← Chapters

လက်နက်ချမယ့်အစား အသေခံမယ်

Vol. 21 Ch. 293

လက်နက်ချမယ့်အစား အသေခံမယ်

Vol. 21 Ch. 293

"ဒီကောင်တွေက ကိုယ့်ကိုကိုယ်သတ်သေပြီး သူရဲကောင်းဖြစ်ချင်နေကြတယ်။ သတ္တိက လေးစားစရာကောင်းပေမယ့် နိမ့်ကျတဲ့ ယဲ့မျိုးနွယ်လေးတစ်ခုဟာ နန်မန်မြင်းတပ်ကို ယှဥ်နိုင်စရာအကြောင်း လုံးဝမရှိဘူး။ သေချင်ရင်လည်း သေကြပေတော့"

ဝေကုရန်က အေးစက်စက်ဆုံးဖြတ်လိုက်သည်။ သူက လက်ယမ်းပြလိုက်သောအခါ အချက်ပြတပ်သားအချို့က လက်ထဲရှိစစ်တံခွန်ကြီးများကို လေထဲတွင် ဝှေ့ယမ်းလိုက်ကြ၏။

နှစ်သိန်းသော မြင်းသည်တော်များက အဖွဲ့ရှစ်ခုခွဲကာ ယဲ့ကျန့်ထန်းတို့ထံ တဟုန်ထိုးချီတက်လာကြသည်။ ဤမြင်းတပ်ကို နန်မန်တိုင်းပြည်၏ အစွမ်းထက်စစ်သည်တော်များနှင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ အားအနည်းဆုံး မြင်းသည်တော်ပင်လျှင် အဆင့်ငါးနှင့်အထက်ဖြစ်ကာ တပ်မှူးများက အဆင့်ခြောက်၊ အဆင့်ခုနစ်နှင့် အဆင့်ရှစ်များဖြစ်ကြသည်။ တပ်ဗိုလ်များက အဆင့်ကိုးဖြစ်ပြီး လူတိုင်းက အလွန်မာကျောသောရွှမ်သံနက်ဖြင့် ပြုလုပ်ထားသည့် သံချပ်ကာကိုယ်စီ ဝတ်ဆင်ထားကြသည်။ ယဲ့ကျန့်ထန်းတို့ဘက်တွင် အဆင့်တစ်ဝိညာဥ်လက်နက်များသာမရှိလျှင် ဤသံချပ်ကာများကိုပင် ထိုးခုတ်ပိုင်းဖြတ်နိုင်မည် မဟုတ်ချေ။

"သတ်"

ဝေကုရန်က အမိန့်ပေးလိုက်သည်။ တိုက်ပွဲတံခွန် မြင့်တက်လာသည်နှင့်တပြိုင်နက် မြင်းသည်တော်အားလုံးက လှံကိုယ်စီဝင့်၍ ပြေးတက်လိုက်ကြသည်။

"သတ် သတ် သတ်"

မြင်းသည်တော်များ၏ကြုံးဝါးသံက နားကွဲမတတ်ကျယ်လောင်နေပြီး မြင်းခွာသံတဖြောင်းဖြောင်းက ကောင်းကင်ဝိဇ္ဇာတစ်ယောက်ကိုပင် ကြောက်လန့်သွားစေနိုင်သည်။ အသေအချာလေ့ကျင့်ထားသော နန်မန်များက အဖွဲ့ရှစ်ခုခွဲ၍ စတုရန်းသဏ္ဍာန်စစ်ချီပုံကို ပြင်ဆင်ထားကြသည်။

ချီတက်လာသော နန်မန်မြင်းသည်များကြောင့် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားတော့မည်ဟု ယဲ့ကျန့်ထန်းက သိလိုက်သည်။

"ရှီဝူအင်ပါယာရဲ့သူရဲကောင်းတွေ သတ်ကြ"

သူကအော်ဟစ် အမိန့်ပေးလိုက်သည်။ အဝေးရှိတောင်တစ်ခုပေါ်တွင် လွှင့်ထူထားသော စစ်တံခွန်ကို သူက မြင်လိုက်ရသော်လည်း ဗိုလ်ချုပ်၏တည်နေရာကို ရှာမတွေ့နိုင်ခဲ့ပေ။ အကယ်၍ သူသာ ရန်သူဗိုလ်ချုပ်ကိုသတ်နိုင်လျှင် တိုက်ပွဲအခြေအနေကို ပြောင်းလဲနိုင်ချေရှိသည်။ သို့သော်လည်း နန်မန်ဗိုလ်ချုပ်တစ်ယောက်ကိုဖမ်းဆီးရန် မလွယ်ကူသည့်အပြင် သူနှင့်သိမ်းငှက်ဖြူသာ ယခုအချိန်တွင် ထွက်ခွာသွားလျှင် နောက်လိုက်များ၏ တိုက်ပွဲဝင်စိတ်များ လျော့ပါးသွားနိုင်သည်။ ထို့ကြောင့် သူက တိုက်ပွဲတွင် နောက်လိုက်များနှင့်အတူ အသက်စွန့်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်လေသည်။

မြင်းသည်တော်များက ရှီဝူပြည်သူများထံ ဝင်ရောက်လာချိန်တွင် အသားကြိတ်စက်ကြီးတစ်ခုပမာ ထင်မှတ်ရသည်။ သူတို့၏လှံများအောက်တွင် ပြည်သူများစွာ နှစ်ပိုင်းပြတ်ထွက်သွား၍ အလောင်းများ ချက်ချင်းပုံသွားခဲ့၏။

အချို့ပြည်သူများက ရဲရင့်စွာနှင့် လက်နက်များဆွဲကိုင်ပြီး မြင်းသည်တော်များကို ခုခံလိုက်ကြသည်။ သို့သော်လည်း ရန်သူများ၏သံချပ်ကာများက မာကျောနေသဖြင့် မထိုးဖောက်နိုင်သောအခါ လှံဖျားအောက်တွင် အသက်ပျောက်သွားကြသည်။ ညဥ့်လေမြင်းများ၏ ခွာများအောက်တွင် ရှီဝူအင်ပါယာ၏ပြည်သူများမှာ အလောင်းပင် အကောင်းအတိုင်းမကျန်ရစ်ချေ။ မြင်းများဖြတ်သန်းသွားသမျှ နေရာတိုင်းတွင် အလောင်းများစွာ ဖြစ်ပေါ်လာစမြဲပင်။

"ဘိုးဘိုး ဘိုးဘိုး သမီး ကြောက်တယ်"

ဖရိုဖရဲဖြစ်နေသော လူအုပ်ကြားတွင် ဝမ်အာဆိုသော ကလေးမလေးက ရှိုက်ကြီးတငင်ငိုကြွေးနေသည်။ သို့သော် သူ၏ငိုသံက ကမ္ဘာပျက်သကဲ့သို့ ဆူညံနေသောတိုက်ပွဲအတွင်း အလွယ်တကူပျောက်ကွယ်သွားသည်။

အဘိုးအိုက ဝမ်အာကို တင်းကျပ်စွာဖက်ထားခဲ့သည်။ နေရာတိုင်းတွင် ရက်စက်သောမြင်းစစ်သည်များ ပြည့်နှက်နေကာ ယဲ့မျိုးနွယ်ဝင်များလည်း တိုက်ပွဲဝင်နေကြရသည်။ လက်ရှိအချိန်တွင် ပြည်သူများမှာ ကယ်သူမဲ့နေခဲ့သည်။

ဝမ်အာမှာ မြေပြင်ပေါ်သို့ ရုတ်တရက်ပြုတ်ကျသွားပြီး သူမ၏အဘိုးက လူအုပ်ကြားတွင် ညှပ်ပါသွားခဲ့သည်။ သူမက ကြောက်လန့်တကြားငိုကြွေး၍ အဘိုးထံပြေးသွားရန် ပြင်လိုက်စဥ် လှံတစ်စင်းက အဘိုးအို၏ရင်ဘတ်ကို ထုတ်ချင်းပေါက်ထွက်လာသည်။ လေထဲတွင် သွေးများပြန့်ကြဲသွား၍ ဝမ်အာ၏မျက်လုံးထဲတွင် အနီရောင်တစ်ခုတည်းကိုသာ နေရာတိုင်း မြင်တွေ့နေခဲ့ရလေသည်။

ပြည်သူများက ကြောက်စိတ်ကြောင့် ဖရိုဖရဲဖြစ်နေသော်လည်း ရန်သူများက စစ်ချီတက်ပုံကို အပြည့်စုံဆုံးထိန်းထားနိုင်ခဲ့သည်။ ယဲ့ကျန့်ထန်းတို့အဖွဲ့ကလည်း ရန်သူများနှင့် ပြင်းထန်စွာတိုက်ခိုက်နေရသည်။ ကံကောင်းစွာဖြင့် သူတို့ဘက်တွင် ကျင့်ကြံသူများက အဆင့်ခုနစ်အထက်ဖြစ်နေသောကြောင့် အုပ်စုတစ်ခုသဏ္ဍာန် ချက်ချင်းဖွဲ့စည်း တုံ့ပြန်နိုင်ခဲ့သည်။ သို့သော် ရန်သူမြင်းတပ်က အလွန်များပြားသောကြောင့် သေဆုံးမှုများလည်း ဆက်တိုက်ဖြစ်ပေါ်နေသည်။ နန်မန်မြင်းစစ်သည်များက ရှီဝူကျင့်ကြံသူများ၏ခံစစ်ကို ထိုးဖောက်ချင်သော်လည်း အချိန်တိုအတွင်း မဖြစ်နိုင်ပေ။

"ဘန်း ဘန်း ဘန်း"

ယဲ့ကျန့်ထန်း၏အမိန့်ဖြင့် သိမ်းငှက်ဖြူများက စစ်မြေပြင်သို့ ပြိုင်တူထိုးဆင်းလိုက်ကြသည်။ ၎င်းတို့၏တိုက်ခိုက်မှုကြောင့် ရာပေါင်းများစွာသော မြင်းစစ်သည်များ မြင်းနှင့်တကွ လွင့်ထွက်သွားကြသည်။

​

ပြင်းထန်သောတိုက်ပွဲအတွင်း ရှီဝူသူရဲကောင်းများ၏ အသက်စွန့်တိုက်ခိုက်မှုများကြောင့် ရန်သူမြင်းတပ်များ အခက်ကြုံလာရ၏။ ထို့ကြောင့် သူတို့က ပြည်သူများကို သတ်ဖြတ်နေခြင်းအားရပ်ကာ ယဲ့ကျန့်ထန်းတို့ကို ဝိုင်းလာကြသည်။

လွင်ပြင်တစ်ခုလုံး သွေးများစွန်းထင်းနေပြီး မြေမျက်နှာပြင်၌ သွေးချောင်းစီးနေခဲ့သည်။ မြေဆီလွှာအတွင်း သွေးများစိမ့်ဝင်ကာ ပတ်ဝန်းကျင်တစ်ခုလုံး သွေးနံ့များလှိုင်နေခဲ့သည်။

နေလင်းယုန်နှင့် အစွမ်းကုန်ပျံသန်းလာသော ယဲ့ချန်သည် သူ၏ဝိညာဥ်အသိစိတ်ကို ရှေ့သို့ပို့လွှတ်လိုက်သည်။ သူက ကောင်းကင်ဝိဇ္ဇာအလယ်အဆင့်သို့ရောက်ပြီးနောက် ၎င်းက အချင်းဝက်ကီလိုမီတာ ၂၅ ကျော်ကို လွှမ်းခြုံနိုင်စွမ်း ရှိလာခဲ့သည်။ ဤသို့ဖြင့် ယဲ့ချန်က တိုက်ပွဲ၏သဲလွန်စများကို ရှာတွေ့လိုက်သည်။

နေရာတိုင်းတွင် ပြည်သူများ၏အလောင်းများ ပြန့်ကြဲနေကာ ယဲ့ချန်သည် အံကြိတ်၍ နေလင်းယုန်အား ဆက်လက်ပျံသန်းစေခဲ့သည်။

လမ်းတလျှောက်သေဆုံးနေသော အရေအတွက်က သူပင် မတွက်ချက်နိုင်အောင် များပြားနေသည်။ ပြည်သူများ၏အလောင်းဘေးတွင် နန်မန်မြင်းစစ်သည်များ၏ အလောင်းများနှင့်အတူ ရှီဝူအင်ပါယာကျင့်ကြံသူများ၏ အလောင်းများလည်း ရှိနေခဲ့သည်။

ယဲ့ချန်၏ဝိညာဥ်အသိစိတ်က အလောင်းတစ်ခုဘေးသို့ ဆင်းသက်လိုက်သည်။ အလောင်းကို လှံဆယ့်သုံးချောင်းတိတိ စိုက်ဝင်နေသော်လည်း သူ၏ဘေးတွင် နန်မန်စစ်သည်ရာကျော်၏ အလောင်းများလည်း ရှိနေခဲ့သည်။

ယဲ့ချန်က ထိုအလောင်း၏မျက်နှာကို စစ်ဆေးလိုက်သောအခါ သွေးဆုတ်သွားပြီး ဒေါသပေါက်ကွဲသွားသည်။ ဤအလောင်းမှာ ယဲ့မျိုးနွယ်ဝင်တစ်ယောက်ဖြစ်သည့်အပြင် သူ၏ဦးလေးတစ်ယောက်ဖြစ်သော ယဲ့ကျန်းလီဆိုသူ ဖြစ်နေခဲ့သည်။ ယဲ့ကျန်းလီက လှံများစွာဖြင့် ထိုးစိုက်ခံထားရသည့်တိုင်အောင် ခန္ဓာကိုယ်ကို မလဲကျသွားစေရန် လှံများဖြင့် ထောက်ကန်ထားခဲ့သည်။ သူက အသက်သေဆုံးသည်အထိ နန်မန်မြင်းစစ်သည်တော်များကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်သွားကြောင်း သိသာနေခဲ့သည်။

ယဲ့ကျန့်ထန်းနှင့် ကျန်လူများက သူ၏အလောင်းကိုပင် မယူသွားနိုင်သောကြောင့် အခြေအနေက ပြင်းထန်နေသည်ဟု ယဲ့ချန်က ကောက်ချက်ချလိုက်သည်။

"ထို့ပါဟုန်ယဲ့ သွေးကြွေးကို သွေးနဲ့ဆပ်မယ်။ ငါ နန်မန်တိုင်းပြည်ကို အရောက်လာပြီး မင်းကို ကိုယ်တိုင်သတ်ပစ်မယ်"

ယဲ့ချန်က ဒေါသထွက်လွန်းသဖြင့် ကျိန်ဆိုလိုက်သော အသံပင် တုန်ယင်နေခဲ့သည်။

"ဦးလေးကျန်းလီ ကျွန်တော် အဖေတို့ကို အရင်သွားကယ်ခွင့်ပြုပါ။ ပြီးရင် ဦးလေးကို ငြိမ်းချမ်းစွာအနားယူနိုင်အောင် စီစဥ်ပေးပါမယ်"

ယဲ့ချန်က ယဲ့ကျန်းလီ၏အလောင်းကို ခေါင်းညွှတ်အရိုအသေပေးကာ နေလင်းယုန်နှင့်အတူ တရကြမ်းရှေ့ဆက်သွားခဲ့သည်။

ခြောက်နာရီအကြာတွင် ယဲ့ချန်၏ဝိညာဥ်အသိစိတ်က ရှီလင်းလွင်ပြင်ရှိတိုက်ပွဲထံ ရောက်နိုင်ခဲ့သည်။ ကပ်ဘေးတစ်ခုနှင့်တူညီသော မြင်ကွင်းကို ယဲ့ချန်က မျက်မြင်တွေ့လိုက်ရသည်။

လက်ရှိတွင် တိုက်ပွဲက အနည်းငယ်တည်ငြိမ်နေသည်။ နန်မန်မြင်းစစ်သည်တော်များက နောက်သို့အနည်းငယ်ဆုတ်သွားကာ နောက်တစ်ကြိမ် ထိုးစစ်အတွက် ပြင်ဆင်နေကြသည်။

ယဲ့ကျန့်ထန်းက သူ့ဘက်ရှိလူများကို စစ်ဆေးလိုက်သည်။ ကျင့်ကြံသူခြောက်ထောက်ကျော်အနက် နှစ်ထောင်ကျော်ကျဆုံးသွားကာ ကျန်လေးထောင်ကလည်း တိုက်ပွဲပန်းနေကြပြီဖြစ်သည်။ သူတို့က နန်မန်မြင်းစစ်သည်တော်ငါးထောင်ကျော်ကို သတ်ဖြတ်နိုင်ခဲ့သော်လည်း ရန်သူများက အရေအတွက်သိန်းချီ ကျန်နေခဲ့သည်။

"ငါတို့က နောက်ထပ်နှစ်ရက်တောင် ခုခံနိုင်ပါဦးမလား။ နန်မန်မြင်းတပ်သာ အနားမယူဘဲ ဆက်ပြီးတိုက်ခိုက်နေမယ်ဆိုရင် ငါတို့က တစ်ရက်တောင် အသက်မရှင်လောက်တော့ဘူး"

သူက အဝေးသို့မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။ နန်မန်မြင်းစစ်သည်များက ပြန်လည်စုဝေးကာ စစ်ချီတက်မှုပုံစံတစ်ခုကို စီစဥ်နေကြသည်။

"ဗိုလ်ချုပ်ကြီးဝေက သတင်းစကား ပို့ပေးလာပါတယ်။ မင်းတို့ရဲ့ ရဲစွမ်းသတ္တိကို သူကလေးစားလို့ နန်မန်တိုင်းပြည်ကို အခုလက်နက်ချပြီး ခိုလှုံမယ်ဆိုရင် အသက်ချမ်းသာပေးမယ်။ ဆုလည်း ကောင်းကောင်းချမယ်"

တပ်မှူးတစ်ယောက်က ရှေ့သို့တက်လာပြီး ကျယ်လောင်စွာ ကြေညာလိုက်သည်။

"ငါတို့ကို လက်နက်ချစေချင်တာလား။ ငါတို့က လက်နက်ချမယ့်အစား အသေခံလိုက်မယ်"

ရှီဝူသူရဲကောင်းများ၏အသံက ပြိုင်တူဟိန်းထွက်လာခဲ့သည်။ လက်နက်ချမည်ဆိုလျှင် သူတို့က ရန်သူများကို ဤသို့အသက်စွန့်တိုက်ခိုက်နေမည် မဟုတ်ချေ။ လက်ရှိအချိန်အထိ ပြည်သူများအတွက် အသက်စွန့်တိုက်ခိုက်နေကြသူများ ဖြစ်သောကြောင့် သူတို့ကြားတွင် သေခြင်းတရားကို ကြောက်ရွံ့သူတစ်ယောက်ပင် မရှိချေ။

များပြားလှသော ဇနီးမယားများ၊ ကလေးသူငယ်များနှင့် အဘိုးအဘွားများကို နန်မန်များက ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည်။ သူတို့သာ လက်နက်ချလိုက်လျှင် တမလွန်တွင် ပြစရာမျက်နှာ ရှိမည်မဟုတ်ချေ။

"တုန်းလင်ပြည်နယ် ယဲ့မျိုးနွယ်က လက်နက်ချမယ့်အစား အသေခံလိုက်မယ်"

"တုန်းလင်ပြည်နယ် ရှမျိုးနွယ်က လက်နက်ချမယ့်အစား အသေခံလိုက်မယ်"

ယဲ့ကျန့်ထန်း၏ဘေးတွင် ယဲ့မျိုးနွယ်ဝင်များသာမက အခြားမျိုးနွယ်များမှ ကျင့်ကြံသူများလည်းရှိနေသည်။ သူတို့အားလုံးက သူရဲကောင်းများဖြစ်သောကြောင့် ကိုယ်ပိုင်မျိုးနွယ်နှင့် တိုင်းပြည်ကိုစွန့်ပစ်ကာ နန်မန်တိုင်းပြည်လက်အောက် ခိုဝင်ရသည်အထိ သူရဲဘောကြောင်သူများ မပါဝင်ချေ။

ယဲ့ကျန့်ထန်း၏အမိန့်ဖြင့် ကျင့်ကြံသူများက စက်ဝိုင်းသဏ္ဍာန် စုဝေးလိုက်ကြသည်။ အလွန်မောပန်းနေသူများကို အလယ်ဗဟိုတွင် စုဝေးနေကြပြီး ခုခံတိုက်ခိုက်ရန် ခွန်အားကျန်သူများက အပြင်စက်ဝိုင်းတွင် နေရာယူလိုက်ကြသည်။ ယဲ့ကျန့်ထန်းက နန်မန်မြင်းတပ်ကိုရင်ဆိုင်ရန် စက်ဝိုင်းသဏ္ဍာန်ခံစစ်ကို ရွေးချယ်အသုံးပြုခဲ့သည်။

ထို့နောက် သူက နန်မန်များ၏အလောင်းများနှင့် မြင်းအသေကောင်များကို သူတို့၏ရှေ့တွင်ချထားရန် အမိန့်ပေးလိုက်ပြန်သည်။ တိုက်ပွဲ ခဏရပ်တန့်နေသည်ကို အခွင့်ကောင်းယူပြီး ကျင့်ကြံသူများက အလောင်းများစွာကိုစုစည်းကာ လေးငါးမီတာမြင့်သော နံရံတစ်ခု တည်ဆောက်လိုက်ကြသည်။ ဤနံရံက နန်မန်မြင်းတပ်၏ထိုးစစ်ကို ခုခံရာတွင် အကျိုးရှိပေလိမ့်မည်။

"အချိန်နှစ်ရက်မယူရင် ငါတို့ကို အနိုင်ယူနိုင်မယ်မထင်ထားနဲ့​။ ငါသေရမယ်ဆိုရင်တောင် မင်းတို့မြင်းတပ်ကို အထိနာအောင် တိုက်ခိုက်သွားမယ်"

ယဲ့ကျန့်ထန်းက အဝေးတွင် နောက်တစ်ကြိမ်တိုက်ခိုက်ရန် စစ်ပြင်နေသော ရန်သူများကို အေးစက်စက်ကြည့်လိုက်သည်။

ထိုအချိန်တွင် သူ၏ထက်ရှသော အာရုံတွင် ထူးဆန်းသောခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ ဤခံစားချက်က သူ၏ဝိညာဥ်နှင့် အလွန်ရင်းနှီးကာ ပဲ့တင်ထပ်နေခဲ့သည်။ သူက အဝေးသို့ မျှော်ကြည့်လိုက်သောအခါ ကြည်လင်သော ကောင်းကင်ထက်၌ ရွှေရောင်လင်းယုန်ကြီးတစ်ကောင် လျင်မြန်စွာ ပျံသန်းလာနေသည်ကို မြင်လိုက်ရ၏။

"ချန်အာ"

ယဲ့ကျန့်ထန်းက အလွန်ပျော်ရွှင် ဝမ်းမြောက်သွားခဲ့သည်။

"ဘာများလဲ"

ကျန်လူများက ယဲ့ကျန့်ထန်း၏အမူအရာကြောင့် သူ ကြည့်နေသောအရပ်သို့ ပြိုင်တူကြည့်လိုက်မိကြသည်။ သူတို့၏မြင်ကွင်းတွင် ရွှေရောင်ငှက်ကြီးတစ်ကောင် ဝင်ရောက်လာသည်။

"ဘုရားရေ ဒါက ကောင်းကင်အဆင့် နေလင်းယုန်ကြီးပါလား။ ကျောပေါ်မှာလည်း လူနှစ်ယောက် ပါလာတယ်"

"အစ်ကိုယဲ့ သူတို့က ဘယ်သူတွေလဲ"

ရှကျန်းနှင့် အခြားလူများက စပ်စုလိုက်ကြသည်။ ကောင်းကင်အဆင့်သားရဲတစ်ကောင်ကို စီးနင်းလာနိုင်သူက သေချာပေါက် အစွမ်းထက်ရပေလိမ့်မည်။ ဤလူက ယဲ့မျိုးနွယ်၏အစွမ်းထက် ဘိုးဘေးတစ်ယောက်ပင် ဖြစ်နိုင်လေသည်။

"ဒါက ကျုပ်သားယဲ့ချန်"

ယဲ့ကျန့်ထန်းက ဂုဏ်ယူစွာ ဖြေလိုက်သည်။

"ယဲ့ချန်လား။ ဆေးဆရာရွှမ်းယီရဲ့ တပည့်ဖြစ်သွားတဲ့ ကလေးလား"

သူ၏အဖြေကြောင့် လူတိုင်းက စိတ်ရှုပ်သွားကြသည်။ ယေဘူယျပြောရလျှင် ယဲ့ချန်၏ကျင့်ကြံဆင့်မှာ အများဆုံး ထျန်းချီအဆင့်တစ်ဆယ်သာဖြစ်နိုင်ပြီး နေလင်းယုန်ကို ယဥ်ပါးစေနိုင်သော အကြောင်းအရင်းကို မည်သူမှတွေးမရခဲ့ပေ။ လူတိုင်းက ပဟေဠိဖြစ်နေကြသော်လည်း အစွမ်းထက်စစ်ကူတစ်ယောက် ရောက်လာသောကြောင့် စိတ်ဓာတ်များတက်ကြွလာကြ၏။

ယဲ့ချန်က စစ်မြေပြင်ကို ဝိညာဥ်စစ်သည်တော်နှင့် စစ်ဆေးလိုက်သောအခါ ယဲ့ကျန့်ထန်းတို့လူစုကို ခဏအတွင်း ရှာတွေ့ခဲ့သည်။ သူတို့က စက်ဝိုင်းသဏ္ဍာန် စုဝေးနေကြပြီး ဘေးပတ်လည်တွင် အလောင်းများနှင့် နံရံတစ်ခု ဖန်တီးထားကြသည်။ နန်မန်မြင်းတပ်ကလည်း ထိုးစစ်ဆင်ရန်အတွက် စစ်ပြင်နေကြသည်။ အဝေးတွင် အပြစ်မဲ့ပြည်သူများက ကြောက်လန့်တကြားရှိနေကြပြီး အချို့နေရာတွင် အလောင်းများ ပုံထပ်နေသည်။ နန်မန်မြင်းတပ်၏ ရက်စက်သွေးဆာလွန်းသော လုပ်ရပ်ပင်ဖြစ်သည်။

"ရှောင်ရိ အဖေနဲ့ ရှီဝူအင်ပါယာရဲ့ ကျင့်ကြံသူတွေကို ကာကွယ်ပေးလိုက်။ ဘာတွေဖြစ်ဖြစ် သူတို့ကို အစွမ်းကုန်ကာကွယ်ပေးရမယ်"

ယဲ့ချန်သည် နှစ်သိန်းနီးပါး အရေအတွက်ရှိသော နန်မန်မြင်းတပ်ကို တစ်ချက်ကြည့်ကာ လေးနက်စွာမှာကြားလိုက်သည်။

"ဟုတ် အခုသွားလိုက်မယ်"

နေလင်းယုန်က ယဲ့ကျန့်ထန်းတို့၏ ခေါင်းအထက်မှ ပျံသန်းသွားစဥ် ရှောင်ရိက ချက်ချင်းခုန်ချလိုက်လေသည်။

***

All Chapters