ဝံပုလွေအင်ပါယာမှ ကင်းထောက်ဝံပုလွေ
Vol. 21 Ch. 289
မဟာသာလွန်အဆင့် ကျင့်ကြံသူများက ဒဏ္ဍာရီ၌သာ ထွက်ပေါ်လာဖူးပြီး စိတ်ကူးယဥ်ဆန်လွန်းသော အဆင့်တစ်ခုဖြစ်သည်။ လူသားများကြားတွင် ထျန်းချီအဆင့်တစ်ဆယ်၊ မြေဝိဇ္ဇာ၊ ကောင်းကင်ဝိဇ္ဇာ၊ ဆန်းကျယ်ဝိဇ္ဇာ၊ နတ်ဝိဇ္ဇာနှင့် ပြိုင်ဘက်ကင်းဝိဇ္ဇာဟူ၍ အဆင့်များခွဲထားသည်။ သားရဲများကြား၌ အဆင့်တစ်ဆယ်ပြီးလျှင် မြေအဆင့်၊ ကောင်းကင်အဆင့်၊ ဆန်းကျယ်အဆင့်၊ နတ်ဘုရင်အဆင့်နှင့် မဟာသာလွန်အဆင့်ဟူ၍ ခွဲခြားထားသည်။
မဟာသာလွန်အဆင့် သားရဲတစ်ကောင်က ပြိုင်ဘက်ကင်းဝိဇ္ဇာတစ်ယောက်နှင့် စွမ်းအားချင်းတူညီသည်။ ဤအဆင့်က နတ်ဝိဇ္ဇာများထက် ပို၍သန်မာပေသည်။
"အရှင် နတ်ဘုရင်တွေက လူသားဆန်းကျယ်ဝိဇ္ဇာတွေထက် ပိုပြီးအစွမ်းထက်ပါတယ်"
နင်ချင်းယွင်က ခေါင်းညွှတ်၍ ရိုသေစွာဖြေလိုက်သည်။ သူသည်လည်း ရှောင်ရိကို အနည်းငယ်ကြောက်လန့်နေသည်။
ရှောင်ရိသည် ယဲ့ချန်နောက်တွင် အမြဲပုန်းကွယ်နေတတ်သောကြောင့် မင်ဝူနှင့်နင်ချင်းယွင်က သူ့အကြောင်းကို များစွာမသိထားပေ။ သူတို့သိသော တစ်ခုတည်းသောအရာမှာ ရှောင်ရိ၏ဉာဏ်ရည်က လေးငါးနှစ်အရွယ် ကလေးသာသာဖြစ်နေခြင်းပင်။ သို့သော် ခွန်အားနှင့်ကျင့်ကြံဆင့်တွင် ရှောင်ရိကနတ်ဘုရင်ဖြစ်သည်ဟု သူတို့က ထင်မှတ်ထားကြသည်။ ထို့ကြောင့် နင်ချင်းယွင်သည် ရှောင်ရိကို အလွန်နှိမ့်ချကာ ရိုရိုသေသေဆက်ဆံခြင်း ဖြစ်လေသည်။
"သူတို့က နတ်ဘုရင်အဆင့်အောက် နိမ့်ကျရင် ဘာတွေကြောက်နေမှာလဲ။ သူတို့ဂိုဏ်းကလူတွေလာရင် ငါ ရိုက်နှက်ပေးလိုက်မယ်"
ရှောက်ရိက လက်သီးလေးများကိုယမ်း၍ ရှဲ့တောက်နှင့်ရှဲ့ကျန်ကို တစ်ချက်ကြည့်လိုက်သည်။
ရှဲ့တောက်နှင့်ရှဲ့ကျန်မှာ ကြောက်မက်ဖွယ်ဖြစ်တည်မှုတစ်ခုရှေ့တွင် ရောက်နေသကဲ့သို့ ကြောက်ဒူးတုန်နေကြ၏။ ဤကလေးကလည်း နတ်ဘုရင်ဖြစ်နေသောအခါ မီးနတ်ဘုရားဂိုဏ်းပင် ဆန့်ကျင်ရဲမည်မဟုတ်ပေ။ သူတို့တွင် ခြိမ်းခြောက်စရာနောက်ခံလည်း မရှိတော့ချေ။
နင်ချင်းယွင်နှင့်မင်ဝူသည် ရှောင်ရိ၏စကားများကြောင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထိုစကားမှတဆင့် အချက်အလက်အချို့ ရလိုက်သောကြောင့် သူတို့၏ယုံကြည်မှုများ တိုးပွားလာခဲ့သည်။
ရှောင်ရိကလက်သီးဆုပ်ပြီး ရှဲ့တောက်နှင့်ရှဲ့ကျန်ထံ ချီတက်သွားခဲ့သည်။ သူက နှစ်ယောက်လုံးကိုရိုက်နှက်ရန် အသင့်ဖြစ်နေခဲ့သည်။ ရှဲ့တောက်နှင့်ရှဲ့ကျန်က သေချာပေါက်ရှုံးနိမ့်မည်ဖြစ်သော်လည်း ယဲ့ချန်က အခြေအနေကို ပုံသေတွက်မထားရဲပေ။ ထို့ကြောင့် သူက ရှောင်ရိထံ လျင်မြန်စွာပျံသန်းလာနေစဥ် ပတ်ဝန်းကျင်ကိုထောက်လှမ်းနေသော ဝိညာဥ်အသိစိတ်တစ်ခုကို အာရုံခံမိလိုက်သည်။
"ဘယ်က ကောင်းကင်သားရဲ ရောက်လာတာလဲ"
ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်လိုက်သောအခါ တစ်ဖက်သားရဲ၏ဝိညာဥ်အသိစိတ်က ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့သည်။
ယဲ့ချန်က ၎င်းနောက်သို့ သူ၏အသိစိတ်ကို စေလွှတ်လိုက်သောအခါ မီတာရာချီအဝေးရှိ သစ်တောတစ်ခုအတွင်း မြက်ပင်များကြားတွင် အနီရောင်ဧရာမဝံပုလွေကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။ ၎င်းက လူတစ်ယောက်၏အရပ်ခန့်မြင့်ပြီး ကြွက်သားကြီးများ ဖုထစ်ဖောင်းကားနေသည်။
ဝံပုလွေကြီးက ယဲ့ချန်၏ဝိညာဥ်အသိစိတ်ကို ကြောက်လွန်းသောကြောင့် မြေပြင်တွင်ကပ်၍ ပြားပြားဝပ်နေခဲ့သည်။ ၎င်းက ဤနေရာတွင် ဝံပုလွေဘုရင်များအောက်မနိမ့်ကျသော နတ်ဘုရင်တစ်ယောက်ကိုတွေ့ရမည်ဟု ထင်မထားခဲ့ပေ။ အကယ်၍ ယဲ့ချန်သာ သတ်ဖြတ်ချင်လျှင် သေချာပေါက်သေရမည်ဖြစ်သောကြောင့် ၎င်းက သေမတတ်ကြောက်လန့်နေသည်။ နတ်ဘုရင်တစ်ယောက်၏လက်မှ ထွက်ပြေးရန်လည်း မဖြစ်နိုင်သောကြောင့် ၎င်းက နာခံစွာဝပ်နေပြီး ယဲ့ချန်၏ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေရန်သာ တတ်နိုင်သည်။
မြေပြင်တွင်ဝပ်နေသော ဝံပုလွေကြီး၏ကျင့်ကြံဆင့်ကို ယဲ့ချန်က စစ်ဆေးလိုက်သည်။ ၎င်းက ဆန်းကျယ်အဆင့် မိစ္ဆာဝံပုလွေတစ်ကောင်ဖြစ်သည်။
"ဒီကောင်က ဒီနေရာကို ဘာလာလုပ်တာလဲ။ ဝံပုလွေတိုင်းပြည်က ရှီဝူအင်ပါယာနဲ့နန်မန်တိုင်းပြည်ရဲ့စစ်ပွဲကို ဝင်စွက်ဖက်မလို့လား။ ဒါမှမဟုတ် ဒီနေရာရဲ့အခြေအနေကို စုံစမ်းရုံသက်သက်လား"
ပထမအတွေးသာ အမှန်ဖြစ်နေလျှင် ယဲ့ချန်အနေဖြင့် မည်သည်မှမတတ်နိုင်ချေ။ သို့သော် နောက်တစ်ခုဖြစ်နေလျှင် ကိစ္စများက ပို၍လွယ်ကူလာပြီဖြစ်သည်။
"မင်း ဘယ်ကလာတာလဲ"
ယဲ့ချန်၏ဝိညာဥ်အသိစိတ်က တစ်လုံးချင်း မေးလိုက်သည်။
"ဝံပုလွေတိုင်းပြည်ကပါ အရှင်"
မိစ္ဆာဝံပုလွေကြီးက လူသားဘာသာစကားနှင့် ရိုသေစွာ ပြန်ဖြေလိုက်သည်။
"ဝံပုလွေတိုင်းပြည်က လူသားတိုင်းပြည်နှစ်ခုရဲ့စစ်ပွဲကြားမှာ ဝင်ရောက်စွက်ဖက်မလို့လား"
ယဲ့ချန်က မေးလိုက်သည်။ သူက ဝံပုလွေတိုင်းပြည်အပေါ် ရန်ငြိုးများရှိသော်လည်း လုံလောက်အောင်မသန်မာခင်အထိ ပေါ်တင်ရန်စမည်မဟုတ်ချေ။ သို့သော်လည်း ၎င်းတို့က ရှီဝူအင်ပါယာကိုတိုက်ခိုက်ချင်နေလျှင် ကွဲပြားသွားပေလိမ့်မည်။
"မဟုတ်ပါဘူး အရှင်။ ဝံပုလွေတိုင်းပြည်က လူသားစစ်ပွဲတွေကြားကိုဝင်စွက်ဖက်ဖို့ အစီအစဥ်မရှိပါဘူး။ ဒါပေမယ့် နန်မန်တိုင်းပြည်ရော ရှီဝူအင်ပါယာရောက ဝံပုလွေတိုင်းပြည်ရဲ့ပိုက်နက်ထဲမှာရှိနေလို့ ဘုရင်သုံးပါးက အခြေအနေကြည့်ဖို့ ကျွန်တော်မျိုးကို စေလွှတ်လိုက်တာပါ။ အရှင် ဒီကိုရောက်နေမယ်လို့ မထင်ထားပါဘူး"
ဝံပုလွေကြီးက ယဲ့ချန်ရှေ့တွင် မည်သည်ကိုမှမထိမ်ချန်ထားရဲသောကြောင့် အမှန်အတိုင်းဖြေလိုက်သည်။ ၎င်း၏ခေါင်းက မြေပြင်ကိုကပ်နေပြီး လိပ်ပြာလွင့်မတတ်ဖြစ်နေသည်။ အကယ်၍ ယဲ့ချန်သာသတ်ချင်လျှင် အတွေးတစ်ချက်သာလိုသောကြောင့် ဝံပုလွေဘုရင်သုံးပါး၏မျက်နှာထောက်ပြီး အသက်ချမ်းသာပေးရန်တစ်ခုသာ ၎င်းက မျှော်လင့်နေသည်။
"ငါက ရှီဝူအင်ပါယာရဲ့ လူသားတွေကြားမှာ ဆယ်စုနှစ်ကြာအောင် နေထိုင်လာခဲ့တယ်။ ငါကဒီ တိုင်းပြည်ကို မပျက်စီးစေချင်ဘူး။ ဝံပုလွေတိုင်းပြည်ရဲ့ဘုရင်သုံးပါးက ဝင်မစွက်ဖက်ဘူးဆိုရင် သေချာပေါက်လာပြီး အရိုအသေပေးပါမယ်"
ယဲ့ချန်က အချိန်တစ်ခုကြာစဥ်းစားပြီးနောက် ဖြေလိုက်သည်။ သူက နတ်ဘုရင်တစ်ယောက်အဖြစ် ဟန်ဆောင်ထားသောကြောင့် ဝံပုလွေတိုင်းပြည်ကို မျက်နှာသာပေးသယောင် ဟန်ဆောင်လိုက်သည်။
"ကျွန်တော်မျိုးက ဘုရင်သုံးပါးဆီ သေချာပေါက်တင်ပြပေးပါ့မယ် အရှင်"
ယဲ့ချန်၏စကားကြောင့် ဝံပုလွေကြီး၏တင်းမာနေသော စိုးရိမ်စိတ်များ ပျောက်ကင်း၍ စိတ်အေးသွားခဲ့သည်။ နန်မန်တိုင်းပြည်မှာ ၎င်း၏အမြင်တွင် သနားစရာဖြစ်နေခဲ့သည်။ သူတို့က ရှီဝူအင်ပါယာကိုသိမ်းပိုက်ရန် နှစ်ပေါင်းများစွာကြံစည်လာသော်လည်း ကံဆိုးစွာဖြင့် နတ်ဘုရင်တစ်ယောက်ကို ရန်စမိလိုက်ကြသည်။ ထို့ပါဟုန်ယဲ့အနေဖြင့် ကျားမြှီးကို သွားဆွဲမိခြင်းဖြစ်ပေသည်။
"ကောင်းပြီ။ သွားပေတော့"
ယဲ့ချန်က ခွင့်ပြုချက်ပေးလိုက်သောအခါ မိစ္ဆာဝံပုလွေကြီးက ထပ်ကာထပ်ကာဦးညွှတ်လိုက်သည်။ ထို့နောက် ၎င်းကအမြှီးကုပ်၍ သစ်တောအတွင်း လျင်မြန်စွာဝင်ရောက် ပျောက်ကွယ်သွားခဲ့သည်။
ဝံပုလွေကြီးထွက်ခွာသွားပြီးနောက် ယဲ့ချန်က မျက်မှောင်ကြုတ်၍ စဥ်းစားခန်းဝင်လိုက်သည်။ ရှီဝူအင်ပါယာ၏မြို့တော်တွင် သူထွက်ပေါ်လာသော သတင်းပြန့်သွားလျှင် နန်မန်တိုင်းပြည်က ချက်ချင်းနောက်ဆုတ်သွားပေလိမ့်မည်။ ထို့ပါဟုန်ယဲ့က အရူးတစ်ယောက်မဟုတ်သောကြောင့် နတ်ဘုရင်တစ်ယောက်ကို ရန်စမည်မဟုတ်ချေ။
သို့သော် ရှီဝူအင်ပါယာကလည်း နန်မန်တိုင်းပြည်ကို သွားရောက်တိုက်ခိုက်၍ မရပေ။ တိုက်ပွဲဖြစ်ပွားလျှင် ယဲ့ချန်၏အစစ်အမှန်ခွန်အား ထွက်ပေါ်သွားပါက ကောင်းကျိုး လုံးဝမရှိချေ။
ဤအခြေအနေကို ယာယီထိန်းသိမ်းထားခြင်းက ရှီဝူအင်ပါယာတည်မြဲရေးအတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်လေသည်။
"ကြည့်ရတာ ငါက ဒီမြို့တော်မှာ ဆက်နေလို့မဖြစ်ဘူး။ ဝံပုလွေဘုရင်သုံးကောင်သာ နတ်ဘုရင်တစ်ယောက် ရှီဝူအင်ပါယာမှာရှိနေတဲ့အကြောင်းသိရင် ဘာတွေဖြစ်လာနိုင်လဲ။ ရှီဝူအင်ပါယာက သူတို့၏ပိုင်နက်ထဲ ရှိနေတာဆိုတော့ တစ်ယောက်ယောက်ကိုစစ်ဆေးဖို့ စေလွှတ်နိုင်တယ်။ နတ်ဘုရင်အဆင့်ဖြစ်တဲ့ ဘုရင်သုံးပါးကိုယ်တိုင်တောင် ရောက်လာနိုင်တယ်။ ငါ့အကြောင်းသာပေါ်သွားရင် အကျိုးဆက်တွေက တွေးမရအောင် ဆိုးသွားလိမ့်မယ်"
ယဲ့ချန်သည် နတ်ဘုရင်တစ်ယောက်၏အစွမ်းကို သေချာစွာသိထားသည်။ ခြင်္သေ့ဘုရင်ဖြစ်စေ ဝံပုလွေဘုရင်သုံးပါးဖြစ်စေ သူ့အကြောင်းကို ထုတ်ဖော်နိုင်ချေရှိနေကြသည်။ သူတို့က အားစမ်းတိုက်ခိုက်ရန် ရည်ရွယ်လာလျှင် ပုန်းအောင်းနေခြင်းကသာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။
"ရှီဝူအင်ပါယာမှာ ဆက်နေလို့မရရင် ဘယ်ကိုသွားသင့်လဲ။ အလယ်အင်ပါယာကို တစ်ချက်လောက် သွားကြည့်ကြမလား"
ယဲ့ချန်က နေရာတစ်ခုကို ရုတ်တရက်တွေးမိလိုက်သည်။ သူ၏လက်ရှိခွန်အားနှင့် အလယ်အင်ပါယာရှိ အစွမ်းထက်ဖြစ်တည်မှုများကို မယှဥ်နိုင်သော်လည်း ကိုယ့်ကိုကိုယ်ကာကွယ်နိုင်စွမ်းရှိပေမည်။ သူက ကျင့်ကြံခြင်းနှင့် အသိပညာဗဟုသုတအတွက် အလယ်အင်ပါယာသို့သွားရောက်လျှင် အကျိုးယုတ်စရာမရှိချေ။
စိတ်ဆုံးဖြတ်ပြီးနောက် ယဲ့ချန်က ဤနေရာရှိကိစ္စများကို အရင်ဆုံးဖြေရှင်းရပေလိမ့်မည်။ သူ့အနေဖြင့် အလယ်အင်ပါယာသို့ ခရီးမထွက်ခင် ယဲ့တောင်ကြားသို့ တစ်ခေါက်ပြန်ပေဦးမည်။
ခွန်အားလုံလောက်ခြင်းမရှိလျှင် ထိုးမည့်ဆင် နောက်တစ်လှမ်း ဆုတ်ရပေမည်။
"တောင်းပန်ပါတယ် အမွေးပွလေး။ ငါ ဝံပုလွေတိုင်းပြည်ကို လက်စားချေပေးဖို့ ခွန်အား မလုံလောက်သေးဘူး"
ယဲ့ချန်က အမွေးပွလေးအတွက် အပြစ်ရှိစိတ်ကို ခံစားလိုက်ရသည်။ မြေခွေးမျိုးနွယ်နှင့် ဝံပုလွေတိုင်းပြည်က ရန်သူများဖြစ်နေကြသော်လည်း ယဲ့ချန်က လက်စားမချေနိုင်သေးပေ။ အကယ်၍ သူက အလယ်အင်ပါယာသို့ရောက်လျှင် သူမ၏မျိုးနွယ်တူများကို လိုက်လံရှာဖွေပေးမည်ဟု ဆုံးဖြတ်လိုက်သည်။ စိတ်ထဲတွင် ထိုမြေခွေးမျိုးနွယ်ဝင်များ အသက်ဆက်ရှင်နေပါစေဟု ဆုတောင်းနေခဲ့သည်။
ဤလောကတွင် အင်အားစုများက အလွန်ရှုပ်ထွေးနေသည်။ အလယ်အင်ပါယာ၌ပင် ဝံပုလွေတိုင်းပြည်၏ အစွယ်အပါးများရှိနေနိုင်သောကြောင့် သူက အနာဂတ်၌ ဂရုတစိုက်နေထိုင်ရမည် ဖြစ်လေသည်။
ယဲ့ချန်က ဝိညာဥ်အသိိစတ်ကို ပြန်လည်ရုတ်သိမ်းပြီး ရှောင်ရိတို့ထံ ဆက်လက်ထွက်ခွာလာခဲ့သည်။
ရှောင်ရိရှေ့တက်လာသောအခါ ရှဲ့တောက်နှင့်ရှဲ့ကျန်မှာ ခုခံလိုစိတ်လုံးဝမရှိကြပေ။ ဤကလေးက နတ်ဘုရင်တစ်ယောက်ဖြစ်နိုင်နေသောအခါ သူတို့သာသေဆုံးသွားရန် အလေးသာနေသည်။ ဤနတ်ဘုရင်က သူတို့နှင့် ကစားနေခြင်းဖြစ်နိုင်သည်ဟု ခံစားနေရသည်။ အရှေ့တွင် ဝိညာဥ်အသွင်ဖြစ်တည်ခြင်းကို ထုတ်ဖော်နိုင်သော နတ်ဘုရင်ကောင်းကင်သားရဲတစ်ကောင်ကို သူတို့က ကြုံတွေ့ ရသည်။ ယခု သူတို့ရှေ့တွင်ရှိနေသော နတ်ဘုရင်က ၎င်း၏အစောင့်အရှောက် မှော်သားရဲဖြစ်နိုင်ချေ အလွန်များနေသည်။ ကောင်းကင်သားရဲနတ်ဘုရင်တစ်ယောက်က ကီလိုမီတာပေါင်းများစွာအဝေးမှ အတွေးတစ်ချက်နှင့် လူသတ်နိုင်သောအခါ သူတို့အနေဖြင့် ထွက်ပြေးလျှင်လည်း သေလမ်းသာရှိသည်။
ရှဲ့တောက်နှင့် ရှဲ့ကျန်က တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ကြသည်။ တိုက်ပွဲကား မစခင်က ရှုံးနှင့်နေပြီဖြစ်သည်။
မင်ဝူနှင့်နင်ချင်းယွင်က ရှဲ့တောက်နှင့်ရှဲ့ကျန်မှာ အသက်စွန့်တိုက်ခိုက်မည်ဟု ထင်နေချိန်တွင် ထိုလူနှစ်ယောက်က လက်နက်များကို ပစ်ချလိုက်သည်။ ထို့နောက် သူတို့က ရှောင်ရိရှေ့တွင် ဒုန်းခနဲမြည်အောင် ပြိုင်တူဒူးထောက်ချလိုက်ကြသည်။
သူတို့၏အပြုအမူက မင်ဝူနှင့်နင်ချင်းယွင်ကို မျက်လုံးပြူးသွားစေခဲ့သည်။ ထို့နောက် ဆန်းကျယ်ဝိဇ္ဇာနှစ်ယောက်က တောင်းပန်စကားများကို ကရားရေလွှတ် ဆက်တိုက်ပြောဆိုလိုက်ကြလေသည်။
"အရှင် ကျုပ်တို့က မျက်စိကန်းပြီး စော်ကားခဲ့မိပါတယ်။ ကျုပ်တို့ကို ဂိုဏ်းကအဘိုးကြီးတွေ ဖိအားပေးလို့ ရှီဝူအင်ပါယာကိုလာပြီး တိုက်ခိုက်ရတာပါ။ အရှင်ရှိနေမယ်ဆိုတာကို လုံးဝမသိခဲ့ပါဘူး။ ကျေးဇူးပြုပြီး သနားညှာတာပေးပါ။ နိမ့်ကျတဲ့အသက်လေးတွေကို ချမ်းသာပေးပါ။ ကျုပ်တို့က တောင်လောက်ကြီးသတ္တိရှိရင်တောင် အရှင့်ကို မစော်ကားရဲပါဘူး"
ရှဲ့တောက်နှင့်ရှဲ့ကျန်က မြေပြင်ကို နဖူးဖြင့် ဆက်တိုက်ဆောင့်ချ၍ ရှိခိုးနေကြသည်။
"တကယ်လို့ အရှင်သာလိုချင်ရင် ကျုပ်တို့က မီးနတ်ဘုရားဂိုဏ်းကနေထွက်ပြီး အရှင့်အတွက် အမှုထမ်းပါ့မယ်။ အရှင်ကို လုံးဝသစ္စာရှိမှာဖြစ်လို့ ကျေးဇူးပြုပြီးလက်ခံပေးပါ။ အရှင်က ကျွန်တွေလိုဆက်ဆံမယ်ဆိုရင်တောင် ဒီငယ်သားနှစ်ယောက်က လုံးဝမဆန့်ကျင်ရဲပါဘူး"
ရှဲ့တောက်နှင့်ရှဲ့ကျန်က အလုအယက်ပြောဆိုနေကြသည်။ သူတို့ကို ရှောင်ရိက စိတ်မကြည်မသာဖြစ်၍ ထသတ်လိုက်မည်အား စိုးရိမ်သောကြောင့် ချွေးစေးများ ထွက်နေခဲ့၏။ နှစ်ယောက်လုံးက စိတ်ထဲတွင် ထို့ပါဟုန်ယဲ့ကို အဆက်မပြတ်ဆဲဆိုနေကြသည်။ အကယ်၍ ထို့ပါဟုန်ယဲ့သာ ရှီဝူအင်ပါယာကိုတိုက်ခိုက်ရန် အကူအညီမတောင်းခဲ့လျှင် နတ်ဘုရင်နှစ်ယောက်ကို ရန်စမိမည်မဟုတ်ပေ။
ရှောင်ရိသည် ရန်သူနှစ်ယောက်နှင့် ရိုက်နှက်တိုက်ခိုက်ရမည်ဟု ထင်နေသော်လည်း ရှဲ့တောက်နှင့်ရှဲ့ကျန်က သူ့ရှေ့တွင် ရုတ်တရက်ဒူးထောက်လာကြသည်။ သူက ထိုတောင်းပန်စကားများကြောင့် အလွန်ပျင်းရိလာသည်။ ဒူးထောက်နေသူနှစ်ယောက်ကို ပြေးဝင်၍ ရိုက်နှက်ရန်လည်းမသင့်တော်ဟု ခံစားနေရသည်။
"ဟေ့ကောင်တွေ ထကြစမ်း။ ငါ အခုထိဝအောင် မတိုက်ခိုက်ရသေးဘူး။ လာစမ်းပါ"
ရှောင်ရိက တိုက်တွန်းလိုက်သည်။ သူ၏စကားကြောင့် ရှဲ့တောက်နှင့်ရှဲ့ကျန်မှာ အော်ငိုလုမတတ်ဖြစ်သွားခဲ့သည်။ နတ်ဘုရင်က သူတို့ကို အမှန်တကယ်ဆော့ကစားနေခြင်းဖြစ်သည်။ အဆင့်လေးဝိညာဥ်လက်နက်ဖြစ်သော ဓားပြားကြီးပင် ရှောင်ရိကို ထိခိုက်အောင်မလုပ်နိုင်သောအခါ တစ်ဖက်သတ်ရိုက်ပွဲကြီး ဖြစ်သွားနိုင်သည်။
"ကျွန်တော်မျိုးတို့က အရှင့်ကို မတိုက်ခိုက်ရဲပါဘူး။ ကျေးဇူးပြုပြီး ခွင့်လွှတ်တော်မူပါ"
ဆန်းကျယ်ဝိဇ္ဇာစဦးအဆင့် လူနှစ်ယောက်က ဆက်တိုက်ဦးချနေပြီး ခေါင်းနှင့်မြေပြင်ရိုက်ခတ်သံများက ပို၍ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့လေသည်။
***