← Chapters

သတ်ဖြတ်ခြင်း

Vol. 21 Ch. 287

သတ်ဖြတ်ခြင်း

Vol. 21 Ch. 287

"မင်းက ငါ့ကို လျှို့ဝှက်လက်နက်ပုန်းနဲ့ တိုက်ခိုက်ချင်တာလား"

ကောင်းကင်ဝိဇ္ဇာက ဒေါသထွက်သွားပြီး ကောင်းကင်ချီများကို ညာလက်ဝါးတွင်စုဝေးကာ အလင်းတန်းကို ရိုက်ချလိုက်သည်။ အတိတ်တွင် သူက တိုက်ခိုက်လာသမျှ လက်နက်ပုန်းများကို လက်တစ်ချက်ယမ်းလိုက်ရုံဖြင့် လွင့်ထွက်သွားစေခဲ့သည်။ မည်သည့်လက်နက်ပုန်းကမှ သူ့ကိုထိခိုက်အောင် မလုပ်နိုင်ချေ။

"ဒါက ဓားမြှောင်လေးတစ်ချောင်းပါကွာ။ ငါကတော့ အစွမ်းထက်လက်နက်ပုန်း ထင်နေတာ"

အလင်းတန်းက နီးကပ်လာသောအခါ ရိုးရှင်းသော ဓားမြှောင်တစ်ချောင်းဖြစ်နေသည်ကို မြင်လိုက်ရသောအခါ သူက အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။

သို့သော်လည်း သူတွေးနေစဥ် ကောင်းကင်ဓားပျံကိုရင်ဆိုင်ရန် ထုတ်ဖော်ထားသော ကောင်းကင်ချီများက ထိုးဖောက်ခံလိုက်ရကြောင်း သိလိုက်ရသည်။

"ဘာ....ဘာဖြစ်သွားတာလဲ"

ကောင်းကင်ဝိဇ္ဇာက အလန့်တကြားဖြင့် ရှောင်တိမ်းချင်သော်လည်း အလွန်နောက်ကျသွားသည်။ ဓားပျံက သူ၏ညာလက်ဝါးကို ဖောက်ထွက်သွားပြီး ခဏအတွင်း ညာလက်ဝါးမှနာကျင်မှုသည် ရင်ဘတ်သို့ ချက်ချင်းရောက်သွားခဲ့သည်။ ယဲ့ချန်၏ဓားပျံက ထိုရန်သူ၏နှလုံးကို ထိုးဖောက်သွားလေသည်။

"မဖြစ်နိုင်ဘူး"

ကောင်းကင်ဝိဇ္ဇာက မျက်လုံးများပြူးလာပြီး ရင်ဘတ်ကို မယုံကြည်နိုင်ဟန်ဖြင့် လက်ဖြင့် ဆုပ်ကိုင်လိုက်မိသည်။ သူ၏အသက်ကို သေးငယ်သော ဓားမြှောင်လေးတစ်ချောင်းက ချွေယူသွားမည်ဟု မထင်ထားခဲ့ပေ။ ထို့အပြင် သူ၏ခန္ဓာကိုယ်ပတ်လည်တွင် ကောင်းကင်ချီအကာအရံရှိနေသည့်အပြင် အဆင့်ငါးဝိညာဥ်သံချပ်ကာကိုပင် ဝတ်ဆင်ထားခဲ့သည်။ ဓားပျံလေးတစ်ချောင်းက သူ၏သံချပ်ကာကို ထိုးဖောက်သွားနိုင်စရာ အကြောင်းလုံးဝမရှိပေ။

ကောင်းကင်ဝိဇ္ဇာ၏ မျက်လုံးများတွင် မလိုလားဟန်များ ထင်ဟပ်နေကာ မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ်လဲကျသွားခဲ့သည်။

ဘေးတွင်ရှိသော ကောင်းကင်ဝိဇ္ဇာလေးယောက်က ကြောက်စိတ်ကြောင့် ချက်ချင်းမျက်နှာပျက်ကုန်သည်။ နန်မန်တိုင်းပြည်၏ ကောင်းကင်ဝိဇ္ဇာနှစ်ယောက်နှင့် မီးနတ်ဘုရားဂိုဏ်း၏ ကောင်းကင်ဝိဇ္ဇာနှစ်ယောက်သည် သေဆုံးသွားသူ ဝတ်ဆင်ထားသော သံချပ်ကာအကြောင်း သိထားကြသည်။ ဓားပျံက သံချပ်ကာကို ထိုးဖောက်နိုင်ခဲ့သောအခါ သူတို့အားလုံး ထိတ်လန့်သွားကြသည်။

"ဒီဓားမြှောင်က ဘာကြီးလဲ။ ဘာလို့ဒီလောက်ထက်နေရတာလဲ"

"ဝှစ် ဝှစ် ဝှစ်"

ထိုအချိန်တွင် အလင်းတန်းအချို့က ညအမှောင်ကိုဖြတ်သန်းပြီး သူတို့ထံ ဝင်ရောက်လာပြန်သည်။ ဤအရာများက ဓားပျံများဖြစ်ကြသည်။

"ပြေးကြ"

ရန်သူကောင်းကင်ဝိဇ္ဇာအားလုံးက တိုက်ခိုက်ရမည့်အစား ထွက်ပြေးရန် ရွေးချယ်ခဲ့ကြသည်။

ကောင်းကင်ဝိဇ္ဇာများက ဓားပျံများကိုရှောင်တိမ်း၍ ထွက်ပြေးလိုက်ကြသည်။ သို့သော် ထိုအချိန်တွင် ဓားပျံတစ်လက်က လေထဲတွင် လမ်းကြောင်းပြောင်းသွား၍ ကောင်းကင်ဝိဇ္ဇာတစ်ယောက်၏လည်ပင်းကို ထိုးဖောက်သွားခဲ့သည်။ ထိုလူမှာ မြေပြင်ထက်သို့ မယုံနိုင်ဟန်ဖြင့် တအိအိလဲကျသွားကာ သွေးအိုင်အတွင်း သေဆုံးသွားခဲ့သည်။ သူသေသွားချိန်ထိတိုင်အောင် ဓားပျံက လေထဲတွင် လမ်းကြောင်းပြောင်းသွားသော အကြောင်းအရင်းကို မသိခဲ့ရပေ။

ယဲ့ချန်သည် ဓားပျံငါးလက်ကို တပြိုင်နက်ပစ်ခတ်နိုင်ခဲ့သော်လည်း တစ်ကြိမ်တွင် တစ်ခုသာ ထိန်းချုပ်နိုင်သည်။ သူထိန်းချုပ်လိုက်သော ဓားပျံက ကြောက်မက်ဖွယ်အကောင်းဆုံး သေမင်းလက်နက် ဖြစ်လာခဲ့သည်။

"ဒီကောင်က တရားခံဖြစ်ရမယ်။ သူ့ကိုသတ်ကြ"

ကျန်ကောင်းကင်ဝိဇ္ဇာသုံးယောက်က ယဲ့ချန်ကိုသတိပြုမိသွားပြီး ပြိုင်တူပြေးဝင်လာကြသည်။ ယဲ့ချန်၏ဘေးတွင် ရှောင်ရိမတ်တပ်ရပ်နေကာ သူက လက်သီးကိုဆုပ်၍ တိုက်ပွဲအတွက် အသင့်ပြင်ထားလိုက်သည်။

ရန်သူသုံးယောက်က ယဲ့ချန်အနေဖြင့် ဓားပျံနှင့်မတိုက်ခိုက်နိုင်စေရန် အရပ်မျက်နှာသုံးခုခွဲပြီး ဝင်ရောက်လာကြသည်။ အတိတ်တွင် ကောင်းကင်ဝိဇ္ဇာသုံးယောက်၏ တိုက်ခိုက်ခြင်းခံရလျှင် ယဲ့ချန်အနေဖြင့် စိုးရိမ်နေရမည်ဖြစ်သည်။ လက်ရှိ၌ သူ၏မျက်နှာထက်တွင် အေးစက်စက်အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

ယဲ့ချန်သည် သွေးဆာရက်စက်သူတစ်ယောက် မဟုတ်ပေ။ သို့သော် သွေးချောင်းစီးနေသော ဤတိုက်ပွဲကွင်းပြင်တွင် ရွှေသံချပ်ဝတ်တော်ဝင်အစောင့်များ၏ အလောင်းများစွာကို တွေ့လိုက်ရသည်။ နန်မန်တိုင်းပြည်၏ကျင့်ကြံသူများသည် တော်ဝင်နန်းတော်အတွင်း ကျူးကျော်လာပြီးနောက် အနည်းဆုံးလူထောင်ချီအောင် သတ်ဖြတ်ခဲ့ကြသည်။ ဤတော်ဝင်စစ်သည်တော်များမှာ ရှီဝူအင်ပါယာ၏ပြည်သူများဖြစ်ပြီး သူတို့တွင် မိသားစုကိုယ်စီ ပိုင်ဆိုင်ထားကြသည်။ သို့သော်လည်း ရန်သူများက လုံးဝသနားညှာတာခြင်းမရှိဘဲ သတ်ဖြတ်ခဲ့ကြသည်။ ဤကားတိုင်းပြည်နှစ်ခုကြားမှ စစ်ပွဲတစ်ခုဖြစ်သည်။ စစ်ပွဲတစ်ခုဖြစ်ပွားလျှင် သေခြင်းတရားကို လုံးဝရှောင်လွှဲမရနိုင်ချေ။

ယဲ့ချန်သည် ယင်းမုန့်ထန်းသေဆုံးပြီးနောက် သူ၏ပခုံးပေါ်သို့ တာဝန်တစ်ခုရောက်လာကြောင်း ခံစားနေရသည်။ သူက မူလတွင် ဤကမ္ဘာမှမဟုတ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဖြည်းဖြည်းချင်းရင်းနှီးလာခဲ့သည်။ ကွဲပြားသောအရာတစ်ခုမှာ ယဲ့ချန်သည် သက်ရှိတိုင်း၏အသက်ကို တန်ဖိုးထားပြီး ဤရန်သူများက အလွန်ရက်စက်ခြင်းဖြစ်သည်။

ယဲ့ချန်သည် အပြင်လူဖြစ်သောကြောင့် ရှီဝူအင်ပါယာနှင့် နန်မန်တိုင်းပြည်၏ပဋိပက္ခတွင် ကြားဝင်မပါခဲ့ပေ။ သို့သော်လည်း ရှီဝူအင်ပါယာ၏ပြည်သူများ ပို၍သေဆုံးလာသောခါ ယဲ့ချန်အနေဖြင့် ကိစ္စတိုင်းတွင် ဘေးထွက်ရပ်၍မဖြစ်နိုင်​ကြောင်း နားလည်လိုက်သည်။ ရှီဝူအင်ပါယာ၏ ပြည်သူများတွင်လည်း အသက်ရှင်ရန် အခွင့်အရေးရှိပေသည်။

ယဲ့ချန်က လူသတ်စက်တစ်ခု မဖြစ်ချင်သော်လည်း ရန်သူကိုကြင်နာလျှင် အပြစ်မရှိသူများ ပို၍သေဆုံးလာပေလိမ့်မည်။

"ဒီနေ့ကစလို့ ငါ ယဲ့ချန် ရှီဝူအင်ပါယာရဲ့ပြည်သူတွေကို ကာကွယ်မယ်"

ယဲ့ချန်၏နှလုံးသားက ဖြည်းဖြည်းချင်း အေးစက်မာကျောလာခဲ့သည်။ ထို့နောက် သူ၏ကိုယ်တွင်းမှ ရွှေသံချပ်ဝတ်ဝိညာဥ်စစ်သည်တော်က ခရမ်းရောင်မီးတောက်များလွှမ်းခြုံ၍ ထွက်ပေါ်လာခဲ့သည်။ ၎င်းက ရှေးဟောင်းလူသန်ကြီးတစ်​ယောက်ကဲ့သို့ အစွမ်းထက်အရှိန်အဝါမျိုးကို ညအမှောင်အောက်တွင် ထုတ်ဖော်နေသည်။

ထိုအချိန်တွင် တိုက်ခိုက်နေသူများအားလုံး ရပ်တန့်သွားကာ ကောင်းကင်ရှိ ဝိညာဥ်စစ်သည်တော်ကို ပြိုင်တူမော့ကြည့်လိုက်ကြသည်။

"ဒါက ဘာကြီးလဲ"

ရှဲ့တောက်နှင့်ရှဲ့ကျန်းက ခဏတာအံ့သြသွားပြီးနောက် နတ်ဘုရင်များ၏အစွမ်းတစ်ခုဖြစ်သော ဝိညာဥ်အသွင်ဖြစ်တည်ခြင်းအကြောင်း အမှတ်ရလိုက်သည်။ သူတို့က အလယ်အင်ပါယာမှ လာခြင်းဖြစ်သောကြောင့် ဝိညာဥ်အသွင်ဖြစ်တည်ခြင်းအကြောင်း သိရှိထားကြသည်။ ဝိညာဥ်အသွင်ဖြစ်တည်ခြင်းက အမြဲတမ်း သားရဲတစ်ကောင်၏ပုံသဏ္ဍာန်မျိုး ဖြစ်တည်နေတတ်သော်လည်း ယခုတစ်ခေါက်တွင် လူသားအသွင်ဝိညာဥ်က ထွက်ပေါ်လာသည်။

ထိုအချိန်တွင် လူတိုင်းသည် ကောင်းကင်မှဆင်းသက်လာသည့် နတ်ဘုရားတစ်ယောက်နှင့် တူညီသော ဝိညာဥ်စစ်သည်တော်ကို အလန့်တကြားစိုက်ကြည့်နေကြသည်။

ယဲ့ချန်ကိုသတ်ရန် တရကြမ်းပြေးဝင်လာသော ကောင်းကင်ဝိဇ္ဇာသုံးယောက်က ဝိညာဥ်စစ်သည်တော်ကို မြင်သောအခါ ကြောက်လန့်တကြားဖြင့် လေထဲတွင် တန့်သွားကြသည်။

"ဒါက ဘာကြီးလဲ"

ရန်သူသုံးယောက်က အလွန်ထိတ်လန့်နေကြသည်။ ထိုအချိန်တွင် ယဲ့ချန်၏ဝိညာဥ်စစ်သည်တော်က ရန်သူများကို ပစ်မှတ်အဖြစ်သတ်မှတ်ကာ စတင်တိုက်ခိုက်လိုက်သည်။

"နဂါးငွေ့တန်းလက်ဝါးသိုင်း"

ဝိညာဥ်စစ်သည်တော်၏ လက်ဝါး ထွက်ပေါ်လာချိန်တွင် ညအမှောင်အတွင်း ခရမ်းရောင်မီးတောက်များနှင့် ကြယ်ရောင်များ ယှက်သန်းထွက်ပေါ်လာသည်။ ဤမြင်ကွင်းက အလွန်လှပသောကြောင့် အန္တရာယ်လုံးဝမရှိနိုင်ဟု ထင်မှတ်ရသည်။

ခရမ်းရောင်မီးတောက်များက ရန်သူတစ်ယောက်ပေါ် ကျရောက်သွားသည်။ သူ၏သေကွင်းသေကွက်များက တဘုန်းဘုန်းပေါက်ကွဲသွားကာ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။

ရန်သူတစ်ယောက်ကို သတ်ဖြတ်ပြီးနောက် ဝိညာဥ်စစ်သည်တော်သည် ခရမ်းရောင်မီးများ တောက်လောင်နေသော မျက်လုံးအစုံဖြင့် ကျန်ရန်သူနှစ်ယောက်ကို စိုက်ကြည့်လိုက်သည်။

သေမတတ်ကြောက်လန့်နေသော ကောင်းကင်ဝိဇ္ဇာနှစ်ယောက်က ထွက်ပြေးချင်နေကြသည်။ သို့သော် သူတို့မှာ နေရာတွင်မမြင်ရသော အားတစ်ခု၏ချုပ်နှောင်ခြင်းခံထားရကြောင်း သိလိုက်ရသည်။ သူတို့က ကြောက်လန့်တကြား ရုန်းကန်နေသော်လည်း အသုံးမဝင်ပေ။ သူတို့က ဝိညာဥ်စစ်သည်တော်ကို မော့ကြည့်လိုက်မိသောအခါ မျက်လုံးများတွင် ကြောက်စိတ်များ ထင်ရှားစွာထွက်ပေါ်နေလေသည်။

ဝိညာဥ်စစ်သည်တော်က လက်ဝါးနှစ်ချက် ထပ်မံထုတ်ဖော်လိုက်သောအခါ ရန်သူနှစ်ယောက်လုံးလည်း နေရာတွင် ပေါက်ကွဲသေဆုံးကုန်သည်။ ကောင်းကင်ဝိဇ္ဇာအဆင့်ကျင့်ကြံသူများမှာ ဝိညာဥ်စစ်သည်တော်၏ လက်ဝါးတစ်ချက်ကိုပင် မကာကွယ်နိုင်ခဲ့ပေ။

ကောင်းကင်ဝိဇ္ဇာသုံးယောက်ကို နေရာမှတစ်ချက်ပင်မရွေ့ဘဲ သတ်ပစ်လိုက်သော ဝိညာဥ်စစ်သည်တော်ကို လူတိုင်းက တုန်လှုပ်စွာကြည့်နေမိသည်။ ခွန်အားက အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။

"ပြေး"

သတိပြန်ဝင်လာသော ရှဲ့တောက်နှင့် ရှဲ့ကျန်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့က ချက်ချင်းလေပေါ်သို့ခုန်တက်ကာ တော်ဝင်နန်းတော်အတွင်းမှ ထွက်ပြေးသွားကြသည်။

ယဲ့ချန်က ဝိညာဥ်စစ်သည်တော်ကို အကြောင်းအရင်းတစ်ခုကြောင့် ရန်သူများရှေ့တွင် ထုတ်ပြခဲ့ခြင်းဖြစ်သည်။ သူက နတ်ဘုရင်ဟူသော အဆင့်အတန်းကိုသုံးကာ ခြောက်ထုတ်လိုခြင်းဖြစ်သည်။ ကောင်းကင်ဝိဇ္ဇာသုံးယောက်ကို အလွယ်တကူသတ်ပြလိုက်​ခြင်းက နန်မန်တိုင်းပြည်၏ ကျင့်ကြံသူများရင်ထဲတွင် ကြောက်စိတ်များ ထွက်ပေါ်လာစေလိမ့်မည်။

သို့သော်လည်း သူက ရှဲ့တောက်နှင့်ရှဲ့ကျန်ကို ဝိညာဥ်စစ်သည်တော်နှင့်တိုက်ခိုက်ရန် မတွေးထားပေ။ ရန်သူနှစ်ယောက်က ဆန်းကျယ်ဝိဇ္ဇာနှစ်ယောက်ဖြစ်သောကြောင့် အလွယ်တကူသတ်နိုင်မည်မဟုတ်ပေ။ ဝိညာဥ်စစ်သည်တော်၏ စွမ်းအားအမှန်ကို ရန်သူများသိရှိသွားလျှင် အခက်တွေ့နိုင်သည်။ ယဲ့ချန်က သူ့ကိုယ်သူ နတ်ဘုရင်အဖြစ်ဟန်ဆောင်ထားသောကြောင့် မည်သူ့ကိုမှ အမှန်တရားကိုမပြသလိုပေ။

နန်မန်တိုင်းပြည်မှ ရန်သူများအပြင် မင်ဝူတို့လူစုပါ ယဲ့ချန်၏ခွန်အားကြောင့် ကြောက်လန့်နေကြသည်။ တော်ဝင်မျိုးနွယ်မှလက်ဆင့်ကမ်းလာသော မှတ်တမ်းများကြောင့် ဗဟုသုတအနည်းငယ်ရှိသော မင်ဝူက ယဲ့ချန်မှာ ဒဏ္ဍာရီလာနတ်ဘုရင်ဖြစ်ကြောင်း နားလည်လိုက်သည်။ ဤအချိန်တွင် နင်ချင်းယွင်နှင့် နေမီးတောက်ငှက်က ယဲ့ချန်ကို အရှင်ဟုခေါ်ရသောအကြောင်းအရင်းကို နားလည်သွားခဲ့သည်။ ထိုနှစ်ယောက်က နတ်ဘုရင်ဆိုသောစကားလုံးကို ဖျောက်ထားခြင်း​ဖြစ်ပေသည်။

"ရှောင်ရိ မင်ဝူ နင်ချင်းယွင် သူတို့ကိုလိုက်ဖမ်း"

ယဲ့ချန်က အော်ဟစ်အမိန့်ပေးလိုက်သည်။

"ကောင်းပြီ"

နင်ချင်းယွင်နှင့်မင်ဝူက ခေါင်းညိတ်၍ ရှဲ့တောက်နှင့်ရှဲ့ကျန်နောက်သို့ ပြေးလိုက်သွားကြသည်။ လက်ရှိတွင် မင်ဝူသည် ဤကား ကောင်းကင်မှပေးပို့လာသော အခွင့်အရေးတစ်ခုဖြစ်ကြောင်း နားလည်နေသည်။ နတ်ဘုရင်တစ်ယောက်သည် နတ်ဝိဇ္ဇာတစ်ယောက်နှင့်တူညီသော ဖြစ်တည်မှုတစ်ခုဖြစ်ကာ ရှီဝူအင်ပါယာကို ကာကွယ်ပေးနိုင်စွမ်းရှိရုံသာမက တော်ဝင်မျိုးနွယ်ကိုပါ အထွတ်အထိပ်သို့ ဆွဲခေါ်သွားပေးနိုင်သည်။ အလယ်အင်ပါယာရှိ ဂိုဏ်းကြီးများသည်ပင် နတ်ဘုရင်၏ခွန်အားကို မယှဥ်နိုင်ချေ။

မင်ဝူသည် ယဲ့ချန်ရှေ့တွင် နှိမ့်ချနေထိုင်ပြီး ဧကရာဇ်တစ်ပါးပမာ ပြုမူနေခြင်းလုံးဝမရှိပေ။ အကယ်၍ ယဲ့ချန်က ရှီဝူအင်ပါယာကို လိုချင်သည်ဆိုလျှင်ပင် သူက ပျော်ပျော်ကြီးပေးပစ်လိုက်မည်ဖြစ်သည်။ သူ၏မျိုးနွယ်သာ မြင့်တက်လာလျှင် အင်ပါယာကို နတ်ဘုရင်တစ်ယောက်လက်သို့ မပေးအပ်နိုင်စရာအကြောင်း မရှိပေ။

မင်ဝူသည်လည်း နင်ချင်းယွင်နှင့် နေမီးတောက်ငှက်ကဲ့သို့ ယဲ့ချန်၏နောက်လိုက်တစ်ဦးဖြစ်လာရန် ဆုံးဖြတ်လိုက်လေသည်။

"နန်မန်တိုင်းပြည်ကလူတွေ လက်နက်တွေပစ်ချပြီး ဒူးထောက်စမ်း။ မင်းတို့ရဲ့လက်တွေကို ခေါင်းပေါ်တင်ထားကြ။ မဟုတ်ရင် ချက်ချင်းသတ်ပစ်မယ်"

ယဲ့ချန်၏လေသံက အလွန်အေးစက်တင်းမာနေသည်။

နန်မန်တိုင်းပြည်နှင့် မီးနတ်ဘုရားဂိုဏ်းမှ ကျင့်ကြံသူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် အချို့လူများက ယဲ့ချန်လက်မှ ချက်ချင်းထွက်ပြေးရန် နန်းတော်အပြင်သို့ ဦးတည်လိုက်ကြ၏။

"သေချင်နေတာလား"

ယဲ့ချန်က ဝိညာဥ်စစ်သည်တော်ကိုတိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။

"နဂါးငွေ့တန်းလက်ဝါးသိုင်း"

ခရမ်းရောင်မီးတောက်များက လေထဲသို့မြင့်တက်လာကာ ​ထွက်ပြေးနေသူများ၏အသက်ကို ဇီဝိန်ချုပ်ပေးလိုက်သည်။ ထွက်ပြေးရန် လုံးဝမဖြစ်နိုင်ချေ။

ဝိညာဥ်စစ်သည်တော်၏ ကြောက်မက်ဖွယ်အစွမ်းကြောင့် ကျန်ရန်သူအားလုံးက လက်နက်များကို တစ်ခုပြီးတစ်ခု ပစ်ချလိုက်ကြသည်။ သူတို့က ခေါင်းကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ပြီး မြေပြင်တွင် ဒူးထောက်လိုက်ကြသည်။ အကယ်၍ ရှီဝူအင်ပါယာ၌ ဤမျှကြောက်မက်ဖွယ်ကောင်းသူတစ်ဦး ရှိနေကြောင်းသိလျှင် လုံးဝလာရဲမည်မဟုတ်ချေ။

"တော်ဝင်အစောင့်တွေ သူတို့ကို ဖမ်းလိုက်"

ယဲ့ချန်က ရှီဝူအင်ပါယာ၏ ရွှေသံချပ်ဝတ်စစ်သည်တော်များထံ အမိန့်ပေးလိုက်လေသည်။

***

All Chapters