← Chapters

လိပ်နက်ဒိုင်းကာ *

Vol. 20 Ch. 281

လိပ်နက်ဒိုင်းကာ *

Vol. 20 Ch. 281

ရှောင်ရိသည် ထွင်ထျန်းကို နှုတ်ဆက်ပြီးနောက် ယဲ့ချန်ထံ ပျံသန်းလာသည်။ ထို့နောက် လူအသွင်ပြောင်း၍ ကျောက်ဆောင်ပေါ် ဆင်းသက်လိုက်သည်။

"အစ်ကိုကြီး ခုနကလိပ်ကြီးက ဘာများလဲ"

သူက ချက်ချင်းစပ်စုလိုက်သည်။

"ဒါက ငါ အသစ်တီထွင်ထားတဲ့ သိုင်းကွက်ဖြစ်တယ်။ ဒါကို လိပ်နက်ဒိုင်းကာလို့ နာမည်ပေးထားတယ်"

ယဲ့ချန်က ခဏတာစဥ်းစားပြီး ပြန်ဖြေလိုက်သည်။ လိပ်နက်ဒိုင်းကာက ခုခံရေးနှင့်ကာကွယ်ရေးအမျိုးအစား သိုင်းကွက်တစ်ခု ဖြစ်သည်။

"လိပ်နက်ဒိုင်းကာ"

ရှောင်ရိက ခပ်တိုးတိုးရေရွတ်သည်။ သူက စကားလုံး၏အဓိပ္ပါယ်ကို နားမလည်ချေ။ သို့သော် သူက သိုင်းကွက်တစ်ခုတတ်မြောက်ရန် တစ်လကျော်သင်ကြားနေရချိန်တွင် ယဲ့ချန်က သိုင်းကွက်အသစ်တစ်ခုပင် တီထွင်နိုင်ခဲ့သောကြောင့် အစ်ကိုကြီးက အလွန်ဉာဏ်ကောင်းသည်ဟု ခံစားနေရသည်။

"ရှောင်ရိ ငါ့ကို သိုင်းပညာလေ့ကျင်တာမှာ ကူညီပေးမလား"

ယဲ့ချန်က အကြံတစ်ခုရလိုက်သဖြင့် ရှောင်ရိကိုမေးသည်။

"ဟုတ် ဘယ်လိုကူညီရမှာလဲ"

ရှောင်ရိက ခေါင်းညိတ်သည်။

"အရင်ဆုံး မူလအသွင်ပြောင်းလိုက်"

ယဲ့ချန်၏စကားအဆုံးတွင် ရှောင်ရိက တောင်ပံမြွေနဂါးကြီးအဖြစ် လျင်မြန်စွာပြောင်းလဲသွားခဲ့သည်။ သူက ယဲ့ချန်အထက်တွင် ပျံသန်းနေပြီး ဧရာမခန္ဓာကိုယ်ကြီးကြောင့် နေရောင်ပင်ပျောက်ကွယ်သွားခဲ့သည်။ လူအများစုက ရှောင်ရိ၏မူလအသွင်ကိုမြင်လျှင် အသက်လေးငါးနှစ်သာရှိသော သားရဲပေါက်လေးတစ်ကောင်ဖြစ်ကြောင်း လုံးဝယုံကြည်မည်မဟုတ်ချေ။

ယဲ့ချန်ပင်လျှင် ရှောင်ရိ၏မူလအသွင်ကို နောက်တစ်ဖန် အနီးကပ်မြင်ရသောအခါ အံ့သြနေဆဲဖြစ်သည်။

"ဘာဆက်လုပ်ရမလဲ"

ရှောင်ရိက မေးလိုက်သည်။

ယဲ့ချန်က တစ်ချက်ကြုံးဝါး၍ မြေပြင်ကို လက်ဝါးဖြင့်ရိုက်ချလိုက်သည်။ ကောင်းကင်ချီများထွက်ပေါ်လာ၍ ယဲ့ချန်ကို လိပ်ကြီးတစ်ကောင်အဖြစ် ဖုံးအုပ်သွားခဲ့သည်။

"ရှောင်ရိ ငါ့ကိုတိုက်ခိုက်"

ယဲ့ချန်က ညွှန်ကြားလိုက်သည်။ ရှောင်ရိ၏ရုပ်ခန္ဓာက နတ်ဘုရင်အဆင့်ဖြစ်သော်လည်း ကျင့်ကြံဆင့်က ဆန်းကျယ်အဆင့်ထိသာ ပြန်လည်ကောင်းမွန်ထား၏။ ထို့ကြောင့် ယဲ့ချန်က သူ၏တိုက်ခိုက်မှုကို ခုခံနိုင်ပေလိမ့်မည်။

"ဟုတ်"

ရှောင်ရိက သူ၏အမြှီးဖြင့် ယဲ့ချန်ကို အားကုန်ရိုက်ချလိုက်သည်။ လမ်းတစ်ဝက်အရောက်တွင် သူက ယဲ့ချန်ထိခိုက်သွားနိုင်သည်ဟု တွေးမိလိုက်သဖြင့် အမြှီးကြီးက လေထဲတွင် တစ်ချက်တန့်သွားခဲ့သည်။ ထို့နောက် ၎င်းက လိပ်ခွံပေါ်သို့ ညှင်သာစွာကျဆင်းလာ၍ ဘတ်ခနဲမြည်သံတစ်ခုသာ ထွက်ပေါ်လာသည်။

ယဲ့ချန်က သဘောကျစွာရယ်မောလိုက်သည်။ ရှောင်ရိက သူ့ကိုထိခိုက်မည်အား စိုးရိမ်နေခြင်းဖြစ်သည်။ ဤမျှအားနည်းလှသော ရိုက်ချက်မျိုးနှင့်ဆိုလျှင် ယဲ့ချန်က ရုပ်ခန္ဓာသက်သက်ဖြင့် ရပ်နေလျှင်ပင် အန္တရာယ်မရှိနိုင်ချေ။

"ရှောင်ရိ မင်းအစွမ်းကို ထပ်တိုးလိုက်။ စွမ်းအားသေးသေးလေးက အစ်ကိုကြီးလေ့ကျင့်တာကို အကူအညီမဖြစ်ဘူး"

ယဲ့ချန်က အော်ပြောလိုက်သည်။

"ဟုတ်"

ရှောင်ရိ၏အမြှီးက ယဲ့ချန်ထံ ကျရောက်လာသော်လည်း အနည်းငယ်သာပို၍ အားပြင်းလာခြင်းဖြစ်သည်။

"​ပိုပြီးအစွမ်းတိုးဦး"

ယဲ့ချန်က ထပ်ကာထပ်ကာတောင်းဆိုလိုက်သဖြင့် ရှောင်ရိက သူ၏ပုံမှန်ခွန်အားဖြင့် ဆက်တိုက်ရိုက်ချလိုက်သည်။

"ဘန်း ဘန်း ဘန်း"

အမြှီးနှင့်လိပ်ခွံ ရိုက်ခတ်သံများက မိုးချုန်းသံများကဲ့သို့ ဆူညံစွာထွက်ပေါ်လာသည်။ ယဲ့ချန်သည် ညာလက်ဝါးရှိကောင်းကင်သိုင်းချီကို အသက်သွင်းကာ လိပ်နက်ဒိုင်းကာကို ထိန်းသိမ်းထားသည်။ မိုးသီးမိုးပေါက်ပမာ တရစပ်ကျဆင်းလာသော ရှောက်ရိ၏ရိုက်ချက်များအောက်တွင် ယဲ့ချန်ထုတ်ဖော်ထားသော ကောင်းကင်ချီများက လှုပ်ခါနေပြီး အားနည်းစပြုလာသည်။

"ယား"

ယဲ့ချန်က အော်ဟစ်မာန်သွင်း၍ ကောင်းကင်သိုင်းချီကို လှုံ့ဆော်ကာ အလင်းလိပ်ကြီးကို နောက်တစ်ဖန်သိပ်သည်းလိုက်ပြန်သည်။

ရှောင်ရိသည် သူ၏ခွန်အားငါးဆယ်ရာခိုင်နှုန်းဖြင့် ဆက်တိုက်ရိုက်နှက်နေသော်လည်း လိပ်ကြီးကို မဖျက်ဆီးနိုင်ပေ။ သူတို့၏အနားတွင်ရှိသော ကျောက်ဆောင်မှာ မီတာဒါဇင်ခန့် ပြိုပျက်သွားပြီဖြစ်သည်။ သို့ရာတွင် အလင်းလိပ်ကြီးက ကြံ့ကြံ့ခံနိုင်နေဆဲပင်။

"အစ်ကိုကြီးရဲ့သိုင်းကွက်က တကယ်အစွမ်းထက်တာပဲ"

ရှောင်ရိက သူ၏ခွန်အားကို ထပ်မံတိုးမြှင့်လိုက်သည်။

ယဲ့ချန်သည် မျက်လုံးများကိုမှိတ်၍ သိုင်းကွက်အပေါ် အာရုံခံလိုက်သည်။ လိပ်ကြီး၏ကာကွယ်နိုင်စွမ်းသည် သူထုတ်ဖော်ထားသော ကောင်းကင်ချီပမာဏနှင့် တိုက်ရိုက်သက်ဆိုင်နေသည်။ ရှောင်ရိက အမြှီးဖြင့် ရိုက်ခတ်နေသော်လည်း လိပ်ကြီးက သူ၏ပတ်လည်တွင် ကာကွယ်ပေးထားနိုင်ခဲ့သည်။

ရှောင်ရိကတိုက်ခိုက်လေလေ ယဲ့ချန်၏ကောင်းကင်ချီများ ကုန်ခမ်းလေလေဖြစ်သည်။ ရှောင်ရိသည် သူ၏အမြှီးကို ခွန်အားရှစ်ဆယ်ရာခိုင်နှုန်းဖြင့် ရိုက်ချလိုက်သောအခါ ဝုန်းခနဲမြည်သံနှင့်အတူ လိပ်ကြီးက ပျက်စီးသွားရသည်။ ယဲ့ချန်မှာ နောက်သို့ ဒလိမ့်ကောက်ကွေး လွင့်ထွက်သွားခဲ့သည်။

"အစ်ကိုကြီး အဆင်ပြေရဲ့လား"

ရှောင်ရိက လူအသွင်ပြန်ပြောင်း၍ ယဲ့ချန်ထံ စိုးရိမ်တကြီးပြေးသွားခဲ့သည်။

"ငါ အဆင်​ပြေပါတယ်"

ယဲ့ချန်က မြေပြင်ပေါ်မှ ကုန်းရုန်းထလိုက်သည်။ သူ၏မျက်နှာက ဖြူရော်နေသော်လည်း ပြုံးပြီးဖြေလိုက်သည်။

"ဒါကျွန်တော့်အမှားပါ"

ယဲ့ချန်နာကျင်သွားသဖြင့် ရှောင်ရိက သူ့ကိုယ်သူအပြစ်တင်နေသည်။

"သိုင်းပညာလေ့ကျင့်ရင် ထိခိုက်မိတာက ရှိတတ်ပါတယ်။ ငါ ဘာမှမဖြစ်ဘူး"

ယဲ့ချန်က ခေါင်းယမ်းပြလိုက်သည်။ သူက စိတ်ထဲတွင် ပျော်ရွှင်နေခဲ့သည်။ ရှောင်ရိ၏ရိုက်ချက်က ဆန်းကျယ်ဝိဇ္ဇာစဦးအဆင့်တစ်ယောက်ကို လွင့်ထွက်သွားစေနိုင်ပြီး အလယ်အဆင့်များပင် ထိပ်တိုက်ရင်ဆိုင်ရဲမည် မဟုတ်ချေ။ သို့သော် ယဲ့ချန်က ထိုရိုက်ချက်ကို လိပ်နက်ဒိုင်းကာဖြင့် ကာကွယ်နိုင်လုနီးပါးဖြစ်ခဲ့သည်။ သူ၏ကျင့်ကြံဆင့်နှင့်ရုပ်ခန္ဓာက ကောင်းကင်ဝိဇ္ဇာစဦးအဆင့်တွင် ဖြစ်သည်။

ဝိညာဥ်စစ်သည်တော်က တိုက်ခိုက်ရေးစွမ်းအား အထူးကောင်းမွန်သည်။ ၎င်းကိုအသုံးပြုနေချိန်တွင် ယဲ့ချန်၏မူလခန္ဓာကိုယ်က အားနည်းချက်ဖြစ်နေခဲ့သည်။ သို့သော် လိပ်နက်ဒိုင်းကာရှိနေသောအခါ ယဲ့ချန်အတွက် နောက်ထပ်အသက်ကယ်ဝှက်ဖဲ တစ်ချပ်ထပ်ရလိုက်ခြင်းနှင့် မခြားပေ။

ထို့အပြင် ဤသိုင်းကွက်က ပိုမိုတိုးတက်လာနိုင်ချေ များစွာရှိသည်။ အကယ်၍ ယဲ့ချန်သာ ကောင်းကင်ချီပမာဏကို ထပ်တိုးနိုင်ခဲ့လျှင် လိပ်နက်ဒိုင်းကာက ပိုမိုအစွမ်းထက်လာပေဦးမည်။

"ရှောင်ရိ ဆက်ပြီးလေ့ကျင့်ရအောင်"

ယဲ့ချန်က ခဏတာအနားယူပြီးနောက် ရှောင်ရိကိုခေါ်လိုက်သည်။ သူ၏သိုင်းကွက်က မပြည့်စုံသေးသဖြင့် ယဲ့ချန်က လေ့ကျင့်ရင်း အဖြေရှာရမည်ဖြစ်သည်။ လက်တွေ့ကျကျသုံးသပ်ပြီးမှသာလျှင် ဤတိုက်ကွက်က အပြည့်စုံဆုံးဖြစ်လာပေလိမ့်မည်။

ရှောင်ရိသည် ထွင်ထျန်းနှင့်အတူ လေ့ကျင့်ပြီးလျှင် ယဲ့ချန်နှင့်အတူ ထပ်မံလေ့ကျင့်ရပြန်သည်။ ရှောင်ရိ၏တိုက်ကွက်များကြောင့် လိပ်နက်ဒိုင်းကာမှာလည်း တစ်နေ့တခြား ပိုမိုအစွမ်းထက်လာခဲ့လေသည်။

လိပ်နက်ဒိုင်းကာကို လေ့ကျင့်ခြင်းအပြင် ယဲ့ချန်က ကျင့်ကြံခြင်းနှင့် ဝိညာဥ်စစ်သည်တော်ကိုလည်း ပစ်မထားမခဲ့ပေ။ မျက်တောင်တစ်ခတ်အတွင်း သူတို့က ကျွန်းပေါ်သို့ရောက်နေသည်မှာ အချိန်တစ်လကျော်သွားပြီဖြစ်သည်။

ရှီဝူအင်ပါယာ မင်းနေပြည်တော် တော်ဝင်နန်းတော်၏ ညီလာခံခန်းမအတွင်းဖြစ်သည်။

နန်းပလ္လင်ထက်တွင် မျက်နှာမသာမယာဖြစ်နေသော မင်ဝူထိုင်နေခဲ့ပြီး လျှောက်တင်လာသမျှ စစ်ပွဲသတင်းများကို ကြည့်ရှုနေသည်။

ခန်းမအတွင်း၌ နင်ချင်းယွင်နှင့် နေမီးတောက်ငှက်လည်းရှိနေပြီး တည်ငြိမ်စွာထိုင်နေသော သူတို့မှလွဲလျှင် ကျန်စစ်သူကြီးများနှင့်အရာရှိများက ကြောက်စိတ်ကြောင့် တုန်ယင်နေကြသည်။

"အရှင်မင်းကြီး နန်မန်စစ်တပ်တွေက မြင်းကမ်းပါးမြစ်ကို ကျော်ဖြတ်လာကြပါပြီ။ မင်းသားမင်၊ ဒုတိယမင်းသားတုန်းနဲ့ ကျန်တဲ့ဒုတိယမင်းသားခြောက်ယောက်တို့က လက်နက်ချလိုက်ကြပါတယ်။ သမာဓိကောင်စီကို တိုင်ကြားပေမယ့်လည်း ကန့်သတ်ဒေသ ပြန်ပြီးမထူထောင်ရသေးခင် သူတို့က ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူးတဲ့။ နန်မန်တိုင်းပြည်က သမာဓိကောင်စီကို လာဘ်ထိုးထားပုံရပါတယ်"

အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော ရှီဝူအင်ပါယာ၏ ညာဝန်ကြီးချုပ် ချန်ကိုင်က လျှောက်တင်လိုက်ခြင်းဖြစ်သည်။

မင်ဝူကမျက်​မှောင်ကြုတ်၍ နေရာအသီးသီးမှ စစ်ပွဲသတင်းများကို ဖတ်ရှုနေခဲ့သည်။ ပြည်နယ်ခြောက်ခုမှာ နန်မန်များလက်အောက်သို့ကျရောက်သွားပြီး ကျန်ပြည်နယ်များလည်း အခြေအနေမကောင်းပေ။ အရာအားလုံးရှုပ်ထွေးနေပြီး များပြားလှသော စစ်ဘေးဒုက္ခသည်များ ကတော်ဝင်မြို့တော်ထံ ခိုလှုံရန် တဖွဲဖွဲလာရောက်နေကြသည်။

"အရှင်မင်းကြီး မင်းသားယင်းကလည်း သတင်းတစ်ခု ပို့လာပါတယ်။ သူက ရင်းပေ့ပြည်နယ်ကနေ ခြေတစ်လှမ်းမှမဆုတ်ဘဲ ​သေသည်အထိ တိုက်ပွဲဝင်ပါမယ်တဲ့ဘုရား"

ချန်ကိုင်က ဆက်လက်တင်လျှောက်သည်။

"မင်းသားယင်းကို နေပြည်တော်ပြန်လာဖို့ ချက်ချင်းအမိန့်စာပို့လိုက်"

ယင်းမုန့်ထန်းသည် တိုင်းပြည်အပေါ်သစ္စာရှိသော အာဇာနည်တစ်ဦးဖြစ်သောကြောင့် တိုက်ပွဲအတွင်း သေဆုံးသွားမည်ကို မင်ဝူက မလိုလားချေ။

"အမိန့်တော်အတိုင်းပါ"

ချန်ကိုင်က တစ်ခုခုပြောမည်ဟန်ပြင်ပြီးမှ ကိုယ်ရှိန်သတ်လိုက်ရသည်။ ယင်းမုန့်ထန်းက တိုက်ခိုက်ရင်းသေရန် ဆုံးဖြတ်ထားသူဖြစ်သည်။ မင်ဝူ၏ဆင့်ခေါ်စာကို အဖက်လုပ်မည်မထင်။

မင်ဝူသည် တုန်းလင်ပြည်နယ်မှရောက်လာသော လျှို့ဝှက်စာတစ်စောင်ကို ဖတ်ကြည့်လိုက်သည်။ တုန်းလင်ပြည်နယ်ကို နန်မန်ရဲမက်ငါးထောင်ကျော်က တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်ခံရလုနီးပါးဖြစ်သည်။ မရေမတွက်နိုင်သော ပြည်သူများနှင့် အညံ့ခံရန်ငြင်းဆန်သော မျိုးနွယ်အချို့ သုတ်သင်ခံလိုက်ရသည်။ သို့သော် ယဲ့မျိုးနွယ်က ပျောက်ကွယ်နေပြီး မင်ဝူ၏သတင်းပို့တပ်သားများပင် သူတို့၏တည်နေရာကို မရှာနိုင်ခဲ့ချေ။ ထို့အပြင် မှော်သားရဲများက ရံဖန်ရံခါထွက်ပေါ်လာ၍ နန်မန်စစ်တပ်ကိုအထိနာအောင် ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်နေကြသည်။

ဤစာကိုဖတ်ပြီးနောက် မင်ဝူက အခြေအနေကို နားလည်လိုက်သည်။ တုန်းလင်ပြည်နယ် သိမ်းပိုက်ခံလိုက်ရသော်လည်း ယဲ့မျိုးနွယ်က ပြဿနာမရှိသောကြောင့် စိုးရိမ်စရာမလိုပေ။

ထိုက်ရှန်းတောင်ဂိုဏ်းနှင့် ထိုက်ရီဓားဂိုဏ်းက နန်မန်တိုင်းပြည်ထံ စာချွန်လွှာများပေးပို့၍ ပူးပေါင်း လိုက်ကြပြီဖြစ်သည်။ မြစိမ်းတိမ်ဂိုဏ်း၏ တပည့်များအားလုံး ဂိုဏ်းကိုစွန့်ခွာ၍ တောင်တန်းများအတွင်း ပုန်းအောင်းနေကြသည်။ ဟောင်မျိုးနွယ်နှင့် အစွမ်းထက်မျိုးနွယ်ကြီးများမှာမူ နန်မန်များနှင့် တိတ်တဆိတ်ခိုးကြောင်ခိုးဝှက် ဆက်သွယ်နေခဲ့ကြသည်။

တော်ဝင်မျိုးနွယ်က ပျက်ပြိုလုနီးပါးဖြစ်နေသည်။ တော်ဝင်နန်းတော်အတွင်း၌ပင် မင်ဝူ၏နောက်ကျောကို ဓားဖြင့်ထိုးချင်နေသူ များစွာရှိသည်။ မင်ဝူသာ ကောင်းကင်ဝိဇ္ဇာထိပ်ဆုံးအဆင့်မဟုတ်လျှင် သစ္စာဖောက်ခံရပြီး ဖြစ်နေပေလိမ့်မည်။

ရှီဝူအင်ပါယာ ဘိုးဘေးများက နှစ်ထောင်ချီကြိုးစားတည်ထောင်ခဲ့ရသော ဤအင်ပါယာကြီးက တစ်ရက်အတွင်း ပျက်စီးလုနီးပါးဖြစ်လာခဲ့သည်။ မင်ဝူသည် ဤကျရှုံးမှုကို မလိုလားသော်လည်း ရှောင်လွှဲ၍မရနိုင်ကြောင်း တွက်ဆထားသည်။ သူက ဤစစ်ပွဲတွင်ရှုံးလိမ့်မည်ဟု သေချာပေါက်သိနေခဲ့သည်။ ထို့ကြောင့် မင်းသားအချို့ကို တော်ဝင်မျိုးဆက်သွေးမပြတ်သွားစေရန် ရှီဝူအင်ပါယာ၏အဝေးသို့ တိတ်တဆိတ်ပို့ဆောင်ထားခဲ့ရသည်။

"ငါက အစ်ကိုနင်နဲ့ဒီအကြီးအကဲကို အ​ဖော်ပြုပြီး ရက်အနည်းငယ်လောက် တံခါးပိတ်ကျင့်စဥ်ဝင်မယ်။ ကိစ္စတွေအားလုံးကို ညာဝန်ကြီးက ကိုင်တွယ်ရမယ်။ ငါ ကျင့်စဥ်ကထွက်လာရင် နန်မန်တိုင်းပြည်နဲ့ သေတဲ့အထိ တိုက်ခိုက်မယ်"

မင်ဝူက လေးနက်စွာ အမိန့်ပေးလိုက်သည်။ ဤသို့သေရေးရှင်ရေးအချိန်တွင် မင်ဝူက ကျင့်စဥ်ဝင်မည်ဆိုသောကြောင့် လူတိုင်းက တီးတိုးဆွေးနွေးနေကြသည်။

"ညီလာခံသိမ်းမယ်"

မင်ဝူ ထွက်ခွာသွားပြီးနောက် စစ်သူကြီးများနှင့်အရာရှိများလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။ သစ္စာမရှိသူအချို့က အိမ်တော်သို့ပြန်ရောက်လျှင် နန်မန်တိုင်းပြည်ထံခိုလှုံရန် စဥ်းစားနေကြပြီဖြစ်သည်။

နန်းတော်၏ စာကြည့်ခန်းအတွင်းဖြစ်သည်။

"အစ်ကိုမင် မင်းက တံခါးပိတ်ကျင့်စဥ်ဝင်မယ်လို့ ပြောလိုက်တော့ ရှီဝူအင်ပါယာက ပိုပြီးဖရိုဖရဲ ဖြစ်မသွားနိုင်ဘူးလား"

နင်ချင်းယွင်က တစ်ချက်ပြုံး၍ မေးလိုက်သည်။ သူက ရှီဝူအင်ပါယာ မည်မျှဒုက္ခရောက်နေပါစေ ဂရုမစိုက်ဘဲ သူ၏အရှင်ဖြစ်သော ယဲ့ချန်ပြန်အလာကိုသာ စောင့်မျှော်နေခြင်းဖြစ်သည်။

နေမီးတောက်ငှက်ကမူ စကားတစ်ခွန်းမှမပြောဘဲ အခန်းတွင်းရှိခုံတစ်ခုပေါ်တွင် မျက်လုံးမှိတ်ကာ ကျင့်ကြံနေခဲ့သည်။

"ဖရိုဖရဲဖြစ်မှာကို ကျုပ် စိတ်မပူဘူး။ ရှီဝူအင်ပါယာ နောက်ဆုံးအချိန်ရောက်ရင် ထွက်ပေါ်လာရမယ့် အထူးတပ်ဖွဲ့တစ်ခုရှိတယ်။ အားလုံးက အဆင့်ကိုးအထက်ကျင့်ကြံသူတွေဖြစ်ပြီး လျှို့ဝှက်လက်နက်တွေကို အကောင်းဆုံးလေ့ကျင့်ထားတယ်။ သူတို့မှာ သတင်းအားလုံးကို သိနိုင်ခွင့်လည်းရှိတယ်။ ဒီရက်တွေအတွင်း ဘယ်သူမဆို နန်မန်တိုင်းပြည်နဲ့ဆက်သွယ်ရင် အထူးတပ်ဖွဲ့က အညှာအတာမရှိ စီရင်ကြလိမ့်မယ်"

မင်ဝူက ဖြေလိုက်သည်။ လက်ရှိအချိန်တွင် သူက တိုင်းပြည်အုပ်စိုးသူတစ်ယောက်ပမာ စကားပြောနေခြင်းမရှိပေ။ တောင်ဝင်မျိုးနွယ်က အချိန်မရွေးပျက်စီးသွားနိုင်သောအခါ တော်ဝင်နာမ်စားများကိုလည်း အရေးတယူလုပ်မနေခဲ့ပေ။

မင်ဝူ၏စကားကို ကြားသောအခါ နင်ချင်းယွင်က အနည်းငယ်တုန်ယင်သွားခဲ့သည်။ ဧကရာဇ်မင်ဝူမှာ ပုံမှန်ဆိုလျှင် ဤသို့သောလူစားမျိုးနှင့် မတူချေ။ သို့သော် တိုင်းပြည်၏အရေးကြီးသောအချိန်တွင် သူက စိတ်ဓာတ်ခိုင်မာစွာ ဆုံးဖြတ်ခဲ့သည်။ သူ့အမိန့်တစ်ခုတည်းက အသက်ပေါင်းထောင်ချီနှင့် သက်ဆိုင်နေသည်။ ဤသို့ဖြင့် ရှီဝူအင်ပါယာ၏နေပြည်တော်မှာ သွေးချောင်းစီးအောင် ရှင်းလင်းခံရပေတော့မည်။

***

All Chapters