ကိုယ့်နေရာကိုသိစမ်း
Vol. 21 Ch. 286
ရှဲ့တောက်က အဆင့်တက်ကာစ မင်ဝူနှင့်တိုက်ခိုက်နေသော်လည်း ရှဲ့ကျန်သည် ကူညီရန် မကြိုးစားပေ။ ထိုအစား သူ၏ထက်ရှသောအကြည့်က နင်ချင်းယွင်တို့လူစုထံ ကျရောက်လာသည်။
နင်ချင်းယွင်သည် ရှဲ့ကျန်၏အကြည့်ကြောင့် ကျောရိုးအတွင်းမှ စိမ့်တက်လာသကဲ့သို့ ခံစားလိုက်ရသည်။ သူက ရှဲ့ကျန်၏ရက်စက်ပုံကို တွေ့မြင်ပြီးဖြစ်သည်။
ရှဲ့ကျန်၏အရှိန်အဝါကြောင့် တော်ဝင်စစ်သည်တော်များက နောက်သို့လွင့်ထွက်သွားကြသည်။ အများစုက ထျန်းချီအဆင့်ကိုး ကျင့်ကြံသူများဖြစ်သောကြောင့် ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်နှင့် ရင်ဆိုင်ရာတွင် ခုခံနိုင်ခြင်းမရှိပေ။
တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေပြီး လက်နက်ချင်းထိခတ်သံများ ဆက်တိုက်ထွက်ပေါ်နေသည်။
နန်မန်တိုင်းပြည်ဘက်တွင် ဆန်းကျယ်ဝိဇ္ဇာနှစ်ယောက်အပြင် ကောင်းကင်ဝိဇ္ဇာငါးယောက်နှင့် မြေဝိဇ္ဇာအယောက်သုံးဆယ်ကျော်ရှိနေပြီး တော်ဝင်အစောင့်များကို လိုက်လံသတ်ဖြတ်နေကြသည်။
"အရှင်မင်းကြီးအတွက် သေတဲ့အထိ တိုက်ခိုက်မယ်"
တော်ဝင်စစ်သည်တော်များ၏ မျက်နှာထက်တွင် ကြောက်စိတ်လုံးဝမရှိဘဲ ခေါင်းမာစွာဖြင့် ကောင်းကင်ဝိဇ္ဇာများကို ရင်ဆိုင်နေကြသည်။ သူတို့က မြေပြင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက်လဲကျသွားကာ သွေးများချောင်းစီးလာသည်။ ဤကား တစ်ဖက်သတ်တိုက်ပွဲကြီးဖြစ်ကာ သူတို့က ရန်သူများ၏ခွန်အားကို လုံးဝမယှဥ်နိုင်ကြချေ။
ရှီဝူအင်ပါယာဘက်တွင် နင်ချင်းယွင်နှင့် နေမီးတောက်ငှက်ပါလျှင်ပင် ကောင်းကင်ဝိဇ္ဇာသုံးယောက်သာရှိပြီး ဆေးဆရာရွှမ်းယီအပါအဝင် မြေဝိဇ္ဇာ အယောက်နှစ်ဆယ်ကျော်သာရှိသည်။ ခွန်အားကွာခြားချက်က ကြီးမားလွန်းသဖြင့် တိုက်ပွဲတွင် အောက်စည်းသို့ ဆက်တိုက်ကျရောက်နေသည်။
နင်ချင်းယွင်သည် သူ၏လက်ရှိခွန်အားဖြင့် ရှဲ့ကျန်ကိုမယှဥ်နိုင်ကြောင်း သိထားသည်။ သို့သော် ဤမျှကျယ်လောင်ဆူညံနေသော တိုက်ပွဲကို သူ၏အရှင်က သတိမထားမိစရာ အကြောင်းမရှိပေ။ ဖြစ်နိုင်သည်က နတ်ဘုရင်မှာ သူ့ကို တစ်နေရာရာမှ စောင့်ကြည့်နေခြင်းဖြစ်နိုင်သည်။ ထို့ကြောင့် သူ၏သစ္စာတရားကို သက်သေပြရမည်ဖြစ်သောအခါ ကြောက်လန့်မနေနိုင်တော့ပေ။
"ဟေ့ကောင် ငါ နင်ချင်းယွင်က မင်းကို ကြောက်နေမယ်ထင်လား။ သတ္တိရှိရင် တက်လာစမ်း"
နင်ချင်းယွင်က ရှဲ့ကျန်ကို အော်ဟစ်စိန်ခေါ်လိုက်သည်။ သူ၏နောက်တွင် နတ်ဘုရင်တစ်ယောက်ရှိနေသောကြောင့် ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်ကိုရင်ဆိုင်ရာတွင် အလွန်အမင်းယုံကြည်မှုရှိနေသည်။ အကယ်၍ သူသာ ယဲ့ချန်က နတ်ဘုရင်မဟုတ်ကြောင်းသိလျှင် ဆန်းကျယ်ဝိဇ္ဇာစဦးအဆင့် လူတစ်ယောက်ရှေ့တွင် ဤသို့မောက်မာရဲမည်မဟုတ်ပေ။
ကောင်းကင်ဝိဇ္ဇာထိပ်ဆုံး အဆင့်တစ်ယောက်က သူ့ကို အကြောက်အလန့်မရှိ စိန်ခေါ်လာသောအခါ ရှဲ့ကျန်လည်း ဒေါသထွက်သွားခဲ့သည်။ သူက အံကြိတ်လိုက်သောအခါ တစ်ကိုယ်လုံးတွင် ကြီးစိုးမှုရှိသောအရှိန်အဝါက မိုးကြိုးအလင်းတစ်ခုပမာ ထိုးတက်သွားခဲ့သည်။
နင်ချင်းယွင်၏မျက်နှာက ချက်ချင်းဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့သည်။ သူက ကောင်းကင်ဝိဇ္ဇာ ထိပ်ဆုံးအဆင့်ဖြစ်သော်လည်း ရန်သူ၏ ကောင်းကင်ချီများအောက်တွင် အလွန်နိမ့်ကျနေခဲ့သည်။
"ဖက်တီး မင်းရဲ့ခွန်အားနည်းနည်းလေးနဲ့ ငါ့ကို ဒီလိုမျိုးစိန်ခေါ်ရဲတယ်ပေါ့"
ရှဲ့ကျန်က လှောင်ပြောင်လိုက်ပြီး နင်ချင်းယွင်ကို လူသတ်လိုစိတ်ဖြင့် စိုက်ကြည့်လိုက်သည်။
သို့သော်လည်း နင်ချင်းယွင်က သူ့ကို မျက်လုံးချင်းဆုံကြည့်နေခဲ့သည်။ သူ၏မျက်လုံးများတွင် အထင်သေးသော အရိပ်အယောင်များ ပါဝင်နေသည်။
"ခွေးကောင် မင်းက ဆရာနင်ကို အခုတောင်းပန်လိုက်ရင် ကောင်းမယ်။ ငါဆရာနင်က မင်းရဲ့သနားစရာအသက်လေးကို ချမ်းသာပေးလိုက်မယ်။ မဟုတ်ရင် မင်းကို ကျင်ငယ်ရေထဲမှာ နှစ်သတ်ပစ်လိုက်မယ်"
နင်ချင်းယွင်က ရှဲ့ကျန်ကို အော်ဟစ်ဆဲဆိုနေသည်။ သူက ကောင်းကင်ချီချင်းမယှဥ်နိုင်သော်လည်း ပါးစပ်ဖြင့်ကျိန်ဆဲရာတွင် ဆရာတစ်ဆူဖြစ်နေခဲ့သည်။
"ခွေးဖက်တီး မင်း မင်း ဆက်ပြီး မောက်မာနေစမ်း။ ငါ မင်းကိုသတ်ပစ်မယ်"
ရှဲ့ကျန်က ချက်ချင်းခုန်ထွက်လာပြီး နင်ချင်းယွင်ကို လက်ထဲရှိဧရာမဓားကြီးဖြင့် ခုတ်ချလိုက်သည်။
"ဘုရားရေ။ ခွေးကောင်လေး မင်းက ဆရာမင်နဲ့ စကားချင်းမယှဥ်နိုင်ရင်လည်း ဒီလောက်ရိုင်းစရာမလိုပါဘူးကွ။ ယောကျ်ားအစစ်တစ်ယောက်က လက်သီးတွေနဲ့စကားမပြောဘူး။ မင်းသာ ဆက်ပြီးတိုက်ခိုက်နေရင် ငါ ဒေါသထွက်လာတော့မယ်"
နင်ချင်းယွင်သည် ရှဲ့ကျန်နှင့်မယှဥ်နိုင်ကြောင်း နားလည်ထားသည်။ အကယ်၍ ယဲ့ချန်၏နောက်ခံသာမရှိလျှင် သူက ရှဲ့ကျန်၏ဒေါသကို မီးမွှေးရဲမည်မဟုတ်ပေ။ အမှန်တကယ်တိုက်ခိုက်ရမည်ဆိုလျှင် ထွက်ပြေးခြင်းက အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။ သူ၏ခပ်ဝဝကိုယ်ကြီးက မီတာရာချီအဝေးသို့ ဖြတ်ခနဲရောက်သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်က ကီလိုဂရမ်သုံးရာကျော်လေးသော်လည်း အလွန်မြန်ဆန်နေခဲ့သည်။ သူကထွက်ပြေးနေရင်းပင် ရှဲ့ကျန်ကို ဆက်တိုက်ကျိန်ဆဲနေသည်။
နင်ချင်းယွင်က ဆက်တိုက်ရှောင်တိမ်းနေသည်။ သူက ရှဲ့ကျန်ထက် တစ်ဆင့်သာနိမ့်ကျသော်လည်း အားနည်းသူဖြစ်သောကြောင့် ထိတ်လန့်စွာထွက်ပြေးနေရသည်။ ခဏအတွင်းမှာပင် သူက ရှဲ့ကျန်အဝေးသို့ ရောက်သွားလေသည်။
"ခွေးမသားဖက်တီး မင်းပြေးနေတာ ရပ်စမ်း"
ရှဲ့ကျန်က ဒေါသတကြီးဖြင့် နင်ချင်းယွင်ကို လိုက်သတ်နေသည်။
"မင်းလိုက်နေတာ အရင်ရပ်စမ်း"
နင်ချင်းယွင်က ချက်ချင်းပြန်အော်သည်။
"ဒီလောက်လျှာစွမ်းထက်နေတာကို ဖြတ်ပစ်မယ်"
ရှဲ့ကျန်က ဒေါသူပုန်ထသွားပြီး ဓားစွမ်းအင်တစ်ခုကို နင်ချင်းယွင်ထံ ပစ်ခတ်လိုက်သည်။
နင်ချင်းယွင်က ထိုကောင်းကင်ချီ၏အစွမ်းကို အာရုံခံမိသောကြောင့် ကြောက်လန့်တကြားနှင့် ဘေးသို့ခုန်ရှောင်လိုက်သည်။ ဓားစွမ်းအင်က သူ့ဘေးမှ ဝှစ်ခနဲဖြတ်သန်းသွားကာ အင်္ကျီကို ထိသွားခဲ့သည်။ အကယ်၍ နင်ချင်းယွင်သာ အနည်းငယ်နှေးကွေးနေလျှင် ၎င်းက သူ၏ခန္ဓာကိုယ်ကို ပိုင်းဖြတ်သွားမည်ဖြစ်သည်။
နင်ချင်းယွင်မှာ သက်ပြင်းတစ်ချက်ချ၍ စိုးရိမ်တကြီးဖြစ်သွားခဲ့သည်။ သူ၏အရှင်နတ်ဘုရင်က ယခုအချိန်အထိ ထွက်ပေါ်မလာသောအခါ သူ့ကိုစွန့်ပစ်လိုက်ပြီဟု ထင်မှတ်နေခဲ့သည်။
"ခွေးကောင် မင်းက နှေးလှချည်လား။ ဆရာနင်က မင်းကို ကောင်းကောင်းသင်ပေးရတော့မယ်"
နင်ချင်းယွင်သည် ရှဲ့ကျန်ကို ကြောက်လန့်နေသော်လည်း သူ၏ပါးစပ်သိုင်းဖြင့် တိုက်ခိုက်နေခြင်းကို လုံးဝမရပ်တန့်ပေ။ နင်ချင်းယွင်၏ လျှာစောင်းထက်မှုကြောင့် ရှဲ့ကျန်မှာ ပြန်ပင်မဆဲနိုင်တော့ဘဲ ဒေါသတကြီးနှင့် လိုက်လံတိုက်ခိုက်နေခဲ့သည်။
"ဘုန်း ဘုန်း ဘုန်း"
ဓားစွမ်းအင်များက မြေပြင်ပေါ်သို့ ကျရောက်ပေါက်ကွဲနေပြီး အက်ကြောင်းကြီးများ နေရာအနှံ့ဖြစ်ပေါ်လာသည်။
နင်ချင်းယွင်သည် သေဘေးမှ လေးငါးကြိမ်ခန့် လက်မတင်လေးလွတ်မြောက်သွားပြီး နှစ်ပိုင်းပြတ်လုနီးပါးပင်ဖြစ်ခဲ့သည်။ သူ၏ခန္ဓာကိုယ်က ကြောက်စိတ်ကြောင့် ချွေးများစိုရွှဲနေသော်လည်း ဆက်တိုက်ဆဲဆိုနေခဲ့သည်။ သူက မြစိမ်းတိမ်ဂိုဏ်းတွင် အလွန်လေပေါသော လူတစ်ယောက်ဖြစ်သည်။ ယဲ့ချန်၏ရှေ့တွင် ကြောက်စိတ်ကြောင့် သူ၏လျှာကို ထိန်းသိမ်းထားခဲ့သော်လည်း ရှဲ့ကျန်နှင့်တွေ့သောအခါ ထိန်းမထားနိုင်တော့ပေ။ အကယ်၍ သူက ရှဲ့ကျန်ကို ခွန်အားချင်းမယှဥ်နိုင်လျှင် ထွက်ပြေးပြီး ပါးစပ်သိုင်းနှင့် ဒုက္ခပေးမည်ဖြစ်သည်။
"လွန်ခဲ့တဲ့နှစ်တွေမှာ မင်းအဘွားနဲ့ငါနဲ့အိပ်ပြီး မင်းအဖေ မွေးလာတယ်။ မင်းအဖေ ငါ့သားက ဘာလို့ ထရံကိုမပန်းခဲ့တာလဲကွာ။ အဲ့လိုသာလုပ်ခဲ့ရင် မင်းလိုခွေးပေါက်လေး မွေးလာမှာမဟုတ်ဘူး"
နင်ချင်းယွင်က ထွက်ပြေးရင်း ဆက်တိုက်ဆဲဆိုနေသည်။ ရှဲ့ကျန်က ဓားစွမ်းအင်များနှင့်ပစ်ခတ်လေလေ သူက ပို၍စိုးရိမ်လေလေဖြစ်သည်။ စိုးရိမ်စိတ်ကြီးမားလာသောအခါ သူ၏ပါးစပ်ကလည်း ပို၍လျင်မြန်စွာ ဆဲဆိုလာသည်။
အကယ်၍ စော်ကားခြင်းသာ လူသတ်နိုင်သော ပညာတစ်ရပ်ဖြစ်လျှင် ရှဲ့ကျန်က အကြိမ်တစ်ထောင်ခန့် သေဆုံးပြီးဖြစ်ပေလိမ့်မည်။
"အား ငါ ဒေါသထွက်လို့ သေတော့မယ်"
ရှဲ့ကျန်မှာ ရူးမတတ်ဒေါသထွက်နေခဲ့သည်။ သူ၏ကောင်းကင်ချီက အစွမ်းထက်သော်လည်း နင်ချင်းယွင်က အမြဲတမ်းရှောင်တိမ်းနိုင်နေသည်။ သူ၏စိတ်က နင်ချင်းယွင်၏ဆဲဆိုသံများကြောင့် ရူးသွပ်လုနီးပါးဆိုးရွားနေသည်။ သူ့စိတ်ကိုတည်ငြိမ်အောင် ထိန်းသိမ်းလိုက်ချိန်တိုင်းတွင် နင်ချင်းယွင်က နောက်တစ်မျိုး စော်ကားလာပြန်သဖြင့် တည်ငြိမ်မှုက အငွေ့ပျံသွားရပြန်သည်။
နင်ချင်းယွင်မှာ အရူးတစ်ယောက်ကဲ့သို့ ပတ်ပြေးနေရပြီး သူ၏စိတ်က အပြည့်အဝဆွဲတင်းထားသော လေးကြိုးတစ်ချောင်း၏ အခြေအနေမျိုးဖြစ်နေခဲ့သည်။
"အရှင် ခင်ဗျား ဘယ်မှာလဲ။ ခင်ဗျားပေါ်မလာရင် ကျုပ် နှစ်ပိုင်းပြတ်တော့မယ်"
နင်ချင်းယွင်က စိတ်ထဲမှာ ဆက်တိုက်အော်ဟစ်နေမိသည်။ ထိုအချိန်တွင် သူ၏ကိုယ်တွင်းမှ စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။ သူသောက်သုံးထားသော ခရမ်းရွှေဆေးလုံး၏ဆေးစွမ်းအင်များက လုံးဝချေဖျက်ခံလိုက်ရပြီး ဒန်တန်အတွင်း စွမ်းအင်များ တိုးတက်လာသည်။ ထွက်ပြေးနေသော သူ၏အရှိန်ပင် ပို၍မြန်ဆန်လာခဲ့သည်။
"ငါက ဆန်းကျယ်ဝိဇ္ဇာစဦးအဆင့်ကို တက်နိုင်ပြီကွ"
နင်ချင်းယွင်က ထွက်ပြေးနေရင်း ပျော်ရွှင်စွာအော်ဟစ်လိုက်သည်။ သေရေးရှင်ရေးအချိန်တွင် သူက အဆင့်တက်နိုင်ခဲ့လေသည်။
"ငါ နားလည်ပြီ။ ဒါက အရှင်ပဲဖြစ်ရမယ်။ အရှင်ကဘေးထွက်ရပ်နေပြီး စောင့်ကြည့်နေတာက ငါအဆင့်တက်မှာကို သိနေလို့ဖြစ်မယ်။ သူက ရှဲ့ကျန်ကိုအသုံးချပြီး ငါ့စွမ်းအားကိုလှုံ့ဆော်နိုင်ဖို့ ရည်ရွယ်ထားတာပဲ။ အများကြီးကျေးဇူးတင်ပါတယ် အရှင်။ အရှင်က ကျွန်တော်မျိုးကို ဖခင်တစ်ယောက်လို ဂရုစိုက်ပေးတယ်"
လက်ရှိတွင် နင်ချင်းယွင်မှာ ယဲ့ချန်အနားသို့ပြေးသွားပြီး ဖိနပ်လျက်ကာ မြှောက်ပင့်ရန် မစောင့်နိုင်တော့ချေ။ သူက ကောင်းကင်ဝိဇ္ဇာအဆင့်တွင် နှစ်ပေါင်းများစွာ တစ်ဆို့နေခဲ့သည်။ ယနေ့တွင် သေဘေးကြောင့် အဆင့်တက်ခဲ့သွားသောအခါ ပျော်ရွှင်မှုကြောင့် ထခုန်မတတ်ဖြစ်နေသည်။ သူ၏အဆင့်တက်မှုမှာ ယဲ့ချန်ကြောင့်ဖြစ်သည်ဟုလည်း ရာနှုန်းပြည့်ယုံကြည်ထားသည်။
"ငါ့ကို အရှင် စိတ်မပျက်စေရဘူး"
နင်ချင်းယွင်က ဝိညာဥ်အဆင့်သုံး ဓားတစ်လက်ကိုထုတ်ယူကာ ရှဲ့ကျန်ကိုရင်ဆိုင်ရန် ချာခနဲလှည့်လိုက်သည်။
"ရှဲ့ကျန် လာစမ်း"
သူက ကိုယ်တွင်းရှိပြောင်းလဲမှုများကို ခံစားနေမိသည်။ သူက ကောင်းကင်ဝိဇ္ဇာအဆင့်မှ ရုတ်တရက်အဆင့်တက်သွားသောကြောင့် ခွန်အားအသစ်များနှင့် အသားမကျသေးပေ။ သူ၏စိတ်ထဲတွင် ယဲ့ချန်စောင့်ကြည့်နေသည်ဟု ထင်သောကြောင့် မျက်နှာသာရရန် တိုက်ခိုက်လိုက်သည်။
"ဘန်း ဘန်း ဘန်း"
ကောင်းကင်ချီနှစ်ခု၏ ထိပ်တိုက်ရင်ဆိုင်မှုကြောင့် မီးပွားများ နေရာအနှံ့သို့လွင့်ပျံကုန်သည်။ နန်းဥယျာဥ်အတွင်းဖြစ်ပေါ်လာသော တိုက်ပွဲကြောင့် အလွန်အမင်းပျက်စီးကုန်သည်။ နန်မန်တိုင်းပြည်နှင့် မီးနတ်ဘုရားဂိုဏ်းသည် အလွယ်တကူအနိုင်ရမည်ဟု ထင်ထားသော်လည်း ရှီဝူအင်ပါယာဘက်တွင် ဆန်းကျယ်ဝိဇ္ဇာနှစ်ယောက် ချက်ချင်းဖြစ်ပေါ်လာသောကြောင့် အခက်တွေ့ကုန်သည်။
ယဲ့ချန်သည် ဝိညာဥ်အသိစိတ်ဖြင့် တစ်နေရာလုံးကို စောင့်ကြည့်နေသည်။ သူ၏အမိန့်ဖြင့် နေလင်းယုန်က နန်မန်တိုင်းပြည်၏မြေဝိဇ္ဇာများကို လိုက်လံတိုက်ခိုက်နေသည်။ သင်တုန်းဓားပမာထက်ရှသော ခြေသည်းများအောက်တွင် ရန်သူများက တစ်ယောက်ပြီးတစ်ယောက် သေဆုံးကုန်သည်။
"အဲ့ဒီလင်းယုန်ကို အရင်သတ်ကြ"
နန်မန်တိုင်းပြည်မှ ကောင်းကင်ဝိဇ္ဇာတစ်ယောက်က အော်ဟစ်လိုက်သည်။ ထိုလူက ကောင်းကင်ချီလှိုင်းတစ်ခုကို ထုတ်ဖော်လိုက်သောကြောင့် တော်ဝင်စစ်သည်တော်ဆယ်ယောက်ကျော်က ဘန်းခနဲလွင့်ထွက်သွားကြသည်။ ထိုလူ၏ခန္ဓာကိုယ်တွင် သွေးများရဲရဲနီအောင် စွန်းထင်းနေပြီး သေမင်းတစ်ယောက်ပမာ ထင်မှတ်ရသည်။ သူက အနီးရှိ တော်ဝင်စစ်သည်တော်တစ်ယောက်ကိုမ၍ လက်ဗလာဖြင့် နှစ်ခြမ်းဆွဲဖြဲလိုက်သည်။
"ငါ့ကို ဘယ်သူတားနိုင်လဲ"
ကောင်းကင်ဝိဇ္ဇာ၏မျက်လုံးများတွင် ဒေါသမီး ဝင်းဝင်းတောက်နေသည်။ တော်ဝင်အစောင့်များက တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်လိုက်ပြီး ကြောက်လန့်နေကြသော်လည်း နောက်မဆုတ်ခဲ့ပေ။
"ငါတို့က အရှင်အတွက် အသက်ကိုရင်းပြီး ညီအစ်ကိုတွေနဲ့အတူတူ ရပ်တည်မယ်"
"သတ်ကြ"
"သတ်"
တော်ဝင်စစ်သည်တော် ဆယ်ယောက်ကျော်က ကောင်းကင်ဝိဇ္ဇာကို မနိုင်မှန်းသိသော်လည်း လှံကိုယ်စီဖြင့် ပြိုင်တူတိုက်ခိုက်လိုက်ကြသည်။
"ကိုယ့်အဆင့်ကို သိစမ်း"
ကောင်းကင်ဝိဇ္ဇာက လှံများကို ဆွဲမလိုက်သောအခါ လှံကိုင်ထားသူအားလုံး လေထဲသို့ မြောက်တက်ကုန်သည်။ ထို့နောက် သူက ကောင်းကင်ချီလှိုင်းဖြင့် တိုက်ခိုက်လိုက်သောအခါ စစ်သည်များ လွင့်ထွက်သွားကြသည်။ သူတို့အားလုံးက မီတာနှစ်ဆယ်ကျော်ကွာဝေးသော မြေပြင်တွင် နာကျင်စွာအော်ဟစ်၍ လဲကျနေကြသည်။
ရွှေသံချပ်ဝတ်တော်ဝင်စစ်သည်တော်များမှာ ရှီဝူအင်ပါယာ၏ အထူးစစ်သည်များဖြစ်ကာ အဆုံးအစမဲ့ရဲရင့်ကြသည်။ သို့သော်လည်း ခွန်အားကွာခြားချက်က အလွန်ကြီးမားနေသည်။
တစ်ချိန်တည်းမှာပင် နေမီးတောက်ငှက်သည်လည်း နန်မန်တိုင်းပြည်၏ ကောင်းကင်ဝိဇ္ဇာတစ်ယောက်နှင့် တိုက်ပွဲဝင်နေခဲ့သည်။ လေထုထဲသို့ မီးတောက်များ တဟုန်းဟုန်းတောက်လောင်နေသည်။
အခြေအနေကို မြင်တွေ့နေသော ယဲ့ချန်က ထိုနေရာသို့ အပြေးရောက်လာခဲ့သည်။
"အရှင် ရောက်လာပြီ"
နေမီးတောက်ငှက်က ယဲ့ချန်၏အရှိန်အဝါကို ပထမဆုံး အာရုံခံမိလိုက်သောကြောင့် မျက်လုံးများ တောက်ပလာသည်။
"ဝှစ်"
ယဲ့ချန်က ကောင်းကင်ဓားပျံတစ်လက်ကို ချက်ချင်းဖန်တီး၍ ရန်သူကောင်းကင်ဝိဇ္ဇာတစ်ယောက်ထံ ပစ်ခတ်လိုက်သည်။
အလင်းတန်းတစ်ခုက ညအမှောင်အောက်တွင် ပိုးစုန်းကြူးတစ်ကောင်ပမာ လျင်မြန်စွာပြေးထွက်သွားခဲ့သည်။ ကောင်းကင်ဓားပျံက လေထုကို အသာယာထိုးဖောက်၍ ပစ်မှတ်ထံ ဝင်ရောက်သွားလေသည်။
***