ကောင်းကင်သိုင်းချီကျင့်စဉ်
Vol. 20 Ch. 280
"မင်းက ရှောင်ရိရဲ့အစ်ကိုကြီးဖြစ်နေတော့ ဒီအကြောင်း ပြောပြလိုက်မယ်။ ကောင်းကင်သိုင်းချီမှာ ကိုယ်ပိုင်အသိစိတ်ရှိပြီး မင်းရဲ့ကိုယ်တွင်းစွမ်းအင်နဲ့ ပေါင်းစပ်မှသာ အစွမ်းထက်လာလိမ့်မယ်။ ဒါပေမယ့် ဒီလိုလုပ်ဖို့ အချိန်အများကြီးယူရတယ်။ ဒါကို မင်းရဲ့ကောင်းကင်ချီတွေ စုပ်ယူခွင့်ပေးလိုက်ရင် မင်းက ကောင်းကင်သိုင်းချီရဲ့စွမ်းအားအချို့ကို ထုတ်ဖော်လာနိုင်မယ်။ မင်းက သိုင်းပညာကျင့်စဉ်အချို့နဲ့ပါ တွဲဖက်အသုံးပြုလို့ရမယ်"
"ကောင်းကင်သိုင်းချီက လောကဝိညာဉ် သတ္တဝါတစ်ကောင်ဖြစ်နေခဲ့ပြီ။ ဒါကို စုပ်ယူလိုက်သူတိုင်းက ကျင့်ကြံခြင်းမှာ သိသိသာသာထင်ထင်ရှားရှား တိုးတက်လာကြလိမ့်မယ်။ မင်းက ဒါကိုဘယ်လိုသိပ်သည်းပြီး အသုံးချနိုင်မလဲဆိုတာကတော့ ကံအပေါ်မှာ မူတည်နေတယ်။ ဒီကောင်းကင်သိုင်းချီက လိပ်ဖြစ်နေတော့ ကာကွယ်ရေးကို ကိုယ်စားပြုတယ်။ မင်းအနေနဲ့ ကာကွယ်ရေးခံစစ်သိုင်းပညာတွေကိုသုံးပြီး စမ်းသပ်ကြည့်လိုက်"
ထွင်ထျန်းက ယဲ့ချန်ကို ကောင်းကင်သိုင်းချီအကြောင်း စိတ်ရှည်လက်ရှည်ရှင်းပြလိုက်သည်။
"ကာကွယ်ရေးသိုင်းပညာ"
ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။ သူ့ထံတွင် ကာကွယ်ရေးအမျိုးအစား သိုင်းပညာများမရှိပေ။ သူကိုယ်တိုင် တီထွင်ဖန်တီးရမည့်ပုံပေါ်သည်။ သို့သော် သိုင်းပညာအသစ်တစ်ခု တီထွင်ခြင်းက လုံးဝရိုးရှင်းလွယ်ကူသော အလုပ်မဟုတ်ပေ။
ယဲ့ချန်က အတွေးထဲတွင် နစ်မြုပ်သွားခဲ့သည်။ ခြင်္သေ့ကြီးက ယခုအချိန်တွင် အိပ်ပျော်နေခြင်းကလည်း နှမြောစရာပင်ဖြစ်သည်။ မဟုတ်လျှင် သူက ခြင်္သေ့ကြီးထံမှ ကာကွယ်ရေးသိုင်းပညာများကို တစ်ဖက်လှည့်ဖြင့် မေးမြန်းနိုင်ပေလိမ့်မည်။သူက ခြင်္သေ့ကြီးအပေါ် အလွန်ကျေးဇူးတင်နေသဖြင့် အလောင်းအစားလုပ်ထားခြင်းသာမရှိလျှင် ကောင်းကင်ဓားပျံနှင့် ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်ကို ပျော်ပျော်ကြီးဖျက်ဆီး၍ လွှတ်ပေးပြီးဖြစ်ပေလိမ့်မည်။
ဖုယုက ဒဏ်ရာအပြင်းအထန်ရ၍ လွတ်မြောက်သွားသော်လည်း ထန်တိုက်လင်ကြောင့် မြောက်ပင်လယ်အတွင်း လာရဲမည်မဟုတ်ချေ။ ထို့ကြောင့် ကျွန်းက လက်ရှိတွင် သူ့အတွက် အလုံခြုံဆုံးနေရာဖြစ်သည်။ ယဲ့ချန်နှင့်ရှောင်ရိက ဒဏ်ရာများ အရှင်းမပျောက်သေးသဖြင့် ကျွန်းပေါ်တွင် ဆက်လက်နေထိုင်ခဲ့သည်။ ရှောင်ရိမှာ ထွင်ထျန်း၏လက်အောက်တွင် မိစ္ဆာကျင့်စဥ်ကို ဆက်လက်သင်ကြားနေသည်။ ရှောင်ရိ၏ခန္ဓာကိုယ်ကို အနက်ရောင်မီးများတောက်လောင်နေသော ဓားသွားများ လွှမ်းခြုံနေသည်။ ယဲ့ချန်သည် ရှောင်ရိက နောက်ဆုံးတွင် မိစ္ဆာတစ်ကောင်ဖြစ်သွားမည်ကို စိုးရိမ်နေခဲ့သည်။ သို့သော် ကံကောင်းစွာဖြင့် မိစ္ဆာကျင့်စဥ်သည် ရှောင်ရိ၏ကိုယ်ပိုင်စိတ်အပေါ် လွှမ်းမိုးမှုမရှိသောကြောင့် သူက စိတ်အေးသွားခဲ့ရလေသည်။
ယဲ့ချန်သည် ပင်လယ်ကမ်းစပ်တွင်ထိုင်ပြီး ကောင်းကင်သိုင်းချီ၏အသုံးဝင်ပုံကို စစ်ဆေးနေခဲ့သည်။ ကောင်းကင်သိုင်းချီမှာ သူ၏သွေးကြောများအတွင်း ပေါင်းစပ်နေခဲ့သည်။ ထို့ကြောင့် သူက ၎င်းကို ရန်သူများအားတိုက်ခိုက်နိုင်ရာတွင် အသုံးချနိုင်စွမ်းရှိမရှိ သိချင်ခဲ့သည်။
ယဲ့ချန်က သူ၏အာရုံကို ညာလက်တွင်စုစည်းပြီး ရိုက်ချလိုက်သည်။ ဘုန်းခနဲမြည်သံနှင့်အတူ ကောင်းကင်ချီများ ပြင်းထန်စွာထွက်ပေါ်လာသော်လည်း ကောင်းကင်သိုင်းချီက အနည်းငယ်မျှပင် လှုပ်ရှားခြင်းမရှိပေ။ ဤနည်းလမ်းက အလုပ်ဖြစ်ပုံမပေါ်။
ထွင်ထျန်းက ကောင်းကင်သိုင်းချီကို အသက်သွင်းရမည်ဟု ညွှန်ကြားခဲ့သည်။ ထို့ကြောင့် ယဲ့ချန်သည် ကောင်းကင်သိုင်းချီကို သူ၏ကောင်းကင်ချီများနှင့် ထောက်ပံ့ပေးရမည်ဖြစ်သည်။ သို့မှသာ ကောင်းကင်သိုင်းချီ အသက်ဝင်လာပေလိမ့်မည်။
"ငါမှာ မကုန်နိုင်မခမ်းနိုင်ရှိတာကတော့ ကောင်းကင်ချီဖြစ်တယ်"
ယဲ့ချန်က တစ်ချက်ပြုံး၍ စိတ်အတွင်းမှဓားပျံကို အသက်သွင်းလိုက်သည်။ ထို့နောက် သန့်စင်သောကောင်းကင်ချီများက ဓားပျံအတွင်းမှတဆင့် သူ၏ဒန်တန်ထံ စီးဆင်းသွားကြသည်။ ထို့နောက် ဒန်တန်မှနေ၍ သွေးကြောများအတိုင်း ဖြတ်သန်းကာ ညာလက်ဝါးရှိ ကောင်းကင်သိုင်းချီထံ ရောက်ရှိလာခဲ့လေသည်။
ကောင်းကင်သိုင်းချီသည် သန့်စင်သော ကောင်းကင်ချီများနှင့်ထိတွေ့မိသော် အသက်ဝင်လာပုံပေါ်သည်။ လိပ်ကပါးစပ်ကိုဖွင့်၍ ကောင်းကင်ချီများကို ဝမ်းဗိုက်အတွင်း အငမ်းမရစုပ်ယူလိုက်သည်။ မကြာမီပင် ကောင်းကင်သိုင်းချီအနီး ရောက်နေသော ကောင်းကင်ချီများမှာ တစ်စက်မကျန်ဝါးမျိုခံလိုက်ရလေသည်။
"ဒီကောင်က တော်တော်စားနိုင်တာပါလား"
ယဲ့ချန်က အနည်းငယ်အံ့သြသွားသည်။ ညာလက်ဝါးသို့ သူပို့ဆောင်လိုက်သော ကောင်းကင်ချီများကို လိပ်က ခဏအတွင်း ဝါးမျိုသွားခဲ့သည်။ ၎င်းတို့က ကောင်းကင်သိုင်းချီအတွက် အကောင်းဆုံးအစာဖြစ်နေပုံပင်။
"ဒါဆိုရင် ဆက်လုပ်ကြတာပေါ့"
ယဲ့ချန်က ဓားပျံကိုလှုံ့ဆော်၍ ကောင်းကင်ချီများကို ဒန်တန်မှတဆင့် ညာလက်ဝါးထံ ဆက်လက်ပို့ဆောင်ခဲ့သည်။ ကောင်းကင်သိုင်းချီမှဖြစ်တည်လာသော လိပ်မှာ ပျော်ရွှင်စွာဖြင့် ၎င်းတို့ကို ဆက်တိုက်စားသောက်နေသည်။
နှစ်နာရီကြာသည့်တိုင်အောင် လိပ်က ဆက်လက်ဝါးမျိုနေဆဲဖြစ်သည်။
ပင်လယ်ရေမျက်နှာပြင်ထက်တွင် ရှောင်ရိသည် မီးဓားငရဲကို လေ့ကျင့်နေသည်။ ဤတစ်ကြိမ်တွင် သိုင်းကွက်က အတိတ်ကထက်ပို၍ အစွမ်းထက်လာနေသည်။ အနက်ရောက်မီးတောက်လောင်နေသော ဓားသွားများက ရေပြင်ပေါ်သို့ကျရောက်သွားတိုင်း ရေများကို အငွေ့ပျံသွားစေသည်။ ပင်လယ်မှာလည်း မငြိမ်မသက်ဖြစ်လာ၍ မီတာအနည်းငယ်မြင့်သော လှိုင်းလုံးများပင် ထွက်ပေါ်လာသည်။
မီတာတစ်ထောင်ခန့်ဝေးသော အရပ်တွင် ဝူစီက ပင်လယ်အတွင်းရှိနေခဲ့သည်။ သူ၏တိုက်ခိုက်နိုင်စွမ်းက အလွန်နည်းပါးသောကြောင့် တိုက်ပွဲတွင် ဝင်ရောက်မကူညီနိုင်ခဲ့ပေ။ ပင်လယ်အတွင်း ကြောက်လန့်တကြားပုန်းအောင်းနေရန်သာ တတ်နိုင်ခဲ့သည်။ လက်ရှိတွင် ယဲ့ချန်ရောရှောင်ရိပါ လုံခြုံသွားပြီဖြစ်၍ ဝူစီမှာ နှစ်ယောက်လုံးကို ပင်လယ်အတွင်းမှ ပျော်ရွှင်စွာစောင့်ကြည့်ပေးနေခဲ့သည်။
ကောင်းကင်သိုင်းချီက ကောင်းကင်ချီများကိုစုပ်ယူနေစဥ် ယဲ့ချန်သည် လိပ်က ကောင်းကင်ချီအမျိုးအစားအချို့ကို ပြန်လည်စွန့်ထုတ်ပေးနေကြောင်း သိလိုက်ရသည်။ သို့သော်လည်း ထိုချီများက ယဲ့ချန်၏ကိုယ်တွင်းရှိ ချီများ၏သန့်စင်မှုကို မမီချေ။
"ဒီလိပ်က တော်တော်စားနိုင်တာပါလား"
လက်ရှိတွင် လိပ်ကဝါးမျိုထားသော ကောင်းကင်ချီပမာဏမှာ အလယ်အဆင့်ကောင်းကင်ဝိဇ္ဇာတစ်ယောက်၏ ချီပမာဏနှင့် တူညီနေပြီဖြစ်သည်။ သို့သော်လည်း ကောင်းကင်သိုင်းချီက ရပ်မည့်ပုံမပေါ်ချေ။
ယဲ့ချန်၏ကိုယ်တွင်း၌ ကောင်းကင်ချီအမြောက်အများ ထုတ်ပေးနိုင်သော ဓားပျံရှိနေ၍သာ တော်တော့သည်။ သာမန်ကောင်းကင်ဝိဇ္ဇာများဆိုလျှင် ကောင်းကင်သိုင်းချီကိုအသက်သွင်းရန် ကျင့်ကြံခြင်းကိုအထိခိုက်ခံ၍ ဆယ်စုနှစ်ချီအောင် ကြိုးစားရပေလိမ့်မည်။ သို့သော် ယဲ့ချန်တွင် မဆုံးနိုင်သော ကောင်းကင်ချီ အထောက်အပံ့ကြီးရှိနေသဖြင့် စိုးရိမ်စရာမလိုချေ။
ယဲ့ချန်နှင့် ကောင်းကင်သိုင်းချီကြားတွင် မမြင်နိုင်သော ချည်နှောင်မှုတစ်ခု စတင်ဖြစ်ပေါ်လာသည်။
"ဒီလိုအလုပ်လုပ်တာလား"
ယဲ့ချန်၏ညာလက်ဝါးတွင် အလင်းရောင်တစ်ခု ခပ်ဖျော့ဖျော့လင်းလက်နေသည်။ သူက ကောင်းကင်သိုင်းချီကို ထုတ်ဖော်နိုင်ပြီဖြစ်သော်လည်း အလွန့်အလွန်သေးငယ်သော ပမာဏသာဖြစ်သည်။
နောက်ဆုံးတွင် ယဲ့ချန်သည် ကောင်းကင်သိုင်းချီကို အသက်သွင်းနိုင်ခဲ့သဖြင့် အလွန်ပျော်ရွှင်သွားကာ ကောင်းကင်ချီများ ဆက်လက်ထောက်ပံ့ပေးခဲ့သည်။
ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်ရှိ ချီပမာဏကို လိပ်က ဝါးမျိုလိုက်ပြီဖြစ်သည်။ ထို့နောက် နတ်ဝိဇ္ဇာစဦးအဆင့်အထိ ရောက်ရှိလာခဲ့သည်။
ဓားပျံအတွင်း ချီပင်လယ်ကြီးရှိနေသောအခါ ယဲ့ချန်က ကောင်းကင်ချီများကို စိတ်တိုင်းကျထုတ်သုံးနိုင်နေသည်။ သူ၏ထောက်ပံ့မှုကြောင့် မူလက ဖြူဖပ်ဖြူရော်ဖြစ်နေသော ကောင်းကင်သိုင်းချီမှာ အဖြူရောင်တောက်တောက် ဖြစ်လာခဲ့သည်။
လိပ်သည် မည်သည့်အခါမှ ကျေနပ်မည့်ဟန်မရှိပေ။ ၎င်းက ကောင်းကင်ချီများကို ဆက်လက်စုပ်ယူနေသော်လည်း ယဲ့ချန် ကထောက်ပံ့မှုကို ရပ်ပစ်လိုက်ရသည်။ အကြောင်းမှာ ညာလက်ဝါးတွင်စုဝေးနေသော ကောင်းကင်ချီပမာဏကြီးသာ ပေါက်ကွဲသွားလျှင် အကျိုးဆက်များက မတွေးဝံ့စရာပင်ဖြစ်သည်။ ယဲ့ချန် ရပ်တန့်လိုက်သောအချိန်တွင် ကောင်းကင်သိုင်းချီသည် နတ်ဝိဇ္ဇာအလယ်အဆင့်တစ်ယောက်တွင်ရှိသော ချီပမာဏမျိုးကို ဝါးမျိုထားပြီးဖြစ်ပေသည်။
ကောင်းကင်ချီများကို ပိုမိုထုတ်လွှတ်လေလေ ယဲ့ချန်သည် ကောင်းကင်သိုင်းချီ၏တည်ရှိမှုကို ပို၍ပြတ်သားစွာ မြင်ရလေလေဖြစ်သည်။ သူ၏ညာလက်ဝါးဖြင့် ရိုက်ချလိုက်သောအခါ ကောင်းကင်သိုင်းချီများစွာ ထွက်ပေါ်လာခဲ့သည်။ သို့သော် ၎င်းက တိုက်ခိုက်ရေးတွင် အားမကောင်းလှပေ။ ကောင်းကင်သိုင်းချီတွင် မာကျောမှု၊ သိပ်သည်းမှုနှင့် အစွမ်းထက်မှုများ ပါဝင်သော်လည်း ဖျက်ဆီးနိုင်စွမ်းကင်းမဲ့နေခဲ့သည်။
ယဲ့ချန်သည် ဤကောင်းကင်သိုင်းချီက ကာကွယ်ရေးအမျိုးအစားဖြစ်နိုင်သည်ဟူသော ထွင်ထျန်း၏စကားကို ချက်ချင်းအမှတ်ရလိုက်သည်။ ထို့ကြောင့် ၎င်းကိုအသုံးချလိုလျှင် သူက ခံစစ်သိုင်းပညာများကိုသင်ယူရမည်ဖြစ်သည်။
ယဲ့ချန်အနေဖြင့် ခံစစ်သိုင်းပညာကို မည်သည့်နေရာတွင် သွားရောက်ရှာဖွေရပါမည်နည်း။ သူကိုယ်တိုင် တီထွင်ဖန်တီးရမည့်ကိန်း ဖြစ်နေသည်။ အချိန်ခဏကြာစဥ်းစားပြီးနောက် သူ့ထံတွင်ရှိသမျှ သိုင်းပညာများအကြား ခံစစ်အသားပေးသိုင်းကျင့်စဥ်ကို လှန်လှောရှာဖွေလိုက်သည်။ သို့သော်လည်း နေ့ဝက်အကြာတွင် သူက လက်ဗလာနှင့် လက်လျှော့လိုက်ရသည်။ သူပိုင်ဆိုင်ထားသမျှ ကာကွယ်ရေးသိုင်းပညာများက ကောင်းကင်သိုင်းချီ၏အစွမ်းကို အလုံးစုံထုတ်ဖော်နိုင်စွမ်း မရှိချေ။
ယဲ့ချန်က လေးနက်စွာ စဥ်းစားခန်းဝင်နေသည်။ ကျင့်စဥ်နှင့်သိုင်းပညာက အချင်းချင်းဆက်စပ်နေကြသည်။ ယဲ့ချန်သည် အလွန်အစွမ်းထက်သော ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်ကို ကျင့်ကြံထားသည်။ မည်သည့်သိုင်းပညာမဆို သူက နားလည်တတ်ကျွမ်းရန် အချိန်များစွာမလိုအပ်ပေ။ ထို့ကြောင့် ကာကွယ်ရေးသိုင်းပညာတစ်ခုကို ကိုယ်တိုင်တီထွင်လျှင်လည်း ကောင်းကင်သို့ တက်ရသည့်အလုပ်လောက် ခက်မည်မဟုတ်ပေ။
သာမန်သိုင်းပညာများက သူ၏အစွမ်းထက်ရန်သူများနှင့် ရင်ဆိုင်ရာတွင် အသုံးမဝင်ချေ။ ခြင်္သေ့ကြီးသင်ကြားပေးခဲ့သော နဂါးငွေ့တန်းလက်ဝါးသိုင်းကသာ အစစ်အမှန်သိုင်းပညာဖြစ်သည်။ ထိုလက်ဝါးသိုင်း၏အနှစ်သာရနှင့်ယှဥ်လျှင် ကြယ်တာရာဘုံကိုးလွှာ၏သိုင်းကွက်များမှလွဲလျှင် သူတတ်မြောက်ထားသမျှက အမှိုက်နှင့်တူညီနေသည်။ ကျင့်စဥ်တစ်ခုက ကျင့်စဥ်အားလုံးကို လမ်းပြပေးနိုင်သည်။ အစစ်အမှန်သိုင်းလမ်းစဥ်ကို နားလည်တတ်ကျွမ်းထားလျှင် တိုက်ကွက်တိုင်းက အစွမ်းထက်ပြီး မြင့်မြတ်နေပေလိမ့်မည်။
ယဲ့ချန်သည် ပင်လယ်ကမ်းစပ်တွင်ထိုင်ချ၍ အစစ်အမှန်သိုင်းလမ်းစဥ်နှင့် နဂါးငွေ့တန်းလက်ဝါးသိုင်းကို အပြန်ပြန်အလှန်လှန် ဆင်ခြင်လိုက်သည်။
နေနှင့်လက နေရာပြောင်းနေပြီး အချိန်သုံးရက်က မျက်တောင်တစ်ခတ်အတွင်း ကျော်လွန်သွားခဲ့သည်။ အစားစားခြင်းမှလွဲလျှင် ယဲ့ချန်က လုံးဝအနားမယူပေ။ သူက လောက၏ပြောင်းလဲမှုများကို ဆင်ခြင်နေသကဲ့သို့ ကောင်းကင်သိုင်းချီကို အသက်သွင်းကာ ၎င်းနှင့်ကျွမ်းဝင်လာစေရန် လက္ခဏာရပ်များကို စစ်ဆေးနေခဲ့သည်။
ပင်လယ်ကမ်းစပ်တွင် ထိုင်နေသော ယဲ့ချန်ကို လူတစ်ယောက်က အဝေးမှကြည့်လျှင် ဧရာမလိပ်ကြီးသဏ္ဍာန်အလင်းတစ်ခုကိုပါ မြင်ရမည်ဖြစ်သည်။ လိပ်ကြီးက လေပြင်းများကိုဆန့်ကျင်၍ ခေါင်းကိုမော့ထားသောအခါ နေနှင့်လကိုပင် ဝါးမျိုတော့မယောင် ထင်မှတ်ရသည်။
"ဆရာ အစ်ကိုကြီးက ဘာဖြစ်နေတာလဲ။ သူ့က လိပ်ကြီးရဲ့အစာဖြစ်သွားပြီလား"
ရှောင်ရိက လိပ်သဏ္ဍာန်အလင်းပုံရိပ်ကြီးအတွင်း ထိုင်နေသော ယဲ့ချန်ကြောင့် စပ်စုလိုက်သည်။
"သာမန်ကျင့်ကြံသူတွေဆိုရင် ကောင်းကင်သိုင်းချီနဲ့ဆက်သွယ်ဖို့ကို ဆယ်စုနှစ်ချီအောင်ကြိုးစားရပြီး လွှမ်းမိုးနိုင်ဖို့ဆိုရင် အရမ်းကြာတယ်။ မင်းရဲ့အစ်ကိုကြီးယဲ့ချန်က ပါရမီကောင်းလွန်းတယ်။ အချိန်ခဏအတွင်း ကောင်းကင်သိုင်းချီနဲ့ ချိတ်ဆက်နိုင်ရုံတင်မဟုတ်ဘူး။ ဘယ်လိုအသုံးချရမယ်ဆိုတာကိုပါ နားလည်သွားပြီ"
ယဲ့ချန်ကို စိုက်ကြည့်နေသော ထွင်ထျန်းက အချိန်တစ်ခုကြာတိတ်ဆိတ်သွားပြီးမှ အဖြေပေးလိုက်သည်။
"အစ်ကိုကြီးက ဒီလောက်တော်တာလား"
ရှောင်ရိ၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ သူက ကြိုးကြိုးစားစားမကျင့်ကြံလျှင် ယဲ့ချန်၏နောက်၌သာ တစ်ဘဝလုံးနေရပေလိမ့်မည်။
ရှောင်ရိက ရက်ပေါင်းများစွာကြာအောင် ဆက်လက်ကျင့်ကြံခဲ့သည်။ သေရေးရှင်ရေးတိုက်ပွဲမှလည်း အတွေ့အကြုံများရခဲ့သောကြောင့် သူက သိုင်းပညာအပေါ်နားလည်လာကာ မီးဓားငရဲကို ကျွမ်းကျင်သွားခဲ့သည်။
"လုပ်တာကောင်းတယ်။ အခု ဆရာက မင်းကို ပိုပြီးအစွမ်းထက်တဲ့ ရေခဲငရဲကျင့်စဥ် သင်ပေးမယ်"
ထွင်ထျန်းက မုတ်ဆိတ်ကိုသပ်၍ ပြုံးနေရင်း ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆရာ"
မိစ္ဆာကျင့်စဥ်၏ ဒုတိယအကွက်ကို သင်ရတော့မည်ဖြစ်သောကြောင့် ရှောင်ရိမှာ ပျော်လွန်းသဖြင့် ခုန်ပေါက်နေခဲ့သည်။
အတွေးများအတွင်း နစ်မြုပ်နေသော ယဲ့ချန်၏အကြည့်က ကျောက်ဆောင်တစ်ခုထံ ရောက်သွားခဲ့သည်။ ရှောင်ရိလေ့ကျင့်ရာမှ ဖြစ်ပေါ်လာသော လှိုင်းကြီးများက ၎င်းကို ဆက်တိုက်လာရောက်ရိုက်ခတ်နေသော်လည်း ပုံပျက်သွားခြင်းမရှိပေ။ ယဲ့ချန်၏ခေါင်းထဲ၌ ဉာဏ်အလင်းတစ်ခု ဖြတ်ခနဲလက်သွားခဲ့သည်။
ကာကွယ်ရေးသိုင်းကွက်သည် ဤကျောက်ဆောင်ကဲ့သို့ မာကျောပြီး ကြံ့ကြံ့ခံနိုင်ရမည်ဖြစ်သည်။ နောက်ဆုံးတွင် ယဲ့ချန်က ခံစစ်သိုင်းကွက်တစ်ခု တီထွင်ရန် ဉာဏ်အလင်း ပွင့်သွားလေသည်။
သူက ရုတ်တရက်ထရပ်လိုက်သောအခါ တစ်ကိုယ်လုံးရှိ ကောင်းကင်ချီများ ဆူပွက်လာသည်။ ညာလက်ရှိ ကောင်းကင်သိုင်းချီကို အသက်သွင်းလိုက်သောအခါ လိပ်တစ်ကောင်၏အော်သံက သူ၏ချီများနှင့် ပဲ့တင်ထပ်သွားခဲ့သည်။
"ကောင်းကင်သိုင်းချီ လာစမ်း"
ယဲ့ချန်က အော်ဟစ်ကြုံးဝါး၍ မြေပြင်ကို လက်ဖြင့်ရိုက်ချလိုက်သည်။ ကောင်းကင်သိုင်းချီများက လက်ဝါးချက်ကိုဗဟိုပြု၍ ပြန့်ကားထွက်သွားသည်။ ထို့နောက် ၎င်းတို့က အလင်းဖြင့်ဖွဲ့စည်းထားသော ဧရာမလိပ်ကြီးတစ်ကောင် အသွင်ပြောင်းသွားခဲ့သည်။ လိပ်ကြီးက ကြီးကျယ်ခမ်းနားသောအသွင်နှင့် ကောင်းကင်သို့ မော့ကြည့်နေခဲ့သည်။
ဤလိပ်ကြီးတွင် ကောင်းကင်သိုင်းချီများပါဝင်နေပြီး ချီအကာအရံတစ်ခုပမာ အလုပ်လုပ်သည်။ ၎င်းက မာကျောသိပ်သည်းပြီး ယဲ့ချန်နှင့်အနီး မီတာအနည်းငယ်ကိုပါ ကာကွယ်ပေးထားခဲ့သည်။
ကောင်းကင်သိုင်းချီ၏ ကာကွယ်ရေးအစွမ်းက ရာနှုန်းပြည့်ထွက်ပေါ်လာပြီဖြစ်သည်။
"ဒါပဲကွ"
ယဲ့ချန်က ဝမ်းသာလွန်းသဖြင့် ထခုန်လုမတတ် ဖြစ်သွားခဲ့လေသည်။
***