ယဲ့ချန်၏တိုက်ခိုက်မှု
Vol. 21 Ch. 294
ယဲ့ကျန့်ထန်းတို့လူစုက ကောင်းကင်သို့ မော့ကြည့်လိုက်သောအခါ ပုံရိပ်တစ်ခု ကြယ်ကြွေသည့်ပမာ ခုန်ဆင်းလာကြောင်း မြင်လိုက်ရသည်။
နေလင်းယုန်နှင့် မြေပြင်ကြားတွင် မီတာငါးရာကျော်မြင့်သောကြောင့် ဤသို့ခုန်ချမည်ဆိုပါက ထျန်းချီအဆင့်တစ်ဆယ် ကျင့်ကြံသူတစ်ယောက်ပင် ဒဏ်ရာအကြီးအကျယ် ရသွားနိုင်သည်။ သူတို့က အနီးကပ်လာသော ပုံရိပ်ကိုကြည့်လိုက်သောအခါ ကလေးတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရ၏။ သို့သော် ဤကလေးက မြေပြင်အထက် ငါးမီတာအကွာတွင် လေထဲ၌ရပ်တန့်သွားကာ မတ်တပ်ရပ်နေခဲ့သည်။
"ဦးလေးတို့ကို ကာကွယ်ပေးဖို့ အစ်ကိုကြီးက ကျွန်တော့်ကို စေလွှတ်လိုက်တာပါ"
ရှောင်ရိက ယဲ့ကျန့်ထန်းကို ပြောလိုက်သည်။
လေထဲတွင် မတ်တပ်ရပ်နိုင်ခြင်းက ကောင်းကင်ဝိဇ္ဇာနှင့်အထက် အဆင့်များသာ စွမ်းဆောင်နိုင်သည်။ အသက်ငါးနှစ်အရွယ် ကလေးတစ်ယောက်က ကောင်းကင်ဝိဇ္ဇာဖြစ်နေသောအခါ လူတိုင်း တုန်လှုပ်ကုန်သည်။ ရှောင်ရိက ယဲ့တောင်ကြားသို့ရောက်ဖူးသော်လည်း ယဲ့ကျန့်ထန်းတို့က သူ့ကို ကောင်းကင်ဝိဇ္ဇာတစ်ယောက်ဟု ထင်မထားချေ။ အကယ်၍ သူတို့သာ ဤအကြောင်းကိုသိလျှင် ရှောင်ရိကို ဤသို့ပေါ့ပေါ့ဆဆ ဆက်ဆံဝံ့မည်မဟုတ်ချေ။
သို့သော် သူတို့က ရှောင်ရိ၏ခွန်အားအစစ်အမှန်ကို မသိသေးပေ။ အကယ်၍ သူတို့သာ ရှောင်ရိက ကောင်းကင်ဝိဇ္ဇာတစ်ယောက်ထက် များစွာပို၍သန်မာကြောင်းသိလျှင် မျက်လုံးအပြူးသား၊ ပါးစပ်အဟောင်းသား ဖြစ်သွားနိုင်သည်။
"အစ်ကိုကျန့်ထန်း ဒီကလေးက ယဲ့မျိုးနွယ်ဝင်လား"
ရှကျန်းက လေးနက်စွာမေးလိုက်သည်။ အခြားကျင့်ကြံသူများကလည်း သိလိုစိတ်ပြင်းပျစွာနှင့် ယဲ့ကျန့်ထန်းကို ဝိုင်းကြည့်လိုက်ကြသည်။
ရှီဝူအင်ပါယာတွင် ကောင်းကင်ဝိဇ္ဇာအဆင့်ကျင့်ကြံသူမှာ တစ်ယောက်တည်းရှိပြီး ဧကရာဇ်မင်ဝူဖြစ်ကြောင်း ကောလဟာလသတင်းများအရ သူတို့က သိထားသည်။ သို့သော်လည်း ဤနေရာတွင် ကောင်းကင်ဝိဇ္ဇာ နောက်တစ်ယောက်ပေါ်လာကာ ထိုလူကလည်း အသက်ငါးနှစ်ခန့်သာ ရှိနေသည်။ ဤကား လုံးဝရူးသွပ်ဖွယ်ကောင်းနေသည်။ တစ်စုံတစ်ယောက်က မိခင်ဝမ်းတွင်းမှကျင့်ကြံလျှင်ပင် အသက်ငါးနှစ်အရွယ်တွင် ကောင်းကင်ဝိဇ္ဇာအဆင့်သို့ရောက်ရန် မဖြစ်နိုင်ချေ။
မည်သို့ပင်ဆိုစေကာမူ သူတို့၏မျက်စိရှေ့တွင် အမှန်တရားက ထင်ရှားစွာထွက်ပေါ်နေသည်။ ရှောင်ရိက ကောင်းကင်ဝိဇ္ဇာတစ်ယောက်မဟုတ်လျှင် လေထဲတွင် မတ်တပ်ရပ်နိုင်မည်မဟုတ်ချေ။
ဤအချိန်တွင် သူတို့၏အံ့သြမှုကိုဖော်ပြရန် စကား လုံးဝမရှိချေ။
"ရှောင်ရိ မင်းရဲ့အစ်ကိုကြီးကို ဘာလို့မကူညီတာလဲ"
ယဲ့ချန်က တည်ငြိမ်စွာမေးလိုက်သည်။ သူ၏စိတ်ထဲတွင် ကောင်းကင်ဝိဇ္ဇာတစ်ယောက်ကို ဤလေသံမျိုးနှင့် ပြောမိခြင်းအပေါ် အနည်းငယ်စိုးရိမ်နေခဲ့သည်။ သို့သော်လည်း ရှောင်ရိက ယဲ့ချန်၏စကားကို အလွန်နားထောင်သောကြောင့် ပြဿနာမရှိဟု သတ်မှတ်လိုက်သည်။
"အစ်ကိုကြီးက နန်မန်မြင်းတပ်ကို တစ်ကိုယ်တော်ဖျက်ဆီးမယ်လို့ ပြောတယ်"
ရှောင်ရိက စိုးရိမ်စရာမရှိဟန်ဖြင့် ဖြေလိုက်သည်။
စစ်မြေပြင်တွင် သံချပ်ကာအပြည့်အစုံဝတ်ဆင်ထားသော မြင်းစစ်သည်များက အရေအတွက်နှစ်သိန်းနီးပါးရှိသည်။ အကယ်၍ ယဲ့ချန်က ကောင်းကင်ဝိဇ္ဇာတစ်ယောက်ဖြစ်နေလျှင်ပင် များပြားလှသော ရန်သူများကို ဆက်တိုက်တိုက်ခိုက်နိုင်မည်မဟုတ်ပေ။ သို့သော် ယဲ့ချန်တွင် ကောင်းကင်အဆင့် နေလင်းယုန် ပိုင်ဆိုင်ထားသောကြောင့် မြင်းစစ်သည်များက အန္တရာယ်ပေးနိုင်မည် မဟုတ်ချေ။ ယဲ့ချန်က ပြဿနာတက်လျှင် နေလင်းယုန်နှင့်အတူ အလွယ်တကူလွတ်မြောက်နိုင်သည်။
ရှီဝူအင်ပါယာ၏ကျင့်ကြံသူများမှာ ယဲ့မျိုးနွယ်၌ အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ရှိနေမည်ဟု ထင်မထားခဲ့ပေ။ သူတို့၏အသက်က ကယ်တင်ခံရပြီဖြစ်သောကြောင့် လူတိုင်းက နှလုံးသား၏အနက်ရှိုင်းဆုံးအပိုင်းမှ ကျေးဇူးတင်မိကြသည်။ အကယ်၍ ယဲ့မျိုးနွယ်သာမရှိလျှင် သူတို့အားလုံးက မြေအောက်တွင် အလောင်းများဖြစ်နေပေလိမ့်မည်။
"မစိုးရိမ်ပါနဲ့ ဦးလေး။ အစ်ကိုကြီးက တော်ဝင်နန်းတော်မှာ နန်မန်တိုင်းပြည်ရဲ့ ကောင်းကင်ဝိဇ္ဇာငါးယောက်ကို တစ်ကိုယ်တော်သတ်ဖြတ်ခဲ့တယ်။ တော်ဝင်စစ်သည်တွေတောင် သူ့ကို စစ်နတ်ဘုရားလို့ ခေါ်နေကြပြီ။ ဒီကောင်တွေက အစ်ကိုကြီးကို အန္တရာယ်မပေးနိုင်ပါဘူး"
ယဲ့ကျန့်ထန်းသည် နေလင်းယုန်ကို စိုးရိမ်စိတ်ဖြင့် လှမ်းကြည့်နေသောကြောင့် ရှောင်ရိက တစ်ချက်ပြုံး၍ နှစ်သိမ့်လိုက်သည်။
ရှောင်ရိ၏စကားလုံးတိုင်းက သူတို့၏ခေါင်းကို မိုးကြိုးနှင့်ပစ်ချခံလိုက်ရသကဲ့သို့ မင်သက်သွားကြသည်။
"ရှောင်ရိ မင်း ဘာပြောလိုက်တာလဲ။ ချန်အာက ကောင်းကင်ဝိဇ္ဇာငါးယောက်ကို တစ်ကိုယ်တော်တိုက်ခိုက်ခဲ့တာလား"
ယဲ့ကျန့်ထန်း၏မျက်လုံးများက မယုံကြည်နိုင်ဟန်ဖြင့် ပြူးကျယ်နေသည်။ ရှီဝူအင်ပါယာ၏ကျင့်ကြံသူများကလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိသည်။ ယဲ့ချန်သည် ယဲ့ကျန့်ထန်း၏သားဖြစ်သောကြောင့် အများဆုံးရှိလှ အသက်နှစ်ဆယ်သာဖြစ်နိုင်၏။ ယဲ့မျိုးနွယ်တွင် ဂုဏ်ပြုပွဲလုပ်စဥ်က ယဲ့ချန်သည် အဆင့်ကိုး သို့မဟုတ် အဆင့်ရှစ်သာရှိကြောင်းကို အများစုက သိထားသည်။ သူက အချိန်ခဏအတွင်း ကောင်းကင်ဝိဇ္ဇာငါးယောက်ကို တစ်ကိုယ်တော်အနိုင်ယူနိုင်သည်အထိ တိုးတက်လာရန် အကြောင်းမရှိချေ။
အကယ်၍ ဤစကားကို သာမန်လူတစ်ယောက်က ပြောခြင်းဖြစ်လျှင် သူတို့က ပြက်လုံးတစ်ခုပမာ ရယ်မောမိကြပေလိမ့်မည်။ သို့သော်လည်း ကောင်းကင်ဝိဇ္ဇာတစ်ယောက် ပြောလာခြင်းဖြစ်သောအခါ သူတို့အနေဖြင့် တုံ့ဆိုင်းသွားသော်လည်း ယုံကြည်စပြုလာသည်။
"ဦးလေးက ကျွန်တော့်ကို မယုံဘူးလား"
ရှောင်ရိက လေးနက်စွာမေးလိုက်သည်။
"ဒီလိုမဟုတ်ပါဘူး"
ယဲ့ကျန့်ထန်းက ခေါင်းယမ်းလိုက်သည်။ သူက ရှောင်ရိကို မယုံခြင်းမဟုတ်ဘဲ ယုံကြည်စရာ မကောင်းလွန်းသောကြောင့်ဖြစ်သည်။
"အစ်ကိုကြီး ရှောင်ရိက အသက်ငါးနှစ်မှာတောင် ကောင်းကင်ဝိဇ္ဇာအဆင့်ကို ရောက်နေပြီ။ ချန်အာကလည်း ဒီလောက်အစွမ်းမထက်စရာ အကြောင်းမရှိဘူး"
ယဲ့ကျန့်ယင်းက တွေးတွေးဆဆ ပြောလိုက်သည်။
"ကောင်းပြီ။ ငါတို့က အတွေးတိမ်လွန်းနေတာဖြစ်မယ်။ ချန်အာက ဒီလောက်အစွမ်းထက်လာမယ်လို့ ငါ မျှော်လင့်မထားဘူး"
ယဲ့ကျန့်ထန်းက ယဲ့ချန်၏ပါရမီကြောင့် ဂုဏ်ယူနေခဲ့သည်။ အခြားကျင့်ကြံသူများကလည်း သူ့အပေါ် လေးစားမှုအသစ်များ ထပ်မံပေါက်ဖွားလာသည်။ ဤမျှပါရမီကောင်းသော လူငယ်တစ်ယောက်၏ ဖခင်ဖြစ်နေသည့် ယဲ့ကျန့်ထန်းက အနာဂတ်တွင် ရှီဝူအင်ပါယာ၌ အလွန်အစွမ်းထက်သူတစ်ဦး ဖြစ်လာနိုင်သည်။
"ခေါင်းဆောင်ယဲ့ ကျုပ်တို့ ခင်ဗျားနောက်ကို လိုက်ချင်ပါတယ်။ လက်ခံချင်ပါသလားခင်ဗျာ"
ရှကျန်းနှင့်နောက်လိုက်များက ယဲ့ကျန့်ထန်းကို ခေါင်းညွှတ်အရိုအသေပေး၍ ကျယ်လောင်စွာပြောလိုက်ကြသည်။ ဤအညံ့ခံခြင်းက နန်မန်များထံ လက်နက်ချခြင်းနှင့် အလွန်ကွာခြားသည်။ သူတို့က ယဲ့မျိုးနွယ်လက်အောက်ခိုဝင်ခြင်းက ရှီဝူအင်ပါယာ၏ လက်အောက်ခံဖြစ်ခြင်းနှင့် မခြားပေ။ ထို့အပြင် ယဲ့မျိုးနွယ်က သူတို့တိုင်းပြည်၏ အင်အားစုတစ်ခုဖြစ်သည့်အပြင် ယဲ့ကျန့်ထန်း၏ ကိုယ်ကျင့်သိက္ခာအပေါ် လူတိုင်းက လေးစားနေကြသည်။
"ကျုပ်တို့အားလုံးလည်း ခေါင်းဆောင်ယဲ့နောက်ကို လိုက်ပါဖို့ ဆန္ဒရှိပါတယ်။ ကျေးဇူးပြုပြီး လက်ခံပေးပါ"
စစ်မြေပြင်တွင်ရှိနေသော ရှီဝူအင်ပါယာ၏ ကျင့်ကြံသူများအားလုံးက တောင်းဆိုလိုက်ကြသည်။
"လူတိုင်း ထကြပါဗျာ"
ယဲ့ကျန့်ထန်းက ရုတ်တရက်ဆန်သော ဤအဖြစ်အပျက်ကြောင့် တုန်လှုပ်သွားသည်။ သူက ရှကျန်းနှင့် အခြားလူများကို ကပျာကယာဆွဲထူလိုက်သည်။
"ခေါင်းဆောင်ယဲ့ ကျုပ်တို့ကို လက်ခံပေးပါ"
လူတိုင်းက ခေါင်းမာစွာ ဆက်လက်တောင်းဆိုနေကြသည်။
"မင်းတို့တစ်ယောက်ချင်းစီတိုင်းက စစ်မှန်တဲ့ စစ်သည်တော်တွေဖြစ်ကြတယ်။ ငါက ဒီလိုလူတွေကိုအုပ်ချုပ်ဖို့ ဘယ်လိုထိုက်တန်နိုင်မှာလဲ။ ဒါပေမယ့် မင်းတို့က ငါ့ကိုယုံကြည်ပြီး ငါ့နောက်လိုက်ချင်ကြတယ်ဆိုရင် ယဲ့မျိုးနွယ်က မဟာမိတ်အဖြစ်နဲ့ သေမအတူရှင်မကွာ သတ်မှတ်လိုက်မယ်"
ယဲ့ကျန့်ထန်းက တစ်လုံးချင်း ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ယဲ့"
ကျင့်ကြံသူများ၏အော်သံက လွင်ပြင်ကြီးတစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့သည်။
သူတို့ကမတ်တပ်ရပ်၍ အဝေးသို့ကြည့်လိုက်ချိန်တွင် နေလင်းယုန်က မြင်းတပ်ထံထိုးဆင်းပြီး တိုက်ပွဲတစ်ခု ပြင်းထန်စွာဖြစ်ပေါ်နေသည်။ မရေမတွက်နိုင်သော လှံများက ၎င်း၏ခန္ဓာကိုယ်ကို ထိမှန်နေသော်လည်း သံချင်းထိခတ်သံများသာ ထွက်ပေါ်လာ၍ ထိခိုက်မှုမရှိချေ။ ၎င်းက အတောင်တစ်ချက်ခတ်လိုက်လျှင် ဒါဇင်ချီသော ရန်သူများ အသက်ပျောက်၍ လွင့်ထွက်နေခဲ့ကြသည်။
ယဲ့ချန်ကလည်း နေလင်းယုန်နှင့်လူခွဲကာ တိုက်ပွဲဝင်နေခဲ့သည်။ သူက ကောင်းကင်ဓားပျံများနှင့် တိုက်ခိုက်နေသဖြင့်အစွမ်းထက်လွန်းလှသည်။
"ရွှစ် ရွှစ် ရွှစ်"
အလင်းတန်းများက လေထဲတွင်ဖြတ်သန်းသွားပြီး ဓားပျံများ ဖြတ်သန်းသွားရာတလျှောက်တွင် သွေးများ ပြန့်ကြဲကုန်သည်။ ဓားပျံ၏လမ်းတွင်ရှိနေသော မြင်းစစ်သည်များက တစ်ယောက်ပြီးတစ်ယောက် လဲကျသေဆုံးသွားသည်။ ချက်ချင်းပင် စစ်မြေပြင်တွင် ရန်သူများက အတန်းလိုက်သေဆုံးသွား၍ ဓားပျံတစ်လက်တည်းက ရာချီသောရန်သူများကို သတ်ဖြတ်ပြီးမှ ပျောက်ကွယ်သွားခဲ့သည်။
ကောင်းကင်ဓားပျံများ တစ်ခုပြီးတစ်ခုထွက်ပေါ်လာကာ နန်မန်မြင်းစစ်သည်များက ကြောက်လန့်တကြားအော်ဟစ်၍ သေဆုံးနေသည်။
ထိုအချိန်တွင် ယဲ့ချန်သည် သေမင်းတမန်တစ်ပါးနှင့် တူညီနေ၏။ သူ၏လမ်းတလျှောက်တွင် ရှိနေသမျှ အတားအဆီးအားလုံး ဖျက်ဆီးခံနေရသည်။ သူ၏လက်ထဲတွင် ကောင်းကင်ဓားပျံများရှိနေသကဲ့သို့ သူ၏ပတ်လည်တွင် ဓားပျံနှစ်ချောင်းက လေထဲတွင်ဝဲပျံနေခဲ့သည်။ အကယ်၍ ရန်သူများက ယဲ့ချန်အနီး ငါးမီတာစက်ကွင်းအတွင်း ရောက်လာလျှင် ဤဓားပျံနှစ်ချောင်းလက်ချက်နှင့် အသက်ဆုံးရလေသည်။
ကောင်းကင်ဓားပျံများက သေမင်း၏တံစဥ်ကဲ့သို့ နန်မန်မြင်းစစ်သည်များ၏အသက်ကို ရိတ်သိမ်းနေသည်။
ပထမတွင် ယဲ့ချန် ထွက်ပေါ်လာချိန်၌ နန်မန်များက အထင်သေးခဲ့ကြသည်။ ဤလူငယ်လေးက နန်မန်မြင်းတပ်ကို တစ်ကိုယ်တော်တိုက်ခိုက်ခြင်းက သတ်သေခြင်းဖြစ်သည်ဟု ထင်မှတ်ခဲ့ကြသည်။ ကောင်းကင်အဆင့်သားရဲတစ်ကောင်၏ အကာအကွယ်ရှိသော်လည်း ယဲ့ချန်က သေချာပေါက်အသတ်ခံရမည်။ ယဲ့ချန်က ဤမျှကြောက်စရာကောင်းမည်ဟု လုံးဝထင်မထားကြပေ။ ဓားပျံများက အလွန်တရာကြောက်မက်ဖွယ်ကောင်းနေကာ သူတို့ဖြတ်သန်းသွားရာတလျှောက်တွင် လူများ၊ မြင်းများ လဲကျသွားသည်ချည်းသာဖြစ်၏။
အဝေးရှိတောင်တစ်ခုပေါ်တွင် ဝေကုရန်က နေလင်းယုန်နှင့် သေမင်းတမန်ယဲ့ချန်ကို စောင့်ကြည့်နေခဲ့သည်။ သူက စိတ်၏အနက်ဆုံးအပိုင်းအထိ တုန်လှုပ်သွားသည်။ သူ၏ဘဝတွင် လက်နက်တစ်ခုတည်းက မြင်းစစ်သည်တစ်ရာကျော်ကို သတ်ဖြတ်နိုင်စွမ်းရှိသော ဓားပျံများကို လုံးဝမြင်ဖူးခြင်းမရှိပေ။
"ဒီကောင့်ကို သတ်ကြစမ်း။ သူက ကောင်းကင်ဝိဇ္ဇာတစ်ယောက်ဖြစ်နေရင်တောင် ငါတို့မှာ အရေအတွက်က နှစ်သိန်းနီးပါးရှိတယ်။ ဒီကောင်ကို သေရွာပို့ပစ်နိုင်တယ်။ ငါတို့မြင်းတပ်က ကောင်းကင်ဝိဇ္ဇာတစ်ယောက်ကိုသတ်နိုင်ရင် အရှင်က ကောင်းကောင်းဆုချမှာ သေချာတယ်"
ဝေကုရန်ကအော်ဟစ် အမိန့်ပေးလိုက်သည်။ သူ၏စကားအဆုံးတွင် အမိန့်တံခွန် ထွက်ပေါ်လာသည်။ မြင်းစစ်သည်များက သံမဏိခံတပ်သဏ္ဍာန် စစ်ချီတက်ပုံကိုပြင်ဆင်၍ ယဲ့ချန်ထံ လှိုင်းလုံးကြီးများပမာ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဝင်ရောက်သွားကြလေသည်။
ဝေကုရန်က ကြိုတင်ပြင်ဆင်မှုများလည်း ပြုလုပ်ထားသည်။ မြင်းတပ်၏ မြှားစစ်သည်တော်များက နေရာယူထားကြပြီး ယဲ့ချန်က ပျံသန်းထွက်ပြေးမည်ဆိုလျှင် ပစ်ချမည်ဖြစ်သည်။ ထို့အပြင် သူ၏လက်အောက်တွင် မြေဝိဇ္ဇာသုံးယောက်နှင့် အဆင့်တစ်ဆယ် ကျင့်ကြံသူ၁၂ယောက်ရှိနေသောကြောင့် ယဲ့ချန်ကို တားမြစ်နိုင်မည်ဟု ယုံကြည်နေခဲ့သည်။
နန်မန်တိုင်းပြည်၏ စစ်ပွဲသမိုင်းတွင် ကောင်းကင်ဝိဇ္ဇာတစ်ယောက်ကို သတ်ဖြတ်အနိုင်ယူသော အကြောင်းအရာတစ်ခု ရှိဖူးသည်။ သူတို့က ပေကျဲ့တိုင်းပြည်ကို သိမ်းပိုက်ချိန်တွင် ဤမြင်းတပ်ကြီးက ကောင်းကင်ဝိဇ္ဇာတစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့သည်။
ယဲ့ချန်တွင် နေလင်းယုန်၏ အကာအကွယ်ရှိသော်လည်း ၎င်းသည်လည်း ကောင်းကင်အဆင့်သာဖြစ်သည်။ မြင်းတပ်၏ အစွမ်းအောက်တွင် ၎င်းလည်း ရှင်သန်နိုင်စွမ်းရှိမည် မဟုတ်ချေ။
"မင်းက ကောင်းကင်ဝိဇ္ဇာတစ်ယောက်ဆိုရင်တောင် ဘာဖြစ်သေးလဲ။ နန်မန်မြင်းတပ်ကို ဆန့်ကျင်သူတိုင်း သေရလိမ့်မယ်"
ဝေကုရန်ကယဲ့ချန်၏အစွမ်းကကောင်းကင်ဝိဇ္ဇာတစ်ယောင်ထက်ပိုနေမည်ဟုလုံးဝထင်မထားမိချေ။ယဲ့ချန်သာဝိညာဥ်စစ်သည်တော်အကြောင်းသတင်းပေါက်ကြားသွားမည်ကိုမစိုးရိမ်လျှင်၎င်းကိုထုတ်ဖော်၍တစ်တပ်လုံးကို ခဏအတွင်း အပျောက်ရှင်းပစ်နိုင်သည်။
"ဝိညာဥ်စစ်သည်တော်မရှိရင်တောင် ငါက မင်းတို့အားလုံးကို အလွယ်လေးသတ်နိုင်တယ်"
ယဲ့ချန်က စိတ်ထဲမှ ကြုံးဝါးလိုက်သည်။ မီးများတောက်လောင်နေသော လက်နှစ်ဖက်က တိမ်နီကောင်းကင်သိုင်းကို ထုတ်ဖော်လိုက်သောအခါ ရန်သူများ လွင့်ထွက်သွားကြသည်။
သူက သိုင်းပညာများကို တစ်ခုပြီးတစ်ခုအသုံးချနေပြီး ဘေးတွင်ဖန်တီးထားသော ကောင်းကင်ဓားပျံနှစ်ချောင်းကြောင့် သွားရာလမ်းတလျှောက်တွင် သွေးများ ပြန့်ကြဲကုန်သည်။ သူ၏မျက်လုံးရှေ့တွင် နန်မန်စစ်သည်တော်များက မြင်းများနှင့်အတူ လဲကျကုန်သည်။ သူက ဤရန်သူများအပေါ် လုံးဝသနားစိတ်မရှိပေ။ သူတို့၏လက်ထဲတွင် အပြစ်ကင်းစင်သော ပြည်သူအရေအတွက်များစွာ၏သွေးများ စွန်းထင်းနေခဲ့သည်။ သေဆုံးသွားလျှင်ပင် သူတို့၏အပြစ်များအတွက် မလုံလောက်ချေ။
ယဲ့ချန် ရှိနေသောနေရာတိုင်းတွင် အလောင်းများ ပြန့်ကြဲနေကြသည်။ သူ၏ပတ်လည်တွင် ထောင်ချီသောမြင်းစစ်သည်များ၏ အလောင်းများ ပုံထပ်နေခဲ့သည်။ အကယ်၍ သာမန်ကောင်းကင်ကျင့်ကြံသူတစ်ယောက်သာဆိုလျှင် ဆက်တိုက်တိုက်ခိုက်နေရသဖြင့် ကောင်းကင်ချီများ ကုန်ခမ်းသွားကာ မောပန်းပေလိမ့်မည်။ ယဲ့ချန်က သာမန်ကျင့်ကြံသူများနှင့် ကွာခြားနေပြီး တိုက်ပွဲကြောင့် ကောင်းကင်ချီများ ကုန်ခမ်းနေရသော်လည်း ဓားပျံက သူ၏ဒန်တန်အတွင်း ကောင်းကင်ချီများ အဆက်မပြတ် ဖြည့်တင်းပေးနေခဲ့သည်။
နန်မန်မြင်းစစ်သည်များက ပိုမိုကြောက်လန့်လာခဲ့သည်။ ဤလူငယ်က တစ်ကိုယ်တော် တိုက်ခိုက်နေခြင်းဖြစ်သော်လည်း အလွန်ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။ သို့သော် တသွေးတသံတစ်မိန့်ကို နာခံရသူများပီပီ နောက်မဆုတ်ရဲကြပေ။ ထို့အပြင် သူတို့က စစ်ချီတက်ပုံကိုဖျက်ဆီးလိုက်မိလျှင် ကြောက်လန့်နေသော မြင်းများ၏ခွာများအောက်၌ အသက်ပျောက်ရပေလိမ့်မည်။
"သတ် သတ် သတ်"
မြင်းတပ်၏ကြုံးဝါးသံများက မိုးချုန်းသံပမာ မြည်ဟီးသွား၏။
"မြှားတပ်ဆင်ပြီး"
"ပစ်ခတ်ကြ"
အဝေးတွင် လေးသည်တော်များက အသင့်နေရာယူလိုက်ကြပြီး လျင်မြန်စွာပစ်ခတ်လိုက်သည်။ ကောင်းကင်တွင် မြှားများပြည့်နှက်သွားကာ ယဲ့ချန်ထံ ချိန်ရွယ်ထားကြ၏။
ဤကား နန်မန်တိုင်းပြည်၏ လျှို့ဝှက်လူသတ်လက်နက် နတ်မြှားများပင်ဖြစ်သည်။
မြှားထိပ်ဖျားကို မဟူရာရွှေဖြင့် ပြုလုပ်ထားပြီး တိုက်စားနိုင်သော အဆိပ်များကို သုတ်လိမ်းထားသည်။ မြှားများက မြေပြင်ပေါ်သို့ကျဆင်းမလာခင် မီတာသုံးဆယ်ကျော်အထိ မြင့်တက်နိုင်သည်။ မြှားထိပ်ဖျားများကို အထူးတည်ဆောက်ပုံတစ်ခု ပေါင်းစပ်ထားသောကြောင့် ၎င်းတို့ကျဆင်းလာချိန်တွင် တဝှီဝှီလည်ပတ်၍ အရှိန်မြန်လာတတ်သည်။ ထို့ကြောင့် ၎င်းတို့က သေစေနိုင်သော လက်နက်ဆန်းများဖြစ်လာသည်။ တစ်ဖက်လူမှ ထူထဲသောသံချပ်ကာကို ဝတ်ဆင်ထားလျှင်ပင် လွန်သဖွယ်မြှားထိပ်ဖူးများက ထိုးဖောက်နိုင်စွမ်းရှိသည်။ ကောင်းကင်ဝိဇ္ဇာတစ်ယောက်ပင် ဤမြှားမိုးနှင့်ရင်ဆိုင်ရလျှင် ဒဏ်ရာရသွားပေလိမ့်မည်။ ခြစ်ရာသေးသေးလေးတစ်ခုတည်းကပင် တိုက်စားနိုင်သောအဆိပ်က အာနိသင် ထလာမည်ဖြစ်သည်။
ထိုမြှားများ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ယဲ့ချန်ဘေးတွင်ရှိနေသော မြင်းစစ်သည်တော်အားလုံးက နောက်ဆုတ်သွားကြသည်။
"မင်း အသက်ရှင်ဦးမလား ကြည့်ကြတာပေါ့"
နန်မန်မြင်းစစ်သည်တော်များက ဤသို့တွေးမိလိုက်ကြသည်။ မြှားများစွာနှင့် ရင်ဆိုင်ရာတွင် ကောင်းကင်ဝိဇ္ဇာတစ်ယောက်၏ ချီအကာအရံက ကာကွယ်နိုင်စွမ်းရှိမည် မဟုတ်ပေ။
သို့သော်လည်း ယဲ့ချန်က ဤအခြေအနေကို ဝိညာဥ်အသိစိတ်ဖြင့် ထောက်လှမ်းသိရှိထားပြီးဖြစ်သည်။ သူက မော့ကြည့်လိုက်သောအခါ သူ့ထံ တည့်တည့်ဦးတည်လာသော အနက်ရောင်မြှားမိုးကြီးကို မြင်လိုက်ရလေသည်။
***