ရှီဝူအင်ပါယာ၏သူရဲကောင်းများ *
Vol. 21 Ch. 292
နေလင်းယုန်က လေးငါးရက်ခန့် ပျံသန်းပြီးနောက် တုန်းလင်ပြည်နယ်သို့ ရောက်ရှိလာခဲ့သည်။ လမ်းတလျှောက် တွေ့ခဲ့ရသည့် နန်မန်များလက်အောက် ကျရောက်သွားသော ပြည်နယ်များကြောင့် ယဲ့ချန်မှာ အလွန်ဒေါသထွက်နေခဲ့သည်။
အချိန်တိုင်း မီးခိုးလုံးကြီးများက ကောင်းကင်သို့ ထိုးတက်နေကြပြီး နန်မန်များရောက်ခဲ့သော နေရာတိုင်းတွင် ပြည်နယ်၊မြို့၊ကျေးရွာများမှာ ဖွတ်ဖွတ်ကြေအောင် ပျက်စီးခံထားရသည်။ သာမန်ပြည်သူများ၏အလောင်းများက နေရာအနှံ့ပြန့်ကြဲနေပြီး အိမ်များမှာလည်း အဖိုးတန်ရတနာများ လုယူခံရပြီးနောက် မီးရှို့ခံထားရသဖြင့် ပြာပုံဖြစ်နေကြသည်။ မြင်ကွင်းမှာ သီးနှံခင်းတစ်ခုကို လောဘကြီးသော ကျိုင်းကောင်အုပ်ကြီးတစ်ခုက ဖျက်ဆီးသွားသကဲ့သို့ပင် ဖြစ်သည်။
အရပ်မျက်နှာတိုင်းတွင် အလောင်းများရှိနေကာ သွေးများကြောင့် မြေပြင်က နီစွေးနေသည်။ နန်မန်များက အလွန်ရက်စက်ကာ လူမဆန်ကြပေ။
ယဲ့ချန်သည် နောက်ဆုံးတွင် ဤလောကရှိ စစ်ပွဲ၏ရက်စက်ပုံကို သဘောပေါက်လာခဲ့သည်။ သန်းနှင့်ချီသော လူများ အသတ်ခံရထားသောမြင်ကွင်းက သူ၏စိတ်ကို နက်ရှိုင်းစွာထိခိုက်စေခဲ့သည်။
"အစ်ကိုကြီး ဒီလူတွေအားလုံးကို နန်မန်တွေ သတ်သွားတာလား"
ရှောင်ရိသည်လည်း ရက်စက်လှသော မြင်ကွင်းကြောင့် တုန်လှုပ်နေသည်။ သူ့ကို အစ်ကိုနှင့်အဘိုးက လူသတ်ခြင်းကို ရှောင်ကျဥ်ရမည်ဟု သင်ကြားပေးထားခဲ့သည်။
ယဲ့ချန်က လက်သီးကို အားကုန်ဆုပ်လိုက်သဖြင့် လက်ချောင်းများမှ ဖျိုးဖျိုးဖျစ်ဖျစ်မြည်သံများပင် ထွက်ပေါ်လာသည်။ လက်ရှိတွင် သူက မင်ဝူ၏ခံစားချက်ကို နားလည်လာခဲ့သည်။ ရှီဝူအင်ပါယာကို မင်ဝူအုပ်ချုပ်ခြင်းက နန်မန်များလက်အောက် ကျရောက်သွားခြင်းထက် အဆများစွာပိုကောင်းလေသည်။
"ဒီကောင်တွေက အလွန်ရိုင်းစိုင်းကြတယ်။ ထို့ပါဟုန်ယဲ့ မင်းကို ခဏအသက်ရှင်ခွင့်ပေးလိုက်မယ်။ တစ်နေ့ကျရင် မင်းကို ငါကိုယ်တိုင် လာသတ်မယ်"
ယဲ့ချန်က ကျိန်ဆဲလိုက်သည်။ သူ၏စိတ်ထဲတွင် မည်သည်ကိုမှဂရုမစိုက်ဘဲ နန်မန်တိုင်းပြည်အတွင်း ဝင်ရောက်၍ ထို့ပါဟုန်ယဲ့ကို သတ်ဖြတ်လိုစိတ်များ တဖွားဖွားဖြစ်ပေါ်နေသည်။
"ယဲ့မျိုးနွယ်ဝင်တွေ အဆင်ပြေဖို့ မျှော်လင့်တယ်။ သူတို့က တောင်ကြားအတွင်းမှာ အဆင်ပြေလောက်ပါတယ်"
ယဲ့ချန်က ဒေါသကိုထိန်း၍ နေလင်းယုန်အား ယဲ့တောင်ကြားထံ ဦးတည်ပျံသန်းစေသည်။ နေလင်းယုန်က ခဏအတွင်း တောင်ကြားထံရောက်သွားကာ စက်ဝိုင်းသဏ္ဍာန် လှည့်ပတ်နိမ့်ဆင်းလိုက်၏။
ယဲ့မျိုးနွယ်ဝင်များက ကောင်းကင်တွင် နေလင်းယုန်ကိုမြင်သောအခါ အလွန်ဝမ်းမြောက်သွားကြသည်။ နေလင်းယုန်ထက်တွင် သူတို့၏ခေါင်းဆောင် လိုက်ပါလာလေသည်။
"ခေါင်းဆောင် ပြန်လာပြီဟေ့"
"ခေါင်းဆောင် ဒီအချိန်မှာပြန်လာတာ အရမ်းကောင်းတယ်"
နေလင်းယုန် ဆင်းသက်လိုက်သည်နှင့်တပြိုင်နက် သူတို့က ချက်ချင်းစုဝေးလာကြသည်။
"ဦးလေးမိုယွမ် တောင်ကြားထဲမှာ လူတွေ ဘာလို့နည်းနည်းလေးရှိရတာလဲ။ အဖေနဲ့အကြီးအကဲတွေ၊ ယဲ့မုန့်တို့လိုလူငယ်မျိုးဆက်တွေ ဘယ်ရောက်နေကြတာလဲ"
ယဲ့ချန်က နေလင်းယုန်ပေါ်မှ ခုန်ဆင်းလာပြီးနောက် အလွန်နည်းပါးသော လူဦးရေကို သတိပြုမိလိုက်သည်။ သူက ယဲ့မိုယွမ်ကို မျက်မှောင်ကြုတ်၍ကြည့်ကာ မေးမြန်းလိုက်သည်။
"ခေါင်းဆောင် အစ်ကိုကြီးနဲ့ ကျန်တဲ့လူတွေကို ကယ်တင်ပေးပါဦး"
ယဲ့မိုယွမ်၏ မျက်လုံးအိမ်တွင် မျက်ရည်များကို ထိန်းထားရသည်။ သူက ယဲ့ချန်ကို စိုးရိမ်တကြီး အကူအညီတောင်းလိုက်၏။
"ဘာတွေဖြစ်နေတာလဲ"
ယဲ့မိုယွမ်၏အမူအရာကြောင့် ယဲ့ချန် ရင်ထိတ်သွားရသည်။
ယဲ့မိုယွမ်က အကြောင်းစုံကို အလျင်အမြန်ရှင်းပြလိုက်သည်။ တုန်းလင်ပြည်နယ် တိုက်ခိုက်ခံရချိန်တွင် မရေမတွက်နိုင်သော ပြည်သူများစွာ သေကြေဒဏ်ရာရကုန်သည်။ ယဲ့ကျန့်ထန်းတို့က ယဲ့ချန်ကိုဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း နေပြည်တော်ကအလွန်ဝေးကွာသဖြင့် ကျရှုံးခဲ့ရသည်။ နန်မန်များ၏ရက်စက်လွန်းသော ကျူးကျော်စစ်ကိုရင်ဆိုင်ရန် သူတို့က အဆင့်ရှစ်နဲ့အထက် ကျင့်ကြံသူတိုင်းကို စုစည်းလိုက်သည်။ ထို့နောက် တုန်းလင်ပြည်နယ်၏ အခြားမျိုးနွယ်များနှင့်အတူ ပူးပေါင်းကာ အပြစ်မဲ့ပြည်သူများကို လိုက်လံကယ်တင်ခဲ့သည်။ သို့သော် နန်မန်များက ဤသတင်းကိုရခဲ့သောကြောင့် စစ်တပ်ကြီးတစ်ခုနှင့် တားမြစ်လာသည်။
ယဲ့မုန့်တို့လူငယ်မျိုးဆက်များက စစ်ပွဲတွင် ဝင်ရောက်ချင်သော်လည်း ယဲ့ကျန့်ထန်း၏အမိန့်အရ အလယ်အင်ပါယာသို့ ပို့ဆောင်ခံလိုက်ရ၏။
တောင်ကြားအတွင်း ကျန်ရှိနေသည်မှာ သာမန်မျိုးနွယ်ဝင်များနှင့် ကျင့်ကြံဆင့်နိမ့်သူများသာ ဖြစ်သည်။ ယဲ့ကျန့်ထန်းတို့ထံမှ နှစ်ရက်အထိ မည်သည့်သတင်းမှမလာသောကြောင့် လူတိုင်း စိုးရိမ်နေကြသည်။
"ဦးလေးမိုယွမ် ဒီနေရာကို ဦးလေး အုပ်ချုပ်ထားလိုက်ပါ။ မျိုးနွယ်ဝင်အားလုံးကို တောင်ကြားအပြင်မထွက်ပါစေနဲ့။ အဖေတို့ကို ကျွန်တော်သွားပြီး ကယ်တင်မယ်"
ယဲ့ချန်က နေလင်းယုန်အပေါ်သို့ခုန်တက်၍ အမိန့်တစ်ခုပေးကာ ချက်ချင်းထွက်ခွာလိုက်သည်။
"ကောင်းပါပြီ ခေါင်းဆောင်"
ယဲ့မျိုးနွယ်ဝင်များက အဝေးသို့ပျံသန်းသွားသော နေလင်းယုန်ကြီးကိုကြည့်၍ ယဲ့မျိုးနွယ်၏သူရဲကောင်းများအတွက် ဆုတောင်းပေးနေကြသည်။
ကန်းချွမ်ပြည်နယ် ရှီလင်းလွင်ပြင်သို့ မရေမတွက်နိုင်သော လူများက ပုရွက်ဆိတ်များပမာ တရွရွဦးတည်နေကြသည်။
ကောင်းကင်ထက်တွင် သိမ်းငှက်ဖြူများကိုစီးနင်းထားသော ယဲ့ကျန့်ထန်းနှင့်ကျင့်ကြံသူများ ရှိနေကြသည်။ ရက်အနည်းငယ်အတွင်း သူတို့က ပြည်သူများစွာကို ကယ်တင်ခဲ့သည်။ မူလတွင် သူတို့က မြောက်ဘက်သို့ဦးတည်ခဲ့ကြသော်လည်း နန်မန်စစ်တပ်က လမ်းပိတ်ထားသောကြောင့် ရွေးချယ်စရာမရှိဘဲ အနောက်အရပ်သို့ ပြောင်းလဲခရီးဆက်ခဲ့ရ၏။ ရန်ရှန်းတောင်တန်းကိုဖြတ်သန်းပြီး ရှီလင်းလွင်ပြင်အားဖြတ်ကာ နေပြည်တော်သို့ သွားရောက်ကြမည်ဖြစ်သည်။ ဤအကြောင်းအရင်းကြောင့် ယဲ့ချန်၏အပြန်လမ်းတွင် ဤမျှကြီးမားသော လူအုပ်ကြီးကို မတွေ့ခဲ့ရခြင်းဖြစ်သည်။
မူလတွင် စစ်ပြေးဒုက္ခသည်များမှာ တုန်းလင်၏ပြည်သူ သန်းလေးငါးရာခန့်သာဖြစ်သည်။ ခရီးရှည်လာသည်နှင့်အမျှ အခြားပြည်နယ်များမှ ပြည်သူများပါ ဝင်ရောက်လာကြသဖြင့် လူဦးရေက သန်းတစ်ထောင်ပင် ကျော်သွားခဲ့သည်။ စစ်ပြေးဒုက္ခသည်များက များပြားလှသောကြောင့် ရှီလင်းလွင်ပြင်၏တစ်ဝက်ကိုပင် ဖုံးအုပ်သွားနိုင်လေသည်။
လမ်းခရီးတွင် ပြည်သူများက ဆက်တိုက်သေဆုံးကုန်သည်။ အချို့က မောပန်းမှုကြောင့်သေဆုံးကာ အချို့က အငတ်ဘေးကြောင့်ဖြစ်သည်။ ယဲ့ကျန့်ထန်းနှင့်ကျင့်ကြံသူများက အစားအသောက်များယူဆောင် ခွဲဝေပေးခဲ့သော်လည်း အချိုးအစားက ကွာခြားလွန်းသောကြောင့် ဆင့်ပါးစပ်နှမ်းပက်သကဲ့သို့ မထူးခြားပေ။
တစ်ချိန်တည်းမှာပင် နန်မန်မြင်းတပ်က ရုတ်တရက်ပေါ်ပေါ်လာပြီး ပြည်သူများကို သတ်ဖြတ်တတ်သည်။ ယဲ့ကျန့်ထန်းတို့မှာ သိမ်းငှက်ဖြူများကြောင့် မြင်းတပ်လာရောက်တိုက်ခိုက်သမျှ နေရာတိုင်းကို သွားရောက်ကာကွယ်ပေးနိုင်ခဲ့ကြသည်။ သူတို့၏အားထုတ်မှုကြောင့်သာ မဟုတ်လျှင် များပြားလှသော ပြည်သူများမှာ နန်မန်မြင်းတပ်ကြောင့် အလောင်းများ တန်းစီသွားပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ ရက်ပေါင်းများစွာ တိုက်ပွဲဝင်ပြီးနောက် ရှီဝူအင်ပါယာ၏သူရဲကောင်းများမှာ စိတ်ရောကိုယ်ပါ ချုံးချုံးကျလာခဲ့သည်။ သူတို့၏ရုပ်ခွန်အားကလည်း အကန့်အသတ်သို့ ရောက်လာကြသည်။
မင်းနေပြည်တော်သို့ မည်သို့ဖြစ်ပျက်နေကြောင်း သတင်းမရသော်လည်း ပြည်နယ်တိုင်းကို ရန်သူများ သိမ်းပိုက်လိုက်ပြီဖြစ်၍ ရွေးစရာမရှိပေ။ နန်မန်များ၏လက်ချက်ကြောင့် သေဆုံးသွားရသော အလောင်းများနှင့် အပျက်အစီးပုံများက သူတို့၏စိတ်ကို ဝမ်းနည်းထိခိုက်စေသည်။
ပြည်သူများမှာ အဝေးရှိမင်းနေပြည်တော်ရှိရာကို ကြည့်ကာ အားတင်း၍ တရွေ့ရွေ့ချီတက်နေကြသည်။ မင်ဝူသည် သူတို့၏တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်ကာ သူတို့အားလုံးကို ကာကွယ်ပေးနိုင်မည်ဟု မျှော်လင့်နေကြသည်။
"ဘိုးဘိုး သူတို့က ဘယ်သူတွေလဲဟင်"
ကလေးငယ်လေးတစ်ယောက်က ကောင်းကင်ပေါ်ရှိ သိမ်းငှက်အုပ်ကြီးကိုလက်ညှိုးထိုးကာ မေးလိုက်သည်။ သိမ်းငှက်တိုင်း၏ကျောပေါ်တွင် ကျင့်ကြံသူများ မတ်တပ်ရပ်နေကြသည်။
"သူတို့က ယဲ့မျိုးနွယ်ဝင်တွေဖြစ်ပြီး ဘိုးဘိုးတို့ရဲ့ ကယ်တင်ရှင်တွေဖြစ်တယ်။ ဝမ်အာ နေပြည်တော်ကိုရောက်လို့ လုံခြုံသွားရင် ဒီကျေးဇူးရှင်တွေကို တစ်သက်လုံးမမေ့ရဘူးနော်။ သူတို့က ဘိုးဘိုးတို့ကိုကယ်တင်ဖို့အတွက် အသက်စွန့်နေကြတယ်"
အဘိုးအိုက ကလေးငယ်၏ခေါင်းကို ညစ်ပတ်ပေရေနေသော သူ၏လက်ဖြင့် ညှင်သာစွာပုတ်လိုက်သည်။ ထို့နောက် မျက်ရည်များဝေ့သီနေသော အဘိုးအိုက အသေအချာမှာကြားလိုက်သည်။
"ဟုတ်"
ဝမ်အာဆိုသော မိန်းကလေးငယ်က အဘိုး၏စကားကို ကောင်းစွာနားမလည်သော်လည်း သူရဲကောင်းများ၏ပုံရိပ်နှင့် အဘိုးအို၏မျက်နှာကို စိတ်ထဲတွင် မှတ်သားထားလိုက်၏။
ပြည်သူများမှာ သူတို့၏အထက်ကောင်းကင်တွင် ဝဲပျံနေသော သိမ်းငှက်ဖြူများကိုကြည့်၍ အလွန်ကျေးဇူးတင်နေကြသည်။ နန်မန်တိုင်းပြည်၏မြင်းတပ်ကို အသက်စွန့်တိုက်ခိုက်ပြီး သူတို့ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းနေသူများက တုန်းလင်ပြည်နယ်၏ ယဲ့မျိုးနွယ်ဝင်များဖြစ်ကြောင်း သိရှိခဲ့ရသည်။
နန်မန်စစ်တပ်သည် ထို့ပါဟုန်ယဲ့ထံမှ အမိန့်တစ်စုံတစ်ရာကို မရသော်လည်း စစ်ပြေးဒုက္ခသည်များကို လိုက်လံသတ်ဖြတ်ရန် စစ်တပ်များစေလွှတ်ခဲ့သည်။ တစ်သိန်းကျော်သော မြင်းသည်တော်များက ရက်စက်ကြမ်းကြုတ်သော ဝံပုလွေများကဲ့သို့ ရံဖန်ရံခါထွက်ပေါ်လာပြီး ခုခံနိုင်စွမ်းမရှိသူများကို ရက်ရက်စက်စက် သတ်ဖြတ်နေကြသည်။
ယဲ့မျိုးနွယ်၏အင်အားစုတွင် ယဲ့မျိုးနွယ်ဝင်များအပြင် အခြားမျိုးနွယ်မှ ကျင့်ကြံသူများလည်း ပါဝင်သည်။ အဆင့်ခုနစ်ကျင့်ကြံသူ၃၈၀၀၊ အဆင့်ရှစ်ကျင့်ကြံသူ ၁၆၀၀နှင့် အဆင့်ကိုးကျင့်ကြံသူ၈၀၀ ပါဝင်သည်။ အဆင့်တစ်ဆယ်အထက် ကျင့်ကြံသူမှာ ယဲ့ကျန့်ထန်းအပါအဝင် ကိုးယောက်သာရှိသည်။ သူက အခြားလူများထက် ပို၍သန်မာပြီး မြေအဆင့် သိမ်းငှက်ဖြူတစ်ကောင်လည်း ပိုင်ဆိုင်ထားသောကြောင့် ခေါင်းဆောင်ဖြစ်လာခဲ့သည်။
လက်နက်အရာတွင် ယဲ့မျိုးနွယ်က အဆင့်တစ်ဝိညာဥ်လက်နက်များ ပိုင်ဆိုင်ထားသည်။ သူက ရှကျန်းကဲ့သို့ ယုံကြည်စိတ်ချရသူများကိုလည်း တွန့်တိုခြင်းမရှိ လက်နက်များ ဖြန့်ဝေပေးခဲ့သည်။
နန်မန်မြင်းတပ်နှင့် တိုက်ပွဲများစွာ တိုက်ခိုက်ပြီးနောက် နှစ်ဖက်လုံးတွင် အသေအပျောက် အကျအဆုံးရှိလာသည်။ နန်မန်မြင်းတပ်က သူတို့ကို နောက်မှလိုက်လံတိုက်ခိုက်နေပြီး တစ်နေရာရာသို့ ကျုံးသွင်းရန် ကြိုးစားနေသည်။ ပြည်နယ်များစွာကို ဖြတ်သန်းလာပြီးနောက် မြင်းတပ်၏အရေအတွက်က ဖြည်းဖြည်းချင်းကြီးမားလာကာ နှစ်သိန်းအထိ တိုးလာသည်။ ရှီလင်းလွင်ပြင်မှာ သူတို့ရွေးချယ်ထားသော စစ်မြေပြင်ဖြစ်နေခဲ့သည်။
လွင်ပြင်တစ်ခုက မြင်းတပ်တစ်ခုအတွက် အကောင်းဆုံးသော စစ်မြေပြင်ဖြစ်သည်။
ယဲ့ကျန့်ထန်းသည် ရန်သူ၏ရည်ရွယ်ချက်ကို ရိပ်စားမိသော်လည်း ရွေးစရာမရှိခဲ့ပေ။ အခြားလမ်းများတွင် ပိုမိုကြီးမားသော စစ်တပ်များနှင့် မှော်သားရဲများစွာရှိသော တောင်တန်းကြီးများ ပိတ်ဆို့နေသည်။
"အစ်ကိုကြီး နန်မန်မြင်းတပ်က အပြည့်အဝပေါင်းစည်းနိုင်တော့မယ်"
ယဲ့ကျန့်ယင်းက သူ၏သိမ်းငှက်ဖြူကိုစီးနင်းလျက် ယဲ့ကျန့်ထန်းထံ ရောက်လာခဲ့သည်။ သူက စိုးရိမ်စွာသတင်းပို့လိုက်သည်။ မြို့တော်သို့ ယဲ့ချန်ကိုရှာဖွေရန် သွားသော ယဲ့ကျန့်ရှုံးနှင့် လူငယ်များကို အလယ်အင်ပါယာသို့လိုက်ပို့သော ယဲ့ကျန့်လုံမှလွဲလျှင် ဤနေရာတွင် ယဲ့မျိုးနွယ်ဝင်ကျင့်ကြံသူများ အားလုံးရှိနေကြသည်။
"ဒါကို ငါတို့ ခန့်မှန်းထားပြီးသားပါ။ သူတို့က ငါတို့ကို ရှီလင်းလွင်ပြင်ဆီမောင်းပို့နေတည်းက နောက်ဆုံးတိုက်ခိုက်မှုတစ်ချက်တည်းနဲ့ ပွဲသိမ်းချင်နေတာ သိသာတယ်"
ယဲ့ကျန့်ထန်းက ခေါင်းညိတ်၍ ယဲ့မျိုးနွယ်ဝင်များကို လှည့်ကြည့်လိုက်သည်။
"ယဲ့မျိုးနွယ်ရဲ့စစ်သည်တွေ ငါ ယဲ့ကျန့်ထန်းက မင်းတို့အားလုံးကို အရိုအသေပေးတယ်။ မင်းတို့တစ်ယောက်မှ ယဲ့မျိုးနွယ်ကို အရှက်မရစေခဲ့ဘူး"
"ကျွန်တော်တို့အားလုံး အစ်ကိုကြီးနဲ့အတူ သေတဲ့အထိ တိုက်ပွဲဝင်ပါမယ်"
ယဲ့မျိုးနွယ်ဝင်များ၏ မျက်လုံးများတွင် မျက်ရည်စများရှိနေသော်လည်း အကြည့်တိုင်းက ပြတ်သားတောက်ပနေသည်။
"ငါတို့နောက်မှာ သန်းထောင်နဲ့ချီတဲ့ ပြည်သူတွေရှိတယ်။ ငါတို့အခုနောက်ဆုတ်လိုက်ရင် သူတို့အတွက် မျှော်လင့်ချက်မရှိတော့ဘူး။ ဒီနေ့မှာ ငါတို့တိုင်းပြည် ကျူးကျော်ခံရတယ်။ ညီအစ်ကိုတို့ ကျုပ်နဲ့အတူတိုက်ခိုက်ပေးလို့ ကျေးဇူးတင်ပါတယ်။ ငါ ယဲ့ကျန့်ထန်းက ဒီဘဝမှာ မင်းတို့အတွက် ကျေးဇူးမဆပ်နိုင်တော့ဘူး။ နောက်ဘဝမှာ တစ်နေ့တည်းမွေးပြီး တစ်နေ့တည်းသေရတဲ့ ညီအစ်ကိုကောင်းတွေ ဖြစ်ချင်ပါတယ်"
ယဲ့ကျန့်ထန်းက သိမ်းငှက်ဖြူကို အောက်သို့ခပ်နိမ့်နိမ့်ပျံသန်း၍ အခြားမျိုးနွယ်၏ကျင့်ကြံသူများကို ဦးညွှတ်လိုက်သည်။
"ခေါင်းဆောင်ယဲ့ ယဥ်ကျေးလွန်းနေပြီ"
"တိုင်းပြည်ကိုသစ္စာရှိပြီး ပြည်သူတွေကိုကယ်ရမှာ ကျုပ်တို့ကျင့်ကြံသူတွေရဲ့ တာဝန်ဖြစ်တယ်"
"ယဲ့ခေါင်းဆောင်က ထွက်ပြေးလို့ရတာတောင် ကျုပ်တို့နဲ့အတူအသက်စွန့်ဖို့ ရွေးချယ်ခဲ့တယ်။ ကျုပ်တို့လည်း သေရမှာမကြောက်ဘူး"
ကျင့်ကြံသူတိုင်းက ကျယ်လောင်စွာ ကြုံးဝါးလိုက်ကြသည်။ တိုက်ပွဲပေါင်းများစွာ တိုက်ခိုက်ပြီးနောက် သူတို့အားလုံး၏ရင်ထဲတွင် ယဲ့ကျန့်ထန်းကို အလွန်လေးစားနေကြပြီဖြစ်သည်။ လူတိုင်းကသေရန် ဆုံးဖြတ်ထားပြီးဖြစ်သောကြောင့် ရန်သူတစ်ယောက်ကိုသတ်နိုင်လျှင် သရေဟု သတ်မှတ်ထားကြသည်။ အသက်တစ်ခုကိုရင်း၍ ကျူးကျော်သူများ၏အသက်များကို တစ်ခုထက်ပိုယူဆောင်နိုင်ခဲ့လျှင် သူတို့အတွက်အမြတ်ဖြစ်သည်ဟု ယူဆထားသော ဤကျင့်ကြံသူတိုင်းက စစ်မှန်သော သူရဲကောင်းများ ဖြစ်လေသည်။
အဝေးရှိတောင်တစ်ခုပေါ်တွင် နန်မန်တိုင်းပြည်၏ ရွှေသံချပ်ကာကိုဝတ်ဆင်ထားသော လူတစ်ယောက်ရှိနေသည်။ ထိုလူက ရှီဝူပြည်သူများကိုကြည့်ပြီး အေးစက်စက်ပြုံးနေခဲ့သည်။ သူက နန်မန်တိုင်းပြည်၏ စစ်သူကြီးတစ်ယောက်ဖြစ်ကာ မြင်းတပ်များကို အုပ်ချုပ်ရသော ဝေကုရန်ဖြစ်သည်။
ဝေကုန်ရန်၏အုပ်ချုပ်မှုအောက်တွင် နန်မန်မြင်းတပ်သည် ပြည်နယ်သုံးခုနှင့် မြို့ပေါင်း၃၁ မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ ပြောရလျှင် နန်မန်မြင်းတပ်မှာ ရှုံးပွဲလုံးဝမရှိပေ။
တုန်းလင်ပြည်နယ်၏ ယဲ့မျိုးနွယ်မှ ရှီဝူပြည်သူများကို ကယ်တင်နေကြောင်းကြားသောအခါ သူက မြင်းတပ်ဖြင့် ရှီလင်းလွင်ပြင်အတွင်း ကျုံးသွင်းရန်ဆုံးဖြတ်ခဲ့သည်။ ထို့နောက် သူက မြင်းစစ်သည်နှစ်သိန်းကျော်ကိုဦးဆောင်ကာ အညှာအတာမဲ့ သုတ်သင်မည်ဖြစ်လေသည်။
***