← Chapters

ပြိုင်ဘက်ကင်းတိုက်ခိုက်မှု

Vol. 20 Ch. 278

ပြိုင်ဘက်ကင်းတိုက်ခိုက်မှု

Vol. 20 Ch. 278

ယဲ့ချန်က ပြင်းထန်စွာဒဏ်ရာရထားပြီး မတ်တပ်ရပ်နိုင်ရန်ပင် အနိုင်နိုင်ကြိုးစားနေရသည်။ သူ၏သွေးကြောများ ပြိုကွဲသွားကာ အံကြိတ်ပြီး အစွမ်းထက်ရန်သူကို ရင်ဆိုင်ရမည်ဟု စိတ်တင်းထားခဲ့ရသည်။ သို့မဟုတ်လျှင် သူက သတိလစ်နေသည်မှာ အချိန်အလွန်ကြာမြင့်ပေလိမ့်မည်။

ယဲ့ချန်သည် ဒဏ်ရာရထားသော ကျားနာတစ်ကောင်ကဲ့သို့ ဖြစ်သည်။ သူ၏မျက်လုံးများက အေးစက်စက်တောက်ပနေသည်။ သူက ဖုယုနှင့်ရန်ငြိုးကို တစ်နေ့တွင် ရင်ဆိုင်ရမည်ဖြစ်သည်။

"ဒါဆိုရင် ထွက်သွားပေတော့ ဖုယု"

ထန်တိုက်လင်၏စကားသံ ထွက်ပေါ်လာသော နေရာကို မည်သူမှမသိပေ။ ၎င်းက နီးကပ်လာလိုက်ဝေးကွာသွားလိုက် ထွက်ပေါ်နေသော်လည်း အေးစက်တည်ငြိမ်နေသည်။

"ဘုရင်မ ငါက မြောက်ပင်လယ်အထိ ကောင်းကင်သိုင်းချီကို လိုက်လံဖမ်းဆီးခဲ့တာပါ။ ဒီလိပ်ကြီးကို ငါ ကိုယ်တိုင်ဖမ်းဆီးခဲ့တာပါ"

ထန်တိုက်လင်၏စကားကို ကြားသောအခါ ကောင်းကင်သိုင်းချီကို လက်လွှတ်ရမည်အား စိုးရိမ်သော ဖုယုက ချက်ချင်းလိမ်လည်လိုက်၏။

"ငါက ကောင်းကင်သိုင်းချီကို လုံးဝစိတ်မဝင်စားဘူး။ ဒါပေမယ့် ငါ နင့်ကိုမေးချင်တာက ဒီကောင်းကင်သိုင်းချီကို နင် တကယ်ဖမ်းဆီးခဲ့တာလား"

ထန်တိုက်လင်က နှာခေါင်းရှုံ့လိုက်သည်။ ဖုယုက လူလိမ်တစ်ယောက်ဖြစ်သည်။

"ကောင်းကင်သိုင်းချီက ဒဏ်ရာရထားတယ်ဆိုတာကိုတော့ နားလည်ပါတယ်။ ဒါပေမယ့် ဒါကို ကျုပ် အရင်ဆုံးဖမ်းဆီးခဲ့တာပါ"

ဖုယုက မျက်နှာပြောင်တိုက်၍ ဆက်လိမ်နေခဲ့သည်။

"သမာဓိကောင်စီမှာ နင့်လိုအမှိုက်တွေ ပြည့်နေတာလား။ ဒီကောင်းကင်သိုင်းချီကို အခြားလူဆီကနေလုယူပြီး နင်ပိုင်တဲ့အရာလို လုပ်နေတယ်။ အရှက်မဲ့လှချည်လား"

ထန်တိုက်လင်က ခပ်တင်းတင်း ငေါက်ငမ်းလိုက်သည်။

ထန်တိုက်လင်က မြောက်ပင်လယ်၏ ဘုရင်မဖြစ်သော်လည်း လောဘကြီးသော ဖုယုက ပါးစပ်နားရောက်ခါနီးသော ထမင်းလုတ်ကို မစွန့်ပစ်နိုင်ချေ။

"ငါက နင့်ကို မြောက်ပင်လယ်ရဲ့ဘုရင်မအဖြစ် လေးစားမှုပေးခဲ့တယ်။ ဒါပေမယ့် နင်ကလည်း သမာဓိကောင်စီကို စော်ကားခွင့်မရှိဘူး။ သမာဓိကောင်စီ ဘာလုပ်လုပ် မင်းတို့မှာ ပြောပိုင်ခွင့်မရှိဘူး။ ငါက ဒီကောင်းကင်သိုင်းချီကိုရအောင် ယူသွားမယ်။ ဘုရင်မကိုစော်ကားမိရင် ခွင့်လွှတ်ပေးပါ"

ဖုယု၏လေသံက ချက်ချင်းတင်းမာသွားခဲ့သည်။

"နိမ့်ကျတဲ့ ကောင်စီခွဲခေါင်းဆောင်လေးတစ်ယောက်က ငါ့ပိုင်နက်မှာလာပြီး မောက်မာနေတယ်ပေါ့။ ကြည့်ရတာ သမာဓိကောင်စီက တော်တော်မောက်မာနေပြီထင်တယ်။ ပင်မကောင်စီခေါင်းဆောင်တွေနဲ့ မဟာအကြီးအကဲတွေရောက်လာရင်တောင် ငါကကြောက်နေမှာ မဟုတ်ဘူး။ နင့်လိုလူတစ်ယောက်က ငါ့ကို ခြိမ်းခြောက်ချင်တာလား ဖုယု"

ဖုယုသည် သမာဓိကောင်စီ၏အခွဲတစ်ခုမှ ခေါင်းဆောင်တစ်ယောက်ဖြစ်သည်။ သူက ထန်တိုက်လင်၏အစွမ်းကို သိထားသော်လည်း သူမကို ပင်လယ်၏အနက်ပိုင်း အဝေးတစ်နေရာတွင် ရှိနေသည်ဟု ထင်မှတ်ထားခဲ့သည်။ အကယ်၍ သူသာ ကောင်းကင်သိုင်းချီကိုဖမ်းယူပြီး လျင်မြန်စွာထွက်ပြေးသွားလျှင် ထန်တိုက်လင်ကမဖမ်းနိုင်ဟု ထင်မှတ်နေသည်။ သူက ကုန်းမြေပေါ်သို့ရောက်လျှင် ထန်တိုက်လင်အနေဖြင့် မည်သို့မျှလုပ်နိုင်စွမ်း ရှိမည်မဟုတ်ပေ။

"ဒီနေ့ကိစ္စကြောင့် ငါ နင့်ကို ဘယ်လိုဖြစ်ဖြစ်စော်ကားမိမှာပဲ။ ဒီလိုဆိုမှတော့ အကျိုးအမြတ်ရအောင် ကောင်းကင်သိုင်းချီကို အရယူရမယ်"

ဖုယုက ညာလက်ကို ကောင်းကင်သိုင်းချီထံ လှမ်းလိုက်သည်။ အကယ်၍ သူသာ ကောင်းကင်သိုင်းချီကိုရယူနိုင်လျှင် ဆယ်နှစ်စာကျင့်ကြံခြင်းနှင့်ညီမျှသော ကောင်းကင်ချီများကို ပိုင်ဆိုင်မည်ဖြစ်သောကြောင့် လက်လွှတ်မခံနိုင်ခဲ့ပေ။

"ရိုင်းစိုင်းလိုက်တာ"

ထန်တိုက်လင်က အမှန်တကယ် ဒေါသထွက်သွားခဲ့လေသည်။

"ငါ ဒီကောင်းကင်သိုင်းချီကိုယူပြီး သန့်စင်ပြီးတဲ့အထိ စောင့်နေစမ်း။ မြောက်ပင်လယ်ဘုရင်မဆိုရင်တောင် ဒီလောက်အဝေးကြီးကနေ ငါ့ကို လိုက်နိုင်မှာမဟုတ်ဘူး"

ဖုယုက ဧရာမလိပ်ကြီးထံ ချဥ်းကပ်သွားခဲ့သည်။ သူ၏ကောင်းကင်ချီများက လက်ဝါးအတွင်းမှ ကြိုးများအသွင်နှင့် ၎င်းကို ရစ်ပတ်ဆွဲယူလိုက်သည်။ သူက ကောင်းကင်သိုင်းချီကို မောင်ပိုင်စီးနိုင်တော့မည်ဖြစ်သည်။

နတ်ဝိဇ္ဇာတစ်ယောက်၏ ရာနှုန်းပြည့်စွမ်းအားက ခဏအတွင်း ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ကောင်းကင်သိုင်းချီမှ ဖြစ်ပေါ်လာသော လိပ်ကြီးကို ဖုယုက ဖမ်းဆီးလိုက်နိုင်သည်။ ၎င်းက ဆက်တိုက်ရုန်းကန်နေသော်လည်း လှုပ်ပင်မလှုပ်နိုင်သောအခါ ဖုယုထံ လျင်မြန်စွာဆွဲယူခံနေရသည်။

ထိုအချိန်တွင် ဖုယုမှာ လေထဲ၌ ရုတ်တရက်အေးခဲသွားပြီး ချီများ၏ချုပ်နှောင်မှုကြောင့် နေရာမှပင် မရွေ့နိုင်ချေ။

"ဘာဖြစ်တာလဲ"

ဖုယုမှာ အလွန်ကြောက်လန့်သွားခဲ့သည်။ သူက နတ်ဝိဇ္ဇာအဆင့်သို့ရောက်ပြီးချိန်မှစ၍ ဤအခြေအနေမျိုးသို့ လုံးဝမကျရောက်ဖူးပေ။ ထန်တိုက်လင်က သူ့ကို အဝေးမှပင် ကောင်းကင်ချီနှင့် ဖမ်းဆီးချုပ်နှောင်နိုင်နေသည်။ နတ်ဝိဇ္ဇာ၏ခွန်အားသည်ပင် ထန်တိုက်လင်၏ချုပ်နှောင်မှုမှ မလွတ်မြောက်နိုင်ခဲ့ပေ။ ထန်တိုက်လင်၏ခွန်အားမှာ အလွန်ပြင်းထန်နေပြီး သမာဓိကောင်စီတွင် သူမကိုအနိုင်ယူနိုင်သူမှာ အနည်းငယ်ထက်ပင် ပိုမည်မဟုတ်ချေ။

ကန့်သတ်ဒေသမှ အဖြစ်အပျက်များကြောင့် ထန်တိုက်လင်သည် ကျင့်ကြံဆင့် မြင့်တက်သွားခဲ့သည်။ သူမ၏အဆင့်တွင် ဉာဏ်အလင်းတစ်ချက်က ခွန်အားကို လေးငါးဆခန့်အထိ တိုးတက်စေနိုင်သည်။

ဖုယုမှာ ကြောက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေသည်။ သူက ထန်တိုက်လင်၏ရည်ရွယ်ချက်ကို မသိသောကြောင့် ကောင်းကင်ချီကိုသုံးကာ ရုန်းကန်ရန် ကြိုးစားနေရသည်။

ထိုအချိန်တွင် ကီလိုမီတာရာပေါင်းများစွာဝေးသော အရပ်မှ သက်တန့်ရောင်အလင်းတစ်ချက်က ဖုယုထံ အလွန်လျင်မြန်စွာ တိုးဝင်လာနေသည်။ ထိုအလင်းတန်းမှာ သုံးခွလှံဖြစ်ပြီး နေအလင်းရောင်ထက်ပင် ပို၍တောက်ပနေခဲ့သည်။ သုံးခွလှံဖြတ်သန်းရာ လမ်းတလျှောက်တွင် ပင်လယ်ရေက နှစ်ခြမ်းကွဲသွား၍ ဘေးတစ်ဖက်တစ်ချက်တွင် မီတာရာချီမြင့်သော ရေနံရံကြီးများ ဖြစ်ပေါ်လာ၏။ ဤကား ရှေးဟောင်းလူသန်ကြီးတစ်ယောက်က ရေမျက်နှာပြင်ကို လက်နှစ်ဖက်နှင့် ဆွဲဖြဲလိုက်သကဲ့သို့ပင်ဖြစ်သည်။

သုံးခွလှံ၏ပတ်လည်တွင် အလွန်အမင်းသန့်စင် အစွမ်းထက်သော ရေချီများ ဝန်းရံနေသည်။ ရေချီမှာ ငွေ့ရည်ဖွဲ့နေပြီး ရေတစ်စက်ချင်းစီက ထက်ရှသောသံမဏိဓားသွားများနှင့် တူညီနေခဲ့သည်။ ရေစက်များမှာ အလွန်မြန်ဆန်သော အရှိန်ကြောင့် သံမဏိပြားကိုပင် ထိုးဖောက်နိုင်စွမ်းရှိလေသည်။

"လူသတ်စိတ်က ပြင်းထန်လှချည်လား"

ဖုယုသည် သူ့ထံသို့ တစ်စုံတစ်ခုချဥ်းကပ်လာကြောင်း ခံစားရသဖြင့် အားယူကာ လှည့်ကြည့်လိုက်သည်။ မိုးကုပ်စက်ဝိုင်းမှ အလင်းတစ်ချက်က သူ့ထံသို့ဝင်ရောက်လာနေသည်ကို ချက်ချင်းသိလိုက်ရ၏။

"ဒါက ဘာရတနာများလဲ။ မြန်လှချည်လား"

ဖုယုမှာ အလွန်နောင်တရနေပြီဖြစ်သည်။ ထန်တိုက်လင်က သူထင်ထားသည်ထက် များစွာပို၍ အစွမ်းထက်နေခဲ့သည်။ အကယ်၍ သူသာ ကြိုသိခဲ့လျှင် ကောင်းကင်သိုင်းချီကိုစွန့်လွှတ်ပြီး ထန်တိုက်လင်ကို ရန်စမည်မဟုတ်ချေ။ ထို့အပြင် သုံးခွလှံကို အဝေးမှပစ်ထုတ်လိုက်နိုင်သော ခွန်အားမျိုး ပိုင်ဆိုင်ထားမည်ဟု မျှော်လင့်မထားခဲ့ပေ။

အလင်းတန်းက နီးကပ်လာသောအခါ ဖုယုသည် တစ်ကိုယ်လုံးရှိကောင်းကင်ချီများကို လှုံ့ဆော်ရုန်းကန်လိုက်သည်။ ထို့နောက် သူက သိုလှောင်အိတ်အတွင်းမှ တုတ်ရှည်တစ်ချောင်းကို ထုတ်ယူလိုက်၏။ ၎င်းမှာ အဆင့်ရှစ်ဝိညာဥ်လက်နက်တစ်ခုဖြစ်ပြီး တိမ်ပြာကောင်စီ၏ အမွေခံရတနာ တိမ်ပြာတုတ် ဖြစ်လေသည်။

အများအားဖြင့် အဆင့်ရှစ်ဝိညာဥ်လက်နက်တစ်ခု၏ လက်နက်ဝိညာဥ်က အလွန်အစွမ်းထက်သော တည်ရှိမှုတစ်ခုဖြစ်သည်။ သို့သော်လည်း လက်ရှိတွင် တိမ်ပြာတုတ်၏ဝိညာဥ်မှာ ကြောက်လွန်းသဖြင့် တုန်ခါနေသည်။

ဖုယုက သက်တန့်ရောင်အလင်းကို စိုက်ကြည့်လိုက်သောအခါ သုံးခွလှံတစ်ချောင်းဖြစ်ကြောင်း သိလိုက်သည်။

"ဒဏ္ဍာရီလာ ပင်လယ်နတ်ဘုရားလှံ"

ပင်လယ်နတ်ဘုရားလှံက သူ့ကို ထိမှန်ခါနီးတွင် ဖုယုသည် တိမ်ပြာတုတ်ကို လက်နှစ်ဖက်ဖြင့်ကိုင်ဆောင်ပြီး ခုခံလိုက်သည်။

"ဘန်း"

သုံးခွလှံက တုတ်ရှည်နှင့် ထိပ်တိုက်ရင်ဆိုင်မိသွားချိန်တွင် ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။ ထို့နောက် ဖုယု၏တိမ်ပြာတုတ်က တစ်စစီပေါက်ကွဲသွားခဲ့သည်။ ၎င်း၏အဆင့်ရှစ် လက်နက်ဝိညာဥ်မှာလည်း ချက်ချင်းပြိုကွဲသွားခဲ့သည်။ ထို့အပြင် သုံးခွလှံက ဖုယု၏ပခုံးကိုထိုးစိုက်သွားပြီး သွေးများ ပန်းထွက်လာသည်။ တိမ်ပြာတုတ်ကြောင့် လမ်းကြောင်းပြောင်းသွားခြင်းမရှိလျှင် ဖုယု အသက်ပျောက်နေပြီဖြစ်သည်။

"အား"

ဖုယုမှာ ပြင်းထန်လွန်းသောစွမ်းအားကြောင့် အလွန်နာကျင်စွာ အော်ဟစ်လိုက်သည်။

"ပင်လယ်ဘုရင်မ အသက်ချမ်းသာပေးပါ"

သူက မည်သည်ကိုမှဂရုမစိုက်နိုင်တော့ဟန်ဖြင့် အော်ဟစ်တောင်းပန်လိုက်သည်။ သူက သွေးရူးသွေးတန်းအော်ဟစ်နေသော်လည်း နတ်ဝိဇ္ဇာတစ်ယောက်ဖြစ်နေသောကြောင့် အစွမ်းကုန်ရုန်းထွက်လိုက်သောအခါ လွတ်မြောက်သွားခဲ့သည်။ ဖုယုက လေပေါ်သို့ ချက်ချင်းခုန်တက်သွားပြီး အဝေးသို့ လျင်မြန်စွာပျံသန်း ထွက်ပြေးသွားလေသည်။

သုံးခွလှံမှာ လေထဲတွင် ရပ်တန့်နေပြီး ဖုယုနောက်သို့ လိုက်မသွားခဲ့ပေ။ လက်ရှိတွင် ၎င်းက မျက်စိကျိန်းစပ်လောက်သော အလင်းတစ်ခု တောက်ပနေခဲ့သည်။

"တစ်လတည်းရှိသေးပေးမယ့် နင်က တိုးတက်လာပြန်ပြီ"

ထန်တိုက်လင်၏အသံက ညှင်သာစွာ ထွက်ပေါ်လာသည်။

"ဒီနေ့ နင့်ကို အများကြီးကျေးဇူးတင်ပါတယ်။ နင်သာမကယ်ရင် ဖုယုလက်ထဲမှာ ငါ သေရလိမ့်မယ်"

ယဲ့ချန်က အားယူ၍ တစ်ချက်ပြုံးလိုက်သည်။ သူက ထန်တိုက်လင်၏တည်နေရာကို မသိချေ။ သူမက ဤနေရာ၏အဝေးတွင် ရှိနေခြင်းဖြစ်နိုင်သည်။

"နင်သာ နတ်ဝိဇ္ဇာအဆင့်ခွန်အားကို မထုတ်ဖော်ခဲ့ရင် ငါ သတိထားမိမှာမဟုတ်ဘူး။ ဒီခွန်အားကို နင် မထိန်းချုပ်နိုင်ဘူး။ လက်ရှိနင့်ခန္ဓာကိုယ်က ဒီခွန်အားကို တောင့်ခံနိုင်မှာမဟုတ်ဘူး။ အနာဂတ်မှာမသုံးရင် အကောင်းဆုံးဖြစ်လိမ့်မယ်။ နင် အန္တရာယ်ဖြစ်သွားနိုင်တယ်"

ထန်တိုက်လင်က ခဏတာတိတ်ဆိတ်သွားပြီးနောက် စေတနာနှင့် သတိပေးလာသည်။

"ငါ မှတ်ထားလိုက်ပါမယ်"

ယဲ့ချန်က ခေါင်းညိတ်လိုက်သည်။ ခြင်္သေ့ကြီး၏စွမ်းအားကြောင့် ယဲ့ချန်မှာ ပေါက်ကွဲမတတ်ခံစားခဲ့ရသည်။ ၎င်းကအလွန်ပြင်းထန်ပြီး သူ၏အကန့်အသတ်များကို ကျော်လွန်နေသည်။ ရေခဲကဲ့သို့ အေးစက်နေကျဖြစ်သော ထန်တိုက်လင်က သူ့ကိုစိုးရိမ်ပေးခြင်းအပေါ် အလွန်အံ့သြသွားခဲ့လေသည်။

"ဒီကောင်းကင်သိုင်းချီက ငါ့အတွက် အများကြီးအသုံးမဝင်ဘူး။ ဒါပေမယ့် နင့်ကို အများကြီးအကူအညီပေးနိုင်လိမ့်မယ်။ ငါးနှစ်ကြာရင် ငါ့ကို စိတ်မပျက်စေနဲ့"

"ငါ နင့်အပေါ် အကြွေးတင်သွားပြီ"

ယဲ့ချန်က တစ်လုံးချင်းပြောလိုက်သည်။ ကန့်သတ်ဒေသတွင်ဖြစ်စေ၊ ဖုယုနှင့်တိုက်ပွဲတွင်ဖြစ်စေ ထန်တိုက်လင်သာ အကူအညီမပေးခဲ့လျှင် ယဲ့ချန်မှာ လောကကြီးပေါ်တွ င် ရှိနေမည်မဟုတ်ချေ။ သူက ဤကျေးဇူးကြွေးကို မည်သို့ပြန်ဆပ်ရမည်အား မသိတော့ပေ။

"ငါ့အပေါ်ကို အကြွေးတင်တယ်လို့ တွေးမနေနဲ့။ ငါ့အတွက် ပြိုင်ဘက်ကောင်းတစ်ယောက်ကို မသေစေချင်လို့"

ထန်တိုက်လင်၏စကားသံက ရေခဲကဲ့သို့ ပြန်လည်အေးစက်သွားခဲ့သည်။ ကောင်းကင်သိုင်းချီမှာ ထန်တိုက်လင်ပေါ်လာချိန်မှစ၍ ထွက်မပြေးရဲခဲ့ပေ။ ၎င်းက ယဲ့ချန်ရှေ့သို့ နာခံမှုရှိစွာ ဆင်းသက်လာခဲ့သည်။

ထို့နောက် သုံးခွလှံက ပင်လယ်အတွင်း အလင်းတန်းတစ်ခုပမာ ပြန်လည်ထွက်ခွာသွားခဲ့သည်။

"ယဲ့ချန် ကောင်းကင်သိုင်းချီကို မြန်မြန်စုပ်ယူလိုက်။ ငါကပင်ပန်းလွန်းနေလို့ လဝက်လောက် အိပ်နေရမယ်။ မင်းကို ကူညီမပေးနိုင်သေးဘူး"

ခရမ်းမီးတောက်ကြယ်ခြင်္သေ့ကြီး၏ စကားသံ ထွက်ပေါ်လာခဲ့ပြီး ပင်ပန်းနေပုံပေါ်သည်။ သူ၏ခွန်အားကို ကောင်းကင်ကြယ်တာရာ လက်ထောက်တံ​ဆိပ်က ဖိနှိပ်ထားခြင်း ခံနေရသည်။ ဤတစ်ကြိမ်တွင် သူက ယဲ့ချန်ကိုယ်ထဲသို့ စွမ်းအင်များလွှဲပြောင်းပေးရန် လက်ထောက်တံ​ဆိပ်ကို တွန်းလှန်ခဲ့ရသောကြောင့် လက်ကျန်စွမ်းအားနှင့် ရုန်းကန်ခဲ့ရသည်။ သူက အလွန်မောပန်းနေပြီဖြစ်သည်။

ယဲ့ချန်သည် တိတ်တဆိတ်ငြိမ်သက်နေသော လိပ်ကြီးကို ကြည့်လိုက်သည်။ သူက ပင်ပန်းသောခန္ဓာကိုယ်ကို သယ်ဆောင်ပြီး ရှေ့တိုးသွားကာ ညာလက်ဝါးဖြင့် လိပ်ခွံကိုဖိကပ်လိုက်သည်။ ထို့နောက် ကြယ်တာရာကျင့်စဥ်ကို လည်ပတ်လိုက်သောအခါ လိပ်ကြီးက ကောင်းကင်ချီများအဖြစ် ပြောင်းလဲသွား၍ ညာလက်ဝါးအတွင်း စီးဝင်လာခဲ့သည်။

ဧရာမလိပ်ကြီးမှာ ဆက်တိုက်သေးငယ်လာပြီး နောက်ဆုံးတွင် လုံးဝပျောက်ကွယ်သွားခဲ့သည်။ ယဲ့ချန်သည် ညာလက်ရှိ သွေးကြောများအတွင်း လိပ်သဏ္ဍာန်အရာဝတ္ထုတစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။ သို့သော် ညာလက်ဝါး၏ မျက်နှာပြင်ပေါ်တွင် ပြောင်းလဲမှုတစ်စုံတစ်ရာ မရှိချေ။

ယဲ့ချန်သည် ကောင်းကင်သိုင်းချီကို စုပ်ယူခဲ့သော်လည်း ၎င်း၏ရည်ရွယ်ချက်ကို နားမလည်ခဲ့ပေ။ ထိုအချိန်တွင် ဝိညာဥ်ပုလဲသည် ရှောင်ရိ၏ခန္ဓာကိုယ်ကို အနက်ရောင်အလင်းများနှင့်သယ်ဆောင်ပြီး ကျွန်းပေါ်တွင် ချထားလိုက်သည်။ ထို့နောက် ၎င်းက ရှောင်ရိကို ကုသပေးနေသည်။ ရှောင်ရိက အနည်းငယ်လှုပ်နေသောကြောင့် မသေဘဲ သတိလစ်နေရုံသာဖြစ်သည်။

ထိုအခိုက်တွင်မှ ယဲ့ချန်က သက်ပြင်းရှည်ကြီးတစ်ချက်ချ၍​ မြေပြင်တွင် တင်ပျဥ်ခွေထိုင်ချလိုက်သည်။ ထို့နောက် အတွင်းဒဏ်ရာများကိုကုသရန် ကောင်းကင်ချီများကို လည်ပတ်လိုက်လေသည်။

***

All Chapters