ကယ်တင်ရှင်ရောက်လာခြင်း *
Vol. 20 Ch. 277
"ယဲ့ချန် ငါ့ကောင် မင်းရဲ့ခန္ဓာကိုယ်က ထပ်ပြီးမခံနိုင်တော့ဘူး။ မင်းရဲ့ခန္ဓာကိုယ် ပေါက်ကွဲမသွားခင် ငါ့စွမ်းအားကို ပြန်ပြီးရုတ်သိမ်းရမယ်"
ခရမ်းမီးတောက်ကြယ်ခြင်္သေ့ကြီးက လက်ထောက်တံဆိပ်အတွင်းမှ ပြောလိုက်ခြင်းဖြစ်သည်။
"ဆရာခြင်္သေ့ အသက်ရှူကြိမ်တစ်ရာလောက် ထိန်းထားပါဦး"
ယဲ့ချန်က ပြန်ပြောလိုက်သည်။ အကယ်၍ ခြင်္သေ့ကြီး၏စွမ်းအားသာ ပျောက်ကွယ်သွားလျှင် ယဲ့ချန်အနေဖြင့် ဖုယုကိုအနိုင်ယူရန် မဖြစ်နိုင်ချေ။
"မဟုတ်ဘူး။ ဖုယုကိုမနိုင်ခင် မင်းရဲ့ခန္ဓာကိုယ်က စွမ်းအားကြောင့် ပေါက်ကွဲပြီးသေရလိမ့်မယ်"
ခြင်္သေ့ကြီးက ကန့်ကွက်လိုက်သည်။ အမှန်စင်စစ် ယဲ့ချန်ကို စွမ်းအားလွှဲပေးရာတွင် သူက အလောတကြီးလုပ်ဆောင်ခဲ့မိပြီး ကောင်းကင်ဝိဇ္ဇာစဦးအဆင့်ဟူသော ကျင့်ကြံဆင့်ကို မေ့လျော့သွားခဲ့သည်။
"ဆရာခြင်္သေ့ အသက်ရှူကြိမ်တစ်ရာတည်းပါ"
ယဲ့ချန်သည် စွမ်းအား၏တိုက်စားမှုကို ခုခံကာ အံကြိတ်ပြီး တုံ့ပြန်လိုက်သည်။
"ခွေးမသား သေစမ်း"
ထို့နောက် သူက ခြင်္သေ့ကြီးတစ်ကောင်ကဲ့သို့ ဖုယုကိုခုန်အုပ်ကာ ခြေဖြင့်ကန်လိုက်သည်။
ဖုယုသည် ယဲ့ချန်၏ကန်ချက်ကို တားမြစ်ရန် လက်နှစ်ဖက်လုံးကိုမြှောက်ကာ ခုခံလိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများ ကြီးထွားလာ၍ ရွှေရောင်တောက်ပနေသည်။ နတ်ဝိဇ္ဇာအဆင့်သို့ရောက်ပြီးနောက် သူ၏ခန္ဓာကိုယ်က သတ္တုပမာ မာကျောလာခဲ့သည်။
"ဘန်း"
ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ ဖုယုသည် သူ၏ကိုယ်တွင်းသို့ ဧရာမစွမ်းအင်ကြီးတစ်ရပ် ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်ပတ်လည်ရှိ ချီအကာအရံက တစ်စစီပေါက်ကွဲသွားခဲ့သည်။ ပြင်းထန်သောကန်ချက်ကြောင့် ဖုယုမှာ နောက်သို့မထိန်းနိုင်ဘဲ ဆုတ်ပေးလိုက်ရ၏။
လက်ရှိတွင် ယဲ့ချန်က ရူးသွပ်နေသော ခြင်္သေ့ကြီးတစ်ကောင်ပမာဖြစ်သည်။
"အစွမ်းထက်လှချည်လား"
ဖုယုကစိတ်လေးသွားပြီး ကောင်းကင်ချီကို အလျင်အမြန်လည်ပတ်လိုက်သည်။ ဤကန်ချက်က သူ၏သွေးနှင့်ချီများကို ဗြောင်းဆန်သွားစေပြီး အရိုးများပင် ကျိုးလုနီးပါးဖြစ်သွားခဲ့သည်။
"လျှို့ဝှက်ကျင့်စဥ် မပျက်စီးနိုင်သောရွှေကိုယ်ထည်"
ဖုယု၏ကောင်းကင်ချီများက သူ၏ခန္ဓာကိုယ်ပတ်လည်တွင် ရွှေရောင်သံချပ်ကာတစ်ခုကို ဖြစ်ပေါ်လာစေသည်။ သူက ယဲ့ချန်ကိုတိုက်ခိုက်ခါနီးတွင် တစ်ဖက်လူက ဖြတ်ခနဲပျောက်ကွယ်သွားခဲ့သည်။
ယဲ့ချန်က ဖုယု၏ကျောဘက်တွင် ရုတ်တရက်ပြန်ပေါ်လာပြီး ကျောပြင်ကို တံတောင်ဖြင့်ထောင်းချလိုက်သည်။ ဤတိုက်ကွက်က ရိုးရှင်းသော်လည်း ကီလိုဂရမ်ရှစ်ထောင်အား ပါဝင်နေသည်။ အကယ်၍ ဤတိုက်ကွက်က တောင်တစ်လုံးပေါ်သို့ ကျရောက်သွားလျှင် တောင်မှာ ပြိုကျသွားပေလိမ့်မည်။
ဖုယုမှာ နောက်တစ်ကြိမ်လွင့်ထွက်သွားပြီး ယဲ့ချန်ကိုတိုက်ခိုက်ရန် နောက်ပြန်လှည့်လိုက်သည်။ သို့သော် ယဲ့ချန်က သူ၏ကျောဘက်သို့ထပ်ရောက်နေပြီး မိုးချုန်းသံတစ်ခုနှင့်အတူ ဖုယုမှာ လွင့်ထွက်သွားပြန်သည်။
"တော်တော်မြန်တာပဲ"
ဖုယု၏မျက်နှာက ကြောက်စိတ်ကြောင့် ဖြူဖပ်ဖြူရော်ဖြစ်သွားကာ ခန္ဓာကိုယ်ကလည်း ဆက်တိုက်တိုက်ခိုက်ခံနေရသည်။ ထိုအချိန်တွင် အလွန်လျင်မြန်သော အရှိန်ကိုရင်ဆိုင်နေရသဖြင့် မည်သည့်တိုက်ကွက်မှ အသုံးမဝင်ခဲ့ချေ။ သူ့အနေဖြင့် ယဲ့ချန်ကို မျက်လုံးဖြင့်ပင် မမြင်ရပေ။
"လျှို့ဝှက်ကျင့်စဥ် ကောင်းကင်ရွှေကိုယ်ထည်"
ဖုယုသည် သူ၏ခံစစ်ကို ဆက်တိုက်မြှင့်တင်နေပြီး ဘေးထွက်ဆိုးကျိုးရှိသော ကျင့်စဥ်ကိုပင် ထုတ်သုံးလိုက်သည်။ ဤကား သူ၏နောက်ဆုံး အသက်ကယ်ကျင့်စဥ်ဖြစ်သည်။ ခန္ဓာကိုယ်က ကောင်းကင်ရွှေအဖြစ်ပြောင်းလဲသွားကာ ခေါင်းပျက်စီးသွားခြင်းမရှိလျှင် ခန္ဓာကိုယ်က မည်မျှထိခိုက်ပါစေ သတ္တုချီများအားကိုးဖြင့် ပြန်လည်ကောင်းမွန်လာပေမည်။
"ဘန်း ဘန်း ဘန်း"
ဖုယုမှာ ဆက်တိုက်လွင့်ထွက်နေသည်။ ကောင်းကင်ချီများကလည်း တိုက်ပွဲကြောင့် ထွက်ပေါ်လာသောအခါ ပင်လယ်အတွင်း၌ ဆူနာမီလှိုင်းလုံးကြီးများပင် ဖြစ်ပေါ်လာသည်။
တိုက်ပွဲကို အဝေးမှကြည့်နေသော ရှောင်ရိသည် ဖုယုကို ယဲ့ချန်က ရိုက်နှက်နေသည့်အတွက် မင်သက်သွားခဲ့သည်။
"အစ်ကိုကြီးက ဘယ်လိုလုပ် ဒီလောက်အစွမ်းထက်လာရတာလဲ"
ရှောင်ရိက တအံ့တသြရေရွတ်လိုက်သည်။ သူက ဖုယုကိုမယှဥ်နိုင်သဖြင့် ထိုလူ၏အစွမ်းကို ကောင်းစွာသိထားသည်။
"ဒါက သူ့ခွန်အားမဟုတ်ဘူး"
ထွင်ထျန်းက ယဲ့ချန်ကိုအကဲခတ်၍ စိုးရိမ်တကြီးပြောလိုက်သည်။ သူက မျက်မှောင်ကြုတ်၍ တိုက်ပွဲကို ဆက်ကြည့်နေခဲ့သည်။
ယဲ့ချန်သည် ဖုယုကို သည်းကြီးမည်းကြီးတိုက်ခိုက်နေသည်။ ရေပက်မဝင်သော သူ၏တိုက်ကွက်များအောက်တွင် ဖုယု၏ခန္ဓာကိုယ်မှာ ဆက်တိုက်ထိခိုက်နေသည်။ ကံကောင်းစွာဖြင့် သူ၏ကောင်းကင်ချီက လုံလောက်အောင်အစွမ်းထက်သဖြင့် သေစေနိုင်သော ဟာကွက်များကို ခုခံနိုင်ခဲ့သည်။ သူက ဆက်တိုက်ရိုက်နှက်ခံနေရသော်လည်း သေစေလောက်သော ဒဏ်ရာမျိုးမရချေ။
ယဲ့ချန်သည် ဖုယုကိုတိုက်ခိုက်နေရင်း စွမ်းအားများက ထိန်းချုပ်မှုကင်းမဲ့စပြုလာသည်။ ဆက်လက်တိုက်ခိုက်နေလျှင် ခွန်အားများလျော့ကျသွားကာ ခန္ဓာကိုယ်က ဆိုးဆိုးရွားရွားထိခိုက်သွားပေလိမ့်မည်။ သို့သော် သူက ဖုယုကိုသတ်ရန် ကြိုးစားတိုင်း အသက်ဟာကွက်များကို မထိနိုင်ခဲ့ချေ။ ထို့အပြင် ဖုယု၏ခန္ဓာကိုယ်က အလွန်ခံနိုင်ရည်ကောင်းမွန်နေသောကြောင့် ယဲ့ချန်မှာ ထိုးဖောက်ရန် မဖြစ်နိုင်ခဲ့ပေ။
နတ်ဝိဇ္ဇာတစ်ယောက်ကို သတ်ဖြတ်ရန် လုံးဝလွယ်ကူခြင်းမရှိပေ။
ယဲ့ချန်သည် နဂါးငွေ့တန်းလက်ဝါးသိုင်းကို နောက်တစ်ကြိမ်ထုတ်သုံးချင်သော်လည်း စွမ်းအင်က တည်ငြိမ်မှုမရှိချေ။ သူ့အနေဖြင့် ခက်ခဲနက်နဲသော ဤသိုင်းကွက်ကို ထုတ်ဖော်ခြင်းအား လက်ရှိအခြေအနေနှင့် မစွမ်းနိုင်ပေ။
"ယဲ့ချန် ကောင်လေး မင်း ဒီအတိုင်းဆက်သွားနေလို့ မဖြစ်ဘူး။ ငါ့ခွန်အားကို ပြန်ရုတ်သိမ်းလိုက်တော့မယ်။ ဒီလိုဆက်သွားရင် မင်း သေလိမ့်မယ်"
ခြင်္သေ့ကြီးက ညှင်သာစွာသတိပေးလာသည်။
"ဆရာခြင်္သေ့ ခဏစောင့်ပါဦး"
"သေစမ်း"
ယဲ့ချန်က စိုးရိမ်တကြီးတားမြစ်လိုက်ပြီး တစ်ကိုယ်လုံးရှိခွန်အားများကို ညာလက်သီးတွင် စုစည်းလိုက်သည်။ သူ၏လက်မှာ ပေါက်ကွဲလုနီးပါး အက်ကြောင်းထင်လာသည်။
"မိုးကုပ်စက်ဝိုင်းဒေါသ"
ယဲ့ချန်၏လက်သီးက ဖုယု၏ခေါင်းကို ချိန်ရွယ်ထားသည်။ လက်သီးချက်က ပြင်းထန်လွန်းသဖြင့် လေထဲတွင် နားကွဲမတတ်ကျယ်လောင်သော ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာခဲ့သည်။ ဤလက်သီးချက်တွင် ခရမ်းရောင်မီးတောက်များ လွှမ်းခြုံနေပြီး လေဟာနယ်ကိုပင် ထိုးဖောက်လုမတတ် ဖြစ်သွားခဲ့သည်။ လောကကြီးမှာ လက်သီး၏အရှိန်အဝါကြောင့် ပြိုကွဲလုမတတ် ဖြစ်သွားခဲ့လေသည်။
ဖုယုသည် ယဲ့ချန်၏သိုင်းကွက်ကို မြင်သောအခါ ချက်ချင်းမျက်နှာပျက်သွားခဲ့သည်။ သူ့ထံတိုးဝင်လာနေသော ကြောက်မက်ဖွယ်စွမ်းအားကြီးကြောင့် သေခြင်းတရားနှင့် နီးကပ်လာသယောင် ခံစားလိုက်ရ၏။ သူက တစ်ကိုယ်လုံးရှိအစွမ်းကို ဖောက်ခွဲလိုက်ပြီး ယဲ့ချန်၏လက်သီးကို လက်သီးနှစ်ဖက်ဖြင့် ပြန်ထိုးချလိုက်သည်။
"ကောင်းကင်ရွှေမိစ္ဆာလက်သီး"
စွမ်းအားနှစ်ရပ်က ဘုန်းခနဲပေါက်ကွဲသွားခဲ့သည်။ ဖုယု၏လက်နှစ်ဖက်က သွင်သွင်ကျိုးသွားသဖြင့် နာကျင်စွာအော်သံကြီးတစ်ခု ထွက်ပေါ်လာ၏။
ယဲ့ချန်၏လက်သီးချက်များက ဖုယု၏လက်နှစ်ဖက်ကို ကျော်လွန်၍ ဦးခေါင်းထံ ဆက်လက်တိုးဝင်သွားခဲ့သည်။
ဖုယုက ချက်ချင်းခေါင်းကိုငဲ့စောင်း၍ ယဲ့ချန်၏ခရမ်းရောင်မီးလက်သီးကို ရှောင်တိမ်းလိုက်သည်။ ပါးဘေးမှဖြတ်သွားသော လက်သီးချက်က ပြင်းထန်လွန်းသဖြင့် စွမ်းအင်လှိုင်းများ ဖြာထွက်လာကာ ဖုယု၏မျက်နှာတွင် ဒဏ်ရာများဖြစ်ပေါ်လာသည်။ ယဲ့ချန်၏လက်သီးကြောင့် ဖုယု၏ခေါင်းက ပေါက်ကွဲလုနီးပါးဖြစ်သွားခဲ့သည်။ သူက လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားသောကြောင့် မီတာဒါဇင်ချီအောင် နောက်ဆုတ်ပြေးသွားခဲ့သည်။
ယဲ့ချန်က မကျေမနပ်ဖြစ်နေစဥ် ခြင်္သေ့ကြီးမှ သူ၏စွမ်းအင်များကို ပြန်လည်ရုတ်သိမ်းလိုက်၏။ ယဲ့ချန်ကိုယ်တွင်းရှိ စွမ်းအင်များက ဆက်တိုက်လျော့ကျသွားပြီး ကောင်းကင်ထက်မှ ထိုးကျသွားခဲ့လေသည်။
ဖုယုမှာ အလွန်အမင်းကြောက်လန့်နေပြီး သေလုမျောပါးဖြစ်ခဲ့ရသည်။ သူ၏လက်နှစ်ဖက်မှ နာကျင်မှုက တစ်ကိုယ်လုံးသို့ ပျံ့နှံ့နေသည်။ သူက ယဲ့ချန်ထိုးကျသွားသည်ကို မြင်သော်လည်း လိုက်လံမတိုက်ခိုက်ရဲပေ။ တိုက်ပွဲက အလွန်ကြောက်လန့်ဖွယ်ကောင်းပြီး ကျောပြင်တစ်ခုလုံး ချွေးများစိုရွှဲနေသည်။ သူက သေခြင်းတရား၏ခြိမ်းခြောက်မှုကို ကြောက်လန့်နေဆဲပင်ဖြစ်သည်။
"ငါ ရှုံးသွားတာလား"
ယဲ့ချန်သည် ဖုယုကိုမသတ်နိုင်ခဲ့သောကြောင့် အလွန်စိတ်ပျက်နေခဲ့သည်။
"ဘုန်း"
ယဲ့ချန်က ကျွန်းပေါ်သို့ အထိန်းအကွပ်မဲ့ပြုတ်ကျလာသဖြင့် ဖုန်လုံးကြီးများ ထိုးတက်လာသည်။ သူ၏ကိုယ်တွင်း၌ ဓားပျံ၏ကောင်းကင်ချီများ ရှိနေသောကြောင့် အားတင်းကာ မတ်တပ်ရပ်လိုက်နိုင်သည်။ သို့သော် သူ၏ဒန်တန်အတွင်း မုန်တိုင်းကြီးတစ်ခု ဖြတ်တိုက်သွားသကဲ့သို့ ထိခိုက်ပျက်စီးနေသည်။
ယဲ့ချန်သည် ဖုယုကို မော့ကြည့်လိုက်သည်။ သူ၏လက်ရှိအခြေအနေတွင် ရန်သူကို လုံးဝမသတ်ဖြတ်နိုင်ပေ။ မြင်ကွင်းများ ဝေဝါးနေသော်လည်း ယဲ့ချန်သည် မျက်လုံးများကို အတင်းဖွင့်ထားသည်။ ယဲ့ချန်အနေဖြင့် ရှုံး၍လုံးဝမဖြစ်ခဲ့ချေ။
လေထဲရှိဖုယုမှာ ကြောက်မက်ဖွယ်စွမ်းအား ပျောက်ကွယ်သွားသည်ကို အာရုံခံနိုင်ခဲ့သည်။ သူ၏အကြည့်က တစ်ကိုယ်လုံး ဒဏ်ရာများပြည့်နှက်နေသော ယဲ့ချန်ကို စစ်ဆေးလိုက်သည်။ ယဲ့ချန်၏အခြေအနေမှာလည်း ဖုယုထက် ပို၍မကောင်းချေ။
"ဘာဖြစ်သွားတာလဲ"
ဖုယုက တည်ငြိမ်စွာ တွေးတောလိုက်သည်။ သူက နတ်ဝိဇ္ဇာတစ်ယောက်ဖြစ်ပြီး အတွေ့အကြုံများစွာကို တွေ့ကြုံခဲ့ဖူးသည်။
"အစက မင်းဟာ တကယ်အစွမ်းထက်တယ်လို့ ငါ ထင်ထားခဲ့တယ်။ မင်းက ပြင်ပစွမ်းအားကိုယူပြီး အသုံးပြုရုံထက်မပိုဘူး။ ဒီခွန်အားက မင်းကိုလည်းထိခိုက်စေမှာ သေချာတယ်။ မင်းရဲ့နောက်ခံကဘာဖြစ်ဖြစ် မင်းက ငါ့ကိုခြိမ်းခြောက်နိုင်နေမှတော့ သေရမယ်"
ဖုယုက ယဲ့ချန်၏အခြေအနေကို နားလည်လိုက်သဖြင့် ဆိုးယုတ်စွာပြုံးလိုက်သည်။ သူ၏လက်နှစ်ဖက်မှာမူ ကောင်းကင်ရွှေကိုယ်ထည်ကျင့်စဥ်ကြောင့် ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာနေသည်။
ဖုယုက အမြှောက်ဆံတစ်လုံးကဲ့သို့ ယဲ့ချန်ထံ ထိုးဆင်းလာခဲ့သည်။ သူ၏လက်များက သားကောင်ကိုထိုးသုတ်ရန် ဆင်းသက်လာသော သိမ်းငှက်ကြီး၏လက်သည်းများကဲ့သို့ တူညီနေသည်။ အကယ်၍ သူက ယဲ့ချန်ကိုမသတ်လျှင် အနာဂတ်၌ မဆုံးနိုင်သောပြဿာနာများကို ကြုံတွေ့ရနိုင်သည်။
"သေစမ်း"
ဖုယု၏မျက်ဝန်းများက ကျဥ်းမြောင်းသွားခဲ့သည်။
"အစ်ကိုကြီး"
ရှောင်ရိက စိုးရိမ်တကြီးအော်ဟစ်၍ ဖုယုထံ တဟုန်ထိုးဝင်ရောက်သွားခဲ့သည်။
ဖုယုက သူ၏ဘက်လက်ကို ယမ်းလိုက်သောအခါ ရှောင်ရိကို လွင့်ထွက်သွားစေသည်။
ယဲ့ချန်မှာ ခွန်အားလုံးဝမကျန်သောကြောင့် ခြေလက်များကို မရွေ့နိုင်တော့ပေ။ သို့မဟုတ်လျှင် သူက ကောင်းကင်ဓားပျံဖြင့် လက်ထောက်တံဆိပ်ကို ဖျက်ဆီးလိုက်မည်ဖြစ်သည်။ လက်ရှိတွင် သူက သေရတော့မည်ဖြစ်သောကြောင့် သက်ပြင်းတစ်ချက်သာ ချလိုက်မိသည်။
ယဲ့ချန်က မသေလိုသော်လည်း သူတတ်နိုင်သောအရာ မရှိချေ။
ဖုယု၏လက်များက သေမင်းကဲ့သို့ ယဲ့ချန်၏ခေါင်းထံ နီးကပ်လာနေသည်။ ထိုအချိန်တွင် ဖုယုနှင့်ယဲ့ချန်၏ကြားတွင် စွမ်းအင်တစ်ခု အကာအကွယ်အဖြစ် ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
"ဘန်း"
ဖုယုမှာ နောက်သို့ပြန်လွင့်သွားပြီး ဆယ်မီတာအကွာအဝေးအထိ ရောက်သွားခဲ့သည်။ သူက ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်စစ်ဆေးနေသည်။ သူသည် ယဲ့ချန်ကိုကယ်တင်လိုက်သော စွမ်းအားက ပေါ့သေးသေးမဟုတ်ကြောင်း နားလည်ထားသဖြင့် အလျင်စလိုမလုပ်ရဲချေ။
"ဘာဖြစ်နေတာလဲ"
ယဲ့ချန်က မသေသောကြောင့် အံ့သြသွားပြီး သူ့ကိုယ်သူ ကာကွယ်ရေးစွမ်းအင်တစ်ခုအတွင်း ရောက်နေကြောင်း သိလိုက်ရ၏။ ဤစွမ်းအင်က ရေအမျိုးအစားဖြစ်ပြီး တစ်စုံတစ်ယောက်ကို ချက်ချင်းတွေးမိလိုက်သည်။
မြောက်ပင်လယ်သည် ထန်တိုက်လင်၏ ပိုင်နက်ဖြစ်သည်။ နတ်ဝိဇ္ဇာအဆင့်နှစ်ယောက်၏ ကြောက်မက်ဖွယ်တိုက်ပွဲကြီးက ပြင်းထန်လွန်းသောကြောင့် သူမအနေဖြင့် သတိမပြုမိစရာ အကြောင်းမရှိချေ။ သေရေးရှင်ရေးအချိန်တွင် ယဲ့ချန်ကိုကယ်တင်ရန် ထန်တိုက်လင် ရောက်ရှိလာခဲ့သည်။
"ဘယ်သူလဲ"
ဖုယုသည် မူမမှန်သောအခြေအနေကြောင့် မျက်မှောင်ကြုတ်ကာ အေးစက်စက်မေးလိုက်သည်။
"ဖုယု နင်က ငါ့ပိုင်နက်ထဲကို ဒီလောက်အကြာကြီးရောက်နေတာတောင် ငါ ဘယ်သူလဲ မသိဘူးလား"
ဖုယု၏စကားအဆုံးတွင် အေးစက်ကြည်လင်သော စကားသံတစ်ခု ပြန်လည်ထွက်ပေါ်လာသည်။
"မြောက်ပင်လယ်ဘုရင်မ ထန်တိုက်လင်"
ဖုယုမှာ ဤအသံကြောင့် ခေါင်းနားပန်းကြီးသွားခဲ့သည်။ သူက ကံဆိုးမှုကို စိတ်ထဲမှကျိန်ဆဲလိုက်သည်။ ရေသူမမျိုးနွယ်၏ခေါင်းဆောင်ဖြစ်သော ထန်တိုက်လင်၏ဂုဏ်သတင်းကို သူက သေချာစွာသိထားပေသည်။ သူမက ဒဏ္ဍာရီလာမဟာအဆင့် ကျင့်ကြံသူဖြစ်သောကြောင့် ယဲ့ချန်ကိုကယ်တင်လိုသည်ဆိုလျှင် ဖုယုက တားမြစ်နိုင်စွမ်းမရှိချေ။
"ဖုယု ငါ့ပင်လယ်ကိုလာပြီး ပင်လယ်သားရဲခြောက်ကောင်ကို တိုက်ရိုက်သတ်ဖြတ်လိုက်တယ်။ ပင်လယ်သားရဲအရေအတွက်က သန်းတစ်ထောင်လောက်ရှိလို့ နည်းနည်းလောက်သေသွားတာ ကိစ္စမရှိဘူး။ ငါက ဒီကိစ္စကို ပြဿနာမရှာဘူး။ နင်က မြောက်ပင်လယ်ထဲမှာ ဒီလောက်အချိန်အကြာကြီးရောက်နေတာ ဘာလုပ်ဖို့ကြိုးစားနေတာလဲ။ ကန့်သတ်ဒေသကို ပင်လယ်မျိုးနွယ်ရဲ့ဘိုးဘေးတွေက နှစ်ထောင်ပေါင်းများစွာအကြာက သမာဓိကောင်စီနဲ့ သဘောတူညီထားတယ်။ ဒါပေမယ့် မင်းတို့က အမှောင်ဝိညာဥ်တစ်ကောင်ကို ကျွန်းပေါ်မှာ မွေးမြူထားတယ်။ သမာဓိကောင်စီက ရှင်းပြချက်ပေးဖို့ လိုအပ်နေတယ်"
ထန်တိုက်လင်၏လေသံက အေးစက်စက်နှင့် ပျော်ရွှင်သော အရိပ်အယောင်မရှိချေ။
ဖုယုသည် ကန့်သတ်ဒေသအကြောင်း သိထားသော်လည်း အမှောင်ဝိညာဥ်ကဲ့သို့ လျှို့ဝှက်ချက်များကို သိနိုင်သော အဆင့်အတန်းမရှိပေ။ ထန်တိုက်လင်သည် အရှေ့ပိုင်းကုန်းမြေကြီး၏ ထိပ်တန်းဆယ်ယောက်တွင်ပါဝင်ပြီး ပင်မကောင်စီ၏ ခေါင်းဆောင်သုံးယောက်နှင့် မဟာအကြီးအကဲများကို ယှဥ်နိုင်သူတစ်ယောက်ဖြစ်သည်။
ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ အရှေ့ကုန်းမြေတိုက်၏နံပတ်တစ် သားရဲဧကရာဇ်ပိုမေ့သည် ထန်တိုက်လင်ကို နှစ်သက်နေသူဖြစ်သည်။ သူက အချိန်တိုင်း ငြင်းပယ်ခံရသော်လည်း ထန်တိုက်လင်ဘက်တွင် သေချာပေါက်ရပ်ပေးပေလိမ့်မည်။
"ပင်လယ်ဘုရင်မ ငါက အထင်လွဲခံရတာပါ ။မြောက်ပင်လယ်ကို လာရတဲ့အကြောင်းအရင်းက ဘာမကောင်းတဲ့ရည်ရွယ်ချက်မှ မပါပါဘူး"
ဖုယုက အလျင်အမြန်ရှင်းပြလိုက်သည်။ သူက ထန်တိုက်လင်၏ပိုင်နက်အတွင်း ပင်လယ်သားရဲအချို့ကို သတ်ဖြတ်ထားပြီးဖြစ်သည်။ သူသာ အရေအတွက်များစွာသတ်ဖြတ်မိလျှင် သေချာပေါက် ဒုက္ခရောက်ပေလိမ့်မည်။
မူလတွင် ဖုယုသည် ယဲ့ချန်နှင့်ရှောင်ရိကို ဤအကြောင်းအရင်းကြောင့် မသတ်ခဲ့ခြင်းဖြစ်သည်။ သူက မြောက်ပင်လယ်တွင်လူသစ်ဖြစ်ပြီး တစ်ဖက်လူ၏နောက်ခံများကို မသိချေ။ ထို့ကြောင့် သတ်ဖြတ်ခြင်းမရှိဘဲ ကောင်းကင်သိုင်းချီကိုသာလုယူပြီး ထွက်သွားချင်ခဲ့သည်။ သို့သော် ယဲ့ချန်က အလွန်ခေါင်းမာစွာဖြင့် လက်မလျှော့ခဲ့ပေ။ ယဲ့ချန်က ဆန်းကျယ်သောစွမ်းအား၏ အကူအညီကြောင့် သူ့ကိုပင် သတ်ဖြတ်နိုင်လုနီးပါး ဖြစ်သွားခဲ့သည်။ ဖုယုမှာ ယဲ့ချန်ကိုသတ်ရန် ဆုံးဖြတ်လိုက်ချိန်တွင် ကံမကောင်းစွာဖြင့် ထန်တိုက်လင် ထွက်ပေါ်လာခဲ့သည်။ ယဲ့ချန်က ပင်လယ်မျိုးနွယ်တစ်ခုခုမှ ဖြစ်နိုင်လေသည်။
ထန်တိုက်လင်ရှိနေလျှင် သူက အကျိုးအပြစ်များကိုတွက်ချက်၍ နောက်ဆုတ်ရပေလိမ့်မည်။
"ဖုယု နင့်စကားက ရှေ့နောက်မညီပါလား။ နင့်စကားတစ်ခွန်းတည်းနဲ့ အရာအားလုံးကို ဖြေရှင်းနိုင်ပြီထင်နေတာလား။ ပင်လယ်မိစ္ဆာမျိုးနွယ်ရဲ့ မိတ်ဆွေနှစ်ယောက်ကို နင် တိုက်ခိုက်ရတဲ့အကြောင်းအရင်းကို ရှင်းပြစမ်း"
ထန်တိုက်လင်၏ အေးစက်စက်စကားသံက ထွက်ပေါ်လာသည်။
ထန်တိုက်လင်၏စကားများမှတဆင့် ယဲ့ချန်သည် ပင်လယ်မိစ္ဆာမျိုးနွယ်နှင့် သမာဓိကောင်စီကြားတွင် ရှုပ်ထွေးသော ဆက်ဆံရေးတစ်ခုရှိနိုင်ကြောင်း နားလည်လိုက်သည်။ ထန်တိုက်လင်ပင်လျှင် သမာဓိကောင်စီကို အကြောင်းအရင်းမရှိ ရန်စလိုပုံမပေါ်ချေ။
ဖုယုသည် မျက်မှောင်ကြုတ်၍ ယဲ့ချန်နှင့်ရှောင်ရိကို တစ်ချက်ကြည့်လိုက်သည်။ သူတို့က ပင်လယ်မိစ္ဆာမျိုးနွယ်၏မိတ်ဆွေများဖြစ်လျှင် သူက ဆက်လက်တိုက်ခိုက်ရန် မသင့်ချေ။ ထန်တိုက်လင်ကို ဒေါသထွက်စေပါက ဖြစ်ပေါ်လာသော အကျိုးဆက်များက ကောင်းမည်မဟုတ်ချေ။
"ဒီနှစ်ယောက်က ပင်လယ်မျိုးနွယ်ရဲ့ မိတ်ဆွေဆိုတာကို မသိခဲ့လို့ပါ။ ဘုရင်မရောက်လာပြီဆိုတော့ သူတို့ကို နောက်ထပ်ပြဿနာမရှာတော့ပါဘူး"
စကားအဆုံးတွင် ဖုယုက လောဘကြီးစွာဖြင့် ကောင်းကင်သိုင်းချီထံ လျင်မြန်စွာပျံသန်းသွားလေသည်။
***