမ်းကောင်းတယ်။ မင်းက ငါ့ကိုဒီလိုပြောရဲရအောင် တော်တော်ခေါင်းမာတယ်ထင်တယ်။ ဘယ်လောက်တောင့်ခံနိုင်မလဲ ကြည့်ရသေးတာပေါ့။ ဒူးထောက်စမ်း"
ဖုယုက သူ၏စွမ်းအင်ကို တိုးမြှင့်လိုက်သည်။ များပြားလှသော ကောင်းကင်ချီအစုအဝေးကြီးက တောင်ကြီးတစ်လုံးပမာ ယဲ့ချန်ထံ ကျဆင်းလာခဲ့သည်။
"ဘုန်း ဘုန်း ဘုန်း"
ယဲ့ချန်၏ခြေထောက်အောက်ရှိ ကျောက်တုံးများ အမှုန့်ဖြစ်သွားသည်။ မြေပြင်သည်ပင် မီတာအနည်းငယ်ခန့် နိမ့်ကျသွားခဲ့သည်။
အဝေးတွင်ဒူးထောက်နေသော လင်ချိုးပင်လျှင် ကြောက်မက်ဖွယ်ဖိအားကို ခံစားနေရသည်။ သူက ကြောက်လွန်းသဖြင့် သွေးဆုတ်ဖြူရော်နေသည်။ နတ်ဝိဇ္ဇာတစ်ယောက်က အလွန်အစွမ်းထက်ပေသည်။ ကြောက်လန့်နေသော်လည်း လင်ချိုး၏မျက်လုံးများတွင် ဝမ်းသာသော အရိပ်အယောင်ရှိနေခဲ့သည်။ သူ၏ရန်သူက နတ်ဝိဇ္ဇာတစ်ယောက်ကို ဆန့်ကျင်ရဲနေသဖြင့် သေချာပေါက် အသက်ဆုံးပေလိမ့်မည်။ မကြာခင် ယဲ့ချန်မှာ ကောင်းကင်ချီကြောင့် ပိပြားသွားမည်ဟု လင်ချိုးက တွေးထားလိုက်လေသည်။
***