ခရမ်းမီးတောက်ကြယ်ခြင်္သေ့၏ ခွန်အား
Vol. 20 Ch. 276
"ငါ ဘယ်တော့မှ ဒူးမထောက်ဘူး"
ယဲ့ချန်က အံကြိတ်ထားသော်လည်း မျက်လုံးနှင့်နားများအတွင်းမှ သွေးများစီးကျလာသည်။ တစ်ကိုယ်လုံးရှိ သွေးကြောများပေါက်ကွဲမတတ် နာကျင်နေသည်။ သူ၏အရိုးများကလည်း ခုခံနိုင်စွမ်း ကင်းမဲ့နေပြီဖြစ်သောကြောင့် ဒူးနှစ်ဖက်က စတင်ညွှတ်ကျလာသည်။
ကောင်းကင်ချီများကို ဓားပျံမှ ဆက်တိုက်ထုတ်လုပ်ပေးနေသော်လည်း ယဲ့ချန်က အားနည်းလွန်းသဖြင့် အားလုံးကိုမချေနိုင်ပေ။ သူက နတ်ဝိဇ္ဇာတစ်ယောက်၏ကောင်းကင်ချီကို တုဖက်ယှဥ်ပြိုင်ရန် အားနည်းလွန်းနေခဲ့သည်။ ဤသို့ဆက်လက်ဖြစ်ပွားနေလျှင် ယဲ့ချန်၏ခန္ဓာကိုယ်က တစ်စစီပေါက်ကွဲသွားနိုင်သည်။
"သမာဓိကောင်စီက ဒီလိုအခြေအနေထိ ရောက်သွားပြီလား ကောင်းတယ်။ ယဲ့ချန် မင်းစကားကို ငါ သဘောတူတယ်။ ယောကျ်ားတစ်ယောက်ဟာ ကောင်းကင်၊မြေကြီးနဲ့မိဘကိုသာ ဒူးထောက်ရမယ်။ ငါ မင်းကို လေးစားတယ်။ ဒါကြောင့် ဒီနေ့ မင်းကို အစွမ်းကုန်ကူညီပေးမယ်"
ခရမ်းမီးတောက်ကြယ်ခြင်္သေ့ကြီး၏ အသံက ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်အတွင်းမှ ထွက်ပေါ်လာသည်။
သူ၏စကားအဆုံးတွင် ယဲ့ချန်၏ဘယ်လက်ဝါးတွင်ရှိနေသော တံဆိပ်က ရုတ်တရက်လင်းလက်လာသည်။ ထို့နောက် ဘန်းခနဲမြည်သံနှင့်အတူ ခရမ်းရောင်မီးတောက်များ ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။ ယဲ့ချန်၏တစ်ကိုယ်လုံး မီးတောက်များ လောင်ကျွမ်းလာပြီး မီးတောက်လူသားတစ်ယောက်ပမာ ဖြစ်လာခဲ့သည်။
ခြင်္သေ့ကြီး၏စွမ်းအားက ယဲ့ချန်၏ကိုယ်တွင်းသို့ ပေါင်းစပ်သွားခဲ့သည်။ သူ၏စိတ်အတွင်းမှ ဓားပျံမှာလည်း ကောင်းကင်ချီများကို လှိုင်းလုံးကြီးများပမာ ထုတ်လုပ်ပေးခဲ့သည်။ ကိုယ်တွင်းချီများက ရုတ်တရက်မြင့်တက်လာပြီး ကျင့်ကြံဆင့်ကလည်း ကောင်းကင်ဝိဇ္ဇာစဦးအဆင့်မှ တဟုန်ထိုးမြင့်တက်သွားခဲ့သည်။
ရှေးခေတ်ဟောင်းမှ အလွန်အမင်းပြင်းထန်သော စွမ်းအားက ကောင်းကင်သို့ ထိုးတက်သွား၏။ ခြင်္သေ့ကြီးက သူ၏ခွန်အားအလုံးစုံကို ယဲ့ချန်၏ကိုယ်တွင်းသို့ ပေါင်းစပ်ပေးလိုက်သည်။ ယဲ့ချန်၏နှလုံးသားအတွင်း ရှေးဦးသားရဲရိုင်းတစ်ကောင် နိုးထလာသကဲ့သို့ ကြွက်သားကြီးများ ဖုဖောင်းကြီးထွားလာသည်။
"ဝေါင်း"
ယဲ့ချန်က ကောင်းကင်သို့မော့၍ သားရဲကြီးတစ်ကောင်ပမာ ဟိန်းဟောက်လိုက်သည်။ သူက ဖုယု၏ကောင်းကင်ချီများကို ခုခံနိုင်လာခဲ့ပြီး ခါးကိုမတ်လိုက်သည်။ နတ်ဝိဇ္ဇာ၏ကောင်းကင်ချီများက အစွမ်းထက်သော်လည်း သူ့ကိုဒူးထောက်ရန် မစွမ်းဆောင်နိုင်ခဲ့ပေ။
"ဘာတွေဖြစ်နေတာလဲ။ ဒီစွမ်းအင်က ရှေးဦးမျိုးဆက်သွေးနဲ့ သက်ဆိုင်နေတယ်။ ဒီကောင်က ရှေးဦးမှော်သားရဲမျိုးနွယ်ကလား။ ဒါဆိုရင် ဒီကောင့်ကို သတ်လို့မဖြစ်ဘူး"
ဖုယုက ယဲ့ချန်၏အခြေအနေကြောင့် ရုတ်တရက်ကြောက်လန့်သွားခဲ့သည်။ ယဲ့ချန်၏ကိုယ်တွင်းမှ စွမ်းအားက သူ့ကိုကြောက်လန့်စေသည့်အပြင် တစ်စုံတစ်ခုကို တွေးလိုက်မိသဖြင့် မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်။
သမာဓိကောင်စီသည် အရှေ့ပိုင်းတိုက်ကြီးတွင် ထင်ရာစိုင်းနိုင်သော်လည်း အကြောင်းအရင်းမရှိ ရန်မစဝံ့သော အဖွဲ့များလည်းရှိသည်။ ရှေးဟောင်းမျိုးနွယ်များက ထိုနေရာတွင် ပါဝင်နေသည်။ သူတို့က မျိုးဆက်သွေးကို အလွန်တန်ဖိုးထားကြပြီး မျိုးနွယ်တူတစ်ယောက်သေလျှင် သွေးချောင်းစီးအောင် လက်တုံ့ပြန်တတ်ကြသည်။ ရန်သူမသေမချင်း သူတို့က ရပ်မည်မဟုတ်ပေ။ ထို့အပြင် ရှေးဦးမျိုးနွယ်များက အလွန်အစွမ်းထက်သောကြောင့် သမာဓိကောင်စီသည်ပင် အလွယ်တကူရန်မစရဲချေ။
အချိန်နှင့်အမျှ ယဲ့ချန်က ပိုမိုအစွမ်းထက်လာသည်။ သို့သော် ယဲ့ချန်ကိုသတ်လိုက်လျှင် ရှေးဟောင်းမျိုးနွယ်များ၏ဒေါသကို သူက ရင်မဆိုင်ရဲချေ။ ဤသို့လုပ်လိုက်ပါက မလိုလားအပ်သော ပြဿနာများ ဖြစ်လာနိုင်သည်။
"ဒီကောင့်ကို ငါ သတ်လိုက်သင့်လား"
ဖုယုက အချိန်ကြာမြင့်စွာတုံ့ဆိုင်းနေပြီး ယဲ့ချန်ကိုဖိနှိပ်ရန် ကောင်းကင်ချီများ ပိုမိုထုတ်လုပ်လိုက်သည်။
သို့သော်လည်း ယဲ့ချန်၏စွမ်းအင်မြင့်တက်နှုန်းက အလွန်မြန်ဆန်သည်။ ဖုယုသည် သူက ယဲ့ချန်ကို အချိန်ခဏသာ ဖမ်းချုပ်နိုင်တော့မည်ကို စိုးရိမ်နေခဲ့သည်။ အကယ်၍ ဤသို့ဆက်လက်ဖြစ်ပွားနေလျှင် ယဲ့ချန်၏ခွန်အားက သူပင်မယှဥ်နိုင်လောက်သော အခြေအနေသို့ မြင့်တက်သွားနိုင်ချေရှိသည်။
"ငါ့ရတနာကို မပေးနိုင်ဘူးကွ"
ဖုယုသည် ကောင်းကင်သိုင်းချီအပေါ် လောဘဇောတက်နေသဖြင့် အဆုံးရှုံးမခံနိုင်ပေ။ ဖုယု၏စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပေါ်လာသည်။
ကျန်တစ်ဖက်တွင် လင်ချိုးသည် ဖုယု၏ကောင်းကင်ချီများကို တွန်းလှန်၍ မတ်တပ်ရပ်လာသော ယဲ့ချန်ကို အလန့်တကြားကြည့်နေမိသည်။ အတိတ်တွင် သူက ယဲ့ချန်လက်ချက်ဖြင့်မသေခဲ့သည်ကို ကံကောင်းမှုဟု မှတ်ယူလိုက်သည်။ ထို့အပြင် ဤစွမ်းအားမျိုးကို ထုတ်ဖော်နိုင်သူတွင် အထူးနောက်ခံတစ်ခုရှိရမည်ဟု သူက တွေးလိုက်မိသည်။
"လင်ချိုး ဒီကောင့်ကို သတ်စမ်း"
ဖုယု၏အကြည့်က လင်ချိုးထံ ကျရောက်သွားကာ အေးစက်စက်အမိန့်ပေးလိုက်သည်။
ဖုယု၏အမိန့်ကြောင့် လင်ချိုးမှာ တစ်ကိုယ်လုံး တုန်ယင်သွားခဲ့သည်။ သူက ဖုယုသည် အငှားဓားဖြင့် လူသတ်လိုနေကြောင်း ချက်ချင်းနားလည်လိုက်သည်။ ဖုယုသည် ယဲ့ချန်၏နောက်မှ အင်အားစုကို ကြောက်လန့်နေသောကြောင့် လင်ချိုးကို ထိုးကျွေးလိုက်ခြင်းဖြစ်သည်။ ပြဿနာဖြစ်လာလျှင် ဖုယုက ခေါင်းရှောင်နိုင်ပေလိမ့်မည်။
"လိ မြေခွေးအိုကြီး"
လင်ချိုးက စိတ်ထဲမှ ကျိန်ဆဲလိုက်သော်လည်း နတ်ဝိဇ္ဇာတစ်ယောက်၏အမိန့်ကို မနာခံလျှင် သေရမည်ဖြစ်ကြောင်း နားလည်ထားသည်။ သူက အံကိုကြိတ်ပြီး သိုလှောင်အိတ်အတွင်းမှ အဆင့်သုံးဝိညာဥ်လက်နက် ဓားတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။ ထို့နောက် သူက ဖုယု၏ကောင်းကင်ချီအောက်မှ ရုန်းထွက်နေသော ယဲ့ချန်ထံ တစ်လှမ်းချင်း ချဥ်းကပ်သွားသည်။
ယဲ့ချန်က မလွတ်မြောက်သေးသော်လည်း ခြင်္သေ့ကြီးကြောင့် ခွန်အားများ တိုးတက်နေသောကြောင့် အချိန်မရွေးလွတ်မြောက်နိုင်သည်။
"ဆရာခြင်္သေ့ ခင်ဗျားရဲ့စွမ်းအားက ကြီးမားလိုက်တာ"
ယဲ့ချန်သည် သူ၏ကိုယ်တွင်းမှ ကြောက်မက်ဖွယ်စွမ်းအားကို ခံစားနေရသည်။ ဤစွမ်းအင်သာ ဆက်လက်တိုးပွားလာလျှင် သူ၏ခန္ဓာကိုယ်ပင် ပေါက်ကွဲသွားနိုင်သည်။
"ယဲ့ချန် မင်းရဲ့ခန္ဓာကိုယ်က အားနည်းလွန်းနေတယ်။ ဒါကြောင့် ငါ့စွမ်းအားတစ်စိတ်တစ်ပိုင်းကိုသာ ပေါင်းစပ်ပေးနိုင်ခဲ့တယ်"
ခြင်္သေ့ကြီးက ဂုဏ်ယူနေဟန်ဖြင့် ပြောလိုက်သည်။ သူက အလွန်အစွမ်းထက်သော ရှေးဦးသားရဲကြီးတစ်ကောင် ဖြစ်သည်။ စွမ်းအားက အပြည့်မဟုတ်သော်လည်း ယဲ့ချန်ကို ဤမျှအစွမ်းထက်လာနိုင်စေသည်။
အဝေးတွင် ရှောင်ရိသည် လင်ချိုးက ယဲ့ချန်ထံချဥ်းကပ်သွားသည်ကို မြင်နေရသည်။ သူ၏မျက်လုံးတွင် မျက်ရည်များဝေ့သီနေပြီး စိတ်ထဲတွင် မခံမရပ်နိုင်သော ခံစားချက်များ ပြည့်နှက်နေသည်။ သူက အချိန်ကြာမြင့်စွာကျင့်ကြံခဲ့သော်လည်း အစ်ကိုကြီးကို ကာကွယ်မပေးနိုင်ခဲ့ပေ။ သူက ဒေါသတကြီးရုန်းကန်နေသော်လည်း ဖုယု၏ဖိအားအောက်မှ မလွတ်နိုင်ခဲ့ပေ။
သို့သော် ထိုအခိုက်၌ ဝိညာဥ်ပုလဲက ရှောင်ရိထံ လှစ်ခနဲပျံသန်းသွားခဲ့သည်။ အနက်ရောင်အလင်းများ ထွက်ပေါ်လာ၍ ရှောင်ရိ၏ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကို ကုသပေးခဲ့သည်။ နောက်ဆုံးတွင် သူက ကောင်းကင်သို့ ပျံတက်သွားနိုင်ခဲ့ပြီး တစ်ကိုယ်လုံး အနက်ရောင်မီးများ တောက်လောင်လာသည်။ ထို့နောက် ရှောင်ရိက ဖုယုထံ တဟုန်ထိုးဝင်ရောက်သွားလေသည်။
"ပိုးစုန်းကြူးတစ်ကောင်က လကို ယှဥ်ပြိုင်ချင်တာလား"
ဖုယုက နှာခေါင်းရှုံ့လိုက်ပြီး လက်သီးအလင်းဒါဇင်ခန့်ကို ထုတ်ဖော်သည်။
"ဘုန်း ဘုန်း"
လက်သီးအလင်းများက ရှောင်ရိ၏ခန္ဓာကိုယ်ပေါ်သို့ ဆက်တိုက်ကျရောက်သွားသဖြင့် အချို့နေရာများက ချိုင့်ဝင်သွားကြ၏။ ဖုယုက ရှောင်ရိကိုသေပြီဟု ထင်မှတ်လိုက်သော်လည်း အနက်ရောင်အမြှီးကြီးက ရုတ်တရက်ဝင်ရောက်လာသည်။
"လိ"
ဖုယုက လက်နှစ်ဖက်ကိုကာထားပြီး အလန့်တကြားခုခံလိုက်သည်။
"ဘုန်း"
ရှောင်ရိ၏အမြှီးရိုက်ချက်ကြောင့် ဖုယုက နောက်သို့ ခြေလှမ်းအတော်များများ ဆုတ်ပေးလိုက်ရသည်။ ရှောင်ရိ၏ခန္ဓာကိုယ်က နတ်ဘုရင်အဆင့်ဖြစ်သောကြောင့် ပေါ့သေးသေးမဟုတ်ချေ။ ဖုယုသည် ရှောင်ရိ၏ရိုက်ချက်ကြောင့် နောက်ဆုတ်ပေးလိုက်ရသည်ကို မကျေနပ်ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူက ကျားတစ်ကောင်ကဲ့သို့ ကိုယ်ကိုကိုင်း၍ ခုန်ထွက်ကာ လက်သီးဖြင့်ထိုးချလိုက်သည်။
ဘုန်းခနဲမြည်သံနှင့်အတူ ရှောင်ရိမှာ မီတာရာပေါင်းများစွာသို့ လွင့်ပျံသွားသည်။ သူက ပင်လယ်အတွင်း ထိုးကျသွားသဖြင့် သေလားရှင်လားပင် မသိနိုင်တော့ချေ။
ထိုအချိန်တွင် ယဲ့ချန်သည် ဖုယု၏ကောင်းကင်ချီများအောက်တွင် မားမားမတ်မတ်ရပ်နေခဲ့သည်။ သူ၏မျက်လုံးများတွင် ကောင်းကင်သို့ ဦးတည်တောက်လောင်နေသော ခရမ်းရောင်မီးတောက်များ စွဲလောင်နေသည်။ ယဲ့ချန်နှင့် ငါးမီတာအကွာသို့ရောက်နေသော လင်ချိုးမှာ ထိုမျက်လုံးများကြောင့် တုန်ယင်သွားသည်။
ယဲ့ချန်၏သားရဲမျက်လုံးများက လင်ချိုးကို သေမတတ်ကြောက်လန့်သွားစေသည်။ ဖုယု၏ခြိမ်းခြောက်မှုကြောင့်သာ သူက ယဲ့ချန်ကိုသတ်ရန် ကြံစည်ခြင်းဖြစ်သည်။ သူက ယဲ့ချန်၏နောက်ခံကိုမသိသော်လည်း ခရမ်းရောင်မီးတောက်မျက်လုံးများကို မြင်လိုက်တိုင်း ကြောက်လန့်နေသည်။
"မြန်မြန်လုပ်စမ်း။ မဟုတ်ရင် မင်း သေရမယ်"
ဖုယုက အော်ဟစ်လိုက်သည်။ သူသည် ညာလက်ကိုဆုပ်လိုက်သောအခါ ပိုမိုများပြားသော ကောင်းကင်ချီများက ယဲ့ချန်ကိုလှုပ်မရစေရန် ချုပ်နှောင်လိုက်၏။ သူက လင်ချိုး၏နှေးကွေးမှုကြောင့် အလွန်စိတ်ပျက်နေသည်။ လင်ချိုးမှာ လူငယ်လေးတစ်ယောက်ကို အလွန်ကြောက်လန့်နေသည်။
လင်ချိုးသည် ဖုယုက သူ့ကို တကယ်သတ်မည်ဖြစ်ကြောင်း နားလည်ထားသည်။ ဤကိစ္စများက သမာဓိကောင်စီတွင် ဖြစ်နေကျဖြစ်သည်။ နတ်ဝိဇ္ဇာများက အမိန့်မနာခံသူတိုင်းကို ရက်စက်စွာသတ်ဖြတ်တတ်ကြသည်။
လင်ချိုးကသတ္တိမွေး၍ ယဲ့ချန်ကို ဓားဖြင့်ခုတ်ချလိုက်သည်။
"သေစမ်း"
လင်ချိုး၏ကြုံးဝါးသံနှင့်အတူ ဆန်းကျယ်ဝိဇ္ဇာအဆင့်စွမ်းအားများ ထွက်ပေါ်လာသည်။
"မင်းလိုကောင်က ငါ့ကိုသတ်နိုင်မယ် ထင်နေလား"
ခရမ်းရောင်မီးတောက်များက ဖုယု၏ကောင်းကင်ချီများကို လောင်ကျွမ်းပြီး ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။ လက်ရှိတွင် ယဲ့ချန်၏ကျင့်ကြံဆင့်က နတ်ဝိဇ္ဇာအဆင့်သို့ မရောက်သေးသော်လည်း ခွန်အားက လုံးဝမနိမ့်ကျပေ။
"နဂါးငွေ့တန်းလက်ဝါးသိုင်း"
ယဲ့ချန်သည် လင်ချိုးကို ထိပ်တိုက်ရင်ဆိုင်ပြီး လက်ဝါးဖြင့်ရိုက်ချလိုက်သည်။ ကောင်းကင်သို့တောက်လောင်နေသော မီးတောက်များက ကြယ်များအဖြစ် ပြောင်းလဲသွားကာ လင်ချိုးကို ချုပ်နှောင်လိုက်ကြ၏။ လက်ရှိတွင် နဂါးငွေ့တန်းလက်ဝါးသိုင်းသည် ဝိညာဥ်စစ်သည်တော်၏အစွမ်းထက် ဆယ်ဆကျော် ပိုမိုအစွမ်းထက်နေသည်။ စွမ်းအင်များက ဆည်ကျိုးရာမှထွက်ပေါ်လာသော ရေများကဲ့သို့ အရှိန်ပြင်းပြင်းစီးထွက်လာ၏။
လင်ချိုးမှာ နေရာတွင် မမြင်ရသောခွန်အားတစ်ခု၏ ချုပ်နှောင်ခြင်းကို ခံလိုက်ရသည်။ သူ၏ပတ်ဝန်းကျင်တွင် ခရမ်းရောင်မီးတောက်များက အရပ်မျက်နှာပေါင်းစုံမှ ဝင်ရောက်လာကြသည်။ ဤမီးတောက်များက သူ့ကို အလွန်ကြောက်လန့်စေသည်။
"မဟုတ်ဘူး"
လင်ချိုးက ငယ်သံပါအောင် အော်ဟစ်လိုက်ချိန်တွင် ခရမ်းရောင်မီးတောက်များက သူ၏အသက်ကို ချက်ချင်းနုတ်ယူသွားခဲ့သည်။ လင်ချိုးသည် ယဲ့ချန်၏တိုက်ကွက်မှာ အစွမ်းထက်လွန်းသဖြင့် ထွက်ပြေးရန် အခွင့်အရေးပင်မရခဲ့ချေ။
ယဲ့ချန်က လင်ချိုးကိုသတ်ဖြတ်ပြီးနောက် ဖုယုထံ ဒေါသမျက်လုံးများနှင့် စိုက်ကြည့်လိုက်သည်။
ဖုယုသည် ယဲ့ချန်၏သားရဲမျက်လုံးများကြောင့် စိတ်ဓာတ်ကျသွားကာ မွန်းကျပ်လာခဲ့သည်။ ယဲ့ချန်က လင်ချိုးကို ဤမျှလွယ်ကူစွာသတ်ဖြတ်နိုင်မည်ဟု ထင်မထားခဲ့ပေ။ သူ၏စိတ်ထဲတွင် မပြတ်သားသော ခံစားချက်များ ဖြစ်ပေါ်လာသည်။ ယဲ့ချန်၏ခွန်အားက လက်ရှိတွင် နတ်ဝိဇ္ဇာတစ်ယောက်အောက် မနိမ့်ကျသောကြောင့် သူပင်လျှင်အနိုင်ရမည်ဟု မသေချာချေ။
"ဒီကောင်က ဘာလို့ ရုတ်တရက်အစွမ်းထက်လာရတာလဲ"
သို့သော်လည်း ဖုယုသည် ကောင်းကင်သိုင်းချီကို စွန့်လွှတ်လိုစိတ်မရှိချေ။ သူက လက်သီးကိုဆုပ်လိုက်သောအခါ တစ်ကိုယ်လုံးရှိ ကြွက်သားများက သံမဏိကဲ့သို့မာကျောသွား၍ တဖျစ်ဖျစ်မြည်သံများ ထွက်ပေါ်လာသည်။
"လာစမ်း အခုအချိန်အထိ ငါက မဟာအဆင့်တွေနဲ့ ပြိုင်ဘက်ကင်းဖြစ်တည်မှုတွေကလွဲရင် ဘယ်သူမှ မကြောက်ဖူးဘူးကွ"
ဖုယုက ယဲ့ချန်ကိုစိုက်ကြည့်၍ စိန်ခေါ်လိုက်သည်။
ယဲ့ချန်က ရှေ့သို့ ခြေတစ်လှမ်းတက်လိုက်သောအခါ ဘုန်းခနဲမြည်သံနှင့်အတူ မီတာဆယ်ချီမြင့်သော ကျောက်တုံးကြီးများ အမှုန့်ဖြစ်ကုန်သည်။ ခြင်္သေ့ကြီး၏ခွန်အားက ပြင်းထန်လွန်းသဖြင့် ထိန်းချုပ်ရန်မလွယ်ချေ။ ယဲ့ချန်မှာ တစ်ကိုယ်လုံးလောင်ကျွမ်းနေပြီး စွမ်းအင်များ၏ တိုက်စားခြင်းခံနေရသည်။
ယဲ့ချန်အနေဖြင့် တိုက်ပွဲကို အတတ်နိုင်ဆုံး အမြန်ဖြတ်ရမည်ဖြစ်သည်။ ခြင်္သေ့ကြီး၏စွမ်းအားက များလွန်းသဖြင့် သူက အချိန်ကြာကြာ မထိန်းထားနိုင်ပေ။
ယဲ့ချန်၏တိုက်ပွဲဆာလောင်စိတ်က ဖုယုထံ ဧရာမဓားကြီးတစ်လက်ပမာ ဝင်ရောက်သွားလေသည်။
***