ကြယ်ခန်းမ *
Vol. 21 Ch. 291
ယဲ့ချန်နှင့်ရှောင်ရိက နတ်ဘုရင်များကြားတွင် မည်သည့်အဆင့်၌ရှိကြောင်း မင်ဝူတို့လူစုက သေချာမသိပေ။ သို့သော် နတ်ဘုရင်တစ်ယောက်၏ ကိုယ်ပိုင်အင်အားစုဆိုသည်မှာ အလယ်အင်ပါယာရှိ ထိပ်တန်းဂိုဏ်းများကို သေချာပေါက်ဖိနှိပ်နိုင်ပေလိမ့်မည်။ ထို့အပြင် သူတို့အားလုံးက ဤအင်အားစု၏ ပထမဆုံးအဖွဲ့ဝင်များဖြစ်လာသောအခါ ငြင်းဆန်ရန် အကြောင်းမရှိသည့်အပြင် အလွန်ပျော်ရွှင်နေကြသည်။
"ကျွန်တော်မျိုးတို့က အရှင့်နောက်ကို သေတဲ့အထိလိုက်ပါမယ်"
နင်ချင်းယွင်နှင့် နေမီးတောက်ငှက်က ပထမဆုံးဒူးထောက်ချ၍ ကျယ်လောင်စွာအော်လိုက်ကြသည်။ ထို့နောက် မင်ဝူက ဧကရာဇ်တစ်ပါး၏ရာဇမာန်ကိုမေ့ကာ ဒူးထောက်ချလိုက်သည်။ နောက်ဆုံးတွင် ရှဲ့တောက်နှင့်ရှဲ့ကျန်က ဆန်းကျယ်ဝိဇ္ဇာများ၏မာနကို လျစ်လျူရှုကာ ဒူးထောက်တိုင်တည်လိုက်ကြသည်။
"အားလုံး ထကြပါ။ ငါက အင်အားစုတစ်ခု တည်ထောင်မယ်ဆိုပေမယ့် အခြားလူတွေအာရုံစိုက်တာကို မလိုချင်ဘူး။ အရာအားလုံးကို လျှို့ဝှက်လုပ်ဆောင်ရမယ်။ အချိန်မကျသေးခင် လူမြင်ကွင်းမှာ ထွက်ပေါ်လာဖို့ မလိုအပ်ဘူး"
ယဲ့ချန်က ညွှန်ကြားလိုက်သည်။ ဂိုဏ်းတစ်ခုကို တည်ဆောက်ရာတွင် အုတ်မြစ်မှ စတင်ရမည်ဖြစ်သည်။ လက်ရှိတွင် နတ်ဘုရင်များ၏ ပိုင်နက်များကြားတွင် တည်ငြိမ်နေကြသည်။ အကယ်၍ သူသာ အင်အားစုအသစ်တစ်ခုကို တည်ထောင်မည်ဟု သတင်းရသွားကြလျှင် အားလုံးက အနာဂတ်အန္တရာယ်ကိုကာကွယ်ရန် ဝိုင်း၍ဖိနှိပ်လာကြပေလိမ့်မည်။
"ကောင်းပါပြီ အရှင်"
စိတ်လှုပ်ရှားနေသော ကျင့်ကြံသူငါးယောက်က ပြိုင်တူခေါင်းညိတ်လိုက်ကြသည်။
"အရှင် အခု ဘာဆက်လုပ်ရပါမလဲ"
နေမီးတောက်ငှက်က ရိုသေစွာမေးလိုက်သည်။
"ငါတို့အင်အားစုကို ရှီဝူအင်ပါယာကနေ စတင်မယ်။ အရင်ဆုံး နန်မန်တိုင်းပြည်ကို ငါ့ပိုင်နက်ကနေ မောင်းထုတ်ပြီး ထန်ရှန်းတောင်ဂိုဏ်းနဲ့ ထိုက်ရီဓားဂိုဏ်းကို ဖျက်ဆီးမယ်။ ဒီအလုပ်ကို ရှဲ့တောက်နဲ့ရှဲ့ကျန် တာဝန်ယူကြ။ ပြီးရင် အင်အားစုအတွက် ပါရမီရှိတဲ့လူငယ်တွေကို ပြည်နယ်အသီးသီးကနေ ရွေးချယ်ပြီး မြေတောင်မြှောက်ပေးရမယ်။ ကျင့်စဥ်နဲ့သိုင်းပညာတွေကို ငါ ထောက်ပံ့ပေးမယ်။ ပထမဆုံး အရေအတွက်ငါးထောင်အထိ လက်ခံမယ်။ ဒီကိစ္စကို မင်ဝူ၊နင်ချင်းယွင်နဲ့မင်းက တာဝန်ယူလိုက်"
ယဲ့ချန်က တစ်ချက်စဥ်းစား၍ ညွှန်ကြားလိုက်သည်။
ယဲ့ချန်က အရာအားလုံးကို သေချာတွက်ချက်ထားသည်။ သူက ရှီဝူအင်ပါယာကိုဗဟိုပြု၍ သူ၏အာဏာစက်ကို ဖြန့်ကျက်မည်ဖြစ်သည်။ ဤနေရာတွင် နတ်ဘုရင်တစ်ယောက်ရှိနေသည်ဟူသော သတင်းက အခြားအင်အားစုများကို အချိန်တစ်ခုတိုင်အောင် ဟန့်တားထားနိုင်လေသည်။
ယဲ့ချန်သည် သူ၏နောက်လိုက်အရေအတွက်က နည်းပါးသည်ဟု ခံစားနေရသောကြောင့် ထပ်မံလူစုရန် စီစဥ်သည်။ သူက အနည်းဆုံး လမ်းစတစ်ခု ရှာတွေ့နိုင်ခဲ့သည်။ အသေးစိတ်များကို သူကိုယ်တိုင် ကိုင်တွယ်ရန်မလိုဘဲ ဤကျင့်ကြံသူငါးယောက်က တာဝန်ယူနိုင်ပေလိမ့်မည်။
"အရှင် အင်အားစုတစ်ခု တည်ထောင်မယ်ဆိုရင် နာမည် စဥ်းစားပြီးပြီလားခင်ဗျ"
နင်ချင်းယွင်က စပ်စုလိုက်သည်။
"မစဥ်းစားရသေးဘူး"
ယဲ့ချန်က အချိန်တစ်ခုကြာအောင် စဥ်းစားခန်းဝင်လိုက်သည်။ သူက ဂိုဏ်းတစ်ခုတည်ထောင်မည်မဟုတ်ဘဲ ဝံပုလွေတိုင်းပြည်၊ ခြင်္သေ့နန်းတော်နှင့် သမာဓိကောင်စီကဲ့သို့ အင်အားစုကြီးတစ်ခုကို တည်ထောင်လိုခြင်းဖြစ်သည်။ သူက သားရဲတစ်ကောင်မဟုတ်သောကြောင့် သားရဲအမည်ပေးရန်လည်း မဖြစ်နိုင်ပေ။ ရှောင်ရိ၏အသွင်ကြောင့် မြွေနဂါးနန်းတော်ဟု ခေါ်တွင်ခြင်းကလည်း မတိကျပေ။ သူ၏လက်အောက်တွင် ခြင်္သေ့ဘုရင်နန်းတော်နှင့် ဝံပုလွေတိုင်းပြည်ကဲ့သို့ တပည့်များစွာလည်း မရှိသေးပေ။
နင်ချင်းယွင်တို့လူစုက ယဲ့ချန်အတွေးနက်နေသည်ကို ဝင်ရောက်မနှောင့်ယှက်ရဲကြပေ။ သူတို့ကိုယ်တိုင်လည်း နာမည်ကောင်းကောင်း မစဥ်းစားတတ်သောကြောင့် ယဲ့ချန်၏အဖြေကိုသာ စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းလိုက်သည်။
"ကြယ်ခန်းမလို့ အမည်ပေးလိုက်မယ်"
ယဲ့ချန်၏စိတ်အတွင်း ကြယ်တာရာဘုံကိုးလွှာ ကျင့်စဥ်အကြောင်းပေါ်လာသဖြင့် အမည်တစ်ခု ရုတ်တရက်ဖြစ်ပေါ်လာသည်။
"ကြယ်ခန်းမ"
လူတိုင်းက အံ့သြသွားကြသည်။ သူတို့က ယဲ့ချန်အနေဖြင့် သူ၏အင်အားစုကို ဤအမည်ပေးရသော အကြောင်းအရင်းကို နားမလည်သော်လည်း မဆန့်ကျင်ရဲပေ။
"ကြယ်တာရာများရဲ့ခန်းမ ကြယ်ခန်းမ အရမ်းကောင်းတဲ့ နာမည်ဖြစ်တယ်"
နင်ချင်းယွင်က ချက်ချင်းမြှောက်ပင့်လိုက်သည်။
"ကောင်းပြီ။ ဒီလိုပဲခေါ်ကြမယ်"
ယဲ့ချန်က လက်ဝှေ့ယမ်းပြလိုက်သည်။ လက်ရှိတွင် သူထိန်းချုပ်နိုင်သော အင်အားစုသုံးခုရှိသည်။ ယင်းတော်ဝင်မျိုးနွယ်၊ မြစိမ်းတိမ်ဂိုဏ်းနှင့် ယဲ့မျိုးနွယ်ကြားတွင် လက်ရှိ၌ တော်ဝင်မျိုးနွယ်က အသုံးအဝင်ဆုံးဖြစ်နေသည်။ မြစိမ်းတိမ်ဂိုဏ်းနှင့် ယဲ့မျိုးနွယ်၏အင်အားကိုမူ ဖြည်းညှင်းစွာ မြှင့်တင်ရဦးမည်ဖြစ်သည်။
မင်ဝူ၊ နင်ချင်းယွင်နှင့် ကျန်လူများက ကြယ်ခန်းမတည်ဆောက်ရန်အတွက် တိုင်ပင်လိုက်ကြသည်။
"အရှင် ကြယ်ခန်းမကို ဘယ်နေရာမှာ တည်ဆောက်ကြမလဲ"
နင်ချင်းယွင်က မေးလိုက်သည်။
"လက်ရှိမှာ အတိအကျ မဆုံးဖြတ်ရသေးဘူး။ ငါတို့က လျှို့ဝှက်နေရာတစ်ခုရှာဖွေပြီး ဖြည်းဖြည်းချင်းတည်ဆောက်ရမယ်။ ဒီကိစ္စက ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်လို့ လူတွေအများကြီး သိလို့မရဘူး"
ယဲ့ချန်က တစ်ချက်တွေး၍ ဖြေလိုက်သည်။ သူက ရန်သူများလာရောက်တိုက်ခိုက်ခြင်းမှ ကာကွယ်နိုင်စွမ်းရှိစေရန် ကြယ်ခန်းမကို တောင်များကြားရှိ မြေအောက်တစ်နေရာတွင် တည်ဆောက်ရန် ဆုံးဖြတ်လိုက်သည်။
"လင်းယွန်တောင်တန်းကို လူလွှတ်ပြီး ကြယ်ခန်းမတည်ဆောက်ဖို့ နေရာရှာကြ"
နောက်ဆုံးတွင် သူက လင်းယွန်တောင်တန်းကို ရွေးချယ်လိုက်သည်။
"ကောင်းပါပြီ အရှင်"
"အခု ငါ တုန်းလင်ပြည်နယ်ကို ခရီးတစ်ခေါက်ပြန်ဦးမယ်။ ရှဲ့တောက်နဲ့ရှဲ့ကျန် ဂိုဏ်းနှစ်ခုကို ဖျက်ဆီးပြီးရင် ဒီကို ချက်ချင်းပြန်လာကြ"
ယဲ့ချန်က ညွှန်ကြားချက်များပေးပြီးနောက် မတ်တပ်ထရပ်လိုက်သည်။
"စိတ်ချပါ အရှင်"
သူတို့က လျင်မြန်စွာတုံ့ပြန်လိုက်ကြသည်။ ဤကား နတ်ဘုရင်၏လက်အောက်တွင် ပထမဆုံးထမ်းဆောင်ရမည့် တာဝန်ဖြစ်သောကြောင့် မသေချင်လျှင် အကောင်းဆုံးလုပ်ဆောင်ရမည်ဖြစ်သည်။
"ရှောင်ရိ သွားကြစို့"
ယဲ့ချန်က ရှောင်ရိကိုခေါ်ပြီး စာကြည့်ခန်းအတွင်းမှ ထွက်ခွာလိုက်သည်။ ဝူစီမှာမူ ရှောင်ရိ၏ကျောကို လက်တံလေးများဖြင့်ဖက်ထားပြီး အိပ်ပျော်နေပုံပေါ်သည်။
တုန်းလင်ပြည်နယ်တွင် ကိစ္စများဖြေရှင်းပြီးပါက ယဲ့ချန်အနေဖြင့် အလယ်အင်ပါယာသို့ အမြန်ဆုံးသွားရမည်ဖြစ်သည်။ ဝံပုလွေဘုရင်များ သို့မဟုတ် အခြားနတ်ဘုရင်များ ရောက်လာပြီးနောက် သူက ရှောင်နိုင်စွမ်းရှိတော့မည်မဟုတ်ပေ။
ယဲ့ချန်နှင့်ရှောင်ရိက အပြင်တွင် အသင့်စောင့်နေသော နေလင်းယုန်၏ကျောပေါ်သို့ ခုန်တက်လိုက်ကြသည်။ ထို့နောက် ၎င်းက လေပေါ်သို့ အတောင်ကြီးများဖြန့်၍ ပျံတက်သွားကာ တုန်းလင်ပြည်နယ်ထံ ဦးတည်လိုက်သည်။ ထို့နောက် ခဏအတွင်း နေလင်းယုန်က လူတိုင်း၏မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။
"ဂိုဏ်းချုပ်နင် အစ်ကိုမင်ဝူ အကြီးအကဲ အနာဂတ်မှာ ကျုပ်တို့က အရှင့်အတွက် အတူတူအမှုတော်ထမ်းရမှာပါ။ ကောင်းကောင်းပူးပေါင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်"
ရှဲ့တောက်က ခေါင်းညွှတ်၍ ရိုသေစွာပြောလိုက်သည်။ သူက ယဲ့ချန်လက်အောက်သို့ နောက်ဆုံးမှဝင်လာသူဖြစ်ကာ ရန်သူဖြစ်ခဲ့ဖူးသောကြောင့် မင်ဝူတို့ကမယုံကြောင်း နားလည်ထားသည်။ အဆင့်အတန်းချင်းယှဥ်လျှင် သူတို့နှစ်ယောက်က ဤလူစုအောက် နိမ့်ကျပေသည်။
"ကောင်းပြီ။ အရှင့်အပေါ်မှာ ငါနားလည်သလောက်ဆိုရင် သူက မင်းတို့ကောင်းကောင်းစွမ်းဆောင်နိုင်ရင် ပစ်ထားမှာမဟုတ်ဘူး"
နင်ချင်းယွင်က တစ်ချက်ပြုံး၍ ဟန်လုပ်ကာ ပြောပြလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်နင်"
ရှဲ့တောက်ကလည်း မချိသွားဖြဲပြုံးလိုက်ရ၏။
"အရှင်က ကြယ်ခန်းမကို တည်ဆောက်မယ်ဆိုတော့ အနာဂတ်မှာ ဒါက သေချာပေါက် အစွမ်းထက်လာလိမ့်မယ်။ အလယ်အင်ပါယာရဲ့ဂိုဏ်းကြီးတွေကို သေချာပေါက်ကျော်လွန်မှာပဲ။ ငါတို့က ကောင်းကောင်းလုပ်ဆောင်မယ်ဆိုရင် အကျိုးအများကြီးရှိလိမ့်မယ်"
မင်ဝူက ရှဲ့တောက်နှင့်ရှဲ့ကျန်ကို တစ်ချက်ကြည့်လိုက်သည်။ သို့သော်လည်း ဤနှစ်ယောက်က မီးနတ်ဘုရားဂိုဏ်းကို သစ္စာဖောက်သည့် သာကူးများဖြစ်သောကြောင့် သူက အလုံးစုံမယုံခဲ့ပေ။
"အစ်ကိုမင်ဝူပြောတာ မှန်ပါတယ်။ အရှင်က ကျုပ်တို့ကို တာဝန်တစ်ခုပေးထားတော့ ချက်ချင်းသွားလုပ်ရတော့မယ်။ အားလုံးကို နှုတ်ဆက်ပါတယ်"
ရှဲ့တောက်က မင်ဝူ၏စကားကို ချက်ချင်းထောက်ခံလိုက်သည်။ ထို့နောက် သူတို့က ဦးညွှတ်အရိုအသေပေးကာ ရှီဝူအင်ပါယာ၏နေပြည်တော်မှ ချက်ချင်းပျံသန်း ထွက်ခွာသွားကြသည်။
"အစ်ကို ငါတို့က သူ့အတွက် တကယ်ကြီးကျွန်တွေလို အလုပ်လုပ်ပေးတော့မလို့လား"
ရှဲ့ကျန်က ပျံသန်းနေရင်း ခပ်တိုးတိုးမေးလိုက်ခြင်းဖြစ်သည်။
"ရှူး ဒီကိစ္စကို မပြောနဲ့။ ငါတို့ခွန်အားက အရှင်နဲ့ယှဥ်ရင် ဘယ်လောက်ကွာလဲ ပြောစမ်း"
ရှဲ့တောက်က အရိပ်သုံးပါးနားမလည်သော သူ၏ညီကို ခပ်ဆတ်ဆတ်ငေါက်ငမ်းလိုက်သည်။ အရှင်ထွက်ခွာသွားသည်က အချိန်မကြာသေးသောကြောင့် သူတို့၏စကားဝိုင်းကို ဝိညာဥ်အသိစိတ်ဖြင့် စောင့်ကြည့်နိုင်နေသည်။
"ဒါကတော့ ဘယ်လိုမှနှိုင်းယှဥ်လို့မရဘူး"
ရှဲ့ကျန်ကခေါင်းညိတ်၍ တိတ်ဆိတ်သွားခဲ့သည်။
"ဒါဆိုရင် မီးနတ်ဘုရားဂိုဏ်းနဲ့ ယှဥ်ရင်ရော"
ရှဲ့တောက်က ဆက်မေးလိုက်သည်။
"မီးနတ်ဘုရားဂိုဏ်းက အလယ်အင်ပါယာရဲ့ ထိပ်တန်းဂိုဏ်းကြီးဆယ်ခုမှာပါဝင်ပေမယ့် နတ်ဘုရင်တစ်ယောက်ကိုရန်စရဲမယ်မထင်ဘူး။ အရှင်က မီးနတ်ဘုရားဂိုဏ်းကိုဖျက်ဆီးချင်ရင် လက်တစ်ဖက်ယမ်းလိုက်ရုံပဲ လိုတယ်"
ရှဲ့ကျန်က တွေးတွေးဆဆဖြေလိုက်သည်။
"အတိအကျမှန်တယ်။ မီးနတ်ဘုရားဂိုဏ်းတောင် အရှင့်ကို ယှဥ်နိုင်မှာမဟုတ်ဘူး။ ငါတို့အသက်တွေကလည်း သူ့လက်ထဲမှာ ရှိနေတယ်။ ဒီအချိန်မှာ ငါတို့ ဘာဆက်လုပ်ရမယ်ထင်လဲ။ အနာဂတ်မှာ အရှင့်ကို သေချာပေါက်သစ္စာရှိရမယ်။ အရှင်က တစ်ကိုယ်တော်နတ်ဘုရင်ဖြစ်ပြီး လူသားတွေကြားမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တယ်။ သူ့ခွန်အားအရဆိုရင် ကြယ်ခန်းမဟာ မီးနတ်ဘုရားဂိုဏ်းလို အင်အားစုသေးသေးလေးကို အလွယ်တကူချေမွပစ်နိုင်တယ်။ ငါတို့က ကြယ်ခန်းမရဲ့အုတ်မြစ် ပထမဆုံးအဖွဲ့ဝင်တွေဖြစ်လာမှာဆိုတော့ မီးနတ်ဘုရားဂိုဏ်းမှာဆက်နေတာထက် အများကြီးပိုကောင်းတာပေါ့ကွ"
အမြော်အမြင်ရှိသော ရှဲ့တောက်က ရှင်းပြလိုက်သည်။
အကျိုးအပြစ်များကို တွက်ချက်၍ ရှဲ့ကျန်ကလည်း ခေါင်းညိတ်သဘောတူလိုက်၏။ ဤကား အမှန်တရားဖြစ်သောကြောင့် သူ၏မနာခံလိုစိတ်များ လွင့်ပြယ်ကုန်သည်။ သူတို့အနေဖြင့် အရှင်သခင်ခိုင်းစေသမျှအလုပ်များကို အစွမ်းကုန်ကြိုးစား လုပ်ဆောင်ပေးကြရပေလိမ့်မည်။ သူတို့၏စိတ်ထဲတွင် သစ္စာဖောက်ချင်စိတ်များ လုံးဝမရှိတော့ပေ။ မီးနတ်ဘုရားဂိုဏ်းတွင်နေရသည်ထက် နတ်ဘုရင်တစ်ယောက်၏ကြယ်ခန်းမတွင် အုတ်မြစ်အဖွဲ့ဝင်များဖြစ်ရသည်က များစွာပိုသာလေသည်။
နေလင်းယုန်၏အရှိန်ကြောင့် ယဲ့ချန်သည် ရှဲ့ညီအစ်ကိုနှင့် အလွန်ဝေးကွာနေပြီဖြစ်သည်။ သို့သော် သူ၏ဝိညာဥ်အသိစိတ်က စကားလုံးတိုင်းကို ကြားနိုင်ခဲ့သည်။ ရှဲ့တောက်နှင့်ရှဲ့ကျန်က အခြေအနေကို ကောင်းစွာသုံးသပ်၍ ဤမျှလျင်လျင်မြန်မြန် သစ္စာရှိလာမည်ဟု သူပင် မမျှော်လင့်ထားခဲ့ပေ။
"ဝှစ် ဝှစ် ဝှစ်"
နေလင်းယုန်က လေကိုထိုးဖောက်၍ ပျံသန်းနေသည်။
လင်းယုန်တောင်တန်းအတွင်း ကျောက်စိမ်းမျှော်စင်၏ ဒုတိယထပ်တွင် ချော်ရည်ပူများက ကျောက်တုံးများအကြား စီးဆင်းနေသည်။
ချော်ရည်ပူများကြားတွင် အလောင်းတစ်ခု တိတ်တဆိတ်မျောပါနေသည်။ အလောင်းက အရပ်သုံးမီတာရှည်ပြီး ကြီးထွားလှသည်။သူ၏အရိုးတည်ဆောက်ပုံက သာမန်လူများနှင့် အလွန်ကွာခြားနေသည်။
အပူချိန်များလွန်းသော ချော်ရည်ပူများပင်လျှင် အလောင်းကို အရည်ဖျော်မပစ်နိုင်ချေ။ အလောင်းက အလွန်ချောမောခန့်ညားသော ရုပ်ရည်ကို ပိုင်ဆိုင်ထားသည်။ သူ့ခေါင်းနှင့်မျက်နှာတွင် အမွေးများလုံးဝမရှိသော်လည်း အသက်ကြီးပုံမပေါ်ချေ။ သူ၏အသားအရေက ဖြူဖွေးနေပြီး ရုပ်သွင်က သူရဲကောင်းတစ်ယောက်၏ဟန်ပန်ကို ထင်ဟပ်နေသည်။
အလောင်း၏ကိုယ်ထက်တွင် အဝတ်အစားလုံးဝမရှိသော်လည်း သူ၏မျက်နှာက မြင့်မြတ်သောအသွင်ကို ဆောင်နေသည်။ အထက်တန်းစားမင်းမျိုးမင်းနွယ်များပင် ဤအလောင်း၏ မြင့်မြတ်သောဟန်ပန်ကို မယှဥ်နိုင်ချေ။
ကျောက်စိမ်းနန်းတော်ပွင့်ချိန်တွင် ထန်ရှန်းတောင်ဂိုဏ်းသားများက ၎င်းကို သယ်ယူချင်သော်လည်း မစွမ်းဆောင်နိုင်ခဲ့ပေ။ ထို့ကြောင့် သူတို့က အလောင်း၏လက်မောင်းတွင် တပ်ဆင်ထားသော လက်မောင်းကာကိုသာ ချွတ်ယူခဲ့ကြသည်။
အချိန်ကြာလာသောအခါ ချော်ရည်ပူများက အပူချိန်လျော့ကျသွားကာ စတင်အေးခဲလာကြသည်။ ထို့နောက် မာကျောသော ကျောက်လွှာတစ်ချပ် ဖြစ်ပေါ်လာ၏။
ထိုအချိန်တွင် အလောင်း၏မျက်ခွံများက စတင်လှုပ်ခတ်လာသည်။ အကယ်၍ လူတစ်ယောက်သာ ဤမြင်ကွင်းကိုမြင်လျှင် သေချာပေါက် ကြောက်လန့်သွားကြမည်ဖြစ်သည်။ နှစ်ပေါင်းမရေမတွက်နိုင်အောင် သေဆုံးနေဟန်တူသော အလောင်းကြီးက ပြန်လည်နိုးထလာသည်မှာ ကြောက်စရာပင်ဖြစ်သည်။
အချိန်ခဏအကြာတွင် သူ၏လက်ချောင်းများလှုပ်လာပြီး အဖြူရောင်အသားအရေတွင် သွေးရောင်လွှမ်းလာသည်။ နောက်ဆုံးတွင် အနက်ရောင်ကြယ်များကဲ့သို့ တဖိတ်ဖိတ်တောက်နေသော မျက်လုံးများ ပွင့်လာခဲ့သည်။ အလောင်းက ပတ်ဝန်းကျင်ကိုစစ်ဆေးလိုက်ပြီး ချက်ချင်းမျက်မှောင်ကြုတ်လိုက်သည်။ စိတ်ရှုပ်ထွေးနေသော အမူအရာနှင့် သူက ဖြည်းညှင်းစွာ ထထိုင်လိုက်လေသည်။
***