သနားစရာကောင်းသော ရှေးခေတ်မှလူတစ်ယောက်
Vol. 20 Ch. 279
ထန်တိုက်လင်၏စကားသံက ပျောက်ကွယ်သွားခဲ့သည်။ ယဲ့ချန်မှာ ထန်တိုက်လင်၏ ပစ်ချက်တစ်ခုတည်းက ဤမျှအစွမ်းထက်ကြောင်း မမျှော်လင့်ထားပေ။ သူမက ဖုယုကို အဝေးမှနေ၍ သုံးခွလှံဖြင့် ဒဏ်ရာရစေခဲ့သည်။ အကယ်၍ သူမသာ လွှတ်ပေးလိုစိတ်မရှိလျှင် ဖုယုမှာ လွတ်မြောက်မည်မဟုတ်ပေ။ ယဲ့ချန်အတွက် နတ်ဝိဇ္ဇာများက အစွမ်းထက်သူများဖြစ်ကြသော်လည်း ထန်တိုက်လင်နှင့်အတွေ့တွင် သူတို့က တစ်ချက်ပင် မခုခံနိုင်ကြချေ။
ယဲ့ချန်သည် သူနှင့်ထန်တိုက်လင်ကြားမှ အလွန်ကြီးမားလာသော ခွန်အားကွာခြားချက်ကို သတိထားမိခဲ့သည်။ အတိတ်တွင် သူက ထန်တိုက်လင်ကို ငါးနှစ်အကြာတွင် တိုက်ခိုက်မည်ဟု စိန်ခေါ်ခဲ့ခြင်းမှာ ရယ်စရာပြက်လုံးတစ်ခုပမာ ဖြစ်နေသည်။ ထန်တိုက်လင်ကဲ့သို့ အစွမ်းထက်သူတစ်ယောက်ပင် သမာဓိကောင်စီကို မျက်နှာသာပေးနေရသည်။ ဤအချက်က သမာဓိကောင်စီသည်လည်း အထင်သေးမရသော တစ်ခုခုဖြစ်ကြောင်း သေချာစေသည်။
ဖုယုက ထွက်ပြေးသွားသော်လည်း ယဲ့ချန်က သူ့ကိုစော်ကားခဲ့သည်။ အတိတ်တွင် သူက ဖုယုနှင့်ပြန်တွေ့လျှင် တိုက်ပွဲတစ်ခု သေချာပေါက်ဖြစ်ပွားပေလိမ့်မည်။ သူ့ကို ထန်တိုက်လင်က အချိန်တိုင်း လာရောက်ကယ်တင်ပေးမည် မဟုတ်ချေ။
ယဲ့ချန်မှာ အနာဂတ်တွင် ပို၍သတိထားရမည်ဖြစ်သည်။ အကယ်၍ သူ၌ ခွန်အားမလုံလောက်သေးလျှင် ပုန်းကွယ်ခြင်းက အကောင်းဆုံးဖြစ်ပေလိမ့်မည်။ သူ့အနေဖြင့် လက်ရှိတွင် သမာဓိကောင်စီကို ရန်မစခြင်းက ပို၍ကောင်းပေလိမ့်မည်။
ယနေ့တွင် ယဲ့ချန်သည် ဤကျွန်းပေါ်တွင် သေလုမျောပါးဖြစ်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ခွန်အားကသာ အဓိကအချက်ဖြစ်လေသည်။
နောက်ဆုံးတွင် ယဲ့ချန်သည် ခန္ဓာကိုယ်ကို မထိန်းထားနိုင်သဖြင့် ခြေပစ်လက်ပစ်ထိုင်ချလိုက်ရသည်။ ထို့နောက် သူက ခရမ်းရွှေနတ်ဆေးတစ်လုံးကို သောက်ပြီး ကောင်းကင်ချီများလည်ပတ်ကာ အတွင်းဒဏ်ရာကို ကုသနေခဲ့သည်။ သူ၏ကျင့်ကြံခြင်းအမြန်နှုန်းက သာမန်ပါရမီရှင်များထက် သာလွန်သော်လည်း အစွမ်းထက်သူများနှင့်ရင်ဆိုင်ရန် မလုံလောက်ပေ။
မရေမတွက်နိုင်သော ကောင်းကင်ချီများက ယဲ့ချန်အနားတွင် စုဝေးလာသည်။ ထို့နောက် ၎င်းတို့က နဂါးကြီးကိုးကောင်နှင့်ဆင်တူသော ချီစီးကြောင်းကိုးခုအဖြစ်နှင့် သူ၏ခန္ဓာကိုယ်တွင်း စီးဝင်လာကြသည်။
သူ၏ကိုယ်တွင်းရှိ ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်မှာ ဓားပျံ၏ထောက်ပံ့ပေးမှုအောက်တွင် စတင်လည်ပတ်လာသည်။ စက်ဝိုင်းအရေအတွက် များလာသည်နှင့်တပြိုင်နက် ယဲ့ချန်၏ဒဏ်ရာများ စတင်ပျောက်ကင်းလာ၍ အချိန်ကို မေ့လျော့သွားသည်။ ပင်လယ်လေက သူ့ကိုဖြတ်သန်း၍ တသုန်သုန်တိုက်ခတ်နေသည်။
ယဲ့ချန်က သုံးရက်တိတိ ကျင့်ကြံပြီးနောက် ဒဏ်ရာအများစုက ပျောက်ကင်းသွားခဲ့သည်။ အဝေးသို့ကြည့်လိုက်သောအခါ ရှောင်ရိမှာ တစ်ခုခုကိုစားသောက်ပြီး ထိုင်နေကြောင်း မြင်လိုက်ရသည်။ ရှောင်ရိ၏ခန္ဓာကိုယ်က အလွန်မာကျောသည့်အပြင် ကုသနိုင်စွမ်းကလည်း အလွန်အစွမ်းထက်နေသည်။ သူက အပြင်းအထန်ဒဏ်ရာရထားသော်လည်း ပြန်လည်ကောင်းမွန်ရန်အတွက် အစာစားပြီး အိပ်စက်ရန်သာ လိုအပ်ပေသည်။
ရှောင်ရိ အဆင်ပြေကြောင်း သိရပြီးနောက် ယဲ့ချန်သည် တစ်ကိုယ်လုံးကို ဝိညာဥ်အသိစိတ်ဖြင့် နက်ရှိုင်းစွာစစ်ဆေးလိုက်၏။ သူ၏သွေးကြောများ၊ အကြောဆုံချက်များကို စစ်ဆေးပြီးနောက် ညာလက်ဝါးတွင် ရုတ်တရက်ရပ်တန့်သွားခဲ့သည်။ ထို့နေရာတွင် တောက်ပသော လိပ်တစ်ကောင်၏ပုံရိပ်က သွေးကြောများအတွင်း ပေါင်းစပ်နေသည်။
ယဲ့ချန်သည် ၎င်းကို ဂရုတစိုက်စစ်ဆေးလိုက်သောအခါ အသိစိတ်နှင့်ဝိညာဥ်ကိုပိုင်ဆိုင်ထားသော ချီအစုအဝေးတစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။ ယဲ့ချန်က ကောင်းကင်သိုင်းချီကို ကိုယ်တွင်းရှိကောင်းကင်ချီများနှင့် လမ်းကြောင်းပေးလိုက်သည်။ လိပ်က ချီစွမ်းအင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ယဲ့ချန်၏ခန္ဓာကိုယ်ကို တစ်ပတ်ပြည့်အောင် လှည့်ပတ်လိုက်သည်။ ထို့နောက် ယဲ့ချန်၏အသက်စွမ်းအားက တိုးတက်လာ၍ စိတ်က အလွန်ကြည်လင် အေးချမ်းသွားလေသည်။
တစ်ပတ်ပြည့်အောင် လှည့်ပတ်ပြီးနောက် ကောင်းကင်သိုင်းချီက ယဲ့ချန်၏ညာလက်တွင် လိပ်ပုံရိပ်အဖြစ် ပြန်လည်ပြောင်းလဲသွားခဲ့၏။
"ကောင်းကင်သိုင်းချီက အတော်ထူးချွန်တယ်"
ကောင်းကင်သိုင်းချီသည် ယဲ့ချန်၏ကောင်းကင်ချီကို ပမာဏတစ်ခုအထိ စုပ်ယူလိုက်သည်။ ဓားပျံ၏ ကောင်းကင်ချီများကြောင့် ၎င်းက အနည်းငယ်ပို၍ အစွမ်းထက်လာပုံပေါ်သည်။
ယဲ့ချန်သည် ကောင်းကင်သိုင်းချီနှင့် သူ့ကြားတွင် ချည်နှောင်မှုတစ်ခုရှိကြောင်း ခံစားလိုက်ရသည်။ သူ၏မျက်လုံးကို မှိတ်လိုက်သောအခါ စိတ်ထဲတွင် ပုံရိပ်အချို့ ထွက်ပေါ်လာသည်။ လောကကိုဖျက်ဆီးနိုင်သော ဧရာမလိပ်ကြီးတစ်ကောင်က နှစ်ပေါင်းသိန်းချီအောင် အသက်ရှင်နေထိုင်ခဲ့သည်။ ၎င်းက အစွမ်းထက်မုဆိုးတစ်ကောင် ဖြစ်သောကြောင့် ပင်လယ်သားရဲများဖြစ်စေ ပင်လယ်မိစ္ဆာများဖြစ်စေ အဝေးမှ ရှောင်ပြေးကြရသည်ချည်းသာ ဖြစ်သည်။ ၎င်းသေဆုံးသွားပြီးနောက် အသက်စွမ်းအင်တစ်ခုက အသိစိတ်ကိုသယ်ဆောင်၍ ကောင်းကင်သိုင်းချီအဖြစ် အသွင်ပြောင်းဖြစ်တည်လာသည်။ ကောင်းကင်သိုင်းချီက နှစ်ပေါင်းသောင်းချီအောင် ဖြစ်တည်လာပြီးနောက် ပိုမိုကြီးထွားနေဆဲပင်ဖြစ်သည်။
ယဲ့ချန်သည် ကောင်းကင်သိုင်းချီကို တိုက်ပွဲများတွင် အသုံးချနိုင်ခြင်းရှိမရှိ စဥ်းစားနေသည်။ အနာဂတ်တွင် သူက ကောင်းကင်သိုင်းချီ၏ဆန်းကျယ်မှုကို ဆက်လက်ဖော်ထုတ်ရမည်ဖြစ်သည်။
"ရှောင်ရိ ဘာဖြစ်နေတာလဲ"
ထိုအချိန်တွင် ယဲ့ချန်သည် မျက်မှောင်ကြုတ်၍ ထိုင်နေသော ရှောင်ရိကို မြင်လိုက်ရသည်။ သူက ရှောင်ရိ၏ခန္ဓာကိုယ်အတွင်း တစ်ခုခုမှားယွင်းနေမည်ကို စိုးရိမ်သောကြောင့် မေးလိုက်ခြင်းဖြစ်သည်။
ရှောင်ရိက စိတ်ဓာတ်ကျနေသော အမူအရာဖြင့် ယဲ့ချန်ကို မော့ကြည့်လာခဲ့သည်။ ယဲ့ချန်က သူ၏လက်ကိုဆန့်ထုတ်၍ ရှောင်ရိ၏လက်ကောက်ဝတ်ကို ကိုင်လိုက်သည်။ ထို့နောက် သူက ကောင်းကင်ချီကိုအသုံးချပြီး ရှောင်ရိ၏ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သည်။ သို့သော် အလွန်ထူးခြားလျင်မြန်သော ရှေးဟောင်းတောင်ပံမြွေနဂါးမျိုးနွယ်၏ ကုသနိုင်စွမ်းကိုသာ တွေ့ခဲ့ရသည်။ ဖုယုထံမှရခဲ့သောဒ ဏ်ရာများက လျင်မြန်စွာပျောက်ကွယ်နေသည်။
"အစ်ကိုကြီး ကျွန်တော့်သိုလှောင်အိတ်ထဲမှာ စားစရာကုန်ပြီ"
ရှောင်ရိက စိတ်ညစ်စွာ ပြောလိုက်သည်။
"ဟား ဟား မစိုးရိမ်ပါနဲ့ကွာ။ အစ်ကိုကြီးက မင်းအတွက် ပြင်ဆင်ထားပေးပါမယ်"
ရှောင်ရိ၏စကားကို ကြားသောအခါ ယဲ့ချန်က ရယ်မောလိုက်သည်။ သူ၏လက်မောင်းကာအတွင်း နေရာက ကျယ်ဝန်းသဖြင့် အစားမက်သူဖြစ်သော ရှောင်ရိအတွက် အစားအသောက်များ စုဆောင်းထားခဲ့သည်။ သူက စားစရာအချို့ကို ရှောင်ရိထံ ထုတ်ပေးလိုက်သည်။
ရှောင်ရိက ချက်ချင်းပျော်ရွှင်သွားပြီးသိုး ခြေထောက်နှစ်ချောင်းကို အငမ်းမရကိုက်စားလိုက်သည်။ သူ့အတွက် စားခြင်းနှင့်အိပ်ခြင်းက ကျင့်ကြံခြင်းဖြစ်ပြီး စားလိုက်သမျှအရာတိုင်းက စွမ်းအင်အဖြစ် ပြောင်းလဲသွားကြသည်။ ထို့ကြောင့် သူ၏ဒဏ်ရာများက လျင်မြန်စွာပျောက်ကင်းသွားခြင်း ဖြစ်လေသည်။
အစားအသောက်ကို အငမ်းမရစားနေသော ရှောင်ရိကိုကြည့်၍ ယဲ့ချန်က တစ်ချက်ပြုံးလိုက်သည်။ သို့သော် သူ၏အတွေးတွင် အမွေးပွလေး၏ပုံရိပ် ဝင်ရောက်လာသောအခါ ဝမ်းနည်းသွားခဲ့သည်။ သူမနှင့်ယဲ့ချန်က အနာဂတ်တွင် မည်သည့်အချိန်၌ ပြန်ဆုံရမည်ကိုမသိပေ။
"အစ်ကိုကြီး မမအကြောင်း တွေးနေတာလား"
ရှောင်ရိက ယဲ့ချန်ကိုမော့ကြည့်၍ မေးလိုက်ခြင်းဖြစ်သည်။
"အင်း။ရှောင်ရိ မင်းအမကို မလွမ်းဘူးလား"
ယဲ့ချန်က တစ်ချက်ပြုံး၍ ရှောင်ရိ၏ခေါင်းကို ပုတ်လိုက်သည်။
"ဝမ်းမနည်းပါနဲ့ အစ်ကိုကြီး။ ကျွန်တော်က မမအကြောင်း အိပ်မက်မက်တယ်။ သူမက အဘွားတွေနဲ့ အဆင်ပြေပြေရှိနေပါတယ်"
ရှောင်ရိက လေးလေးနက်နက် ပြောလိုက်သည်။
ယဲ့ချန်၏နှလုံးသားက ဝမ်းမြောက်သွားခဲ့သည်။ ရှောင်ရိ၏အာရုံက အချို့နေရာများတွင် သူ့ထက်ပို၍ထက်ရှပြီး တစ်ခုခုကို သိထားနိုင်သည်။ ယဲ့ချန်က ပုံရိပ်ယောင်ပုလဲအတွင်း မြေခွေးမျိုးနွယ်၏ခေါင်းဆောင်ဟောင်းများရှိကြောင်း အမွေးပွလေးပြောဖူးသည်ကို ချက်ချင်းအမှတ်ရလိုက်သည်။ ထိုခေါင်းဆောင်များက ရှောင်ရိပြောသော အဘွားအိုများပင် ဖြစ်ဟန်တူသည်။
သူက ရှောင်ရိ၏စကားကို ကြားသောအခါ ပိုမိုတည်ငြိမ်လာခဲ့သည်။
"ရှောင်ရိ မင်းက တစ်ချိန်လုံး ဝိညာဥ်ပုလဲထဲကို ရောက်နေတာလား"
ယဲ့ချန်၏အကြည့်က ကောင်းကင်တွင်မျောလွင့်နေသော ဝိညာဥ်ပုလဲထံ ကျရောက်သွားခဲ့သည်။
"ဟုတ်ကဲ့ ဝိညာဥ်ပုလဲထဲမှာ ဆရာနဲ့အတူတူ လေ့ကျင့်နေတာပါ။ ဆရာက ကျွန်တော့်ကို သိုင်းသင်ပေးထားတယ်"
ရှောင်ရိက ပျော်ရွှင်စွာဖြေလိုက်သည်။
ဝိညာဥ်ပုလဲအတွင်းမှ အရိုးခေါင်းဝတ်ရုံနက်ကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက်၏ပုံရိပ် ထွက်ပေါ်လာခဲ့သည်။ သူ၏ပတ်လည်တွင် အရိုးခေါင်းသုံးခုလည်ပတ်နေပြီး မိစ္ဆာစွမ်းအင်များ ထွက်ပေါ်နေသည်။ ယဲ့ချန်သည် ဝိညာဥ်ပုလဲအတွင်း မိစ္ဆာတစ်ကောင်ရှိနေသည်ဟု ထင်မှတ်လိုက်သဖြင့် အလွန်ထိတ်လန့်သွားခဲ့သည်။ ရှောင်ရိကို သင်ကြားပေးနေသူမှာ ဤမိစ္ဆာမှလွဲ၍ မဖြစ်နိုင်ပေ။
ယဲ့ချန်က လေးနက်စွာစစ်ဆေးလိုက်သောအခါ အဘိုးအို၏မျက်ဝန်းတွင် ရက်စက်ကြမ်းကြုတ်မှုအစား ကြင်နာရိပ်များ ထင်ဟပ်နေသည်။ သူ၏ကိုယ်တွင်းမှ မိစ္ဆာစွမ်းအင်များ ထွက်ပေါ်နေသော်လည်း ရက်စက်မှုနှင့်သွေးဆာမှုတို့ မပါဝင်သည့်အပြင် ထူးဆန်းရုံသာရှိသည်။
အဘိုးအိုကဟန်ထုတ်၍ ယဲ့ချန်ကို စိုက်ကြည့်နေခဲ့သည်။
"အကြီးအကဲကို ဂါရဝပြုပါတယ်။ ရှောင်ရိအသက်ကို ကယ်တင်ပေးပြီး သိုင်းပညာတွေသင်ပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်"
ယဲ့ချန်က စိတ်ရှုပ်ထွေးနေသော်လည်း လက်သီးနှင့်လက်ဝါးကိုဆုပ်၍ အရိုအသေပြုလိုက်၏။
"ရှောင်ရိက ဒီအဘိုးကြီးနဲ့ကျင့်ကြံရင် မိစ္ဆာတစ်ကောင် ဖြစ်သွားနိုင်တယ်မလား"
ယဲ့ချန်၏စိတ်ထဲတွင် ဤအတွေးက ဖြစ်ပေါ်နေသည်။ သူက ရှောင်ရိထံမှ မိစ္ဆာစွမ်းအင်အချို့ကို အာရုံခံမိနေသည်မှာ မထူးဆန်းတော့ချေ။
ယဲ့ချန်သည် ရှောင်ရိ၏ကျင့်ကြံခြင်းနည်းလမ်းကို အရေးမစိုက်သော်လည်း ညီအရင်းတစ်ယောက်ပမာ သဘောထားသူဖြစ်သည်။ သို့သော် မိစ္ဆာကျင့်ကြံသူများက ကိုယ်ကျင့်စရိုက်များ ပျောက်ကွယ်သွား၍ မိစ္ဆာကျင့်စဥ်၏လွှမ်းမိုးခြင်းကို ခံရတတ်သည် ၊ကိုယ့်မိသားစုကိုပင် မေ့လျော့သွားကာ လူသတ်ရန်သာသိသူများအဖြစ် ပြောင်းလဲသွားတတ်ကြောင်း ယဲ့ချန်က ကြားဖူးထားသည်။
"ငါ ရှောင်ရိကို မိစ္ဆာကျင့်စဥ်ကျင့်ကြံတာကနေ တားမြစ်ရမလား"
ယဲ့ချန်က ရှောင်ရိနှင့်အဘိုးအိုကို တလှည့်စီကြည့်ပြီး ဆုံးဖြတ်ရခက်ခဲနေသည်။ သို့သော် အဘိုးအို၏အစွမ်းကို သူကမသိသောကြောင့် မျက်ကန်းတစ္ဆေမကြောက်လုပ်ရန်လည်း မသင့်ချေ။
"ငါ့နာမည်က ထွင်ထျန်းလို့ခေါ်တယ်။ မင်းက ရှောင်ရိရဲ့အစ်ကိုကြီးဖြစ်ရမယ်။ ငါက ဝိညာဥ်ပုလဲမှာ နေထိုင်လာတာကြာပြီဖြစ်လို့ အပြင်ကမ္ဘာရဲ့အချိန်ကိုတောင် မေ့လျော့နေပြီ။ ငါအိပ်ပျော်ရာက နိုးလာတဲ့အချိန်မှာ မင်းကြောင့် ကျောက်စိမ်းနန်းတော်အပြင်ကို ရောက်နေခဲ့တယ်"
ထွင်ထျန်းက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ သို့သော် သူ၏မျက်ခုံးမွေးများက ရော့ရဲနေသဖြင့် မလှုပ်နိုင်သောအခါ ရယ်မောဖွယ်ဖြစ်သွားခဲ့သည်။
"ဟုတ်ပါတယ်။ ကျုပ်က ခင်ဗျားကို ကျောက်စိမ်းနန်းတော်အပြင်ဘက်ကို ခေါ်လာခဲ့တာပါ"
ယဲ့ချန်က ခေါင်းညိတ်လိုက်သည်။ ထွင်ထျန်းမှာ စကားပြောပုံအရ မှတ်တမ်းများထဲမှ မိစ္ဆာများကဲ့သို့ ရက်စက်သူမဟုတ်ကြောင်း သူက ခံစားလိုက်ရသည်။
"အိုး အိုး ကောင်စုတ်လေး။ ငါ ကျောက်စိမ်းနန်းတော်ထဲကိုဝင်နိုင်ဖို့ ဘယ်လောက်ကြိုးစားခဲ့ရလဲ မင်း သိလား။ နှစ်တစ်ထောင်ကျော်တယ်ကွ။ ဒီနှစ်တစ်ထောင်အတွင်းရော ငါ ဘယ်လောက်ခံစားခဲ့ရလဲ မင်းသိလား။ ကောင်းကင်ပြစ်ဒဏ်ကိုရှောင်လွှဲနေရင်း နေ့တိုင်း မိုးကြိုးပစ်ခံရတယ်။ မီးရှို့ခံရတယ်။ နှစ်ပေါင်းများစွာကြိုးစားပြီးတဲ့နောက်မှာ ငါက ကျောက်စိမ်းနန်းတော်ကို ဝင်ရောက်နိုင်ခဲ့ပြီး အနားယူအိပ်စက်နိုင်ခဲ့တယ်။ ငါက အိပ်ချင်ရုံလေးပါကွာ။ ဒါပေမယ့် မင်းက ငါ့ကို အပြင်ခေါ်ထုတ်လာတယ်။ မင်း တော်တော်ဆိုးတာပဲ"
ယဲ့ချန်၏စကားကိုကြားသောအခါ ထွင်ထျန်း၏ဝတ်ရုံက လေမတိုက်ဘဲ တဖြတ်ဖြတ်လှုပ်ခါသွားသည်။ ထို့နောက် သူ၏မျက်နှာက မည်းမှောင်သွားကာ ယဲ့ချန်ကို တရစပ်ငေါက်ငမ်းလိုက်သည်။
"ဒါ....ဒါ..."
ယဲ့ချန်လည်း မည်သို့ရှင်းပြရမည်မှန်း မသိသောကြောင့် ဆွံ့အနေခဲ့သည်။ ထွင်ထျန်း၏အပြုအမူများက အကဲပိုနေသည်ဟု ထင်မှတ်ရသော်လည်း သူ၏အဖြစ်က အလွန်သနားစရာကောင်းနေခဲ့သည်။
"ရှောင်ရိ မင်းရဲ့ဆရာအကြောင်း ပြောပြစမ်းပါဦး"
သူက အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသဖြင့် ရှောင်ရိထံ ထွင်ထျန်းအကြောင်း စပ်စုလိုက်သည်။
"ဆရာက အရမ်းသနားစရာကောင်းတယ်။ သူက ငယ်ငယ်လေးတည်း သူများတွေအနိုင်ကျင့်တာ ခံခဲ့ရတယ်။ ဒုက္ခတွေကိုရင်ဆိုင်ပြီး မိစ္ဆာတစ်ယောက်ဖြစ်လာမှ အနိုင်ကျင့်သူတွေ ပျောက်ကွယ်သွားကြတယ်။ ဒါပေမယ့် တစ်ယောက်ယောက်က သူ့ကို ဝိညာဥ်ပုလဲအဖြစ် သန့်စင်ပစ်လိုက်တယ်။ ကျွန်တော်ထင်တာက ဆရာဟာ ဝိညာဥ်ပုလဲဖြစ်ပြီးရင် အနိုင်ကျင့်မခံရတော့ဘူးပေါ့။ ဒါပေမယ့် သူ့ကံကဆိုးလွန်းတော့ မိုးကြိုးပစ်ခံရပြီး မီးနဲ့ရှို့ခံရတယ်။ ပြီးတော့ လိပ်ကြီးစားတာခံရပြီး လိပ်ချီးဖြစ်တော့မလို့ နည်းနည်းလေးပဲလိုတယ်"
ရှောင်ရိကခေါင်းကုတ်၍ သူသိသမျှ ပြောပြလိုက်သည်။ ထိုအချိန်တွင် ထွင်ထျန်းမှာ အော်ဟစ်ကြိမ်းမောင်း၍ ဝပြီဖြစ်သောကြောင့် တိတ်ဆိတ်သွားခဲ့သည်။
"စီနီယာထွင်ထျန်း ကျုပ်က ကျောက်စိမ်းနန်းတော်ထဲကို ဝိညာဥ်ပုလဲ သွားထားပေးနိုင်ပါတယ်။ ခင်ဗျားသာသွားချင်ရင် အချိန်မရွေးလိုက်ပို့ပါမယ်"
ယဲ့ချန်သည်လည်း ရှောင်ရိ၏စကားကြောင့် ထွင်ထျန်းမှာ အမှန်တကယ်သနားစဖွယ်ဖြစ်သည်ဟု လက်ခံသွားခဲ့သည်။
"ကျောက်စိမ်းနန်းတော်က နှစ်ပေါင်းငါးဆယ်နေမှ တစ်ကြိမ်သာပွင့်တယ်။ မင်းက နောက်နှစ်ငါးဆယ်နေမှ ငါ့ကို သွားထားပေးနိုင်မှာလေ။ ဒီနှစ်ပေါင်းငါးဆယ်အတွင်း ကောင်းကင်ကပ်ဘေးရောက်လာရင် ဆယ်ဆလောက် ပိုဆိုးနေလိမ့်မယ်။ ငါက ဒီနှစ်ငါးဆယ်အတွင်း အသက်ရှင်နိုင်မယ်မထင်ဘူး"
ထွင်ထျန်းကခေါင်းယမ်း၍ ပြောလိုက်သည်။
"ကောင်းပါပြီ။ ကျုပ်ကို စီနီယာထန်းယွမ်က ခွင့်ပြုချက်ပေးထားလို့ ကျောက်စိမ်းနန်းတော်ထဲကို ကြိုက်သလိုဝင်ထွက်နိုင်တယ်"
ယဲ့ချန်က ပြန်ပြောလိုက်သည်။
"တကယ်လို့ ငါသာ ထွင်ထျန်းကို ကျောက်စိမ်းနန်းတော်ထဲ ပြန်ပို့လိုက်နိုင်ရင် ရှောင်ရိလည်း မိစ္ဆာကျင့်စဥ်တွေ ကျင့်ကြံစရာမလိုတော့ဘူး"
ယဲ့ချန်၏စိတ်ထဲတွင်လည်း သူ့တွက်ကိန်းနှင့်သူ ဖြစ်သည်။
"ဒီထန်းယွမ်က တော်တော်အစွမ်းထက်တဲ့ ကျင့်ကြံသူဖြစ်တယ်။ မင်းက သူ့ရဲ့ခွင့်ပြုချက်ရထားတယ်ဆိုတော့ အစွမ်းထက်တာပေါ့။ မင်းက ရှောင်ရိရဲ့အစ်ကိုဖြစ်နေတော့ မတွက်ကပ်တော့ဘူး။ အနာဂတ်မှာ ငါက ရှောင်ရိကို ကောင်းကောင်းမွန်မွန်ဆက်ဆံပြီး အစွမ်းထက်မိစ္ဆာတစ်ကောင်ဖြစ်လာအောင် လေ့ကျင့်ပေးမယ်"
ထွင်ထျန်းက ယဲ့ချန်ကို တအံ့တသြကြည့်ပြီး ကတိပေးလိုက်သည်။
ဤစကားကြောင့် ယဲ့ချန်မှာ သွေးအန်မတတ်ဖစ်သွားခဲ့သည်။ ရှောင်ရိက မိစ္ဆာတစ်ယောက်ဖြစ်လာရန် မလိုအပ်ပေ။ သူက ရှောင်ရိကို ထွင်ထျန်း၏လက်အတွင်းမှ သေချာပေါက်ကယ်တင်ရတော့မည်။ သို့သော်လည်း တစ်ဖက်လူ၏ခွန်အားကို မသိရသောကြောင့် သူက တိုက်ရိုက်ဆန့်ကျင်မနေတော့ဘဲ အချိန်အခါကိုသာစောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။
"ဆရာက ကျွန်တော့်အပေါ် အရမ်းကောင်းတယ်"
ရှောင်ရိက လေးနက်စွာထောက်ခံလိုက်သည်။
ယဲ့ချန်မှာ လိပ်ပြာလွင့်မတတ်ဖြစ်သွားခဲ့သည်။ ရှောင်ရိကပါ မိစ္ဆာဖြစ်ချင်နေသည်ဆိုလျှင် သူက ရှောင်ရိကို သီးသန့်ဆွေးနွေးရတော့မည်ဖြစ်သည်။
"ကောင်းကင်သိုင်းချီကို မင်း စုပ်ယူပြီးပြီလား"
ထွင်ထျန်းက တစ်လုံးချင်းမေးလိုက်သည်။
"ဟုတ်ပါတယ်"
ယဲ့ချန်က ဝမ်းမြောက်ဝမ်းသာနှင့် ခေါင်းညိတ်ပြလိုက်သည်။ ထွင်ထျန်းသည် နှစ်ပေါင်းများစွာနေထိုင်လာသော ရှေးခေတ်ဟောင်းမှ ဝိညာဥ်တစ်ခုဖြစ်သောကြောင့် ကောင်းကင်သိုင်းချီ၏ အသုံးဝင်ပုံများကို သိနေနိုင်လေသည်။
***