ယဲ့ချန်၏ဆုံးဖြတ်ချက်
Vol. 21 Ch. 290
နင်ချင်းယွင်နှင့်မင်ဝူက ရှောင်ရိကို ကြည့်လိုက်ကြသည်။ ရှောင်ရိက ရန်သူနှစ်ယောက်ကို သတ်မသတ်ဟူသော အတွေးကို ပြိုင်တူတွေးမိလိုက်ကြသည်။
ရှောင်ရိက စိတ်ညစ်နေခဲ့သည်။ သူက အချိန်ကြာမြင့်စွာလေ့ကျင့်ခဲ့ရပြီး နောက်ဆုံးတွင် တိုက်ခိုက်ရန်ရန်သူများ ရှာတွေ့ခဲ့သည်။ သူက သူ၏သိုင်းပညာ မည်မျှအစွမ်းထက်ကြောင်း စမ်းသပ်လိုသော်လည်း ထိုလူများက အနည်းငယ်အရိုက်ခံရပြီးနောက် သနားညှာတာပေးရန် တောင်းပန်လာမည်ဟု ထင်မထားခဲ့ပေ။ ရှဲ့တောက်နှင့်ရှဲ့ကျန်မှာ ဆက်တိုက်ဦးချတောင်းပန်နေကြသည်။ ကောင်းကင်ချီကို အသုံးမပြုထားသဖြင့် သူတို့၏နဖူးများတွင် သွေးချင်းချင်းနီနေခဲ့သည်။
"ထစမ်း"
ရှောင်ရိက ပြောလိုက်သည်။
"သနားပါ အရှင်"
"အရင်ထစမ်းပါ"
"သနားပါ အရှင်"
ရှဲ့တောက်နှင့်ရှဲ့ကျန်က ပို၍ပြင်းပြင်းထန်ထန် ကန်တော့လာကြသည်။
"အရှင် ကျုပ်တို့ ဘာလုပ်ကြမလဲ"
နင်ချင်းယွင်က ရှောင်ရိ၏အကြံကို တောင်းလိုက်သည်။
ရှောင်ရိလည်း ဘာပြောရမှန်းမသိ ဖြစ်နေခဲ့သည်။ ဤရန်သူနှစ်ယောက်က အလွန်ပျင်းစရာကောင်းနေသည်။ ရှောင်ရိသည် ဤနှစ်ယောက်ကို သတ်ဖြတ်ရန်လည်း မတွေးဖူးချေ။
ယဲ့ချန်သည် ဝိညာဥ်အသိစိတ်ဖြင့် ထိုနေရာသို့ စစ်ဆေးလိုက်သောအခါ မြေပြင်တွင် ဒူးထောက်လက်နက်ချနေသော ရှဲ့တောက်နှင့်ရှဲ့ကျန်ကြောင့် မျက်ခုံးပင့်လိုက်မိသည်။ သူတို့နှစ်ယောက်လုံးက ဆန်းကျယ်ဝိဇ္ဇာစဦး အဆင့်များဖြစ်သော်လည်း နှစ်ယောက်ပူးပေါင်းလိုက်လျှင် အလယ်အဆင့် ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်ကို ယှဥ်ပြိုင်တိုက်ခိုက်နိုင်သည်။ အကယ်၍ သူတို့ကိုသာ ခိုင်းစေနိုင်လျှင် သေချာပေါက်အသုံးဝင်ပေလိမ့်မည်။
ဝံပုလွေတိုင်းပြည်နှင့် သမာဓိကောင်စီသည် အလွန်ကြီးမားသော အင်အားစုကြီးများဖြစ်ကြသည်။ ယဲ့ချန်အနေဖြင့် ရန်သူများကို တစ်ကိုယ်တော်မတိုက်ခိုက်ရဲပေ။ သူ့အနေဖြင့် ကိုယ်ပိုင်အင်အားစုတစ်ခုကို တည်ထောင်ရမည်ဖြစ်ကာ ရှဲ့တောက်နှင့်ရှဲ့ကျန်ကို သူ့လက်အောက်သို့ ဆွဲခေါ်နိုင်လျှင် ဆန်းကျယ်ဝိဇ္ဇာစဦးအဆင့် နှစ်ယောက်ကို ခိုင်းစေနိုင်မည်ဖြစ်သည်။
သို့သော်လည်း ဤရန်သူနှစ်ယောက်က လေယူရာယိမ်းတတ်သော ဝါးပင်ကဲ့သို့ လူစားမျိုးဖြစ်သည်။ သစ္စာဖောက်ခြင်းက သူတို့အတွက် အသက်ရှူရသကဲ့သို့ပင် လွယ်ကူနေသည်။ သို့သော် သူက လုံလောက်အောင်အစွမ်းထက်လျှင် သူတို့က သစ္စာဖောက်ရဲမည် မဟုတ်ချေ။
သူ့အနေဖြင့် လူရှေ့မြင်ကွင်းတွင် သန်မာပြီး ပြိုင်ဘက်ကင်းချင်ယောင်ဆောင်ရပေဦးမည်။
ယဲ့ချန်က ဝိညာဥ်စစ်သည်တော်ကိုဖွဲ့စည်းပြီး ရှောင်ရိ၏ခေါင်းအထက်တွင် ထွက်ပေါ်လာစေသည်။
ရှဲ့တောက်နှင့်ရှဲ့ကျန်သည် ၎င်းကိုမြင်သောအခါ စိတ်လေးလံသွားပြီး သတိလစ်လုနီးပါး ကြောက်လန့်ကုန်သည်။ သူတို့က ခေါင်းကို မြေပြင်တွင် ပြားပြားဝပ်ထားလိုက်ကြသည်။
"ကျေးဇူးပြုပြီး သနားညှာတာပေးပါ အရှင်"
ရှဲ့တောက်နှင့်ရှဲ့ကျန်က အော်ဟစ်တောင်းပန်လိုက်သည်။
"ဒီနေ့ မင်းတို့ကို ငါ မသတ်ဘူး။ ဒါပေမယ့် မင်းတို့ ဘာဆက်လုပ်မလဲဆိုတာ သိမယ်ထင်တယ်"
ယဲ့ချန်က အေးစက်စက်ပြောလိုက်သည်။ ဝိညာဥ်စစ်သည်တော်က နတ်ဘုရားတစ်ပါးပမာ ရှဲ့တောက်နှင့်ရှဲ့ကျန်ကို စိုက်ကြည့်နေခဲ့သည်။
"အသက်ချမ်းသာပေးလို့ ကျေးဇူးတင်ပါတယ် အရှင်။ ကျုပ်တို့ နားလည်ပါတယ်။ ကျုပ်တို့က မီးနတ်ဘုရားဂိုဏ်းကနေ ချက်ချင်းထွက်ပြီး အရှင့်အမှုတော်ကို ထမ်းပါမယ်"
ရှဲ့တောက်နှင့်ရှဲ့ကျန်က ယဲ့ချန်၏စကားကြောင့် ချက်ချင်းစိတ်အေးသွားကြသည်။ သူတို့နှစ်ယောက်လုံးက ချွေးစေးများ စိုရွှဲနေကြသည်။
"ကိုယ့်ဂိုဏ်းကိုယ် သစ္စာဖောက်တဲ့ကောင်တွေကို ငါက ယုံမယ်ထင်နေလား။ မင်းတို့က ဂိုဏ်းကို ဒီနေ့နောက်ကျော ဓားနဲ့ထိုးပြီးရင် မနက်ဖြန်ကျရင် ငါ့ကိုလည်း သစ္စာဖောက်နိုင်တယ်"
ဝိညာဥ်စစ်သည်တော်၏ ခန္ဓာကိုယ်ထက်တွင် ခရမ်းရောင်မီးများ တောက်လောင်လာခဲ့သည်။ အသက်ဘေးမှလွတ်မြောက်၍ စိတ်အေးနေကြသော ရှဲ့တောက်နှင့်ရှဲ့ကျန်သည် ယဲ့ချန်၏စကားကြောင့် ကျင်ငယ်ရည်များ ထွက်ကျလုမတတ် ကြောက်လန့်သွားကြပြန်သည်။
"ကျုပ်တို့က အရှင့်ကို လုံးဝသစ္စာမဖောက်ရဲပါဘူး။ ကျုပ်တို့က အရှင့်ကို သစ္စာဖောက်မိရင် ထာဝရငရဲကျပြီး ပြန်လည်ဝင်စားခြင်းမရှိပါစေနဲ့"
ရှဲ့တောက်တို့နှစ်ယောက်က ချက်ချင်းကျိန်ဆိုလိုက်သည်။
"ဟမ့် မင်းတို့ လုပ်ရဲမှာလား။ ငါက ဝိညာဥ်စွမ်းအင်ကို မင်းတို့ရဲ့ကိုယ်ပေါ်မှာ ချန်ထားလိုက်ပြီ။ ငါ့ကိုသစ္စာဖောက်ရင် မင်းတို့ ကမ္ဘာအဆုံးထိထွက်ပြေးလည်း မလွတ်နိုင်ဘူး"
ယဲ့ချန်က အေးစက်စက်ပြောလိုက်သည်။
ရှဲ့တောက်နှင့်ရှဲ့ကျန်သည် နတ်ဘုရင်များအကြောင်း သိထားကြသောကြောင့် ယဲ့ချန်၏စကားကို သံသယမရှိကြပေ။
"ငါ အရှင့်ကို သေချာပေါက်သစ္စာရှိရမယ်။ သစ္စာဖောက်မိရင် အကျိုးဆက်တွေက တွေးလို့တောင်မရလောက်ဘူး"
ဘေးတွင် လေးစားစွာရပ်ကြည့်နေသော နင်ချင်းယွင်က ချွေးများစိုရွှဲနေသည်။ ယဲ့ချန်၏ခွန်အားကြောင့် သူ၏စိတ်ထဲတွင် ဤသို့တွေးမိလိုက်သည်။
"ဟုတ်ကဲ့ပါ အရှင် ကျုပ်တို့က အရှင့်အတွက် သစ္စာရှိရှိနဲ့ အမှုတော်ထမ်းပါ့မယ်"
ရှဲ့တောက်နှင့်ရှဲ့ကျန်က ပြိုင်တူဖြေလိုက်ကြသည်။ သူတို့က အကြောက်လွန်နေသဖြင့် ဤစကားမှလွဲပြီး နောက်ထပ်မပြောနိုင်ကြချေ။
ယဲ့ချန်သည် ဝိညာဥ်အသိစိတ်ဖြင့် ဤလူနှစ်ယောက်၏ကြောက်စိတ်ကို ခံစားလိုက်ရသဖြင့် အမှန်ကိုပြောနေခြင်းဖြစ်ကြောင်း နားလည်လိုက်သည်။ ထို့အပြင် နင်ချင်းယွင်ထံမှလည်း ကြောက်စိတ်ကို ခံစားလိုက်ရသဖြင့် ဝိညာဥ်စစ်သည်တော်က လှည့်ကြည့်လိုက်သည်။ နင်ချင်းယွင်သည် ဝိညာဥ်စစ်သည်တော်၏အကြည့်ကြောင့် ချက်ချင်းထိတ်လန့်သွားခဲ့သည်။ သူ၏အတွေးများကိုပင် ယဲ့ချန်ရှေ့တွင် မဖုံးကွယ်ထားနိုင်ဟု ခံစားလိုက်ရသည်။ သူက ယဲ့ချန်၏လက်အောက်ခံ ဖြစ်လာချိန်မှစတင်၍ သစ္စာဖောက်မည့်အကြောင်း မတွေးဖူးသဖြင့် ကောင်းကင်ကိုပင် ကျေးဇူးတင်လိုက်မိသည်။ မဟုတ်လျှင် သူက ဤနေရာတွင် မြေပြင်၌ အလောင်းတစ်ခု ဖြစ်နေရပေလိမ့်မည်။
"ကောင်းပြီ။ မင်းတို့ကို လက်ခံပေးလိုက်မယ်"
ယဲ့ချန်က ဝိညာဥ်စစ်သည်တော်ကို ရုတ်သိမ်းပြီး ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် အရှင်"
ရှဲ့တောက်နှင့်ရှဲ့ကျန်သည် ကပ်ဘေးမှ လွတ်မြောက်လာသောကြောင့် ထပ်ကာထပ်ကာဦးချ တောင်းပန်လိုက်ကြသည်။ သူတို့က ရှောင်ရိနှင့်ယဲ့ချန်အပေါ် သစ္စာမရှိလိုသော်လည်း သစ္စာလည်းမဖောက်ရဲချေ။ ယဲ့ချန်၏စကားများက သူတို့၏နှလုံးထဲတွင် သံဖြင့်ရိုက်ထားသကဲ့သို့ စွဲထင်နေသည်။ အကယ်၍ ယဲ့ချန်ကိုသာ သစ္စာဖောက်မိလျှင်လည်း နတ်ဘုရင်တစ်ယောက်၏ ဝိညာဥ်အသိစိတ်ထံမှ လွတ်မြောက်မည်မဟုတ်ချေ။
"ကောင်းလိုက်တာ။ ငါ တိုက်ခိုက်ဖို့ အဖော်ရပြီ"
ရှောင်ရိက ပျော်ရွှင်စွာပြောလိုက်သည်။ ထိုစကားကိုကြားသောအခါ စိတ်အေးစပြုနေသော ရှဲ့တောက်နှင့်ရှဲ့ကျန်မှာ ဘူးခါးသီးကြီးစားလိုက်မိသကဲ့သို့ မျက်နှာများ ရှုံ့တွကုန်သည်။
ဘေးတွင်ရပ်နေသော မင်ဝူက အတွေးနက်နေပြီး နောက်ဆုံးတွင် ဆုံးဖြတ်ချက်တစ်ခု ပိုင်ပိုင်နိုင်နိုင်ချလိုက်လေသည်။
နန်းတော်အတွင်း တောက်လောင်နေသော မီးကို တော်ဝင်စစ်သည်များက ငြှိမ်းသတ်၍ အလောင်းများကို ဖယ်ရှားနေကြသည်။ မြေပြင်တွင်လဲကျနေသူများမှာ သူတို့၏အပေါင်းအဖော်များဖြစ်ကြပြီး ကောင်းမွန်စွာ အသက်ရှင်လာသော်လည်း ဤညတွင် ရုတ်တရက်သေဆုံးသွားကြသည်။ တော်ဝင်စစ်သည်တော်များက ဝမ်းနည်းစိတ်ကို ခံစားနေရသည်။
ယဲ့ချန်တို့အဖွဲ့က တော်ဝင်ဥယျာဥ်ကို ဖြတ်သန်းလာသောအခါ စစ်သည်တော်အားလုံးက ရိုသေလေးစွာပြောလိုက်ကြသည်။ အကယ်၍ ယဲ့ချန်သာမရှိလျှင် သူတို့အားလုံး သေဆုံးသွားရပေမည်။ ယဲ့ချန်က ရှီဝူအင်ပါယာတစ်ခုလုံးကို ကယ်တင်ပေးနိုင်ခဲ့လေသည်။ သူတို့၏အကြည့်များက နောက်တွင် ခပ်ကုပ်ကုပ်လိုက်ပါလာသော ရှဲ့တောက်နှင့်ရှဲ့ကျန်ထံ ကျရောက်သွားသည်။ သူတို့က ထိုနှစ်ယောက်သည် နန်မန်တိုင်းပြည်၏စစ်သည်များကို ဦးဆောင်လာသူများဖြစ်ကြောင်း သိလိုက်ရသောအခါ ရန်လိုစိတ်များ ဖြစ်ပေါ်လာကြသည်။ သို့သော်လည်း ဆန်းကျယ်ဝိဇ္ဇာစဦးအဆင့်နှစ်ယောက်က ရှောင်ရိနောက်မှ ရိုသေလေးစားစွာလိုက်ပါလာသဖြင့် စိတ်ရှုပ်သွားကြသည်။ သူတို့ကခေါင်းကုတ်၍ စဥ်းစားနေကြသော်လည်း ယဲ့ချန်တို့ထံ မစပ်စုရဲချေ။
တော်ဝင်စစ်သည်တော်များ၏ အကြည့်အောက်တွင် ယဲ့ချန်တို့အဖွဲ့က တော်ဝင်စာကြည့်ခန်းအတွင်း ဝင်ရောက်သွားကြသည်။
စာကြည့်ခန်းအတွင်း၌ ယဲ့ချန်သည် အဓိကထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ သူက ဝိညာဥ်စစ်သည်တော်ကိုထုတ်ပြပြီးနောက် နတ်ဘုရင်တစ်ယောက်ပမာ ပြုမူရပေလိမ့်မည်။ သို့မဟုတ်လျှင် သံသယဝင်ခံရနိုင်သောကြောင့် မင်ဝူကို ယဥ်ယဥ်ကျေးကျေးဆက်ဆံနေ၍ မဖြစ်ချေ။
"ဒီတိုက်ပွဲပြီးရင် နန်မန်တိုင်းပြည်က သေချာပေါက်နောက်ဆုတ်သွားမယ်လို့ ငါ ယုံကြည်တယ်။ ဒါပေမယ့် တိုင်းပြည်နှစ်ခုကြားက ရန်ငြိုးဟာ လွယ်လွယ်နဲ့ ပျောက်ကွယ်မသွားနိုင်ဘူး။ အနာဂတ်မှာ စစ်ပွဲတစ်ခု ထပ်ရှိလာနိုင်တယ်"
ယဲ့ချန်က မင်ဝူကို တစ်ချက်ကြည့်၍ ပြောလိုက်သည်။
"ကျုပ်တို့ရှီဝူအင်ပါယာကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်။ အရှင်သာ နားထောင်ချင်ရင် ကျုပ်က တောင်းဆိုချင်ပါတယ်"
မင်ဝူက ပြန်ပြောလိုက်သည်။
"ပြောပါ"
ယဲ့ချန်က ခေါင်းညိတ်ပြလိုက်သည်။ သူက နတ်ဘုရင်တစ်ယောက်အဖြစ် ဟန်ဆောင်နေသောအခါ မင်ဝူနှင့် တန်းတူရည်တူမဟုတ်တော့ပေ။ သူက မင်ဝူ၏အကျင့်စရိုက်ကို လေးစားပြီး မိတ်ဆွေများဖြစ်သော်လည်း လက်ရှိအချိန်တွင် ဟန်ဆောင်နေရမည်ဖြစ်သည်။
"ယင်းတော်ဝင်မျိုးနွယ်က ရှီဝူအင်ပါယာကို အရှင့်လက်အပ်ချင်ပါတယ်။ ယင်းမျိုးနွယ်က အရှင့်နောက်ကို သစ္စာရှိရှိလိုက်ချင်ပါတယ်"
မင်ဝူက လေးလေးနက်နက် ပြောလိုက်သည်။
သူ၏စကားကိုကြားသောအခါ နင်ချင်းယွင်၊ နေမီးတောက်ငှက်၊ ရှဲ့တောက်နှင့် ရှဲ့ကျန်တို့လေးယောက်လုံး အံ့သြသွားကြသည်။ မင်ဝူက သူ၏မျိုးနွယ် နှစ်ပေါင်းသောင်းချီ တည်ထောင်အုပ်ချုပ်လာသော တိုင်းပြည်ကို အလွယ်တကူထိုးပေးနေသောအခါ သူ၏စွန့်လွှတ်နိုင်စွမ်းက အလွန်ကြီးမားပေသည်။ သို့သော်လည်း ဒုတိယမြောက်အတွေးတွင် မင်ဝူ၏ရည်ရွယ်ချက်ကို သူတို့က နားလည်သွားကြသည်။ မင်ဝူသည် ရှီဝူအင်ပါယာ၏ဘုရင်ဖြစ်သော်လည်း သူ၏တိုင်းပြည်မှာ နန်မန်တိုင်းပြည်သာမက အလယ်အင်ပါယာမှဂိုဏ်းကြီးများ၏ရန်ကိုပါ ကြောက်လန့်နေရသည်။ အကယ်၍ သူသာ ကောင်းကောင်းမွန်မွန်မဆုံးဖြတ်နိုင်လျှင် ယင်းတော်ဝင်မျိုးနွယ် ပျက်စီးသွားနိုင်ချေရှိသည်။ သို့သော်လည်း ရှီဝူအင်ပါယာက နတ်ဘုရင်တစ်ယောက်၏ အာဏာအောက်တွင် တည်ရှိမည်ဆိုလျှင် အရာအားလုံးက သေချာပေါက်ကွာခြားသွားပေလိမ့်မည်။
နတ်ဘုရင်တစ်ယောက်က အစွမ်းထက်တည်ရှိမှုဖြစ်ပြီး အလယ်အင်ပါယာမှဂိုဏ်းကြီးများပင် ရန်မစရဲချေ။ ယင်းတော်ဝင်မျိုးနွယ်က တိုင်းပြည်ကို လက်လွှတ်ရမည်ဖြစ်သော်လည်း မျိုးနွယ်က ပို၍တိုးတက်လာပေလိမ့်မည်။ ဧကရာဇ်မင်ဝူအတွက် ဤကား အကျိုးရှိသော စွန့်လွှတ်မှုတစ်ခုဖြစ်သည်။
"ငါက ဒီတိုင်းပြည်ကို ဘာမှလုပ်စရာမရှိဘူး။ မင်းက အင်ပါယာအဖြစ် ဆက်ပြီးအုပ်ချုပ်နေတာ ကောင်းလိမ့်မယ်"
ယဲ့ချန်ကခေါင်းယမ်း၍ တစ်ချက်ပြုံးလိုက်သည်။ တိုင်းပြည်တစ်ခု၏ ဘုရင်ဖြစ်ရခြင်းက အလွန်ပျင်းစရာကောင်းပြီး ကျယ်ဝန်းလှသောရှီဝူအင်ပါယာကို သူလည်း စီမံခန့်ခွဲနိုင်မည်မဟုတ်ချေ။
"အရှင်က ယင်းမျိုးနွယ်ကို လက်မခံချင်လို့ပါလားခင်ဗျာ"
မင်ဝူက အလန့်တကြားမေးလိုက်သည်။ ယဲ့ချန်သာ တော်ဝင်မျိုးနွယ်ကိုလက်မခံလျှင် များစွာအခက်ကြုံရနိုင်သည်။
ယဲ့ချန်က အချိန်တစ်ခုကြာ စဥ်းစားလိုက်သည်။ ယင်းမျိုးနွယ်သည် ရှီဝူအင်ပါယာတွင် နှစ်ပေါင်းများစွာကြာအောင် တည်ရှိလာပြီး အစွမ်းထက်နေသည်။ ထို့အပြင် မင်ဝူသည်လည်း ဆန်းကျယ်ဝိဇ္ဇာစဦးအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
ယဲ့ချန်သည် ဤလောကအကြောင်း ပို၍သိလာချိန်တွင် အစွမ်းထက်အင်အားစုများကို တစ်ကိုယ်တော်ရင်ဆိုင်ရန် မဖြစ်နိုင်ကြောင်း နားလည်လာခဲ့သည်။ သူ့အနေဖြင့် ကိုယ်ပိုင်အင်အားစုထူထောင်လိုလျှင် ယင်းမျိုးနွယ်က အကူအညီကောင်းကောင်း ဖြစ်လာနိုင်သည်။
"ယင်းမျိုးနွယ်က ငါ့အုပ်ချုပ်မှုအောက်မှာ နေချင်တယ်ဆိုရင် လက်ခံလိုက်မယ်။ ဒါပေမယ့် ရှီဝူအင်ပါယာကိုတော့ မင်းကိုယ်တိုင် ဆက်လက်အုပ်ချုပ်ပါ။ မင်းတို့လိုအပ်လာရင် ငါ ကူညီပေးမယ်"
ယဲ့ချန်က ဖြေလိုက်သည်။
"ကျေးဇူးတင်ပါတယ် အရှင်"
မင်ဝူက ဝမ်းမြောက်စွာ ပြောလိုက်သည်။ ယဲ့ချန်၏စကားကြောင့် သူ၏မျက်လုံးများက ဝင်းလက်တောက်ပနေသည်။ လက်ရှိတွင် သူက နတ်ဘုရင်တစ်ယောက်၏ နောက်လိုက်ဖြစ်လာသောအခါ ယင်းမျိုးနွယ်အနေဖြင့် အနည်းဆုံးနှစ်ပေါင်းတစ်ထောင်ခန့် လုံခြုံနိုင်သည်။ သူတို့အနေဖြင့် ပို၍အောင်မြင်လာနိုင်ရန်လည်း အလားအလာကောင်းနေသည်။
"အရင်က ငါဟာ ကိစ္စတွေကိုဝင်ပြီး မစွက်ဖက်ချင်တဲ့ တစ်ကိုယ်တော် နတ်ဘုရင်တစ်ယောက်ဖြစ်ခဲ့တယ်။ သစ်ပင်က တိတ်တဆိတ်ရပ်နေပေမယ့် လေကတော့ လာဝင်တိုးနေတယ်။ ဒီနေ့ကစလို့ ငါက ကိုယ်ပိုင်အင်အားစုတစ်ခု တည်ထောင်မယ်။ မင်းတို့အားလုံး ကြိုးကြိုးစားစားလေ့ကျင့်ရမယ်။ ပြီးရင် ပြည်နယ်တိုင်းက ပါရမီကောင်းတဲ့လူငယ်လေးတွေကိုလည်း မြေတောင်မြှောက်ပေးဖို့ လိုအပ်တယ်။ မင်းတို့ ငါ့ကိုကူညီမှာလား"
ယဲ့ချန်က လူတိုင်းကို ဝေ့ကြည့်လိုက်သည်။
ယဲ့ချန်၏စကားကို ကြားသောအခါ လူတိုင်းက ခဏတာမင်သက်သွားပြီး မျက်လုံးများ ချက်ချင်းအရောင်တောက်လာကြသည်။ သူတို့အားလုံးက ယဲ့ချန်စီစဥ်နေသော အရာကို နားလည်ကြလေသည်။
***