အိပ်မက်ပမာလှပသော အမွေးပွလေး
Vol. 21 Ch. 284
"နန်မန်တိုင်းပြည်က ရှီဝူအင်ပါယာကို စတင်ကျူးကျော်လာပြီလို့ ကြားတယ်။ အခြေအနေ ဘယ်လိုရှိလဲ"
ယဲ့ချန်က မေးလိုက်သည်။
"နောက်ဆုံးရသတင်းကို ပြောရမှာကတော့ နာကျင်စရာကောင်းတယ်။ တုန်းလင်ပြည်နယ်အပါအဝင် အင်ပါယာရဲ့ ပြည်နယ်ရှစ်ခု ကျဆုံးသွားပြီ"
ယဲ့ချန်၏အမေးကြောင့် အတွေးနက်နေသော မင်ဝူက သတိပြန်ဝင်လာ၍ ဖြေလိုက်သည်။
"တုန်းလင်ပြည်နယ်"
ယဲ့ချန် မျက်မှောင်ကြုတ်လိုက်သည်။
"ငါက တုန်းလင်ပြည်နယ်မှာ ယဲ့မျိုးနွယ်ကိုကယ်ထုတ်ပေးဖို့ လူတွေ လွှတ်ခဲ့တယ်။ ဒါပေမယ့် ငါ့လူတွေက ယဲ့မျိုးနွယ်ကို ရှာမတွေ့ခဲ့ဘူး။ တုန်းလင်ပြည်နယ်ရဲ့သတင်းတွေမှာတော့ နန်မန်စစ်သည်ထောင်ချီကို ယဲ့မျိုးနွယ်က ချုံခိုသတ်ဖြတ်နိုင်ခဲ့တယ်လို့ ကြားတယ်။ ဒါပေမယ့် ယဲ့မျိုးနွယ်ဝင်အနည်းငယ်လည်း အသက်ပေးခဲ့ရတယ်"
မင်ဝူက ဆက်ပြောသည်။
"ယဲ့မျိုးနွယ်ဝင်တွေ သေရတယ်လား"
ယဲ့ချန်၏မျက်လုံးများ အေးစက်စက်ဖြစ်သွားခဲ့သည်။ မူလတွင် ယဲ့မျိုးနွယ်က လူဦးရေများစွာမရှိပေ။ လက်ရှိ၌ ကလေးငယ်များအပါအဝင် လူဦးရေ လေးငါးထောင်ခန့်ရှိလာပြီဖြစ်သော်လည်း မျိုးနွယ်ဝင်တိုင်း၏သေဆုံးမှုက ယဲ့ချန်၏နှလုံးသားကို နာကျင်စေသည်။ လက်ရှိတွင် ယဲ့မျိုးနွယ်က တောင်ကြားအတွင်း၌ လုံခြုံနေသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ရန်သူများက ရှာတွေ့သွားနိုင်သည်။ ယဲ့ချန်အနေဖြင့် ယဲ့မျိုးနွယ်ထံ မြန်နိုင်သမျှမြန်မြန် ပြန်ရပေလိမ့်မည်။
ယဲ့ချန်၏အမူအရာကို မြင်သောအခါ မင်ဝူသည် ယဲ့ချန်အတွက် ယဲ့မျိုးနွယ်ကမည်မျှအရေးပါကြောင်း နားလည်သွားခဲ့သည်။
"နောက်ထပ်ကိစ္စတစ်ခုလည်း ရှိသေးတယ်"
မင်ဝူက မည်းနက်နေသောမျက်နှာဖြင့် ယဲ့ချန်ထံ စာတစ်စောင် ကမ်းပေးလိုက်သည်။ သူက ယင်းမုန့်ထန်းကိုကယ်တင်ရန် လူများစေလွှတ်ခဲ့သော်လည်း နောက်ကျသွားခဲ့သည်။ ယင်းမုန့်ထန်းသည် ရင်းပေ့ပြည်နယ်၏မြို့ရိုးပေါ်တွင် မားမားမတ်မတ်ရပ်ကာ မင်းနေပြည်တော်ထံမျက်နှာမူ၍ အသက်ကို ပေးလှူသွားခဲ့သည်။ သူ၏ကိုယ်ပေါ်တွင် မြှားခုနစ်ချောင်းစိုက်ဝင်နေပြီး ယင်းမုန့်ထန်းမှာ နောက်ဆုံးစကားကိုမှာကြားချင်သော်လည်း အခွင့်အရေးမရခဲ့ချေ။ မင်ဝူသည် ယင်းမုန့်ထန်း၏စိတ်အတွင်းရှိသော စိုးရိမ်စိတ်ကို ကောင်းစွာနားလည်ထားသည်။ ယင်းမုန့်ထန်းသည် သူအသက်စွန့်ကာကွယ်ခဲ့သော ဤမြေနှင့် တော်ဝင်မျိုးနွယ်၏ သွေးမျိုးဆက်ကို မပျက်စီးစေလိုခြင်းဖြစ်သည်။
ယဲ့ချန်သည် မင်းသားယင်း၏သေဆုံးမှုကို ကြားသောအခါ မယုံနိုင်သဖြင့် ထိတ်လန့်သွားရသည်။ သူ၏အတွေးတွင် ယင်းမုန့်ထန်းနှင့် လင်းယွန်တောင်တန်း၏မြေအောက်တွင် တွေ့ဆုံခဲ့သောအကြောင်းက ပြန်လည်ထွက်ပေါ်လာသည်။ မင်းသားယင်း၏စကားများကို ကြားခဲ့ရသည်မှာ မနေ့တနေ့ကကဲ့သို့ပင်ဖြစ်သည်။ ဘဝကား ခန့်မှန်းမရနိုင်သော ပြောင်းလဲမှုများ ပြည့်နှက်နေသည်။ ယဲ့ချန်က မင်ဝူကမ်းပေးလာသည့် ချိတ်ပိတ်ထားသော စာကို ယင်းမုန့်ထန်းအပေါ် လေးစားမှုပြသကာ လက်နှစ်ဖက်ဖြင့် ရိုရိုသေသေယူလိုက်သည်။
"ခေါင်းဆောင်ယဲ့ နှုတ်ဆက်ပါတယ်။ မင်းနဲ့မိတ်ဆွေဖြစ်ခဲ့ရတာဟာ ကျုပ်ဘဝမှာ အကောင်းဆုံးအရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ကျုပ်တို့တွေ သေရည်အတူသောက်ပြီး အတွေ့အကြုံတွေကို မျှဝေခွင့်မရတာကတော့ နှမြောစရာကောင်းလွန်းတယ်။ ကျုပ်သေပြီး ဘယ်နေရာမှာမြုပ်နှံခံရမယ်ဆိုတာ အရေးမကြီးပါဘူး။ ကျုပ်တစ်ဘဝလုံး တော်ဝင်မျိုးနွယ်အပေါ်မှာ သစ္စာရှိခဲ့လို့ ကျုပ်မျိုးနွယ်အတွက်သေရတာ နောင်တရစရာမရှိပါဘူး။ ခေါင်းဆောင်ယဲ့လိုမျိုး ကျုပ်ဟာလည်း ရင်းပေ့နယ်ရဲ့ပြည်သူတွေကို မစွန့်ပစ်ခဲ့ပါဘူး။ ရှီဝူအင်ပါယာဟာ အန္တရာယ်ကြီးတစ်ခု ရင်ဆိုင်နေရပြီး ကျုပ်က ခေါင်းဆောင်ယဲ့ကို အားနာနာနဲ့တစ်ခုဆောင်းဆိုပါရစေ။ ရှီဝူအင်ပါယာက နန်မန်တိုင်းပြည်ကိုမယှဥ်နိုင်ဘူး။ တကယ်လို့ ခေါင်းဆောင်ယဲ့သာ ကူညီပေးနိုင်တယ်ဆိုရင် တော်ဝင်မျိုးနွယ်ရဲ့မျိုးဆက်မပြတ်အောင် ကာကွယ်ကယ်တင်ပေးပါ။ ကျုပ် အဘိုးကြီးယင်းမုန့်ထန်းက ခေါင်းဆောင်ယဲ့ကို ထာဝရကျေးဇူးတင်နေမှာပါ။ အားလုံးကို နှုတ်ဆက်ပါတယ်။
ယင်းမုန့်ထန်း"
ယင်းမုန့်ထန်း၏စာကို ဖွင့်ဖတ်ပြီးနောက် ယဲ့ချန်က သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။ ယဲ့ချန်သည် ယင်းမုန့်ထန်း၏သူရဲကောင်းစိတ်ဓာတ်ကို အလွန်ရိုသေလေးစားသည်။ ယင်းမုန့်ထန်း သေဆုံးသွားကြောင်း သိရသောအခါ သူ၏စိတ်ထဲတွင် အလွန်ဝမ်းနည်းပြီး နာကျင်သွားခဲ့သည်။
"ဦးရီးတော်ယင်းဟာ သူ့ဘဝတလျှောက်လုံး ရင်းပေ့ပြည်နယ်ရဲ့ ပြည်သူတွေအပေါ် ကောင်းကောင်းမွန်မွန်အုပ်ချုပ်ခဲ့တယ်။ သူသေဆုံးသွားတဲ့အခါ ရင်းပေ့ပြည်သူခြောက်သိန်းက သူ့အလောင်းကိုယူဖို့ အသက်နဲ့ရင်းပြီး စွန့်စားခဲ့ကြတယ်"
ကျောက်တုံးပမာ အေးစက်မာကျောသော စိတ်ဓာတ်ပိုင်ရှင် မင်ဝူသည်ပင်လျှင် ယင်းမုန့်ထန်း၏သေဆုံးမှုကြောင့် နှလုံးသားကို ဓားထက်ထက်နှင့်ထိုးချလိုက်သည့်ပမာ ခံစားနေရသည်။ သူ၏မျက်လုံးထောင့်များတွင် စတင်နီရဲလာသည်။
"ဦးရီးတော်ယင်း အေးချမ်းစွာအနားယူပါ။ ကျုပ်က နန်မန်တိုင်းပြည်နဲ့တိုက်ပွဲမှာ ရှီဝူအင်ပါယာကို အစွမ်းကုန်ကူညီပါမယ်။ အဆိုးဆုံးအခြေအနေ ဖြစ်လာရင်တောင် ကျုပ်က တော်ဝင်မျိုးဆက်သွေးကို ကယ်တင်ကာကွယ်ပါ့မယ်"
ယဲ့ချန်သည် ယင်းမုန့်ထန်း၏စာကိုကိုင်ပြီး အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေခဲ့သည်။ ထို့နောက် သူက ယင်းမုန့်ထန်းကို ကတိပြုလိုက်ပြီး ခရမ်းရောင်မီးတောက်ဖြင့် စာကို လောင်ကျွမ်းလိုက်သည်။ ပြာများက လေထဲသို့ လိပ်ပြာများသဏ္ဍာန် လွင့်ပျံသွားကြသည်။
"အစ်ကိုမင်ဝူ ဘာဆက်လုပ်ဖို့စီစဥ်ထားလဲ"
ယဲ့ချန်က မင်ဝူကို တစ်ချက်ကြည့်၍ မေးလိုက်သည်။ လက်ရှိတွင် သူ၏ခွန်အားက တိုင်းပြည်တစ်ခု၏ဘုရင်ကို ရိုသေလေးစားနေစရာမလိုပေ။ ထို့ကြောင့် သူက မင်ဝူကို တန်းတူရည်တူဆက်ဆံလိုက်၏။
မင်ဝူသည်လည်း ယဲ့ချန်၏အခေါ်အဝေါ်ကို စိတ်မကွက်ပေ။ ယဲ့ချန်သည် အလွန်အမင်းအစွမ်းထက်သော နောက်ခံကို ပိုင်ဆိုင်ထားသည့် ပါရမီရှင်ဖြစ်ကာ နင်ချင်းယွင်ပင်လျှင် ရိုသေစွာ ဆက်ဆံရသူဖြစ်သည်။
"ငါ ရထားတဲ့သတင်းတွေအရ နန်မန်တွေမှာ ဆန်းကျယ်ဝိဇ္ဇာထို့ပါရန်အပြင် ကောင်းကင်ဝိဇ္ဇာလေးယောက်ရှိတယ်လို့ ကြားထားတယ်။ သူတို့ထဲကတစ်ယောက်က ဒဏ်ရာအပြင်းအထန်ရထားလို့ သုံးယောက်သာ စစ်ပွဲမှာ ပါဝင်တိုက်ခိုက်နိုင်တယ်။ ထို့ပါဟုန်ယဲ့ကတော့ စစ်မြေပြင်မှာ လူကိုယ်တိုင် ထွက်ပေါ်လာခြင်းမရှိဘူး။ ငါတို့လူအင်အားက ကောင်းကင်ဝိဇ္ဇာသုံးယောက်ကို ရင်ဆိုင်ဖို့ လုံလောက်တယ်။ ပြီးတော့ နန်မန်တိုင်းပြည်ရဲ့နောက်မှာ အစွမ်းထက်ဂိုဏ်းရှိနေလို့ စစ်ကူတွေ ရောက်လာနိုင်တယ်။ ဒီရက်တွေမှာ နန်မန်တွေက မင်းနေပြည်တော်ကို မကျူးကျော်ဘူးဆိုတော့ တစ်ခုခုကို စောင့်နေကြပုံပေါ်တယ်"
မင်ဝူက သူရထားသော သတင်းနှင့်တကွ သုံးသပ်ချက်များကို ရှင်းပြလိုက်သည်။
"အစွမ်းထက်ဂိုဏ်း ဟုတ်လား"
ယဲ့ချန်က စပ်စုလိုက်သည်။
"ဟုတ်တယ်။ ရှီဝူအင်ပါယာရော နန်မန်တိုင်းပြည်ရောကို အလယ်အင်ပါယာရဲ့ဂိုဏ်းတွေက ချုပ်ကိုင်ထားတယ်။ ငါတို့နောက်ခံဂိုဏ်းက မိုးကြိုးဂိုဏ်းလို့ခေါ်ပြီး အတိတ်ကအစွမ်းထက်ခဲ့ပေမယ့် အခုတော့ ကျဆင်းလာပြီ။ နန်မန်တိုင်းပြည်ရဲ့နောက်ခံကတော့ မီးနတ်ဘုရားဂိုဏ်းလို့ခေါ်တယ်။ ဒီနှစ်တွေမှာ မီးနတ်ဘုရားဂိုဏ်းက ရက်စက်တဲ့နည်းပေါင်းစုံကိုသုံးပြီး အလယ်အင်ပါယာရဲ့ ထိပ်တန်းဂိုဏ်းဆယ်ခုထဲကို ဝင်ရောက်လာနိုင်ခဲ့တယ်"
မင်ဝူက ဆက်၍ရှင်းပြလိုက်သည်။
မင်ဝူ၏စကားကြောင့် ယဲ့ချန်သည် တိုင်းပြည်များ၏စစ်ပွဲနောက်တွင် အလယ်အင်ပါယာမှ အင်အားစုများရှိနေကြောင်း နားလည်သွားခဲ့သည်။ ဤအကြောင်းအရင်းကြောင့် အလယ်အင်ပါယာက တိုင်းပြည်ငယ်လေးများကို မကျူးကျော်ခြင်းဖြစ်သည်။ ၎င်းတို့မှာ ဂိုဏ်းကြီးများ၏အကွက်ရွှေ့စရာ စစ်တုရင်ရုပ်ကလေးများ ဖြစ်နေလေသည်။
ယဲ့ချန်သည် မီးနတ်ဘုရားဂိုဏ်းက မည်မျှအစွမ်းထက်ကြောင်း သိမထားပေ။ သူ့ထံတွင် ထုံတန်ခြင်္သေ့ဘုရင်၏တံဆိပ်ရှိကြောင်း အမှတ်ရလိုက်သည်။ ဤတံဆိပ်က မဟူရာဂိုဏ်းနှင့် နတ်ဆရာဂိုဏ်း၏ ကျင့်ကြံသူများကို အမိန့်ပေးနိုင်သည်။ ၎င်းတို့က အလယ်အင်ပါယာတွင် ထိပ်တန်းအဆင့်ငါးဝင်သော ဂိုဏ်းကြီးများဖြစ်သောကြောင့် အကူအညီများရောက်လာလျှင် သူတို့အတွက် အလွန်အကျိုးရှိမည်ဖြစ်သည်။ တစ်ခုတည်းသောပြဿနာမှာ အလယ်အင်ပါယာနှင့် ဤစစ်မြေပြင်က အလွန်ဝေးကွာနေခြင်းဖြစ်သည်။ နောက်ဆုံးတွင် စစ်ပွဲကိုအနိုင်ရရန် ကိုယ့်ကိုကိုယ်သာ အားကိုးရပေလိမ့်မည်သာ။
ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်ပြီး အတွေးနက်နေသည်။ သူ၏ခွန်အားက ဆန်းကျယ်အလယ်အဆင့်ဝိဇ္ဇာဖြစ်သောကြောင့် နန်မန်စစ်သည်အရေအတွက်မည်မျှကို အနိုင်ယူနိုင်မည်ဟု ဆင်ခြင်နေသည်။ ရန်သူက မည်မျှများပါစေ ယဲ့ချန်က ရင်ဆိုင်ရမည်သာဖြစ်၍ အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ သူ၏ကျင့်ကြံဆင့် မြင့်တက်လာပြီးနောက် လေ့ကျင့်ရန် ရန်သူများမရှိမည်ကို စိုးရိမ်နေခဲ့သည်။ အကယ်၍ ရန်သူက နတ်ဝိဇ္ဇာအဆင့်ဆိုလျှင်တောင် သူ့အနေဖြင့် သေချာပေါက်ရင်ဆိုင်ရမည်ဖြစ်သည်။ သို့သော်လည်း နန်မန်တိုင်းပြည်အနေဖြင့် နတ်ဝိဇ္ဇာ သို့မဟုတ် နတ်ဘုရင်အဆင့်ကျင့်ကြံသူများကို စစ်ကူတောင်းနိုင်စရာအကြောင်း လုံးဝမရှိချေ။
"အလယ်အင်ပါယာမှာ ဂိုဏ်းတွေက ဘယ်လောက်ရှိတာလဲ"
ယဲ့ချန်က မင်ဝူထံ စုံစမ်းလိုက်သည်။ သူက အလယ်အင်ပါယာအကြောင်း များစွာသိမထားခဲ့ပေ။
"အလယ်အင်ပါယာမှာ ဂိုဏ်းအရေအတွက် စုစုပေါင်း၃၁ဂိုဏ်းရှိတယ်။ ထိပ်ဆုံးကနေစပြီးပြောရရင် မုန်တိုင်းအိမ်တော်၊ မဟူရာဂိုဏ်း၊ နတ်ဆရာဂိုဏ်း၊ မီးတောက်နီ၊ တိမ်ဖြူတောင်ကြား၊ မီးနတ်ဘုရားဂိုဏ်းနဲ့ ဂီတဂိုဏ်းတို့က အစွမ်းထက်ကြတယ်။ ဒီအဆင့်တွေက ပြောင်းလဲနေပေမယ့် ထိပ်တန်းဂိုဏ်းကြီးတွေက နေရာတည်မြဲကြတယ်။ မုန်တိုင်းအိမ်တော်မှာဆိုရင် နတ်ဝိဇ္ဇာစဦးအဆင့် ကျင့်ကြံသူတစ်ယောက်ရှိတယ်လို့ ကောလဟာလတွေရှိတယ်။ မှန်လားမှားလားတော့ ငါလည်း မသေချာဘူး။ အဓိကဂိုဏ်းကြီးသုံးခုဖြစ်တဲ့ မုန်တိုင်းအိမ်တော်၊ မဟူရာဂိုဏ်းနဲ့ နတ်ဆရာဂိုဏ်းဟာ ဆန်းကျယ်ဝိဇ္ဇာအယောက်သုံးဆယ်ကျော်ရှိပြီး ကျန်ဂိုဏ်းတွေမှာ ဆယ်ယောက်ကျော် ပိုင်ဆိုင်ထားကြတယ်"
ယဲ့ချန်သည် မီးနတ်ဘုရားဂိုဏ်း၏အစွမ်းကို သိလိုသဖြင့် ဤသို့မေးကြောင်း နားလည်လိုက်သော မင်ဝူက ပြည့်ပြည့်စုံစုံရှင်းပြလိုက်၏။
ထန်တိုက်လင်နှင့် ဖုယုကဲ့သို့ အစွမ်းထက်သူများကို မြင်ဖူးထားသော ယဲ့ချန်အတွက် ဤဂိုဏ်းများ၏စွမ်းအားက တုန်လှုပ်စရာမရှိချေ။ သူ၏အတွေးတွင် ဂိုဏ်းကြီးများက သမာဓိကောင်စီ၊ နတ်ဘုရင်နန်းတော်စသော အင်အားစုကြီးများအောက် များစွာမနိမ့်ကျဟု ထင်ထားခဲ့သည်။ သို့သော် သူ၏အထင်လွဲမှားသွားကာ ဤဂိုဏ်းများနှင့် အင်အားစုကြီးများတွင် စွမ်းအားအဆင့်ချင်း အလွန်ကွာခြားနေခဲ့သည်။
သို့သော်လည်း ယဲ့ချန်၏ခွန်အားက ဤဂိုဏ်းများကို မယှဥ်ပြိုင်နိုင်သေးပေ။
"နောက်ထပ်ရက်နည်းနည်းလောက်စောင့်ပြီး နန်မန်တွေရဲ့လှုပ်ရှားမှုကို ကြည့်ကြတာပေါ့။ ပြီးမှဆုံးဖြတ်မယ်"
ခဏတာစဥ်းစားပြီးနောက် ယဲ့ချန်က ညွှန်ကြားလိုက်သည်။ လက်ရှိတွင် သူတို့၏အင်အားဖြင့် စတင်တိုက်ခိုက်လျှင်ပင် မလွယ်ကူသောကြောင့် နောက်ဆုံးသတင်းကိုသာ စောင့်ဆိုင်းရမည်ဖြစ်သည်။
"ယဲ့ချန် မင်းနဲ့အတူပါလာတတ်တဲ့ မြေခွေးလေးရော ဘယ်ပျောက်နေတာလဲ"
ယဲ့ချန်နှင့် မခွဲအတူရှိနေကျဖြစ်သော အမွေးပွလေးကို မမြင်သဖြင့် ရွှမ်းယီက မေးလိုက်ခြင်းဖြစ်သည်။
ယဲ့ချန်က အထီးကျန်မှုနှင့်ဝမ်းနည်းစိတ်ကို ခံစားလိုက်ရသဖြင့် ခေါင်းငုံ့ပြီး ချက်ချင်းတိတ်ဆိတ်သွားခဲ့သည်။ ယဲ့ချန်၏အပြုအမူကြောင့် အကင်းပါးသော မင်ဝူနှင့်ရွှမ်းယီက တစ်စုံတစ်ခုဖြစ်ပျက်သွားကြောင်း နားလည်လိုက်သည်။ သူတို့က အမွေးပွလေး၏အကြောင်းကို ထပ်မမေးကြတော့ပေ။
"ငါက မင်းနဲ့ရှောင်ရိအတွက် နေစရာစီစဥ်ပေးမယ်။ တစ်ခုခုထူးခြားလာရင် သတင်းပို့လိုက်မယ်"
မင်ဝူက ပြောလိုက်သည်။
"ကောင်းပြီ"
ယဲ့ချန်က ခေါင်းညိတ်လိုက်သည်။ သူက တော်ဝင်နန်းတော်အတွင်း နေထိုင်ဖူးသည်ဖြစ်သောကြောင့် ဤနေရာနှင့်စိမ်းသက်သည်ဟု မခံစားရပေ။
ယဲ့ချန်နှင့်ရှောင်ရိက သီးသန့်ခြံဝန်းတစ်ခုအတွင်း နေထိုင်ကြသည်။ နန်မန်တိုင်းပြည်၏သတင်းကို စောင့်ဆိုင်းနေသော အချိန်အတွင်း၌ ယဲ့ချန်က စားသောက်ချိန်မှလွဲလျှင် လုံးဝအနားမယူဘဲ လေ့ကျင့်နေခဲ့သည်။ ခြင်္သေ့ကြီးပင်လျှင် ယဲ့ချန်၏ခိုင်မာသော လုံ့လဝီရိယကို ချီးကျူးနေမိသည်။
ယဲ့ချန်အတွက် အရူးတစ်ယောက်ပမာ သည်းကြီးမည်းကြီးလေ့ကျင့်ခြင်းက အမွေးပွလေးကိုလွမ်းသော စိတ်အား ယာယီမျှမေ့ပျောက်စေလေသည်။
နှစ်ရက်ဆက်တိုက် ကျင့်ကြံပြီးနောက် အလွန်ပင်ပန်းနေပြီဖြစ်သော ယဲ့ချန်က အိပ်မောကျသွားခဲ့သည်။ လအလင်းရောင်က ကောင်းကင်ထက်မှ ယဲ့ချန်၏အိပ်ရာပေါ်သို့ ဖြာကျလာခဲ့သည်။
ထိုအချိန်တွင် ဖြစ်ရပ်တစ်ခု မှော်ဆန်စွာထွက်ပေါ်လာသည်။ ယဲ့ချန်၏ကိုယ်ပေါ်တွင် သိမ်းဆည်းထားသော ပုံရိပ်ယောင်ပုလဲက လေထဲသို့ မြင့်တက်လာခဲ့သည်။ လရောင်အောက်တွင် ပုလဲက ချက်ချင်းတောက်ပလာပြီး အဖြူရောင်အလင်းတန်းများက ယဲ့ချန်ကိုယ်ပေါ်သို့ ကျဆင်းလာ၏။
လရောင်ကိုစုပ်ယူနေသော ပုံရိပ်ယောင်ပုလဲ၏ အဖြူရောင်အလင်းများအောက်တွင် ပုံရိပ်လေးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူမက လောကသို့ဆင်းသက်လာသော နတ်မိမယ်တစ်ပါးပမာ ထင်မှတ်ရပြီး လရောင်အောက်တွင် အသားအရေလေးက တောက်ပနေသည်။ သူမတွင် ချွန်ထက်သော နားရွက်တစ်စုံနှင့် ဘယ်ညာယမ်းနေသော အမြှီးရှစ်ချောင်းကို ပိုင်ဆိုင်ထားသည်။ သူမက အိပ်မက်လေးတစ်ခုပမာ လှပနေပြီး ယဲ့ချန် တစ်ချိန်လုံးလွမ်းဆွတ်နေခဲ့သော အမွေးပွလေးပင်ဖြစ်သည်။
အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အမွေးပွလေး၏ နို့နှစ်ရောင်အသားအရေနှင့် ပခုံးသားလေးများက လှပစွာထွက်ပေါ်နေသည်။ လရောင်အောက်တွင် သူမက လနတ်သမီးပမာအလွန်လှပနေပြီး ခြေဗလာဖြင့်လှုပ်ရှားနေသည်မှာ မြင်ရသူအပေါင်းကိုပင် အသက်ရှူမှားသွားစေနိုင်သည်။
ဤမြင်ကွင်းကို လူတစ်ယောက်သာ မြင်လိုက်ရလျှင် အိပ်မက်အတွင်းရောက်နေသည့်ပမာ ခံစားမိပေလိမ့်မည်။ အမွေးပွလေး၏ပါးလေးများတွင် အနီရောင်သန်းနေပြီး ရှက်သွေးလေးများ ဖြာနေသကဲ့သို့ပင်ဖြစ်သည်။ သူမမှာ ဆန်းကျယ်မှုအပေါင်းဖြင့် ပွင့်လန်းလာသော အဖြူရောင်နှင်းပန်းကလေးတစ်ပွင့်နှင့် တူညီနေလေသည်။
***