ပြည်တော်ပြန်ပြီ
Vol. 21 Ch. 283
ယဲ့ချန်သည် ကောင်းကင်သိုင်းချီကို တစ်ပတ်ပြီးတစ်ပတ် ခန္ဓာကိုယ်အတွင်း လည်ပတ်စေသည်။ အချိန်တစ်နာရီကြာလျှင် ကောင်းကင်သိုင်းချီသည် ယဲ့ချန်၏ကိုယ်ကို တစ်ပတ်ပြည့်သွားသည်။
ထို့နောက် ယဲ့ချန်သည် တစ်ကိုယ်လုံး ကောင်းကင်ချီများ ပြည့်နှက်လာသကဲ့သို့ ခံစားလိုက်ရသည်။ ကောင်းကင်သိုင်းချီ၏ အားဖြည့်ပေးမှုအောက်တွင် ဒန်တန်အတွင်းမှ ကြယ်တာရာအမြုတေကိုးခုမှာ ပို၍မာကျောသိပ်သည်းလာခဲ့သည်။ သူ၏ကောင်းကင်ချီ ကျင့်ကြံခြင်းက အဆင့်ကြီးတစ်ဆင့် ခုန်တက်သွားသည်ဟု ခံစားလိုက်ရလေသည်။
သုံးဆယ့်ခြောက်ပတ်ပြည့်သောအခါ ယဲ့ချန်၏သွေးကြောများက အလွန်အမင်းမာကျောလာခဲ့သည်။ ဒန်တန်ကလည်း ပိုမိုကျယ်ပြန့်လာပြီး ကျင့်ကြံဆင့်က ကောင်းကင်ဝိဇ္ဇာအလယ်အဆင့်သို့ ရောက်သွားခဲ့သည်။
ယဲ့ချန်သည် ကောင်းကင်သိုင်းချီ၏ အကျိုးသက်ရောက်မှုက ဤမျှမြန်မြန်ဖြစ်ပေါ်လာမည်ဟု ထင်မထားခဲ့ပေ။ သူက ခြင်္သေ့ကြီးအပေါ် အကြွေးတစ်ခု တင်သွားပြီဖြစ်သည်။ ခြင်္သေ့ကြီးကြောင့်သာမဟုတ်လျှင် သူပိုင်ဆိုင်ထားသော ကောင်းကင်သိုင်းချီဆိုသည့် ရတနာကို အကျိုးရှိရှိ အသုံးချတတ်မည်မဟုတ်ပေ။
ယဲ့ချန်က ဝိညာဥ်စစ်သည်တော်ကို ထုတ်ဖော်လိုက်သောအခါ ရွှေသံချပ်ဝတ်စစ်သည်ကြီးက လေထဲတွင် ထွက်ပေါ်လာ၏။ ၎င်းက အတိတ်ကထက် ပို၍သန်မာလာသည်။ ရွှေရောင်သံချပ်ကာပေါ်တွင်လည်း ဆန်းကျယ်သော ပန်းချီများထွက်ပေါ်လာသဖြင့် ပို၍ကြီးကျယ်ခမ်းနားလာခဲ့သည်။ ယဲ့ချန်၏ကျင့်ကြံဆင့် မြင့်တက်ပြီးနောက် ဝိညာဥ်စစ်သည်တော်ကလည်း ဆန်းကျယ်ဝိဇ္ဇာစဥ်ီးအဆင့်မှ အလယ်အဆင့်သို့ ခုန်တက်သွားခဲ့လေသည်။
ယဲ့ချန်က သူ၏တိုးတက်မှုကြောင့် ပျော်ရွှင်နေသည်။ နောက်ဆုံးတွင် သူက အဆင့်တစ်ခု တက်သွားနိုင်ပြီဖြစ်သည်။ သူက နတ်ဝိဇ္ဇာများ၊ နတ်ဘုရင်များ၊ ပြိုင်ဘက်ကင်းဝိဇ္ဇာများ၊ မဟာအဆင့်သားရဲများအောက် နိမ့်ကျနေသေးသော်လည်း အနည်းဆုံးလိုက်မီလာခဲ့သည်။ တစ်နေ့တွင် သူသည်လည်း ထိုအဆင့်များသို့ရောက်ရန် ခြေတစ်လှမ်း နီးကပ်လာလေသည်။
"တစ်နေ့ကျရင် ငါ့ကံကြမ္မာငါ ဖန်တီးနိုင်ရမယ်။ မင်းတို့ရဲ့မျက်လုံးထဲမှာ ပုရွက်ဆိတ်တစ်ကောင်အဖြစ် မမြင်စေရဘူး"
ဝိညာဥ်စစ်သည်တော်က လေထဲတွင်မတ်မတ်ရပ်၍ ဓားရှည်ကြီးဖြင့် ဆက်တိုက်ခုတ်ချလိုက်သည်။ ခရမ်းရောင်တောက်ပနေသော ဓားစွမ်းအင်လှိုင်းများက ပင်လယ်အတွင်း ကျရောက်သွားခဲ့သည်။ ပင်လယ်ရေမျက်နှာပြင်က ဓားချက်ကြောင့် လှိုင်းထန်သွားပြီး ရေနွေးငွေ့များပင် ထွက်ပေါ်လာခဲ့သည်။ ဝိညာဥ်စစ်သည်တော်က အစွမ်းထက်လွန်းနေပြီး အဆင့်တက်ခါစယဲ့ချန်က ထိုစွမ်းအင်များကို ထိန်းချုပ်ရန် ခက်ခဲနေသေးသဖြင့် ပြန်လည်ရုတ်သိမ်းလိုက်၏။
အဝေးတွင် ရေခဲငရဲသိုင်းကွက်ကို ကျင့်ကြံနေသော ရှောင်ရိက လေ့ကျင့်ခြင်းကိုရပ်၍ ယဲ့ချန်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
"ကောင်းကင်ဝိဇ္ဇာအလယ်အဆင့်တစ်ယောက်က နတ်ဘုရင်တစ်ယောက်လို ဝိညာဥ်အသွင်ဖြစ်တည်ခြင်းကို ထုတ်ဖော်နိုင်တယ်။ ဒီရွှေရောင်စစ်သည်တော်က ဆန်းကျယ်ဝိဇ္ဇာအလယ်အဆင့်ခွန်အားကို ပိုင်ဆိုင်ထားတယ်။ ဒါက တော်တော်ကြီးကို ထူးဆန်းနေတယ်"
ဝိညာဥ်ပုလဲအတွင်းမှ အကဲခတ်နေသော ထွင်ထျန်းက ခပ်တိုးတိုးရေရွတ်လိုက်သည်။ ဤကဲ့သို့ထူးဆန်းသော လူတစ်ယောက်ကို သူက ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ယဲ့ချန်ထံတွင် ဆန်းကျယ်မှုများ ပြည့်နှက်နေသည်။
အတိတ်တွင် ထွင်ထျန်းသည် ကောင်းကင်ဟောကိန်း ပညာရပ်ဆိုင်ရာစာအုပ်များကို ရရှိခဲ့ဖူးသည်။ သူက ဝိညာဥ်ပုလဲအတွင်း နှစ်ပေါင်းများစွာနေထိုင်ခဲ့ရသောကြောင့် ပျင်းရိချိန်တွင် အနည်းငယ်လေ့လာခဲ့သည်။ သူ၏ဘဝကို ဟောကိန်းထုတ်ကြည့်လိုက်သောအခါ ကံဆိုးမှုများနှင့် အန္တရာယ်များ မရေမတွက်နိုင်အောင်ကြုံရမည်ဟု အဖြေထွက်လာခဲ့သည်။ သူ၏ကံဆိုးမှုကို ချေဖျက်လိုလျှင် အလွန်ထူးခြားသည့်ကံကြမ္မာကို ပိုင်ဆိုင်သူများအနားတွင် ရှိနေရမည်ဖြစ်သည်။ လွန်ခဲ့သောရက်များတွင် သူက ယဲ့ချန်၏ကံကြမ္မာကို ဟောကိန်းထုတ်ရန် တွက်ချက်ခဲ့သော်လည်း လုံးဝအဖြေမထွက်ခဲ့ပေ။ ထို့ကြောင့် အလွန်ဆန်းကျယ်သော ယဲ့ချန်အနားတွင်နေနိုင်ရန် ရှောင်ရိကို ပညာကောင်းစွာသင်ပေးပြီး ကပ်နေမည်ဟု ဆုံးဖြတ်ခဲ့သည်။ ထွင်ထျန်းသည် အလွန်ဆန်းကျယ်သော ယဲ့ချန်၏ကံကြမ္မာကို သိလိုစိတ်များ ဖြစ်ပေါ်နေခဲ့သည်။
"ဆရာ ကျွန်တော်ရော ဘယ်အချိန်ကျရင် အစ်ကိုကြီးလိုမျိုး ဝိညာဥ်စစ်သည်တော် ထုတ်ဖော်နိုင်မှာလဲ။ ဧရာမမြွေကြီးတစ်ကောင် ဖြစ်နိုင်လား"
ရှောင်ရိက သူ၏ကျင့်ကြံဆင့်က တစ်နေရာရာသို့မြင့်တက်သွားလျှင် ယဲ့ချန်ကဲ့သို့ ဝိညာဥ်အသွင်ဖြစ်တည်ခြင်းကို စွမ်းဆောင်နိုင်မည်ဟု ထင်မှတ်နေသည်။ ထို့ကြောင့် သူက ထွင်ထျန်းကို မေးလိုက်ခြင်းဖြစ်သည်။
"မင်းက သန္ဓေပြောင်းသားရဲတစ်ကောင်ဖြစ်ပေမယ့် မှော်သားရဲအမျိုးအစား ဖြစ်နေတယ်။ ဝိညာဥ်ကို ထုတ်ဖော်ချင်ရင် ကောင်းကင်သားရဲဖြစ်မှရမယ်"
ထွင်ထျန်းက ဖြေလိုက်သည်။
"ကျွန်တော်က မြွေကြီးကို မထုတ်ဖော်နိုင်တော့ဘူးလား။ ဒါပေမယ့် အစ်ကိုကြီးကလည်း ကောင်းကင်သားရဲမဟုတ်ပါဘူး။ သူက ဘယ်လိုလုပ် ဝိညာဥ်အသွင်ဖြစ်တည်နိုင်နေတာလဲ"
ရှောင်ရိကခေါင်းကုတ်၍ မေးလိုက်သည်။ သူ၏စိတ်ထဲတွင် ဧရာမမြွေကြီးတစ်ကောင်၏ပုံရိပ်ကို ထုတ်ဖော်နိုင်လျှင် အလွန်လန်းမည်ဟု တွေးနေခဲ့သည်။
"ဒဏ္ဍာရီထဲမှာ ပြောကြတာကတော့ လူတစ်ယောက်ဟာ အစွမ်းထက်လွန်းလို့ ပြိုင်ဘက်ကင်းသွားပြီဆိုရင် ဝိညာဥ်ကို ထုတ်ဖော်နိုင်ကြတယ်။ ဒါကို ရှေးခေတ်ဟောင်းရဲ့ကျင့်ကြံသူတွေသာ စွမ်းဆောင်နိုင်ခဲ့ကြတယ်။ ဒါပေမယ့် သူတို့ရဲ့ဝိညာဥ်အသွင်ဖြစ်တည်ခြင်းကို ရှေးဦးဝိညာဥ်လို့ခေါ်တယ်"
ထွင်ထျန်းသည်း ဤပုစ္ဆာကို အဖြေမထုတ်နိုင်ချေ။ သူက ခဏတာစဥ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
"ရှေးဦးဝိညာဥ် ဟုတ်လား။ အစ်ကိုကြီးက ရှေးဦးဝိညာဥ်ကိုပိုင်ဆိုင်ထားတယ်လို့ ပြောချင်တာလား"
ရှောင်ရိက ထပ်မေးလိုက်ပြန်သည်။
"ဆရာလည်း သေချာမသိဘူး။ ရှောင်ရိ မြန်မြန်ပြန်လေ့ကျင့်တော့။ မဟုတ်ရင် မင်းက မင်းရဲ့အစ်ကိုကြီးနောက်မှာ အများကြီးပြတ်ကျန်နေခဲ့လိမ့်မယ်"
ထွင်ထျန်းက ခေါင်းယမ်း၍ တိုက်တွန်းလိုက်သည်။
"ဟုတ်ကဲ့"
ထွင်ထျန်း၏စကားများကြောင့် ရှောင်ရိက စိတ်ဓာတ်များတက်ကြွလာသည်။
လက်ရှိတွင် သူက ရေခဲငရဲကို သင်ယူနိုင်နေပြီဖြစ်သည်။ ခွန်အားအရာတွင် ဆန်းကျယ်ဝိဇ္ဇာအလယ်အဆင့် ကျင့်ကြံသူတစ်ယောက်ပင် ရှောင်ရိကို မယှဥ်နိုင်ချေ။ ထို့အပြင် သူ၏ရုပ်ခန္ဓာက နတ်ဘုရင်တစ်ကောင်နှင့် တန်းတူသန်မာသည်။ သူက မိစ္ဆာကျင့်စဥ်ကို စတင်ကျင့်ကြံပြီးနောက် အကြေးခွံများက နက်မှောင်တောက်ပလာပြီး ထူးခြားသောစွမ်းအားအချို့ စိမ့်ထွက်လာခဲ့သည်။
ရှောင်ရိ၏ဒဏ်ရာများက လျင်မြန်စွာ သက်သာပျောက်ကင်းနေသည်။ ထွင်ထျန်း၏ခန့်မှန်းချက်အရ သူက နတ်ဘုရင်ကျင့်ကြံဆင့်ကို တစ်နှစ်အတွင်း ပြန်လည်ရရှိပေလိမ့်မည်။ ကန့်သတ်ဒေသကျွန်းပေါ်ရှိ အဖြစ်အပျက်များနှင့် နတ်ဝိဇ္ဇာအဆင့် ဖုယုထွက်ပေါ်လာခြင်းက ရှောင်ရိကို ဖိအားများသွားစေခဲ့သည်။ သူကအံကြိတ်ပြီး သည်းခံခဲ့ရသောကြောင့် လက်ရှိတွင် ပိုမိုသန်မာလာစေရန် အစွမ်းကုန်ကြိုးစားနေသည်။ ဤအကြောင်းအရင်းက ရှောင်ရိသည် ခဏအတွင်း ရေခဲငရဲကို အသေးစားကျွမ်းကျင်မှုအဆင့်သို့ လျင်မြန်စွာနားလည်နိုင်ခြင်းဖြစ်သည်။
ရှောင်ရိ၏လေ့ကျင့်မှုကြောင့် ပင်လယ်အတွင်း မီတာတစ်ရာကျော် အချင်းဝက်တွင် ရေများခဲနေသည်။ ရေခဲဆူးချွန်များစွာကလည်း လေထဲတွင် လွင့်ပျံနေကြသည်။
ယဲ့ချန်နှင့်ရှောင်ရိ ကျင့်ကြံနေစဥ် ကောင်းကင်ထက်တွင် ငှက်အော်သံများ ဆက်တိုက်ထွက်ပေါ်လာပြီး နေလင်းယုန် ပြန်လည်ရောက်ရှိလာခဲ့သည်။
မြေပြင်တွင် တင်ပျဥ်ခွေထိုင်၍ ကျင့်ကြံနေသော ယဲ့ချန်က မျက်လုံးများ ဖြတ်ခနဲပွင့်လိုက်သည်။ နေလင်းယုန်ပေးပို့လာသော သတင်းစကားကြောင့် သူက မျက်မှောင်ကြုတ်လိုက်သည်။ နန်မန်တိုင်းပြည်က နောက်ထပ်သည်းခံမနေတော့ဘဲ ရှီဝူအင်ပါယာသို့ စတင်ကျူးကျော်လာပြီဖြစ်သည်။ ကြည့်ရသည်မှာ ယဲ့ချန်က ရှီဝူအင်ပါယာသို့ အလျင်စလိုပြန်ရန် လိုအပ်နေပုံပေါ်သည်။
"ရှောင်ရိ ငါတို့ရှီဝူအင်ပါယာကို အမြန်ပြန်ရမယ်"
ယဲ့ချန်က ရှောင်ရိကို အော်ပြော၍ နေလင်းယုန်ပေါ်သို့ ခုန်တက်လိုက်သည်။
"ဟုတ်ကဲ့"
ရှောင်ရိကခေါင်းညိတ်၍ ဝိညာဥ်ပုလဲကိုပိုက်ပြီး နေလင်းယုန်၏ကျောပေါ်သို့ လူအသွင်ပြောင်းကာ တက်လာခဲ့သည်။ ထို့နောက် နေလင်းယုန်က ပင်လယ်ကိုဖြတ်၍ ပျံသန်းလိုက်သည်။ ဝူစီကိုလည်း ရှောင်ရိက ပင်လယ်အတွင်း ခုန်ဆင်း၍ အတူခေါ်ဆောင်လာခဲ့သည်။
နေလင်းယုန်က တောင်ပံများကို အစွမ်းကုန်ခတ်၍ လျင်မြန်စွာပျံသန်းလိုက်သောအခါ မိုးကုပ်စက်ဝိုင်းအတွင်း ကြယ်ပျံတစ်လုံးကဲ့သို့ တိုးဝင်ပျောက်ကွယ်သွားခဲ့၏။
ရှီဝူအင်ပါယာ တော်ဝင်နန်းတော်အထက်တွင် ရွှေရောင်ငှက်ကြီးတစ်ကောင် ဝဲပျံနေခဲ့သည်။
"မြန်မြန်သတင်းပို့ကြစမ်း။ သခင်ယဲ့ ပြန်ရောက်လာပြီ"
ရွှေရောင်သံချပ်ဝတ်အစောင့်တစ်ယောက်က ကျယ်လောင်စွာအော်ဟစ်၍ တော်ဝင်စာကြည့်ခန်းထံ ပြေးသွားခဲ့သည်။
တော်ဝင်စစ်သည်တော်များက အလွန်ဝမ်းမြောက်နေကြသည်။ ကန့်သတ်ဒေသမှပြန်လာသော စစ်သည်များ၏စကားကြောင့် သခင်ယဲ့ဟူသော နာမည်က တော်ဝင်ရဲမက်များကြားတွင် အလွန်ကျော်ကြားနေသည်။ ကန့်သတ်ဒေသ၏အဖြစ်အပျက်များက သူတို့ကြားတွင် တောမီးလောင်သကဲ့သို့ ပျံ့နှံ့ထားပြီးဖြစ်လေသည်။
နန်မန်တိုင်းပြည်မှ ထို့ပါရန်အမည်ရသော ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်ကို ကန့်သတ်ဒေသသို့ ပို့လွှတ်ခဲ့သည်။ သို့သော် တိုက်ပွဲများအတွင်း ထို့ပါရန်ရောယဲ့ချန်ပါ ပျောက်ဆုံးနေကြသဖြင့် လူတိုင်း၏အတွေးတွင် ထို့ပါရန်ကို ယဲ့ချန်မှဖြေရှင်းလိုက်ကြောင်း ထင်မှတ်သွားကြသည်။ ထို့ပါရန်သည် မင်ဝူထက်ပင် ပို၍အစွမ်းထက်သူဖြစ်သောကြောင့် သခင်ယဲ့ဟူသည့်အမည်က စတင်ကျော်ကြားလာခဲ့သည်။
သာမန်တော်ဝင်စစ်သည်များ၏ အမြင်တွင် ကောင်းကင်ဝိဇ္ဇာတစ်ယောက်က နတ်ဘုရားပမာဖြစ်သည်။ ထို့အပြင် ယဲ့ချန်က အလွန်ငယ်ရွယ်သော လူငယ်တစ်ယောက်လည်း ဖြစ်နေခဲ့သည်။
"သခင်ယဲ့က တုန်းလင်ပြည်နယ်၊ယဲ့မျိုးနွယ်ကလို့ ငါ ကြားဖူးတယ်"
"ဟုတ်တယ်။ ယဲ့အိမ်တော်က စွမ်းအားနည်းပေမယ့် ဒီလိုပါရမီရှင်မျိုး ထွက်ပေါ်လာခဲ့တယ်"
ရွှေသံချပ်ဝတ်တော်ဝင်စစ်သည်များက တီးတိုးဆွေးနွေးနေကြသည်။ လူတိုင်းက မနာလိုအားကျစိတ်များ ခံစားနေရသည်။ ယဲ့ချန်ပြန်ရောက်လာခြင်းက သူတို့ကို စိတ်ခွန်အားတိုးဆေးများ တိုက်ကျွေးလိုက်သည်နှင့် မခြားပေ။ လက်ရှိတွင် ရှီဝူအင်ပါယာဘက်တွင် ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်ကို အနိုင်ယူလာသော ကျင့်ကြံသူတစ်ယောက် ရှိလာသဖြင့် နန်မန်တိုင်းပြည်ကသိမ်းပိုက်ရန် မလွယ်ကူတော့ပေ။
နေလင်းယုန်သည် တော်ဝင်ဥယျာဥ်အတွင်းရှိ မြေကွက်လပ်တွင် ဆင်းသက်လိုက်သည်။ ယဲ့ချန်က ၎င်း၏ကျောပေါ်မှ ခုန်ချလိုက်သည်။ ကောင်းကင်ဝိဇ္ဇာအလယ်အဆင့်သို့ ရောက်ပြီးနောက် သူက အစွမ်းထက်အရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်။ သူ၏လှုပ်ရှားမှုတိုင်းတွင် တာအိုသဘောတရားများ ပေါင်းစပ်ပါဝင်နေသဖြင့် ပတ်ဝန်းကျင်ရှိလူများပင် ခံစားမိနိုင်လောက်သည်။
ရှောင်ရိသည်လည်း သူ့နောက်မှ လိုက်ပါလာသည်။ သူ၏ချစ်စဖွယ်မျက်နှာလေးကြောင့် တော်ဝင်နန်းတော်မှ မိန်းမပျိုများက လည်ပြန်ကြည့်ကြည့်သွားကြသည်။
ဧကရာဇ်မင်ဝူ၊ ဆေးဆရာရွှမ်းယီ၊ နင်ချင်းယွင်နှင့် နေမီးတောက်ငှက်တို့က ခဏအတွင်း လာရောက်ကြိုဆိုခဲ့ကြသည်။
"အရှင်"
နင်ချင်းယွင်နှင့် နေမီးတောက်ငှက်က ယဲ့ချန်ကို အလွန်လေးစားစွာ အရိုအသေပေးလိုက်ကြသည်။
"ဆရာ"
ယဲ့ချန်က သူတို့ကို လက်ကာတားမြစ်လိုက်ပြီး ဆေးဆရာရွှမ်းယီရှေ့သို့သွားကာ အရိုအသေပေးလိုက်၏။
"မင်းပြန်လာတာ ကောင်းတယ်။ ငါတို့က မင်းပြန်မလာနိုင်တော့မှာကို စိုးရိမ်နေကြတာ"
ရွှမ်းယီက တစ်ချက်ပြုံး၍ ကြိုဆိုလိုက်သည်။
"နန်းတော်ထဲကို သွားကြရအောင်"
မင်ဝူက ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။ နံရံများတွင် နားနှင့်မျက်စိများရှိနိုင်သောကြောင့် နန်မန်တိုင်းပြည်ထံ သတင်းပေါက်ကြားသွားလျှင် ပြဿနာရှိနိုင်သည်။
တော်ဝင်စာကြည့်ခန်းသို့ သွားရာလမ်းတွင် သူတို့အုပ်စုက အရေးမပါသောကိစ္စများကို ဆွေးနွေးခဲ့ကြသည်။ မင်ဝူတို့သည် ယဲ့ချန်က မြောက်ပင်လယ်၏ကျွန်းပေါ်တွင် နှစ်လကြာအောင် ကျင့်ကြံနေကြောင်း သိခဲ့သော်လည်း များစွာမစပ်စုကြပေ။ ယဲ့ချန်ကလည်း ဖုယုနှင့် ကောင်းကင်သိုင်းချီအကြောင်းကို လျှို့ဝှက်ထားခဲ့သည်။
စာကြည့်ခန်းအတွင်း သူတို့က ခုံကိုယ်စီဖြင့် စုဝေးလိုက်ကြသည်။ နင်ချင်းယွင်နှင့်နေမီးတောက်ငှက်က ယဲ့ချန်ရှေ့တွင် မထိုင်ရဲသော်လည်း သူက ခွင့်ပြုပေးခဲ့သည်။ နှစ်ယောက်လုံးက အရဲစွန့်၍ထိုင်နေရသော်လည်း အမှားလုပ်မိမည်စိုး၍ တုန်လှုပ်နေကြသည်။
မင်ဝူနှင့်ရွှမ်းယီသည် ယဲ့ချန်က ကောင်းကင်ဝိဇ္ဇာနှစ်ယောက်ကို အမိန့်ပေးနိုင်သော အကြောင်းအရင်းကို သိလိုနေကြသည်။ ဤအချက်က အလွန်ထူးဆန်းနေသည်။ နင်ချင်းယွင်နှင့် နေမီးတောက်ငှက်မှာ ယဲ့ချန်ကို ရိုသေလေးစားရုံသာမက အလွန်ကြောက်ရွံ့နေကြသည်။ ယဲ့ချန်ထံတွင် သူတို့မသိသော နောက်ခံတစ်ခု ရှိနေပုံပေါ်သည်။
နင်ချင်းယွင်နှင့် နေမီးတောက်ငှက်၏အမြင်တွင် ယဲ့ချန်က နတ်ဘုရင်တစ်ယောက်ဖြစ်သည်။ သာမန်လူများအများစုမှာ ဤဖြစ်တည်မှုမျိုးကို ကြားပင်မကြားဖူးကြပေ။ နတ်ဘုရင်များ၊ နတ်ဝိဇ္ဇာများစသော ဖြစ်တည်မှုများက ဤလောကကြီး၏အာဏာကို နောက်ကွယ်မှ ထိန်းချုပ်နိုင်စွမ်းရှိကြသည်။ သူတို့၏ခွန်အားအနည်းငယ်ကပင် ရှီဝူအင်ပါယာကဲ့သို့ တိုင်းပြည်များကို ရက်အနည်းငယ်အတွင်း ပြာချပစ်လိုက်နိုင်သည်။
သို့သော် နှစ်ယောက်လုံးက ယဲ့ချန်မှာ လူလိမ်တစ်ယောက်ဖြစ်နေမည်ဟု ထင်မထားကြပေ။ သူ၏အစစ်အမှန်ခွန်အားဖြစ်သော ဆန်းကျယ်ဝိဇ္ဇာအလယ်အဆင့်ကိုသိလျှင် ဤနေရာတွင် နန်မန်တိုင်းပြည်ကို ရင်ဆိုင်ပေးရန် ရောက်ရှိနေကြမည်မဟုတ်ပေ။ နင်ချင်းယွင်နှင့် နေမီးတောက်ငှက်၏အမြင်တွင် နန်မန်တိုင်းပြည်က စဥ့်တီတုံးပေါ် ခေါင်းလာတင်ပေးသည့် လူတစ်ယောက်နှင့် တူညီနေသည်။ သူတို့၏အရှင်နတ်ဘုရင်က အပျော်ရှာ၍ဝသွားလျှင် အသက်ရှူသံတစ်ချက်တည်းဖြင့် နန်မန်တိုင်းပြည်အား ဖျက်ဆီးပစ်လိုက်နိုင်လေသည်။
***