← Chapters

ယဲ့မျိုးနွယ်၏ဆုံးဖြတ်ချက်

Vol. 20 Ch. 282

ယဲ့မျိုးနွယ်၏ဆုံးဖြတ်ချက်

Vol. 20 Ch. 282

စစ်မီးက ရှီဝူအင်ပါယာကို တမြေ့မြေ့လောင်ကျွမ်းနေသည်။

မင်းနေပြည်တော်သို့ စစ်ပွဲ ရောက်ရှိမလာသေးသော်လည်း သွေးချောင်းစီးနေသည်။ သစ္စာဖောက်မှုအတွက် မျိုးနွယ်သုံးဆယ့်ခြောက်ခုနှင့် မရေမတွက်နိုင်သော အမှုထမ်းများကို အထူးတပ်ဖွဲ့က သတ်ဖြတ်ခဲ့သည်။ မင်ဝူဘက်မှ သက်သေအခိုင်အမာမပြခဲ့သော်လည်း မည်သူမှ မဆန့်ကျင်ရဲချေ။ လက်ရှိတွင် လူတိုင်းက အန္တရာယ်ကြားရောက်နေကာ တော်ဝင်မျိုးနွယ်က နောက်တစ်ဖန်အာဏာရှိလာသဖြင့် မဆင်မခြင်လုပ်ရပ်မျိုး ထပ်မံရှိမလာတော့ပေ။

မင်ဝူသည် ပြည်နယ်အသီးသီးမှ တပ်ဖွဲ့များကို မင်းနေပြည်တော်သို့ ဆင့်ခေါ်လိုက်သည်။ ရွှေရောင်သံချပ်ကာစစ်တပ်က အရေအတွက်တစ်သောင်းရှိပြီး ကျန်တပ်များတွင် စစ်သည်သိန်းချီနေသည်။

စစ်ပွဲတစ်ခုတွင် အစွမ်းထက်ကျင့်ကြံသူများ၏ တိုက်ပွဲက အဆုံးအဖြတ်ဖြစ်သည်။ သို့သော် စစ်သည်အရေအတွက်က လုံလောက်အောက်များပြားလျှင်လည်း ကြီးမားသော ခြိမ်း​ခြောက်မှုတစ်ခု ဖြစ်လာနိုင်သည်။ အထူးသဖြင့် လျှို့ဝှက်လက်နက်များ တပ်ဆင်ထားသော စစ်တပ်ဆိုလျှင် ကောင်းကင်ဝိဇ္ဇာတစ်ယောက်ပင် ၎င်း၏ဖွဲ့စည်းပုံအတွင်း မဆင်မခြင် ဝင်ရောက်ရဲမည်မဟုတ်ပေ။

မင်ဝူနှင့်နောက်လိုက်များမှာ အချိန်တိုင်းကျင့်ကြံနေပြီး နောက်ဆုံးတိုက်ပွဲအတွက် ပြင်ဆင်ထားကြသည်။ နန်မန်တိုင်းပြည်သည် ရှီဝူအင်ပါယာ၏ပြည်နယ်များကို တစ်ခုပြီးတစ်ခု သိမ်းပိုက်နေသော်လည်း တော်ဝင်မြို့တော်သို့ တိုက်ရိုက်မလာခဲ့ပေ။ သူတို့က တစ်ခုခုကို စောင့်မျှော်နေကြပုံပေါ်သည်။

တိုင်းပြည်နှစ်ခု စစ်မက်ဖြစ်ပွားလျှင် အလယ်အင်ပါယာရှိ နောက်ခံဂိုဏ်းများက အရေးကြီးသောနေရာမှပါဝင်သည်။ ကံမကောင်းစွာဖြင့် ရှီဝူအင်ပါယာ၏နောက်ခံဂိုဏ်းက အကျဘက်သို့ရောက်နေပြီး နန်မန်တိုင်းပြည်၏နောက်ခံဂိုဏ်းက တက်လူဖြစ်သည်။ ထို့ကြောင့် ဤတိုက်ပွဲက ညီမျှသော စစ်ပွဲတစ်ခု ဖြစ်လာမည်မဟုတ်ပေ။

တုန်းလင်ပြည်နယ် ယဲ့မျိုးနွယ်တောင်ကြားအတွင်း ဖြစ်သည်။

အပြင်ကမ္ဘာတွင် စစ်မီးများ တဟုန်းဟုန်းတောက်လောင်နေသော်လည်း ဤတောင်ကြားအတွင်း အလွန်ငြိမ်းချမ်းနေခဲ့သည်။ ဝိညာဥ်သစ်ပင်က ယဲ့တောင်ကြားတစ်ခုလုံးသို့ ရနံ့များ ထုတ်လွှတ်ပေးနေသဖြင့် ကောင်းကင်ဘုံတစ်ခုပမာ ထင်မှတ်ရသည်။

ဝိညာဥ်သစ်ပင်၏ရနံ့က ယဲ့မျိုးနွယ်ဝင်များကို စိတ်တည်ငြိမ်အေးချမ်းစေသည်။ ဤရနံ့က ကျင့်ကြံခြင်းအတွက်လည်း ကောင်းမွန်သော အကျိုးသက်ရောက်မှုများ ပိုင်ဆိုင်ထားသည်။ မှော်သားရဲများကလည်း ဝိညာဥ်သစ်ပင်အနီးတွင် နေထိုင်နေကြပြီး ရနံ့က အနီးရှိသစ်တောများအထိ ပျံ့လွင့်နေသည်။ ဤရနံ့၏ရလဒ်ကြောင့် သစ်တောအတွင်း စိုက်ပျိုးထားသော လင်ဇီးများသည်ပင် ပိုမိုလတ်ဆတ်လာပုံပေါ်လေသည်။

ဝိညာဥ်သစ်ပင်မှာ ယခုအချိန်အထိ ဆန်းကျယ်မှုတစ်ခု ဖြစ်နေခဲ့သည်။ ၎င်းက အပင်ပေါက်ပြီး လပေါင်းများစွာအကြာတွင် အသီးများ စတင်ဖြစ်ပေါ်လာသည်။ ၎င်းအသီးများက မရင့်မှည့်သေးဘဲ လက်သည်းခွံအရွယ်သာရှိသည်။ သို့သော် ဝိညာဥ်သစ်ပင်၏အသီးများက မြကျောက်များကဲ့သို့ စိမ်းလဲ့ကြည်လင်နေခဲ့သည်။

ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထန်းမှ ဦးဆောင်ပြီး ယဲ့မျိုးနွယ်ဝင်များကို အဓိကခန်းမအတွင်း စုဝေးလိုက်ကြသည်။ အပြင်ဘက်ရှိစစ်ပွဲကြောင့် ခန်းမအတွင်းမှ လေထုက ထူးထူးခြားခြားတင်းမာနေသည်။

"အပြင်မှာ ဘယ်လိုအခြေအနေရှိလဲ"

ယဲ့ချိန်ရွှမ်းက မေးလိုက်ခြင်းဖြစ်သည်။ ယဲ့မျိုးနွယ်က တောင်ကြားအတွင်း လုံခြုံစွာနေထိုင်ခဲ့သော်လည်း ရန်သူနန်မန်များကို တိုက်ခိုက်ရန် လူအချို့ စေလွှတ်ခဲ့သည်။ သူတို့က ရာချီသောပြည်သူများကို ကယ်တင်နိုင်ခဲ့သော်လည်း ယဲ့မျိုးနွယ်ဝင်လေးငါးယောက်ခန့် အသက်ပေးခဲ့ရသည်။ ကံကောင်းစွာဖြင့် မှော်သားရဲများ၏ အကူအညီရှိနေသောကြောင့် နန်မန်များစွာကို ဆုံးရှုံးမှုနည်းပါးစွာဖြင့် သတ်ဖြတ်နိုင်ခဲ့ကြသည်။

"နန်မန်တွေက ပြည်နယ်ခြောက်ခုကို သိမ်းပိုက်လိုက်ပြီ။ ကျန်တဲ့ပြည်နယ်တွေမှာ စစ်မီး တောက်လောင်နေတယ်"

ယဲ့ကျန့်ထန်းက ပြန်ဖြေလိုက်သည်။ ယေဘူယျပြောရလျှင် ယဲ့မျိုးနွယ်က လုံခြုံနေသောကြောင့် ဤအရေးတွင် ဝင်ရောက်စွက်ဖက်ရန် မလိုချေ။ သို့သော် ယဲ့မျိုးနွယ်နှင့် နန်မန်တိုင်းပြည်အကြားတွင် ရန်စများရှိခဲ့ဖူးသည်။ အကယ်၍ ရှီဝူအင်ပါယာ ကျဆုံးသွားလျှင် သူတို့က ခေါင်းမရှိသောကြက်ပမာ ဒုက္ခရောက်ရပေလိမ့်မည်။

လက်ရှိတွင် နန်မန်များက ယဲ့မျိုးနွယ်၏တည်နေရာကို မရှာဖွေနိုင်သော်လည်း တစ်နေ့တွင် သေချာပေါက်တွေ့သွားပေလိမ့်မည်။ နန်မန်တိုင်းပြည်မှ ကောင်းကင်ဝိဇ္ဇာအချို့သာ လင်းယွန်တောင်တန်းသို့ ရောက်လာလျှင် ယဲ့မျိုးနွယ်ကို လအနည်းငယ်အတွင်း ရှာတွေ့မည်ဖြစ်သည်။ နန်မန်တိုင်းပြည်က သူတို့ကို အရေးမစိုက်သော အကြောင်းအရင်းမှာ လက်ရှိတွင် မင်ဝူနှင့်ရှီဝူအင်ပါယာကို ကိုင်တွယ်နေရသောကြောင့် ဖြစ်သည်။

ယဲ့မျိုးနွယ်ဝင်များက ရင်ဆိုင်ရမည့်အန္တရာယ်ကြောင့် စိတ်လေးနေကြသည်။ သူတို့က နန်မန်တိုင်းပြည်ကိုဆန့်ကျင်သော မျိုးနွယ်ကြီးများကိုပင် ဆက်သွယ်ခဲ့ကြသည်။

"ရှီဝူအင်ပါယာက အခြေအနေမကောင်းဘူး။ ငါစိုးရိမ်တာက တုန်းလင်ပြည်နယ် ကြာကြာမခံတော့မှာကိုပဲ။ ငါတို့လည်း အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်။ တိုက်ပွဲရဲ့အခြေအနေကို ပြောင်းပြန်မလှန်နိုင်မှတော့ တုန်းလင်ပြည်နယ်လည်း ကံကြမ္မာအတိုင်းပေါ့"

ယဲ့ချိန်ရွှမ်းက သက်ပြင်းတစ်ချက်ချလိုက်သည်။ အကယ်၍ တုန်းလင်ပြည်နယ် ကျဆုံးသွားလျှင် ယဲ့မျိုးနွယ်က မည်သည့်နေရာသို့ သွားရမည်နည်း။ တောင်ကြားအတွင်း တစ်သက်လုံးပုန်းအောင်းနေခြင်းက အကောင်းဆုံးရွေးချယ်မှု မဟုတ်သကဲ့သို့ မလုံခြုံနိုင်ပေ။

"တုန်းလင်ပြည်နယ်ရဲ့ မြို့ငယ်၂၇မြို့က နန်မန်တွေလက်ထဲကို ကျသွားခဲ့ပြီ။ လူပေါင်းသောင်းချီ အသတ်ခံခဲ့ရတယ်။ ဦးလေး အစ်ကိုကြီး ကျုပ်တို့ ဒီအတိုင်းရပ်ကြည့်နေတော့မှာလား"

ယဲ့ကျန့်ရှုံး၏စကားသံ ထွက်ပေါ်လာသည်။ သူက စိတ်ထဲမှဒေါသကို ထိန်းချုပ်ရန် လက်သီးကို တင်းတင်းဆုပ်ထားသည်။

လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ စစ်ပွဲများတွင် လူ့အသက်က ကောက်ရိုးတစ်ပင်လောက်တောင် အဖိုးမတန်ပေ။ ယဲ့မျိုးနွယ်၏ခွန်အားကလည်း စစ်ပွဲ၏ရလဒ်ကို ပြောင်းပြန်လှန်နိုင်စွမ်း မရှိချေ။ အကယ်၍ ယဲ့မျိုးနွယ်ကသာ အဆင်အခြင်မဲ့ စစ်ပွဲအတွင်း စွန့်စားဝင်ရောက်လိုက်လျှင် နန်မန်တိုင်းပြည်၏အင်အားကြောင့် သေချာပေါက်ပျက်စီးရပေလိမ့်မည်။

သူတို့အတွက် တစ်ကိုယ်ကောင်းဆန်ရန်နှင့် တိုင်းပြည်အတွက် တိုက်ပွဲဝင်ရန် ဟူသော လမ်းနှစ်သွယ် တည်ရှိနေသည်။

ဤအခြေအနေတွင် လူအများစုက တစ်ကိုယ်ကောင်းဆန်ရန်သာ ရွေးချယ်ကြပေလိမ့်မည်။ မည်သူမှလည်း ဤရွေးချယ်မှုအပေါ် အပြစ်တင်မည်မဟုတ်ပေ။ သို့သော် တစ်​နေ့တွင် အပြစ်မဲ့ပြည်သူထောင်ပေါင်းများစွာ အသတ်ခံနေရသည့် မြင်ကွင်းမျိုးက သူတို့၏အိပ်မက်ထဲတွင် ခြောက်လှန့်ရန် ပေါ်မလာဟု မပြောနိုင်ချေ။

"ကျန့်ထန်း မင်း ဘယ်လိုထင်လဲ။ ချန်အာမရှိဘူးဆိုတော့ လက်ရှိမှာ မင်းက မျိုးနွယ်ခေါင်းဆောင်ဖြစ်တယ်။ မင်းရဲ့ဆုံးဖြတ်ချက်နောက်ကို ငါတို့ယဲ့မျိုးနွယ်က သေတဲ့အထိ လိုက်မယ်"

ယဲ့ချိန်ရွှမ်းက ယဲ့ကျန့်ထန်းကို စိုက်ကြည့်၍ မေးလိုက်သည်။

"ယဲ့မျိုးနွယ်က အစွမ်းထက်မျိုးနွယ်တစ်ခု မဟုတ်ပေမယ့် ငကြောက်တွေမဟုတ်ဘူး။ ငါတို့က ဒီအခြေအနေမှာ တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ်လွတ်ရုန်းလိုက်ရင် တမလွန်မှာ ဘိုးဘေးတွေကို ဘယ်လိုမျက်နှာပြရမှာလဲ။ ငါတို့က ကောင်းကင်အတွက် စွန့်စားရဲသလို သာမန်လူတွေအတွက်လည်း စွန့်လွှတ်ရဲရမယ်။ ငါ ယဲ့ကျန့်ထန်းက ယဲ့မျိုးနွယ်ရဲ့အမည်နာမကို တိုင်တည်ပြီး တိုက်ပွဲဝင်မယ်"

အချိန်ကြာမြင့်စွာ တိတ်ဆိတ်သွားပြီးနောက် ယဲ့ကျန့်ထန်းက နောက်ဆုံးတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ သူ၏စကားသံက ပြတ်သားတိကျစွာ ထွက်ပေါ်လာသည်။ ယဲ့မျိုးနွယ်က တော်ဝင်မျိုးနွယ်အတွက်မဟုတ်ဘဲ သူတို့မွေးဖွားကြီးပြင်းရာမြေအတွက် တိုက်ပွဲဝင်ကြမည်ဖြစ်သည်။

"ငါ ယဲ့ကျန့်လုံက သေတဲ့အထိ လိုက်ပါဖို့ ဆန္ဒရှိပါတယ်"

"ငါ ယဲ့ကျန့်ရှုံးက သေတဲ့အထိ လိုက်ပါဖို့ ဆန္ဒရှိပါတယ်"

"ယဲ့မျိုးနွယ်က ငကြောက်မဟုတ်ဘူး။ ခေါင်းဆောင်နဲ့အတူ သေတဲ့အထိ တိုက်ပွဲဝင်ပါမယ်"

ယဲ့မျိုးနွယ်၏စစ်သည်တော်များက ပြိုင်တူပြောလိုက်ကြသည်။

"ကျန့်ထန်း မင်းဆုံး​ဖြတ်ပြီးပြီဆိုရင် ငါ ယဲ့ချိန်ရွှမ်းကလည်း အစွမ်းကုန်နာခံပါမယ်။ အခုကစလို့ ယဲ့မျိုးနွယ်ကို မင်း အမိန့်ပေးရမယ်"

ယဲ့ချိန်ရွှမ်းက လေးနက်တည်ကြည်စွာ ပြောလိုက်သည်။

"နန်မန်တိုင်းပြည်ကို ယဲ့မျိုးနွယ်က ဆန့်ကျင်တိုက်ခိုက်မယ်ဆိုပေမယ့် ဗျူဟာတွေကို အရင်ဆွေးနွေးရမယ်။ ငါတို့သေရမယ်ဆိုရင်တောင် သေခြင်းက ထိုက်တန်နေရမယ်။ ချန်အာက မြို့တော်မှာရှိနေတယ်ဆိုတော့ ညီသုံးက မြို့တော်မှာ သူ့ကိုသွားရှာပါ။ သူ အန္တရာယ်ကြုံနေရင် ကယ်တင်လာခဲ့ပါ။ ညီနှစ်က ယဲ့မျိုးနွယ်ရဲ့လူငယ်တွေကို အလယ်အင်ပါယာဆီ ခေါ်ဆောင်သွားရမယ်။ သူတို့ကို ဂိုဏ်းတွေက လိုချင်တယ်ဆိုရင်လည်း ထည့်ပေးလိုက်ပါ။ ဒါဆိုရင် ငါတို့တွေ တိုက်ပွဲမှာသေဆုံးရင်တောင် ယဲ့မျိုးနွယ်က မျိုးဆက်ပြတ်မှာ မပူရတော့ဘူး"

ယဲ့ကျန့်ထန်းက အမိန့်ပေးလိုက်သည်။ သူ၏ပခုံးပေါ်တွင် ကြီးမားလေးလံသော တာဝန်များကို ထမ်းဆောင်ထားရသည်။ သူ ချမှတ်လိုက်သော ဆုံးဖြတ်ချက်တိုင်းတွင် ယဲ့မျိုးနွယ်၏ကံကြမ္မာက ပါဝင်ပတ်သက်နေခဲ့သည်။

"ကောင်းပါပြီ အစ်ကိုကြီး"

ယဲ့ကျန့်လုံနှင့် ယဲ့ကျန့်ရှုံးက အမိန့်နာခံရန် ပြိုင်တူခေါင်းညိတ်လိုက်ကြသည်။ လူအုပ်အတွင်း၌ ကြောက်စိတ်ဝင်နေသူအချို့ ရှိသော်လည်း အများစုက ဂုဏ်ယူစွာနှင့် မားမားမတ်မတ်ရပ်နေကြသည်။ တစ်နေ့တွင် သူတို့၏မျိုးဆက်များက သူတို့၏သတ္တိနှင့် ဂုဏ်သိက္ခာအကြောင်းကို တခုတ်တရပြောဆို ဂုဏ်ယူနေကြပေလိမ့်မည်။

"ဘာကိစ္စရှိရှိ ဒီတောင်ကြားကို အပြင်လူတွေ သိသွားလို့မဖြစ်ဘူး"

ယဲ့ကျန့်ထန်းက တင်းကျပ်စွာမှာကြားလိုက်သည်။ ဤတောင်ကြားအတွင်းရှိသမျှက ယဲ့မျိုးနွယ်၏အခြေခံအုတ်မြစ်ဖြစ်ကာ တစ်နေ့တွင် ယဲ့မျိုးနွယ် ပြန်လည်ထွန်းတောက်လာအောင် ကူညီပေးနိုင်မည်ဖြစ်သည်။ သူတို့က နန်မန်တိုင်းပြည်၏စစ်တပ်နှင့် ထိပ်တိုက်ရင်ဆိုင်ရလျှင်ပင် မျိုးဆက်သစ်များအတွက် ဤတောင်ကြားကို ကာကွယ်ရပေလိမ့်မည်။

နန်မန်တိုင်းပြည်၏ စစ်တပ်များကို တိုက်ခိုက်ခြင်းအပြင် ယဲ့မျိုးနွယ်၌ အခြားတာဝန်များလည်းရှိသည်။ တုန်းလင်ပြည်နယ်၏ သာမန်လူများကိုကယ်တင်ပြီး အလယ်အင်ပါယာသို့ ဘေးကင်းကင်းနှင့် ပို့ဆောင်ပေးရန်ဖြစ်သည်။ ဤကား အလွန်အန္တရာယ်များသော တာဝန်တစ်ခု ဖြစ်ပေသည်။

​မြောက်ပင်လယ်ရှိ ကျွန်းပေါ်တွင် ယဲ့ချန်နှင့်ရှောင်ရိက ကြိုးကြိုးစားစားလေ့ကျင့်နေကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ယဲ့ချန်သည် ကောင်းကင်သိုင်းချီကို ပိုမိုရင်းနှီးကျွမ်းဝင်လာသည်။ ကျွန်းတစ်ခုလုံးက သူတို့၏လေ့ကျင့်ရေးကြောင့် အပျက်အစီးများ ပြည့်နှက်နေသည်။

တိုက်ပွဲတိုင်းတွင် ယဲ့ချန်၏ကျင့်ကြံဆင့်က ပိုမိုတိုးတက်လာပြီး ကောင်းကင်ဝိဇ္ဇာအလယ်အဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ ဝိညာဥ်စစ်သည်တော်ကလည်း ဆန်းကျယ်ဝိဇ္ဇာအလယ်အဆင့်နားသို့ ချဥ်းကပ်လာခဲ့သည်။

ယဲ့ချန်ကို ထွင်ထျန်းမှ ကောင်းကင်သိုင်းချီက လုံခြုံပြီးပေါက်ကွဲရန် မဖြစ်နိုင်ကြောင်း ရှင်းပြပေးခဲ့သည်။ ထို့ကြောင့် သူက ကောင်းကင်ချီပမာဏများစွာကို အသုံးပြုပြီး ကောင်းကင်သိုင်းချီကို အသက်သွင်းခဲ့သည်။ ဤပမာဏက နတ်ဝိဇ္ဇာထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက် ပိုင်ဆိုင်ထားသည်နှင့်ပင် ယှဥ်ပြိုင်နိုင်သည်။ သူက လိပ်နက်ဒိုင်းကာကို ထုတ်ဖော်လိုက်သောအခါ အလွန်အမင်းအစွမ်းထက်ပေသည်။

ယဲ့ချန်က ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်အတွင်း ဝင်ရောက်လိုက်သောအခါ ခြင်္သေ့ကြီးနိုးလာကြောင်း သိလိုက်ရသည်။

"ဆရာခြင်္သေ့ ခင်ဗျား နိုးလာပြီလား"

"ဒီတံဆိပ်က ငါ့ခွန်အားတွေအများကြီးကို ချိတ်ပိတ်သွားပြန်ပြီ"

ခြင်္သေ့ကြီးက စိတ်ပျက်စွာ ပြန်ဖြေလာခဲ့သည်။ ကောင်းကင်ကြယ်တာရာ မှော်အစီအရင်၏ဖိနှိပ်မှုအောက်တွင် ခြင်္သေ့ကြီးက စွမ်းအားအနည်းငယ်ကိုသာ ထုတ်ဖော်နိုင်သည်။ သူက ယဲ့ချန်ကို စွမ်းအားထောက်ပံ့ပေးခဲ့သောအခါ အားနည်းသွားသဖြင့် အစီအရင်၏ အချုပ်အနှောင်အောက်တွင် ဆက်လက်နေထိုင်နေရသည်။

"ခြင်္သေ့ကြီး ကျုပ် ဒီတံဆိပ်ကို ကောင်းကင်ဓားပျံနဲ့ ဖျက်ဆီးပေးရမလား"

ယဲ့ချန်က မေးလိုက်သည်။

"မလိုပါဘူးကွာ။ မင်းက ဒီတံဆိပ်ကိုဖျက်ဆီးရမှာ မဟုတ်ဘူး။ ငါ့ကိုပေးထားတဲ့ကတိ တည်နိုင်အောင်သာ ကြိုးစား။ ပင်မကုန်းမြေကိုပြန်ရောက်ရင် ငါ့အတွက် ခြင်္သေ့မတွေရှာပေးဖို့ မမေ့နဲ့"

ခြင်္သေ့ကြီးက ပျင်းရိစွာသမ်းဝေပြီး ဖြေလိုက်သည်။

"ကောင်းပြီ။ ရက်အနည်းငယ်ကြာရင် နေလင်းယုန်က ရှီဝူအင်ပါယာကနေ ပြန်ရောက်လာလိမ့်မယ်။ ဒီကောင် ပြန်ရောက်လာတာနဲ့ မြောက်ပင်လယ်ကနေ ထွက်ခွာကြတာပေါ့"

ခြင်္သေ့ကြီး၏စကားကြောင့် ယဲ့ချန်မျက်နှာထက်တွင် ထူးဆန်းသော အမူအရာတစ်ခု ထွက်ပေါ်လာသည်။ ကျွန်းပေါ်တွင် အလွန်ကြာနေပြီဖြစ်သောကြောင့် သူက ရှီဝူအင်ပါယာ၏အ​ခြေအနေကို စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် နေလင်းယုန်ကို သတင်းစုံစမ်းရန် စေလွှတ်လိုက်ခြင်းဖြစ်သည်။

"မင်းက ကောင်းကင်သိုင်းချီကို သိုင်းပညာတွေမှာ အသုံးပြုနိုင်နေပြီပေါ့ ကောင်းတယ် ကောင်းတယ်။ ဒါပေမယ့် မင်းက ဘာလို့ အခုထိ ကောင်းကင်ဝိဇ္ဇာအဆင့်မှာ ရှိနေရတာလဲ ကောင်စုတ်လေးရ"

ခြင်္သေ့ကြီးက အံ့သြနေဟန်ဖြင့် မေးလိုက်သည်။

"ကျုပ်က ကောင်းကင်ဝိဇ္ဇာအလယ်အဆင့်ကို ရောက်ခါနီးပြီ"

ယဲ့ချန်က ကျေနပ်စွာပြုံး၍ ပြောလိုက်သည်။

"ငတုံး မင်းက ဒီလောက်လေးကို ကျေနပ်နေတာလား။ မင်းမှာ ကောင်းကင်သိုင်းချီကို ပိုင်ဆိုင်ထားတာတောင် အသုံးမချတတ်ဘူး။ ရတနာပုံကြီးကို ဖင်ခုထိုင်ထားပြီး တန်ဖိုးမသိတဲ့ကောင်"

ခြင်္သေ့ကြီးက လှောင်ရယ်လိုက်သည်။

"ဘာကြောင့်လဲ"

ယဲ့ချန်က စိတ်ရှုပ်ထွေးသွားသည်။ ခြင်္သေ့ကြီး၏စကားအရ ကောင်းကင်သိုင်းချီတွင် နောက်ထပ်အသုံးဝင်မှုများ ရှိနေနိုင်သည်။

"ကောင်းကင်သိုင်းချီကို ၃၆ပတ်ပြည့်အောင် မင်းတစ်ကိုယ်လုံး လည်ပတ်လိုက်"

​စကားအဆုံးတွင် ခြင်္သေ့ကြီးက ကြမ်းပြင်တွင် လှဲလျောင်းပြီး ချက်ချင်းအိပ်ပျော်သွားခဲ့သည်။

ယဲ့ချန်က မျက်ခုံးပင့်၍ အပြင်သို့ ချက်ချင်းထွက်လိုက်သည်။ ထို့နောက် မြေပြင်တွင်ထိုင်ချကာ ကောင်းကင်သိုင်းချီကို သွေးကြောများအတွင်း စီးဆင်းစေလိုက်သည်။ ကောင်းကင်သိုင်းချီ ဖြတ်သန်းသွားရာတလျှောက်တွင် သူ၏သွေးကြောများ ကောင်းမွန်စွာဖြင့် သက်တောင့်သက်သာရှိနေခဲ့သည်။

ယဲ့ချန်သည် ကောင်းကင်သိုင်းချီကို လည်ပတ်လိုက်သောအခါ ပုံရိပ်တစ်ခုက သူ၏ဘေးပတ်လည်တွင် ထွက်ပေါ်လာ၏။

ကောင်းကင်သိုင်းချီက ယဲ့ချန်၏ကိုယ်တွင်း၌ တစ်ပတ်ပြည့်သောအခါ ၎င်းပုံရိပ်က သူ၏ဒန်တန်အတွင်း ပင်လယ်သို့ထိုးဆင်းသွားသော လိပ်တစ်ကောင်ပမာ ဝင်ရောက်သွားခဲ့သည်။ ဒန်တန်အတွင်းရှိ ကောင်းကင်ချီများက ပြင်းထန်စွာ လှုပ်ယမ်းလာခဲ့လေသည်။

***

All Chapters