နတ်ဘုရင်တစ်ယောက်၏အမြင်
Vol. 21 Ch. 288
"ဟုတ်ကဲ့ပါ အရှင်"
မင်ဝူ၏လက်အောက်တွင်ရှိသော ရွှေသံချပ်ဝတ်စစ်သည်တော်အားလုံးက ပြိုင်တူခေါင်းညိတ်လိုက်ကြသည်။ မင်ဝူပင်လျှင် ယဲ့ချန်၏အမိန့်ကို နာခံနေသောအခါ သူတို့က ကလန်ကဆန်မလုပ်ရဲချေ။ ယဲ့ချန်၏အထက်တွင် ရပ်နေသော ဝိညာဥ်စစ်သည်တော်ကို မော့ကြည့်လိုက်ချိန်တွင် ကြောက်ရွံ့ရိုသေစိတ်များ တဖွားဖွားဖြစ်ပေါ်လာသည်။ သို့သော်လည်း သူတို့၏စိတ်ထဲတွင် အလွန်ဝမ်းသာပျော်ရွှင်နေကြသည်။
ရှီဝူအင်ပါယာသည် သူတို့၏အိမ်ဖြစ်ပြီး မိဘ၊ဇနီး၊သားသမီးစသော မိသားစုဝင်များ နေထိုင်ကြသည်။ အကယ်၍ နန်မန်တိုင်းပြည်ကသာ ရှီဝူအင်ပါယာကိုသိမ်းပိုက်သွားလျှင် အရာအားလုံး သွေးချောင်းစီးသွားနိုင်သည်။ သူတို့၏အသက်အတွက် အာမခံပေးနိုင်သော အရာမရှိချေ။ သို့သော်လည်း လက်ရှိတွင် ရှီဝူအင်ပါယာ၌ ယဲ့ချန်ဟူသော အစွမ်းထက်ဆရာသခင်တစ်ယောက် ရှိနေပြီဖြစ်သည်။ နန်မန်တိုင်းပြည်က ရှီဝူအင်ပါယာကိုဖျက်ဆီးရန် မလွယ်တော့ပေ။
အတိတ်တွင် သူတို့၏စိတ်ထဲ၌ ဧကရာဇ်မင်ဝူက အင်ပါယာကိုကာကွယ်ပေးထားသော စစ်နတ်ဘုရားဖြစ်သည်။ သို့သော်လည်း ရှီဝူအင်ပါယာကို ကယ်တင်ထားသော ယဲ့ချန်၏အစွမ်းက သူတို့၏ရင်ထဲတွင် စွဲထင်သွားခဲ့၏။ သူတို့က နတ်ဘုရင်ဆိုသော ကျင့်ကြံဆင့်ကို မသိသော်လည်း ယဲ့ချန်က ရန်သူကောင်းကင်ဝိဇ္ဇာများကို တစ်ယောက်လျှင် တစ်ချက်စီသတ်ဖြတ်နိုင်ခဲ့သည်။
ဤစွမ်းအားက မင်ဝူထက်များစွာပို၍ အစွမ်းထက်နေခဲ့သည်။ ရွှေသံချပ်ဝတ်တော်ဝင်စစ်သည်တော်များတွင် သခင်ကြီးယဲ့ဟူသောအမည်က ပျံ့နှံ့သွားခဲ့သည်။ သူတို့၏အမြင်တွင် ယဲ့ချန်က အလွန်အစွမ်းထက်သော တည်ရှိမှုတစ်ခုဖြစ်သည်။
ရန်သူမြေဝိဇ္ဇာများကို တော်ဝင်စစ်သည်များက ကြိုးများဖြင့်တုပ်နှောင်၍ ယဲ့ချန်ရှေ့သို့ ဆွဲခေါ်လာခဲ့သည်။ အရေအတွက်က ဆယ့်နှစ်ယောက်တိတိရှိသည်။
"စစ်နတ်ဘုရား"
တော်ဝင်စစ်သည်တော်များက လှံကိုယ်စီမြှောက်၍ ကျယ်လောင်စွာ အော်ဟစ်အားပေးလိုက်ကြသည်။ သူတို့၏အော်ဟစ်သံက ကောင်းကင်သို့ပင် ပျံ့နှံ့သွားခဲ့သည်။
စစ်နတ်ဘုရားဟူသော ဘွဲ့က ရှီဝူအင်ပါယာတွင် အမြင့်ဆုံးအဆင့်ဖြစ်သည်။ တော်ဝင်စစ်သည်တော်များက သူတို့၏လေးစားမှုကိုပြသရန် ယဲ့ချန်ကို ဤဘွဲ့ပေးအပ်ခဲ့ကြသည်။
ယဲ့ချန်က ဝိညာဥ်စစ်သည်တော်ဖြင့် ရှောင်ရိ၊ မင်ဝူ၊ နင်ချင်းယွင်နှင့် ရှဲ့တောက်၊ ရှဲ့ကျန်တို့၏တိုက်ပွဲကို စစ်ဆေးလိုက်သည်။ ရှဲ့တောက်နှင့်ရှဲ့ကျန်က ဆန်းကျယ်ဝိဇ္ဇာစဦးအဆင့်များသာဖြစ်သော်လည်း ရှောင်ရိနှင့်ရင်ဆိုင်ရသည့်အတွက် ကံဆိုးနေသည်။ နင်ချင်းယွင်နှင့်မင်ဝူက အဆင့်တက်ပြီးကာစဖြစ်၍ ရန်သူများအောက် အနည်းငယ်နိမ့်ကျနေသော်လည်း နှစ်ယောက်တစ်ယောက်တိုက်ခိုက်လျှင် သေချာပေါက်အနိုင်ယူနိုင်သည်။
"ဒီကောင့်ကိုကြိုးဖြည်ပေးလ်ုက်ကြ။ ကျန်တဲ့လူတွေကို ကျင့်ကြံဆင့်ပိတ်ပြီး ထောင်ထဲထည့်ထားလိုက်"
ထိုနေရာတွင် ပြဿနာမရှိကြောင်း စစ်ဆေးပြီးနောက် ယဲ့ချန်က ကြိုးတုပ်ခံထားရသော မြေဝိဇ္ဇာတစ်ယောက်ကိုညွှန်ပြ၍ အမိန့်ပေးလိုက်သည်။
"ကောင်းပါပြီ"
တော်ဝင်စစ်သည်တော်များက ချက်ချင်းနာခံလိုက်ကြသည်။ နန်မန်တိုင်းပြည်၏ မြေဝိဇ္ဇာတစ်ယောက်က ကြိုးဖြည်ပေးခံလိုက်ရသဖြင့် ကြောင်တောင်တောင်နှင့် မတ်တပ်ရပ်လိုက်မိသည်။ ယဲ့ချန်၏အေးစက်စက်အကြည့်နှင့် ရင်ဆိုင်လိုက်ရသောအခါ သူက ချက်ချင်းကြောက်စိတ်များပြည့်နှက်လာကာ အကြောင်းအရင်းကို တွေးမရခဲ့ပေ။
"မြင့်မြတ်တဲ့ကျင့်ကြံသူ ကျုပ်က ကျုပ်ဘုရင်ရဲ့အမိန့်အရ လုပ်ရတာပါ"
နန်မန်ကျင့်ကြံသူက အကြောင်းပြလိုက်သည်။ ယဲ့ချန်၏သတ်ဖြတ်လိုစိတ်ကြောင့် သူက ခြေထောက်များပင် တုန်ယင်နေသည်။ သူက ကောင်းကင်ဝိဇ္ဇာတစ်ယောက်ရှေ့၌ပင် ဤသို့ကြောက်စိတ်မျိုး ဖြစ်ပေါ်မလာဖူးချေ။
"နန်မန်တိုင်းပြည်ကိုပြန်ပြီး မင်းတို့ဘုရင်ကို လျှောက်တင်လိုက်ကြစမ်း။ ငါက မင်းတို့တိုင်းပြည်နှစ်ခုရဲ့စစ်ပွဲကို စိတ်မဝင်စားဘူး။ ဒါပေမယ့် ရှီဝူအင်ပါယာကို ဆက်ပြီးတိုက်ခိုက်နေမယ်ဆိုရင် မင်းတို့အကုန်လုံးကို တစ်ယောက်မကျန်သတ်မှ အပြစ်မတင်နဲ့"
ယဲ့ချန်က အေးစက်စက်မှာကြားလိုက်သည်။
ရန်သူမှာ ယဲ့ချန်၏စကားလုံးများကြောင့် အလွန်ကြောက်လန့်သွားခဲ့သည်။ နန်မန်တိုင်းပြည်က ရှီဝူအင်ပါယာကို ကျူးကျော်လာသော်လည်း တစ်ယောက်မကျန်သတ်မည်ဟု မပြောရဲပေ။ သို့သော် ယဲ့ချန်၏စကားကိုမူ သူက သံသယမရှိချေ။
"ဟုတ်ကဲ့ ကျွန်တော်လျှောက်တင်လိုက်ပါ့မယ် အရှင်"
မြေဝိဇ္ဇာက သံတမန်အဖြစ် ရွေးချယ်ခံရသောကြောင့် ကံကောင်းသည်ဟု သိလိုက်သည်။ သူက နဖူးပေါ်ရှိချွေးများကို လက်ခုံဖြင့်သုတ်လိုက်သည်။
"သွားစမ်း"
ယဲ့ချန်က အမိန့်ပေးလိုက်၏။
"ကောင်းပါပြီ"
မြေဝိဇ္ဇာက ယဲ့ချန်ကို လျင်မြန်စွာအရိုအသေပေး၍ အဝေးသို့ ချက်ချင်းပျံသန်းထွက်ပြေးသွားလေသည်။
"ဆရာ ပင်ပန်းသွားရပြီ။ ကျေးဇူးပြုလို့ ပြန်ပြီးအနားယူလိုက်ပါ"
ယဲ့ချန်က ဝိညာဥ်စစ်သည်တော်ကို ပြန်လည်ရုတ်သိမ်း၍ ရွှမ်းယီကို ရိုသေစွာပြောလိုက်သည်။
"အရှင်က နတ်ဘုရင်တစ်ယောက်လို့ ကျုပ် မသိခဲ့ဘူး။ ကျုပ်က အရှင်ရဲ့ဆရာ မဖြစ်ရဲပါဘူး"
ရွှမ်းယီက ခေါင်းယမ်း၍ တစ်ချက်ပြုံးကာ ပြောလိုက်သည်။
"ကျွန်တော်ကဘာဖြစ်ဖြစ် ဆရာက အမြဲတမ်း ကျွန်တော့်ဆရာဖြစ်နေမှာပါ။ တစ်ရက်တာ ဆရာဖြစ်ဖူးရင် တစ်သက်တာအတွက် အဖေလို့ယူဆပါတယ်"
ယဲ့ချန်ကခေါင်းယမ်း၍ တစ်လုံးချင်းပြောလိုက်သည်။ သူက မြို့တော်သို့ရောက်လာပြီးနောက် ရွှမ်းယီထံမှ ဆေးပညာကို သင်ယူခဲ့ရသည်။ ထို့အပြင် သူ၏ကိုယ်ကျင့်တရားကို ယဲ့ချန်က လေးစားသည်။ သို့သော်လည်း နတ်ဘုရင်အဖြစ် ဟန်ဆောင်ဦးမည်ဖြစ်သောကြောင့် ဝိညာဥ်စစ်သည်တော်အကြောင်း မပြောပြခဲ့ပေ။
"ကောင်းပြီ"
ရွှမ်းယီက ယဲ့ချန်ကို အချိန်ကြာမြင့်စွာစိုက်ကြည့်လိုက်ပြီးမှ နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။ မြေဝိဇ္ဇာများက ရွှမ်းယီကို သူနေထိုင်သောနန်းဆောင်သို့ စောင့်ရှောက်ပြီး လိုက်ပို့ပေးခဲ့ကြသည်။
အဝေးတွင် ရှောင်ရိ၊ မင်ဝူနှင့် နင်ချင်းယွင်တို့ကို ရန်သူနှစ်ယောက်ကို အပြင်းအထန်တိုက်ခိုက်နေကြသည်။ ရှဲ့ညီအစ်ကိုက ယဲ့ချန်လိုက်လာမည်ကို ကြောက်လန့်သောကြောင့် တိုက်ခိုက်ရမည့်အစား ထွက်ပြေးလိုနေခဲ့သည်။ သူတို့က လေးငါးကြိမ်ခန့်ကြိုးစားခဲ့ကြသော်လည်း အချိန်တိုင်း ကျရှုံးရသည်ချည်းသာဖြစ်သည်။
ရှဲ့တောက်နှင့် ရှဲ့ကျန်၏အလျင်ကို မင်ဝူနှင့်နင်ချင်းယွင်က လိုက်မီရန်မဖြစ်နိုင်သော်လည်း ရှောင်ရိက သူတို့ထက် လေးငါးဆပို၍မြန်ဆန်နေခဲ့သည်။ သူက ရန်သူနှစ်ယောက်ရှေ့တွင်ပိတ်ရပ်ကာ လက်သီးလေးဖြင့်တိုက်ခိုက်၍ တားမြစ်ခဲ့သည်။ သူတို့က ထွက်ပြေးရန်မဖြစ်နိုင်သကဲ့သို့ လူခွဲ၍လည်း မတိုက်ခိုက်ရဲပေ။
"ဒီလက်သီးကို မြည်းကြည့်စမ်း"
ရှောင်ရိက ရှဲ့တောက်၏ခေါင်းကို လက်သီးဖြင့်ထိုးချလိုက်သည်။ အချိန်ကြာမြင့်စွာလေ့ကျင့်ပြီးနောက် ရှောင်ရိက ယခင်နှင့်မတူတော့ဘဲ သူ၏လက်သီးများကို ကောင်းစွာအသုံးချတတ်လာသည်။ လက်ရှိတွင် သူ၏လက်သီးများ၌ အနက်ရောင်မီးတောက်လောင်နေပြီး မိစ္ဆာစွမ်းအင်များ ထွက်ပေါ်နေသည်။
ရှဲ့တောက်ကလည်း ဓားပြားကြီးကိုဆွဲထုတ်၍ ရှောင်ရိ၏ခေါင်းကို ပြန်လည်ခုတ်ပိုင်းလိုက်၏။ ရှောင်ရိက ဓားပြားကြီးဝင်ရောက်လာသည်ကို မြင်သော်လည်း မရှောင်ခဲ့ပေ။
"သေစမ်း"
ရှဲ့တောက်က အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။ ဤလောကတွင် ရူးမိုက်သူများစွာရှိသည့်အနက် ဓားပြားကြီးကို ခေါင်းဖြင့်ခံလိုက်သော ဤကလေးက အရူးမိုက်ဆုံးဖြစ်နိုင်ပေသည်။
"ဘုန်း"
ဓားပြားကြီးက ရှောင်ရိ၏ခေါင်းပေါ်သို့ ပြင်းထန်စွာကျရောက်သွားခဲ့သည်။ သို့သော် သူမျှော်လင့်ထားသကဲ့သို့ ရှောင်ရိက နှစ်ခြမ်းကွဲမထွက်သွားသည့်အပြင် ဓားပြားကြီးပေါ်တွင် လက်သီးဆုပ်အရွယ် ချိုင့်ရာကြီးတစ်ခု ဖြစ်ပေါ်လာ၏။
"ဘာတွေဖြစ်သွားတာလဲ"
ဓားပြားကြီးသည် အဆင့်လေးဝိညာဥ်လက်နက်ဖြစ်သောကြောင့် ရှဲ့တောက်၏မျက်နှာက ရှုံ့မဲ့သွားခဲ့သည်။
ရှောင်ရိ၏လက်သီးချက်ကလည်း အကာအကွယ်မဲ့နေသော ရှဲ့တောက်၏ခေါင်းကို ထိမှန်သွားခဲ့သည်။ ဘုန်းခနဲမြည်သံနှင့်အတူ ရှဲ့တောက်၏ခန္ဓာကိုယ်က အဝေးရှိမြေပြင်သို့ ပြင်းထန်စွာပြုတ်ကျသွားခဲ့သည်။ ဖုန်လုံးကြီးများပင် ထိုနေရာမှ တလိမ့်လိမ့်ထွက်ပေါ်လာသည်။ ရှဲ့တောက်မှာ ရှောင်ရိ၏လက်သီးတစ်ချက်တည်းဖြင့် အပြင်းအထန်ဒဏ်ရာရသွားပြီး သတိလစ်လုနီးပါး ဖြစ်သွားခဲ့သည်။
"အစ်ကို"
ရှဲ့ကျန်ကလည်းအော်ဟစ်၍ သူ၏ဓားကြီးကို ဆွဲကိုင်လိုက်သည်။
"ပြေး"
ရှဲ့တောက်ကအားယူ၍ မတ်တပ်ရပ်လိုက်ပြီး နာကျင်စွာပြောလိုက်သည်။
ထိုအချိန်၌ မင်ဝူနှင့်နင်ချင်းယွင်ပါ လိုက်မီလာကာ ဘယ်တစ်ယောက် ညာတစ်ယောက်ပိတ်ဆို့၍ လွတ်လမ်းကို တားမြစ်ထားကြသည်။
လက်ရှိအခြေအနေကြောင့် ရန်သူနှစ်ယောက်က ထွက်ပြေးရန်မဖြစ်နိုင်ကြောင်း နားလည်လိုက်ကြသည်။ သူတို့က မီးနတ်ဘုရားဂိုဏ်းတွင် ထိပ်တန်းအဆင့်ကျင့်ကြံသူများမဟုတ်သော်လည်း ဒုတိယအဆင့်တော့ ပိုင်ဆိုင်ထားကြသည်။ သူတို့အတွက် ရှီဝူအင်ပါယာဆိုသော တိုင်းပြည်သေးသေးလေးကိုဖြေရှင်းရန်က အလွန်လွယ်ကူမည်ဟု ထင်မြင်ခဲ့ကြသည်။ သို့သော်လည်း သူတို့က မျက်နှာပျက်ရအောင် ဆုံးရှုံးသွားခဲ့ပြီး ရှီဝူအင်ပါယာဘက်တွင် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ရှိနေမည်ဟု လုံးဝထင်မထားခဲ့ပေ။
"ရှီဝူအင်ပါယာရဲ့ဧကရာဇ်က ဘယ်သူလဲ"
ရှဲ့တောက်၏ မျက်လုံးတစ်ဖက်က အထိုးခံထားရသဖြင့် ဖူးယောင်နေပြီး တစ်ဖက်သာဖွင့်နိုင်သည်။ သူက တစ်ဖက်လူများထံ စုံစမ်းလိုက်သည်။
"ငါ"
မင်ဝူက ရှေ့ထွက်လိုက်သည်။ သူတို့သုံးယောက်က ရန်သူများကို လမ်းပိတ်ထားနိုင်ပြီဖြစ်သောကြောင့် မည်သည့်စကားပြောမည်ကို သိလိုနေခဲ့သည်။
"ငါတို့နှစ်ယောက်က အလယ်အင်ပါယာ၊ ဂိုဏ်းကြီးဆယ်ခုထဲကတစ်ခုဖြစ်တဲ့ မီးနတ်ဘုရားဂိုဏ်းရဲ့ အကြီးအကဲတွေဖြစ်တယ်။ တကယ်လို့ ငါတို့ဒီမှာသေသွားရင် ဂိုဏ်းချုပ်က လက်စားချေလိမ့်မယ်။ မင်းရဲ့ရှီဝူအင်ပါယာတစ်ခုလုံး သုတ်သင်ခံရလိမ့်မယ်"
ရှဲ့တောက်က နောက်ခံအားကိုးဖြင့် ခြိမ်းခြောက်လိုက်သည်။ သူက ယဲ့ချန်ကို နတ်ဘုရင်ဟုတ်မဟုတ် သံသယဝင်နေခဲ့သည်။ အကယ်၍ နတ်ဘုရင်တစ်ယောက်သာဆိုလျှင် သုတ်သင်ခံရမည်မှာ ရှီဝူအင်ပါယာမဟုတ်ဘဲ မီးနတ်ဘုရားဂိုဏ်းဖြစ်သွားပေလိမ့်မည်။ သို့သော် လက်ရှိတွင် အသက်ဘေးမှလွတ်မြောက်ရန် သူက ကြံမိကြံရာပြောလိုက်ခြင်းပင်။
မင်ဝူက တုံ့ဆိုင်းသွားခဲ့သည်။ တော်ဝင်မျိုးနွယ်၏ခွန်အားက မီးနတ်ဘုရားဂိုဏ်းကို ဆန့်ကျင်နိုင်သော အခြေအနေမဟုတ်ပေ။ သူက ရှောင်ရိကို တစ်ချက်ကြည့်လိုက်ပြီး လက်ရှိတွင် ရှောင်ရိ၏စကားက သူ့ထက်ပို၍ အကျိုးသက်ရောက်မည်ဖြစ်ကြောင်း နားလည်လိုက်သည်။
မင်ဝူသည် ရှောင်ရိနှင့်ယဲ့ချန်၏ခွန်အားကို အတိတ်တွင် အထင်သေးမိခဲ့သည်။ ရှဲ့တောက်၏ဓားပြားကြီးက အဆင့်လေးလက်နက်ဖြစ်သော်လည်း ရှောင်ရိကို အန္တရာယ်မပေးနိုင်သည့်အပြင် ချိုင့်ဝင်သွားရ၏။ အတိတ်တွင် သူက ရှောင်ရိမှာ ပါရမီရှင်ဟုထင်ထားခဲ့သော်လည်း သူ၏အစွမ်းထက်ရုပ်ခန္ဓာကြောင့် ယဲ့ချန်နှင့်တန်းတူ နတ်ဘုရင်တစ်ကောင်ဖြစ်နိုင်ကြောင်း ခန့်မှန်းလိုက်သည်။
ကောင်းကင်သားရဲနတ်ဘုရင်တစ်ယောက်တွင် ဝိညာဥ်အသွင်ဖြစ်တည်ခြင်းအစွမ်းကို ပိုင်ဆိုင်ထားသည်။ မှော်သားရဲနတ်ဘုရင်တစ်ယောက်၏ရုပ်ခန္ဓာက အလွန်အမင်းသန်မာသည်။ ဖြစ်နိုင်သည်က ရှောင်ရိမှာ ယဲ့ချန်၏အဖော် မှော်သားရဲနတ်ဘုရင် ဖြစ်နိုင်လေသည်။
"မီးနတ်ဘုရားဂိုဏ်းက ဘာလဲ။ သူတို့ကသန်မာလား"
ရှောင်ရိက နင်ချင်းယွင်နှင့်မင်ဝူကို လှည့်မေးလိုက်သည်။
မင်ဝူနှင့်နင်ချင်းယွင်က ဤအမေးကို မည်သို့ပြန်ဖြေရမှန်းမသိ ဖြစ်သွားကြသည်။ ဤလောကတွင် မီးနတ်ဘုရားဂိုဏ်းက အစွမ်းထက်သော်လည်း နတ်ဘုရင်များအောက် နိမ့်ကျပေသည်။
"အရှင် မီးနတ်ဘုရားဂိုဏ်းမှာ ဆန်းကျယ်ဝိဇ္ဇာတွေအများကြီးရှိပြီး အလယ်အင်ပါယာရဲ့ ဂိုဏ်းကြီးဆယ်ခုထဲကဖြစ်ပါတယ်"
နင်ချင်းယွင်က ခဏတာစဥ်းစားပြီးနောက် ဖြေလိုက်သည်။
သူက ရှောင်ရိကို အရှင်ဟု ခေါ်ဝေါ်လိုက်သောကြောင့် ရှဲ့တောက်နှင့်ရှဲ့ကျန်က ထိတ်လန့်သွားကြသည်။ ရှောင်ရိကို သူတို့က ကြောက်လန့်တကြားကြည့်လိုက်မိကြသည်။
"ဆန်းကျယ်ဝိဇ္ဇာ ဟုတ်လား။ ဒီကောင်တွေက နတ်ဘုရင်တွေ၊ သာလွန်အဆင့်သားရဲတွေထက် ပိုပြီးအစွမ်းထက်တာလား"
ရှောင်ရိကခေါင်းကုတ်၍ မေးလိုက်ပြန်သည်။
ရှောင်ရိ၏စကားကြောင့် ရှဲ့တောက်နှင့်ရှဲ့ကျန်က ကြောက်ဒူးတုန်သွားကြသည်။ သူ၏မျက်လုံးထဲတွင် နတ်ဘုရင်အဆင့်နှင့် သာလွန်အဆင့်များကိုသာ အစွမ်းထက်ကျင့်ကြံသူဟု သတ်မှတ်ထားခြင်း ဖြစ်နိုင်လေသည်။
***