တပ်ဆုတ်ခြင်း
Vol. 21 Ch. 295
ယဲ့ချန်က နေလင်းယုန်ကို စိတ်ဖြင့်ဆက်သွယ်ကာ အဝေးသို့ ရှောင်တိမ်းစေသည်။
"ဒီမြှားလေးတွေလောက်နဲ့ ငါ့ကို သတ်ချင်တာလား။ လိပ်နက်ဒိုင်းကာ ဖြစ်တည်စမ်း"
ယဲ့ချန်က လှောင်ပြုံးတစ်ချက်နှင့်အတူ ညာလက်တွင် ကောင်းကင်ချီများ စုစည်းလိုက်သည်။ ထို့နောက် သူက မြေပြင်ကို ရိုက်ချလိုက်သောအခါ အစွမ်းထက်ချီများပြန့်ထွက်လာ၍ သူ၏ခန္ဓာကိုယ်ကိုဗဟိုပြုကာ လိပ်ကြီးတစ်ကောင်၏ပုံရိပ် ထွက်ပေါ်လာသည်။ ၎င်းက အသက်ဝင်နေဟန်ရှိပြီး ခေါင်းကိုမော့ထားကာ အလင်းရောင်များ တောက်ပနေသည်။
"ဘန်း ဘန်း ဘန်း"
မြှားများက လိပ်ကြီးပေါ်သို့ မိုးရွာသည့်အလား တဖွဲဖွဲကျဆင်းလာသည်။ သို့သော် မြှားခေါင်းများက ယဲ့ချန်၏ခံစစ်သိုင်းကွက်ကို မထိုးဖောက်နိုင်သည့်အပြင် ပေါက်ကွဲပျက်စီး၍ မြေခသွားကြသည်။
စစ်မြေပြင်တွင်ရှိနေသော မြင်းသည်တော်များက ကြောင်အသွားကြသည်။ သူတို့၏အစွမ်းထက်မြှားများပင် မထိုးဖောက်နိုင်သော ဤလိပ်ကြီးက မည်သည့်အရာဖြစ်ကြောင်း တွေးမိလိုက်ကြသည်။
အဝေးရှိတောင်ပေါ်တွင် ဝေကုရန်က ဤမြင်ကွင်းကြောင့် အမှန်တကယ်ထိတ်လန့်သွားခဲ့သည်။ အဝေးမှပင် သူက ယဲ့ချန်ကိုကာကွယ်ထားသော လိပ်ကြီးကို မြင်နိုင်နေသည်။ ကောင်းကင်ဝိဇ္ဇာတစ်ယောက်၏ ချီအကာအရံပင် ဤမြှားမိုးကို ခုခံနိုင်မည်မဟုတ်ပေ။
"ဒီလူက ဘယ်သူလဲ။ ဘယ်ကလာခဲ့တာလဲ။ ဘာလို့ သူ့အကြောင်း မကြားဖူးရတာလဲ"
ဝေကုရန်သည် ရှီဝူအင်ပါယာတွင် ကောင်းကင်ဝိဇ္ဇာဟူ၍ ဧကရာဇ်မင်ဝူတစ်ယောက်တည်းရှိသည်ဟု သိရှိထားခဲ့သည်။ သူက ယဲ့ချန်ထွက်ပေါ်လာသဖြင့် စိတ်ဓာတ်ကျနေခဲ့သည်။
မြှားများက မိုးရွာသကဲ့သို့ ကျဆင်းလာချိန်တွင် ယဲ့ကျန့်ထန်းတို့လူစုက ယဲ့ချန်အတွက် စိုးရိမ်သွားကြသည်။ သို့သော် ယဲ့ချန်၏သိုင်းကွက်က မြှားများကို ရာနှုန်းပြည့် ခုခံနိုင်လိုက်သောအခါ သူတိူ့အားလုံး အံ့သြခဲ့ရသည်။
"ချန်အာရဲ့သိုင်းကွက်က ဘာဆိုတာ ငါမသိပေမယ့် တကယ်အစွမ်းထက်တယ်"
နောက်ဆုံးတွင် ယဲ့ကျန့်ထန်းသည် သူ၏သားဖြစ်သူက အစွမ်းထက်အဆင့်တစ်ခုသို့ ရောက်နေကြောင်း သဘောပေါက်နိုင်ခဲ့သည်။
"ဂုဏ်ပြုပါတယ် ခေါင်းဆောင်ယဲ့။ မင်းရဲ့သားက တကယ့်ကိုအစွမ်းထက်လွန်းတယ်"
ရှကျန်းနှင့် အခြားမျိုးနွယ်ခေါင်းဆောင်များက ဝိုင်းဝန်းချီးကျူးလိုက်ကြသည်။ အတိတ်တွင် ယဲ့အိမ်တော်သည် အင်အားနည်းပါးပြီး လင်းယွန်အိမ်တော်များထဲတွင် အနိုင့်ကျင့်ခံရဖူးလေသည်။ မမျှော်လင့်စွာဖြင့် ယဲ့မျိုးနွယ်အတွင်း၌ ယဲ့ချန်ကဲ့သို့ အစွမ်းထက်ပါရမီရှင်တစ်ဦး ထွက်ပေါ်လာကာ ယဲ့မျိုးနွယ်၏အဆင့်အတန်းလည်း မြင့်တက်လာခဲ့သည်။ သူတို့အားလုံးသည် ကိုယ်ပိုင်မျိုးနွယ်များတွင် ဤအံ့ဖွယ်ဖြစ်ရပ်မျိုးဖြစ်လာရန် ဆုတောင်းနေကြသည်။ သို့သော်လည်း ဤသို့ပါရမီရှင်တစ်ယောက် မွေးဖွားလာနိုင်သော အခွင့်အရေးက အလွန့်အလွန်ရှားပါးလေသည်။
ယဲ့ချန်သည် နန်မန်မြင်းတပ်ကို တစ်ကိုယ်တော် အသာစီးရယူတိုက်ခိုက်နေသည်။
သူက မြှားများကိုခုခံရန် လိပ်နက်ဒိုင်းကာကို ဆက်လက်ထုတ်ဖော်ထားသည်။ တစ်ဖက်တွင်လည်း သူ၏ကောင်းကင်ချီတစ်ဝက်ကို အသုံးပြုပြီး ကောင်းကင်ဓားပျံများ ဆက်တိုက်ဖန်တီးနေခဲ့သည်။ သို့မှသာ ရန်သူများမြှားကုန်ချိန်တွင် လိပ်နက်ဒိုင်းကာကိုရုတ်သိမ်းပြီး တန်ပြန်တိုက်စစ် ဖွင့်နိုင်မည်ဖြစ်သည်။
နန်မန်၏မြင်းသည်တော်များက အလွန်ခေါင်းမာသူများဖြစ်ကြသည်။ အရေအတွက်များစွာ ကျဆုံးနေရသော်လည်း စစ်အမိန့်အောက်တွင် နောက်မဆုတ်ဘဲ ဆက်လက်တိုက်ခိုက်နေကြသည်။ သူတို့၏တိုက်ခိုက်မှုများက လှိုင်းလုံးများသဖွယ် ဝင်ရောက်လာနေသည်။
"မြန်မြန် မြှားတွေပြန်တပ်ကြ"
"မြန်မြန်လုပ်စမ်း"
ယဲ့ချန်က ဝိညာဥ်အသိစိတ်ဖြင့် လေးသည်တော်များကို အချိန်တိုင်းစောင့်ကြည့်နေခဲ့သည်။ လေးကြိုးတွင် တပ်ဆင်ထားသော မြှားများကုန်ဆုံးသွားချိန်တွင် သူ၏လက်ကလှုပ်ရှားသွားကာ ကောင်းကင်ဓားပျံများ ပြေးထွက်သွားခဲ့သည်။
အလင်းတန်းများက လျှပ်ပြက်သကဲ့သို့ လျင်မြန်စွာဖြင့် နန်မန်လေးသည်တော်များကို ထိုးဖောက်သွားသည်။ ရင်ဘတ်တွင် ဟောင်းလောင်းပေါက်ကြီးများ ဖြစ်ပေါ်လာကာ လေးကြိုးတွင် မြှားတပ်ဆင်နေကြသော စစ်သည်များ မြင်းပေါ်မှ ချက်ချင်းပြုတ်ကျကုန်သည်။ မြင်းများက ကြောက်လန့်တကြားဖြင့် ဖရိုဖရဲဖြစ်သွားသောအခါ နာကျင်စွာအော်သံများ ထွက်ပေါ်လာသည်။ ၎င်းတို့၏ခွာများအောက်တွင် နန်မန်လေးသည်တော်များက ရုပ်ပျက်ဆင်းပျက် သေဆုံးနေကြသည်။
ငါးနာရီအကြာတွင် ယဲ့ချန်သည် နန်မန်စစ်သည်တော်ငါးသောင်းကျော်ကို သတ်ဖြတ်နိုင်ခဲ့သည်။ သို့သော်လည်း သူက မောပန်းခြင်းမရှိပေ။ ဝင်လုဆဲဆဲနေရောင်က ရှီလင်းလွင်ပြင်အပေါ် ဖြာကျနေသဖြင့် စစ်မြေပြင်တစ်ခုလုံး ကြက်သွေးရောင်တောက်နေသည်။
သတ်ဖြတ်ခြင်းက ဆက်လက်ဖြစ်ပွားနေသည်။ ယဲ့ချန်ကဲ့သို့ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်ရသောအခါ နန်မန်မြင်းတပ်မှာ ကောက်ပင်များသဖွယ် အလွယ်တကူပိုင်းဖြတ်ခံနေရသည်။
ဝေကုရန်ပင်လျှင် အမှန်တကယ် ကြောက်လန့်နေပြီဖြစ်သည်။ စစ်မြေပြင်အတွင်းရှိနေသော မြင်းသည်တော်များလည်း အလွန်တရာကြောက်လန့်နေပြီး အပြစ်မဲ့သူများကိုသတ်ဖြတ်စဥ်က ရက်စက်သောမျက်နှာများ ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားကြသည်။
ကောင်းကင်ဝိဇ္ဇာတစ်ယောက်က ဤမျှအချိန်ကြာကြာတိုက်ခိုက်ရလျှင် ခြေကုန်လက်ပန်းကျမည် ဖြစ်သော်လည်း ယဲ့ချန်က လန်းဆန်းတက်ကြွနေသည်။ သူ့ထံတွင် အဆုံးမရှိသော ကောင်းကင်ချီအထောက်အပံ့ရှိနေသောကြောင့် ဤနှုန်းအတိုင်းဆိုလျှင် နောက်ထပ်ရက်အနည်းငယ်ကြာအောင်ပင် ဆက်လက်တိုက်ခိုက်နိုင်စွမ်း ရှိနေသည်။
မြင်းသည်တော်နှစ်သိန်းက ပြောပလောက်သော ပမာဏမဟုတ်ပေ။ ငါးသိန်းဆိုလျှင်လည်း ယဲ့ချန်ကိုသတ်ရန် မလုံလောက်နိုင်ပေ။
ဝေကုရန်၏စိတ်ထဲတွင် ဆုတ်ခွာရန် အတွေးများဖြစ်ပေါ်လာသည်။ အကယ်၍ တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေလျှင် နန်မန်မြင်းတပ်တစ်ခုလုံးမှာ ယဲ့ချန်လက်ချက်ဖြင့် သေဖွယ်ရာရှိသည်။
ထိုအချိန်တွင် နန်မန်မြင်းတပ်နှင့် တရစပ်တိုက်ခိုက်နေသော ယဲ့ချန်က ပို၍တက်ကြွလာသည်။ သူက သိုင်းပညာများကို တစ်ခုပြီးတစ်ခုထုတ်ဖော်ကာ ကောင်းကင်ဓားပျံထိန်းချုပ်ရာ၌လည်း ပိုမိုတိုးတက်လာသည်။ သိုင်းပညာအပေါ် နားလည်မှုများ တိုးပွားလာသောအခါ မိုးမြေလုယူသူအကွက်ကို စတင်လေ့လာခဲ့သည်။
စကြဝဠာလက်ဝါးသိုင်းတွင် မိုးမြေလုယူသူသိုင်းကွက်၌ အတိုချုံးဖော်ပြချက် တစ်ခုသာရှိသည်။ ချီကိုကာကွယ်ရန် အသုံးချပြီး ချီကိုမရပ်တန့်နိုင်သော အရှိန်အဟုန်မျိုးနှင့် သတ်ဖြတ်ရန် အသုံးချရမည်။
အစတွင် ယဲ့ချန်က နားမလည်သော်လည်း တိမ်နီကောင်းကင်၊ လောကအမျက်၊ တောင်ခွဲခွန်းလွန်၊ နေမင်းဖြိုခွဲနှင့် မိုးကုပ်စက်ဝိုင်းဒေါသတို့ကို ထပ်ခါတလဲလဲလေ့ကျင့်ပြီးနောက် ဤလျှို့ဝှက်ချက်ကို စတင်ဖမ်းဆုပ်နိုင်ခဲ့သည်။ ကြီးကျယ်ခမ်းနားသော အရှိန်အဝါတစ်ခု ကောင်းကင်ပေါ်သို့ ထိုးတက်သွားလေသည်။
ဤလောကတွင် အရာရာတိုင်းနှင့် သက်ရှိတိုင်းကို ကောင်းကင်ချီမှ ဖြစ်တည်စေသည်။ ရေခဲ၊မိုးကြိုး၊လျှပ်စီး၊လေစသော သဘာဝအရာများကိုလည်း ကောင်းကင်ချီမှ ထုတ်လုပ်ပေးသည်။ ကျင့်ကြံသူများက ၎င်းကိုစုပ်ယူပြီး ပိုမိုသန်မာလာကြသည်။ ကောင်းကင်ချီက အဆုံးအစမဲ့ အသွင်ပြောင်းလဲနိုင်ပြီး ရန်သူတစ်ယောက်ကို ဒဏ်ရာရစေနိုင်သည်။ အကယ်၍ ကျင့်ကြံသူတစ်ယောက်က ကောင်းကင်ချီကို အတွင်းကျကျ နားလည်မည်ဆိုလျှင် ကျင့်ကြံခြင်းက လျင်မြန်စွာတိုးတက်လာပြီး သာမန်လူများထက် ပို၍နားလည်နိုင်စွမ်း မြင့်မားလာပေလိမ့်မည်။
ရန်သူကိုတိုက်ခိုက်ရန် အသုံးပြုသော သိုင်းကွက်တိုင်းတွင် ကောင်းကင်ချီကို မရှိမဖြစ်လိုအပ်သည်။ အဆင့်မြင့်လာလျှင် သိုင်းကွက်များက ပထမဦးစားပေး မဖြစ်နိုင်တော့ပေ။ ကောင်းကင်ချီကို လက်ထဲတွင် ကောင်းစွာအသုံးချနိုင်မချနိုင်ဟူသော အချက်ကသာ အဆုံးအဖြတ်ဖြစ်သည်။
မိုးမြေလုယူသည် အစစ်အမှန်သိုင်းကွက်တစ်ခု မဟုတ်ပေ။ သိုင်းကွက်ငါးခုကို အဆင့်တစ်ခုအထိ ကျင့်ကြံနိုင်ခဲ့လျှင် တစ်ခုချင်းစီကို မိုးမြေလုယူသူ၏အနှစ်သာရနှင့် ပေါင်းစပ်နိုင်သည်။ တစ်နည်းပြောရလျှင် မိုးမြေလုယူသူက အခြားသိုင်းကွက်များကို အဆင့်မြှင့်ပေးနိုင်သည်။ အတိတ်တွင် ယဲ့ချန်သည် ဤသိုင်းကွက်များကို စတင်ကျင့်ကြံစဥ်က အဆင့်ခြောက် သို့မဟုတ် အဆင့်ခုနစ်သိုင်းပညာဟုသာ ထင်မြင်ခဲ့သည်။ လက်ရှိတွင် သူက မိုးမြေလုယူသိုင်းကွက်ကို နားလည်လာသောအခါ စကြဝဠာလက်ဝါးသိုင်းကို တီထွင်သူက နှစ်ယောက်မရှိသော ကျင့်ကြံသူတစ်ယောက်ဖြစ်နိုင်ကြောင်း နားလည်လာခဲ့သည်။ သိုင်းငါးကွက်ကို မိုးမြေလုယူသိုင်းကွက်နှင့် ပူးတွဲအသုံးပြုကာ မပြည့်စုံခြင်းကို ပြည့်စုံစေသည်။ ဤသို့ဖြင့် သိုင်းပညာများက မဖော်ထုတ်နိုင်သေးသော အဆင့်တစ်ခုအထိ မြင့်တက်သွားပေသည်။
မိုးမြေလုယူသူသည် ကိုယ်တွင်းရှိ ကောင်းကင်ချီများကို အသွင်ပြောင်းပေးနိုင်ကာ ရန်သူကို တိုက်ခိုက်စွမ်းမြင့်မားစေသည်။
ယဲ့ချန်က ရှေ့သို့ခြေတစ်လှမ်းတက်၍ တိမ်နီကောင်းကင်ကို ထုတ်ဖော်လိုက်သည်။ အနီရောင်တိမ်များကဲ့သို့ မီးတောက်များထံ သူ၏ကိုယ်တွင်းမှ ကောင်းကင်ချီအချို့ ပေါင်းစပ်သွားခဲ့သည်။ ထို့နောက် ရာချီသော နန်မန်မြင်းသည်တော်များက လေထဲသို့မြှောက်တက်သွားကာ အဝေးသို့လွင့်ထွက်သွားကြသည်။
မိုးမြေလုယူသူနှင့် ပူးတွဲအသုံးချလိုက်သောအခါ တိမ်နီကောင်းကင်သိုင်းကွက်၏အစွမ်းက လေးငါးဆခန့်အထိ မြင့်တက်လာသည်။ ဤစွမ်းအားက ကောင်းကင်ဝိဇ္ဇာအဆင့်တွင် အများဆုံးထုတ်ဖော်နိုင်သော အကန့်အသတ်အထိ ရောက်သွားခဲ့သည်။
မိုးမြေလုယူသူသိုင်းကွက်ကို ဉာဏ်အလင်းပွင့်သွားသောအခါ ယဲ့ချန်က ကျန်သိုင်းကွက်များနှင့်လည်း ပေါင်းစပ်အသုံးချလိုက်သည်။ ယဲ့ချန်၏တိုက်ကွက်များအောက်တွင် နန်မန်မြင်းတပ်မှာ မြင်းရောလူပါ ဒလိမ့်ကောက်ကွေး လွင့်ထွက်သွားကြပြီး နာကျင်စွာအော်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။
အဝေးတွင် ဝေကုရန်မှာ မျက်လုံးများ ပြူးကျယ်နေခဲ့သည်။ ယဲ့ချန်က ရုတ်တရက်အစွမ်းပိုထက်လာပြီး ပိုမိုသတ်ဖြတ်နိုင်စွမ်း ရှိလာခဲ့သည်။ သူက အချိန်ကြာမြင့်စွာ တိုက်ခိုက်ထားရသော်လည်း မောပန်းရမည့်အစား ပို၍သန်မာလာနေသည်။
ယဲ့ချန်က နန်မန်မြင်းသည်တော်များကို သိုင်းလေ့ကျင့်စရာ ပစ်မှတ်များအဖြစ် သဘောထားလိုက်၏။
"ငါတို့ ဘယ်လိုမှဆက်ပြီး တိုက်ခိုက်လို့မရတော့ဘူး"
ဝေကုရန်က တပ်ဆုတ်ရန် ဆုံးဖြတ်လိုက်သည်။ သူက အဝေးတွင်ရှိနေသော များပြားလှသည့် စစ်ဘေးဒုက္ခသည်များကိုကြည့်၍ တွေးတောနေခဲ့သည်။ ရှီဝူအင်ပါယာတွင် အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ထွက်ပေါ်လာမည်ဟု လုံးဝမျှော်လင့်မထားမိခဲ့ပေ။ ဤသတင်းကို ထို့ပါဟုန်ယဲ့ထံ ချက်ချင်းတင်ပြရမည်ဖြစ်ကာ ရှီဝူအင်ပါယာကို သိမ်းပိုက်ရန်မလွယ်ကြောင်း သတင်းပို့ရမည်ဖြစ်သည်။
ယဲ့ချန်က သိုင်းကွက်အားလုံးကို ထုတ်ဖော်ပြီးနောက် အသက်ရှူသံများ ပြင်းထန်လာသည်။ မိုးမြေလုယူသူသိုင်းကွက်နှင့် ကျန်သိုင်းငါးကွက်ပေါင်းစပ်ခြင်းက အလွန်အစွမ်းထက်သော်လည်း စွမ်းအင်ကုန်ခမ်းနှုန်းကလည်း တိုးလာခဲ့သည်။ ထို့ကြောင့် ယဲ့ချန်၏ကောင်းကင်ချီ ပမာဏများစွာ ကုန်ခမ်းသွားရသည်။
ဓားပျံကို နှိုးဆော်လိုက်သောအခါ ယဲ့ချန်၏ဒန်တန်အတွင်း ကောင်းကင်ချီများ ထပ်မံစီးဝင်လာခဲ့သည်။ ယဲ့ချန်သည် နန်မန်မြင်းတပ်ကို သတ်ဖြတ်နေစဥ် စူးရှကျယ်လောင်သော လေချွန်သံတစ်ချက် ထွက်ပေါ်လာ၏။ မြင်းသည်တော်များက ရေကျချိန်တွင် ဒီရေကျသွားသကဲ့သို့ ချက်ချင်းဆုတ်ခွာ ထွက်ပြေးလိုက်ကြသည်။
ယဲ့ချန်က နေရာတွင်မတ်မတ်ရပ်၍ အဝေးရှိတောင်များထံ စိုက်ကြည့်နေခဲ့သည်။
ဝေကုရန်သည် ယဲ့ချန်ကိုမသတ်နိုင်ကြောင်း နားလည်လိုက်သောအခါ တပ်ဆုတ်ရန် ဆုံးဖြတ်လိုက်သည်။ ဆက်လက်တိုက်ခိုက်နေလျှင် သူ့လူများသာ ပိုမိုဆုံးရှုံးရမည်ဖြစ်ကြောင်း နားလည်လာခဲ့သည်။ ရှီလင်းလွင်ပြင်တွင် နန်မန်မြင်းသည်တော်များ၏ အလောင်းများပြည့်နှက်နေကာ အနည်းဆုံး အရေအတွက် ငါးသောင်းကျော်ပေသည်။
အလောင်းများ၏အလယ်တွင် မတ်တပ်ရပ်နေသော ယဲ့ချန် ရှိနေခဲ့သည်။ သူ၏နောက်လိုက်များပြောစကားအရ တစ်ဖက်လူမှာ ဆယ်ကျော်သက်လူငယ်လေးဖြစ်ကြောင်း သိလိုက်ရသောအခါ ဝေကုရန် ကျောရိုးထဲမှပင် စိမ့်တက်လာခဲ့သည်။ ဆယ်ကျော်သက်အရွယ်၌ပင် ဤမျှအစွမ်းထက်နေသောအခါ နောက်ဆယ်နှစ်ကြာလျှင် ပို၍ပင်အစွမ်းထက်လာနိုင်သည်။ အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ကာကွယ်နေသော ရှီဝူအင်ပါယာကို နန်မန်တိုင်းပြည်က ဘယ်တော့မှမသိမ်းပိုက်နိုင်ခြင်းလည်း ဖြစ်သွားနိုင်သည်။
ယဲ့ချန်က လက်ကိုနောက်ပစ်ပြီး ဆုတ်ခွာသွားသော နန်မန်မြင်းတပ်ကို စောင့်ကြည့်နေခဲ့သည်။ နောက်ထပ်သတ်ဖြတ်လျှင်လည်း အကြောင်းမထူးသောကြောင့် သူက လိုက်လံတိုက်ခိုက်ခြင်းမပြုပေ။ သူက အလောင်းများအပေါ်မှနင်း၍ ယဲ့ကျန့်ထန်းတို့လူစုထံ ဦးတည်သွားလိုက်သည်။ သို့သော် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ကောင်းကင်ချီဖြင့် ကာကွယ်ထားသောကြောင့် သွေးတစ်စက်ပင် ပေကျံခြင်းမရှိချေ။
လမ်းလျှောက်နေရင်း ယဲ့ချန်က တောင်များထံ တစ်ချက်ဝေ့ကြည့်လိုက်သည်။
ဝေကုရန်က ချက်ချင်း နှလုံးခုန်မြန်သွားခဲ့သည်။ သူ၏နှလုံးသား အနက်ရှိုင်းဆုံးနေရာမှ ကြောက်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။ သူ့ကို ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာသော ကျားရဲတစ်ကောင်က စိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူက အဝေးရှိယဲ့ချန်၏အကြည့်ကို သတိပြုမိလိုက်သည်။ ဖြစ်နိုင်သည်မှာ ယဲ့ချန်က သူ၏တည်နေရာကို ရှာတွေ့ထားပြီးဖြစ်ကာ တိုက်ခိုက်လိုစိတ်မရှိခြင်းပင်။
ကောင်းကင်ဝိဇ္ဇာတစ်ယောက်ထက် ပို၍အဆင့်မြင့်နေသော ယဲ့ချန်က မြင်းတပ်ကိုထိုးဖောက်ပြီး သူ့ကိုလာသတ်ချင်လျှင် အလွယ်လေးဖြစ်သည်။ သို့သော် ယဲ့ချန်က သူ့ကို မတိုက်ခိုက်ခဲ့ပေ။ အကြောင်းအရင်းမှာ ယဲ့ချန်၏အမြင်တွင် ဝေကုရန်ကိုသတ်ရန်အတွက် အချိန်ဖြုန်းရန်မတန်ခြင်း ဖြစ်နိုင်သည်။
ဝေကုရန်သည် ဤနေရာမှ မြန်နိုင်သမျှမြန်မြန် ထွက်ခွာမည်ဟု ဆုံးဖြတ်လိုက်သည်။ သူ၏တစ်ကိုယ်လုံးတွင် ကြောက်စိတ်ကြောင့် ချွေးများစိုရွှဲနေသည်။
ထိုအချိန်တွင် သတင်းပို့သိမ်းငှက်တစ်ကောင် ရောက်ရှိလာသည်။
"ဗိုလ်ချုပ် ဒီစာကို သေနာပတိကြီးက ပို့ပေးလိုက်ပါတယ်"
မြင်းတပ်ဗိုလ်တစ်ယောက်က သူ့ထံသို့ စာတစ်စောင်ကို လာရောက်ပို့ဆောင်လိုက်သည်။
"စာထဲမှာ ဘာပြောထားလဲ"
"သေနာပတိကြီးက မြင်းတပ်ကို ရန်ပြည်နယ်ဆီ ပြန်လည်ဆုတ်ခွာပြီး အရှင့်ဆီက အမိန့်ကိုစောင့်ရမယ်လို့ ပြောတယ်"
ဤအမိန့်ကြောင့် ဝေကုရန်သည် စိတ်အေးသွားခဲ့သည်။ သို့မဟုတ်လျှင် သူက စစ်သည်များစွာဆုံးရှုံးရခြင်းအတွက် ပြင်းထန်စွာ အပြစ်ပေးခံရနိုင်သည်။
"အကြောင်းပြချက်က ဘာလဲ"
"စာအရဆိုရင် ကျွန်တော်တို့ကျင့်ကြံသူတွေက ရှီဝူတော်ဝင်နန်းတော်မှာ မင်ဝူကို သွားရောက်လုပ်ကြံခဲ့ကြတယ်။ ဒါပေမယ့် မမျှော်လင့်ထားတာတစ်ခု ဖြစ်ပျက်သွားတယ်။ အသေးစိတ်ကိုတော့ မဖော်ပြထားပါဘူးခင်ဗျာ"
မြင်းတပ်ဗိုလ်က သတင်းပို့လိုက်၏။
ဝေကုရန်သည် ဤအကြောင်းကို ကြားသောအခါ ထိတ်လန့်သွားခဲ့သည်။ အကယ်၍ မင်ဝူကိုလုပ်ကြံသော တာဝန်အောင်မြင်မည်ဆိုလျှင် စစ်သေနာပတိက သူတို့ကို နောက်ဆုတ်ခိုင်းမည့်အစား အောင်ပွဲခံခိုင်းပေလိမ့်မည်။ ထို့အပြင် ထို့ပါဟုန်ယဲ့က မင်ဝူကိုသတ်ရန်အတွက် ဆန်းကျယ်ဝိဇ္ဇာနှစ်ယောက်နှင့် ကောင်းကင်ဝိဇ္ဇာငါးယောက်ကို စေလွှတ်ခဲ့ကြောင်း သူက သတင်းရထားသည်။
အမှန်တကယ်ဆိုလျှင် မင်ဝူက လက်ရှိအချိန်တွင် သေဆုံးနေရမည်ဖြစ်ကာ အခြေအနေပြောင်းလဲသွားသော အကြောင်းအရင်းကို ဝေကုရန်က မတွေးနိုင်ပေ။ မင်ဝူက ဤတိုက်ပွဲတွင် စစ်ကူအဖြစ် ကျင့်ကြံသူများကိုခေါ်ဆောင်ရန် ကြိုးစားနိုင်ခဲ့ပုံပေါ်သည်။
"စစ်သည်တွေကို တုံ့ဆိုင်းမနေဘဲ ရန်ပြည်နယ်ဆီ ချက်ချင်းချီတက်ဖို့ အမိန့်ပေးလိုက်"
ဝေကုရန်က ချက်ချင်းညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့"
မြင်းတပ်ဗိုလ်က ချက်ချင်းခေါင်းညိတ်လိုက်လေသည်။
***