ဧကရာဇ်ချင်၏မျိုးဆက်
Vol. 21 Ch. 296
စက်ဝိုင်းသဏ္ဍာန် ခံစစ်ဖွဲ့စည်းပုံအတွင်း ရှိနေကြသော ကျင့်ကြံသူများက နန်မန်မြင်းတပ် ဆုတ်ခွာသွားသည်ကို မြင်သောအခါ ကျယ်လောင်စွာ အောင်ပွဲခံလိုက်ကြသည်။
သူတို့ထံ ဦးတည်လျှောက်လှမ်းလာနေသော ဆယ်ကျော်သက်အရွယ် လူငယ်လေးကို နတ်ဘုရားတစ်ယောက်ပမာ သတ်မှတ်ခဲ့ကြသည်။ ဤလူငယ်လေးက နန်မန်မြင်းသည်တော်ငါးသောင်းကျော်ကို တစ်ယောက်တည်းသတ်ဖြတ်ခဲ့ပြီး စစ်တပ်တစ်ခုလုံးကို နောက်ဆုတ်သွားစေနိုင်သူဖြစ်သည်။ မင်ဝူပင်လျှင် ဤသို့စွမ်းဆောင်နိုင်မည် မဟုတ်ပေ။
ထို့အပြင် ယဲ့ချန်သည် နန်မန်တိုင်းပြည်၏ ကောင်းကင်ဝိဇ္ဇာငါးယောက်ကို တစ်ကိုယ်တော်သတ်ဖြတ်ခဲ့သည်ဟု သူတို့က ကြားထားကြသည်။ ယဲ့ချန်မှာ ဒဏ္ဍာရီလာဆန်းကျယ်ဝိဇ္ဇာပင် ဖြစ်နိုင်နေသည်။ ချောမောခန့်ညားသော ယဲ့ချန်ကိုကြည့်၍ ယဲ့ကျန့်ထန်းနောက်တွင် ရပ်နေကြသော မျိုးနွယ်ခေါင်းဆောင်အားလုံးသည် သူက တနေ့တွင် ရှီဝူအင်ပါယာကို အုပ်ချုပ်လိမ့်မည်ဟု ယုံကြည်ထားကြသည်။
လက်ရှိအချိန်မှစတင်ပြီး ရှီဝူအင်ပါယာတွင် ယဲ့ချန်က စစ်နတ်ဘုရားဟု ကျော်ကြားလာပေလိမ့်မည်။ ဒဏ္ဍာရီလာ စစ်နတ်ဘုရား၏သတင်းက ဤတိုင်းပြည်တစ်ခုလုံးသို့ ပျံ့နှံ့သွားကာ မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းကြပေလိမ့်မည်။
ကျင့်ကြံသူတိုင်းက ညာလက်ကို ရင်ဘတ်တွင်ထားကာ ဒူးတစ်ဖက် ထောက်လိုက်ကြသည်။ သူတို့ကခေါင်းကိုညွှတ်၍ ယဲ့ချန်အား ရှီဝူအင်ပါယာ၏ ကျင့်ကြံသူများကြားတွင် အဆင့်မြင့်ဆုံးသော အရိုအသေပေးပုံမျိုးနှင့် လေးစားမှုပြသလိုက်ကြသည်။ သူတို့အားလုံးက ယဲ့ချန်ကို အမှန်တကယ် ရိုသေလေးစားနေကြသည်။ သူက လူတိုင်း၏အသက်သခင် ကျေးဇူးရှင်ဖြစ်သည်။ သူတို့အားလုံးက ယဲ့မျိုးနွယ်၏နောက်တွင် လိုက်ပါရန် စိတ်ဆုံးဖြတ်ထားကြလေသည်။
"စစ်နတ်ဘုရား"
ကျင့်ကြံသူများ၏အော်သံက ကြည်လင်ပြတ်သားစွာနှင့် ပြိုင်တူဟိန်းထွက်လာသည်။
ယဲ့ချန်ကို ယဲ့ကျန့်ထန်းက ဂုဏ်ယူမှု ၊ပျော်ရွှင်မှုနှင့် ချစ်ခြင်းမေတ္တာတို့ ထင်ဟပ်နေသော မျက်ဝန်းအစုံနှင့် ကြည့်နေခဲ့သည်။ ဖခင်ဖြစ်သူ၏ အကြည့်ကြောင့် ယဲ့ချန်မှာ အနည်းငယ်စိတ်ထိခိုက်သွားခဲ့သည်။ ယဲ့မျိုးနွယ်ဝင်များအားလုံးက ယဲ့ချန်၏ အစွမ်းထက်လာမှုကြောင့် ကျေနပ်ပျော်ရွှင်နေကြသည်။
"ခေါင်းဆောင်ယဲ့ ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ ။ရှီလင်းလွင်ပြင်ကို ဖြတ်သန်းပြီး ခရီးဆက်ကြမလား"
ရှကျန်းက ယဲ့ကျန့်ထန်းနှင့်ယဲ့ချန်ကို တစ်ချက်ကြည့်၍ မေးလိုက်သည်။ ဤနေရာတွင် စစ်ဘေးဒုက္ခသည်များစွာရှိနေပြီး အချိန်နှင့်အမျှ အငတ်ဘေးကြောင့် သေဆုံးသူများ ရှိလာနိုင်သည်။
"မြောက်ဘက်ကိုဆက်သွားရင် အနည်းဆုံး ခုနစ်ရက်ကြာမယ်။ ဒီလမ်းတလျှောက်မှာ ပြည်သူတွေအများကြီး အစာငတ်ပြီးသေမှာကို ငါ စိုးရိမ်တယ်"
ရှကျန်း၏အမေးကြောင့် ယဲ့ကျန့်ထန်းသည် သူ၏ခံစားချက်များကို ဖုံးကွယ်လိုက်သည်။ ထို့နောက် သူက လေးနက်စွာစဥ်းစား၍ ပြောလိုက်သည်။
"အဖေ နန်မန်တိုင်းပြည်က စစ်တပ်တွေကို ပြန်ဆုတ်ခိုင်းထားတယ်။ အခု သူတို့က ရန်ပြည်နယ်ကိုဦးတည်နေပြီး ဆယ်ရက်ကြာရင် စစ်တပ်အားလုံးကို ရုတ်သိမ်းမယ်လို့ ကျွန်တော်ထင်တယ်"
ယဲ့ချန်က အကျိုးအကြောင်း ပြောလိုက်သည်။ သူက ဝေကုရန်နှင့် မြင်းတပ်ဗိုလ်၏စကားဝိုင်းကို ဝိညာဥ်အသိစိတ်နှင့် တစ်လုံးမကျန် နားထောင်သိရှိခဲ့သည်။
"တကယ်လား။ ဒါဆိုရင် ငါတို့က တုန်းလင်ပြည်နယ်ကို ပြန်နိုင်ပြီပေါ့"
ဤသတင်းကြောင့် ယဲ့ကျန့်ထန်းက ခဏတာမင်သက်သွားခဲ့သည်။ သူက ရှကျန်းဘက်လှည့်ကာ ပြောလိုက်သည်။ ယဲ့ချန်၏စကားကြောင့် ရှီဝူအင်ပါယာ၏ကျင့်ကြံသူများက မျှော်လင့်ချက်အသစ် ကိုယ်စီပေါက်ဖွားလာကြသည်။ လူတိုင်းက စိတ်မထိန်းနိုင်သဖြင့် မျက်ရည်များ ဝေ့သီနေကြသည်။ သူတို့အားလုံးက အိမ်ဖြစ်သော တုန်းလင်ပြည်နယ်သို့ အလွန်ပြန်ချင်နေကြသည်။
တုန်းလင်ပြည်နယ်ကို နန်မန်များက ကျူးကျော်ပြီး လုံးဝစုတ်ပြတ်သွားအောင် ဖျက်ဆီးခဲ့သော်လည်း သူတို့က အမိမြေကို ပြန်လည်တည်ဆောက်နိုင်မည်ဖြစ်သည်။ သူတို့က အပျက်အစီးများကြားမှ ပြန်လည်နိုးထရပေလိမ့်မည်။
"ဒီနေ့ ဒီအချိန်ကစလို့ ငါ ယဲ့ကျန့်ထန်း စစ်တပ်တစ်ခုဖွဲ့စည်းမယ်။ နန်မန်တိုင်းပြည်ကို သွေးကြွေးဆပ်ဖို့အတွက် ဒီဘဝမှာ ကြိုးစားမယ်"
ယဲ့ကျန့်ထန်းက တည်ကြည်စွာပြောလိုက်ပြီး လေးနက်စွာ ကျိန်ဆိုလိုက်၏။
"သွေးကြွေးကို သွေးနဲ့ဆပ်မယ်"
ကျင့်ကြံသူများ၏ မျက်နှာထက်တွင် လက်စားချေလိုစိတ်များ ပြင်းထန်စွာထွက်ပေါ်လာ၏။
ထို့နောက် ယဲ့ကျန့်ထန်း၏ ညွှန်ကြားချက်အရ သိုင်းပညာကျင့်ကြံသူများက အလုပ်ရှုပ်သွားကြသည်။ သူတို့က အပြစ်မဲ့ပြည်သူများကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးရန် လမ်းပြပေးနေကြသည်။ ယဲ့ချန်က ဝိညာဥ်အသိစိတ်နှင့် ဒဏ်ရာရသူများကို ရှာဖွေလိုက်သည်။ အကယ်၍ ဒဏ်ရာက သေလောက်သည်အထိ မပြင်းထန်လျှင် သူက ကောင်းကင်ချီများ တိတ်တဆိတ်ပို့ကာ ကုသပေးခဲ့သည်။
"ရှောင်ရိ မြန်မြန်လာကူညီဦး။ ဒဏ်ရာပြင်းထန်တဲ့လူတွေကို ဒီခေါ်လာခဲ့"
ယဲ့ချန်က ရှောင်ရိကို လှည့်ပြောလိုက်သည်။
"ဟုတ်ကဲ့"
ရှောင်ရိက ချက်ချင်းပြေးလာခဲ့သည်။
ယဲ့ချန်သည် ဒဏ်ရာရထားသူများကို တစ်ယောက်ပြီးတစ်ယောက် ကုသပေးနေသည်။ ယဲ့ချန်က နန်မန်မြင်းတပ်ကို အနိုင်ယူပေးခဲ့သော ကျေးဇူးရှင်ဖြစ်ကြောင်း သိရသောအခါ ပြည်သူတိုင်းက ကျေးဇူးတင်စွာဖြင့် အရိုအသေပေးခဲ့ကြသည်။
"ယဲ့ချန် ဒီလူအုပ်ကြားထဲမှာ ဧကရာဇ်ချင်ရဲ့ မျိုးဆက်သွေးရှိနေတယ်။ ငါ အဲ့အရှိန်အဝါကို ခံစားနေရတယ်"
ထိုအချိန်တွင် ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်အတွင်း အိပ်စက်နေသော ခရမ်းမီးတောက်ကြယ်ခြင်္သေ့ကြီးက သတင်းစကားတစ်ခုကို ရုတ်တရက်ပေးပို့လာသည်။
"ဧကရာဇ်ချင်ရဲ့ မျိုးဆက်သွေး ဟုတ်လား။ သူက ဘယ်သူလဲ"
ယဲ့ချန်က အနည်းငယ်မင်သက်သွားပြီး ပြန်မေးလိုက်သည်။
"ကန့်သတ်ဒေသမှာ မင်းတွေ့ဖူးတဲ့ ဧကရာဇ်မင်ထက် ပိုပြီးအစွမ်းထက်တဲ့ ဧကရာဇ်တစ်ပါးဖြစ်တယ်။ ပြီးတော့ သူက နတ်ဖီးနစ်တစ်ကောင်အဖြစ် အသွင်ပြောင်းလဲနိုင်တယ်။ ဘာဖြစ်ဖြစ် သူ့မျိုးဆက်ကိုတွေ့အောင် ရှာရမယ်။ သူ့အကြောင်းကို နောက်မှပြောပြမယ်"
ခြင်္သေ့ကြီးက တိုက်တွန်းလိုက်သည်။
"ဧကရာဇ်ချင်ရဲ့မျိုးဆက်သွေးက ဘာလုပ်နိုင်တာလဲ"
ယဲ့ချန်က ပြည်သူများထံ ဝိညာဥ်အသိစိတ်ကို စေလွှတ်လိုက်ရင်း သံသယဖြင့် မေးလိုက်သည်။
"ဘာလုပ်နိုင်လဲဆိုတော့ သူ့မျိုးဆက်သွေးက မင်းထင်ထားတာထက် အများကြီးပိုပြီး အဖိုးတန်တယ်ကွ။ သူ့မျိုးဆက်မှာ ဧကရာဇ်ချင်ရဲ့သွေးရှိလိမ့်မယ်။ မင်းက သူ့သွေးကိုသောက်လိုက်ရင် ဧကရာဇ်ချင်ရဲ့အမွေကို ရလိမ့်မယ်။ မင်းလည်း နတ်ဖီးနစ်တစ်ကောင်အဖြစ် အသွင်ပြောင်းချင်ပြောင်းနိုင်လိမ့်မယ်"
ခြင်္သေ့ကြီးက ရှင်းပြလိုက်သည်။
"သွေးသောက်ရမယ် ဟုတ်လား။ ဒါဆိုရင် လူသတ်ရမှာပေါ့"
ယဲ့ချန်က မျက်မှောင်ကြုတ်၍ ထပ်မေးသည်။
"ဒါပေါ့ကွ။ ဧကရာဇ်ချင်ရဲ့သွေးက သူ့မျိုးဆက်ရဲ့ ရိုးတွင်းခြင်ဆီထဲမှာ ရှိလိမ့်မယ်။ ဒါကိုထုတ်ယူလိုက်ရင် ပိုင်ရှင်က သေသွားလိမ့်မယ်"
ခြင်္သေ့ကြီးက အေးအေးဆေးဆေး ဖြေလိုက်သည်။
"ဒါဆိုရင် မရှာတော့ဘူး"
ယဲ့ချန်က ခေါင်းယမ်းလိုက်သည်။ သူက အပြစ်မဲ့ပြည်သူတစ်ယောက်ကိုသတ်၍ သွေးသောက်ရလောက်အောင် ရက်စက်နိုင်သူ မဟုတ်ချေ။
"မင့်ကြီးတော် ဧကရာဇ်ချင်ရဲ့သွေးက မင်းရဲ့ခန္ဓာကိုယ်အလားအလာကိုလည်း နှိုးဆွပေးနိုင်တယ်။ မင်းက နန်မန်မြင်းတပ် အယောက်ငါးသောင်းလောက် သတ်ပြီးပြီလေ။ တစ်ယောက်ထပ်ပိုသွားလို့ ဘာမှမဖြစ်ပါဘူး"
ခြင်္သေ့ကြီးက စောဒကတက်လိုက်သည်။
"ဒါက သေချာပေါက် မတူဘူး။ နန်မန်မြင်းတပ်က အပြစ်မရှိသူတွေကို သတ်ဖြတ်ခဲ့တဲ့အတွက် သေဖို့ထိုက်တန်တယ်။ တကယ်လို့ ကျုပ်က အမှန်နဲ့အမှားကိုမခွဲခြားဘဲ ပြည်သူတစ်ယောက်ကို ကိုယ်ကျိုးအတွက် သတ်မယ်ဆိုရင် မိစ္ဆာတစ်ကောင်နဲ့ ဘာကွဲပြားတော့မှာလဲ"
ယဲ့ချန်က ခါးခါးသီးသီး ငြင်းဆန်လိုက်သည်။ သူ၏စကားအဆုံးတွင် မိစ္ဆာများတွင်လည်း အကောင်းအဆိုးရှိနိုင်ကြောင်း အမှတ်ရသွားသည်။ သူ၏စကားလုံးများက ရာနှုန်းပြည့်မတိကျသော်လည်း ခြင်္သေ့ကြီးက ဆိုလိုရင်းအဓိပ္ပါယ်ကို နားလည်နိုင်ခဲ့သည်။
"ကောင်းပြီ။ သွေးသောက်တဲ့ နည်းလမ်းတစ်ခုတည်းရှိတာ မဟုတ်ပါဘူး။ မင်းက နှစ်ကိုယ်တူကျင့်ကြံတာကို စမ်းကြည့်လို့ရတယ်။ အကျိုးသက်ရောက်မှုက သွေးသောက်တာလောက် မကောင်းပေမယ့် ဘာမှမလုပ်တာထက်စာရင် တော်ပါသေးတယ်။ ဒါပေမယ့် ချင်ရဲ့မျိုးဆက်က ယောကျ်ားတစ်ယောက်ဖြစ်နေရင်"
ခြင်္သေ့ကြီးက စကားပြောနေရင်း စတင်ရယ်မောလိုက်သည်။
"ရပ်ပါဗျာ"
ယဲ့ချန်က အလျင်စလို တားမြစ်လိုက်ရသည်။ လူစိမ်းတစ်ယောက်ကို ယောကျ်ားလားမိန်းမလား မသိခင် နှစ်ကိုယ်တူကျင့်ကြံမည့် အကြောင်းပြောခြင်းက အလွန်ဆိုးဝါးပေသည်။ မည်သည့်အကျိုးများရှိနေပါစေ ယဲ့ချန်က ဤကိစ္စကို လုံးဝလက်မခံနိုင်ချေ။
"မင်းအနေနဲ့ လူကို အရင်ဆုံးရှာသင့်တယ်။ တကယ်လို့ နှစ်ကိုယ်တူကျင့်ကြံခြင်း မလုပ်နိုင်ဘူးဆိုရင်လည်း ချင်ရဲ့မျိုးဆက်ကို ကျင့်ကြံသူတစ်ယောက်ဖြစ်လာအောင် လေ့ကျင့်ပေးနိုင်တယ်။ ဧကရာဇ်ချင်ရဲ့မျိုးဆက်က သာမန်လူထက် သေချာပေါက် ပါရမီပိုကောင်းလိမ့်မယ်။ ဒီလိုရတနာတစ်ခုက သူများလက်ထဲရောက်သွားရင် မင်း ငိုနေရလိမ့်မယ်"
ခြင်္သေ့ကြီးက ရှင်းပြလိုက်သည်။
"ကောင်းပြီ။ ဒါဆိုရင် ခင်ဗျားက သူ့အကြောင်း ဘယ်လိုသိတာလဲ။ ဧကရာဇ်ချင်ရဲ့မျိုးဆက်ကို ဘယ်လိုအတည်ပြုရမှာလဲ"
ယဲ့ချန်က ဝိညာဥ်အသိစိတ်နှင့် လူလိုက်ရှာရင်း မေးလိုက်ခြင်းဖြစ်သည်။
"မင်း သိစရာမလိုဘူး။ ဒီဆရာခြင်္သေ့က မင်းထက်အရင် ဒီလောကကြီးရဲ့လမ်းပေါ်မှာ လျှောက်သွားလာတာကွ။ မင်းရဲ့ဝိညာဥ်အသိစိတ်က အရမ်းထူးခြားတယ်။ မင်းလုပ်ရမှာက ဝိညာဥ်စွမ်းအင်ပိုင်ထားတဲ့ လူတစ်ယောက်ကို ရှာရုံပဲ။ သူက လူသားတစ်ယောက်ဖြစ်နေရင်တောင် ဧကရာဇ်ချင်ရဲ့သွေးကို ပိုင်ဆိုင်ထားလို့ ခန္ဓာကိုယ်က ဝိညာဥ်စွမ်းအင် ထွက်ပေါ်နေလိမ့်မယ်"
ခြင်္သေ့ကြီးက ဧကရာဇ်ချင်အကြောင်း သိရှိနေရသော အကြောင်းအရင်းကို မပြောပြပေ။ သို့သော်လည်း ရှာဖွေရန်နည်းလမ်းကို ရှင်းပြလိုက်သည်။
ယဲ့ချန်၏ဝိညာဥ်အသိစိတ်က ပြည်သူတစ်ယောက်ချင်းစီကို စစ်ဆေးလိုက်သည်။ မိနစ်နှစ်ဆယ်ကျော် ရှာဖွေပြီးနောက်တွင် ယဲ့ချန်၏အာရုံက မိန်းကလေးငယ်တစ်ယောက်ထံ ကျရောက်သွားခဲ့သည်။ သူမက အသက်ငါးနှစ်ခြောက်နှစ်ခန့်သာရှိပြီး ညစ်ပတ်ပေရေနေသည်။ သူမ၏အဝတ်အစားများက အလွန်စုတ်ပြဲနေသောကြောင့် သူတောင်းစားတစ်ယောက်နှင့် တူညီနေသည်။ သို့သော်လည်း အနီရောင်သန်းနေသော မျက်ဝန်းများက သလင်းကျောက်များကဲ့သို့ ကြည်လင်တောက်ပနေသည်။
မိန်းကလေးငယ်က ငိုရှိုက်နေပုံပေါ်သည်။ သူမ၏ပါးပြင်နှစ်ဖက်တွင် မျက်လုံးအတွင်းမှ မျက်ရည်စီးကြောင်းနှစ်ခု ဆက်တိုက်ကျဆင်းနေသည်။ သူမက မိသားစုနှင့်ကွဲကွာနေပုံရပြီး ပြည်သူများစွာကြားတွင် ဦးတည်ရာမဲ့လမ်းလျှောက်နေခဲ့သည်။
ယဲ့ချန်သည် သူမ၏ခန္ဓာကိုယ်ထံမှ ဝိညာဥ်စွမ်းအင်ကို အာရုံခံမိလိုက်သည်။ ဤစွမ်းအင်က အလွန်ဆန်းကျယ်ပြီး သူ၏ဝိညာဥ်အသိစိတ်သာ အလွန်တရာအစွမ်းထက်သောကြောင့် ရှာတွေ့နိုင်ခြင်းဖြစ်သည်။ သာမန်ကောင်းကင်သားရဲတစ်ကောင်က သူမ၏ဝိညာဥ်စွမ်းအင်ကို ထောက်လှမ်းနိုင်မည်မဟုတ်ပေ။ သို့သော် ယဲ့ချန်သည် သူမ၏ဝိညာဥ်က အခြားလူများနှင့် ကွာခြားနေကြောင်း နားလည်သွားသည်။
ယဲ့ချန်က မိန်းကလေးငယ်ထံ လမ်းလျှောက်သွားခဲ့သည်။
ပြည်သူများက ယဲ့ချန်အတွက် လမ်းဖယ်ပေးရန် ဘေးတစ်ဖက်တစ်ချက်သို့ ရွှေ့ပြောင်းလိုက်ကြသည်။ အားလုံးက သူ့ကို ကျေးဇူးတင်သောအကြည့်မျိုးနှင့် ကြည့်ရှုနေကြသည်။ ဤလူငယ်လေးက သူတို့၏အသက်များကို ကယ်တင်ပေးခဲ့ပြီး မျှော်လင့်ချက်များ ပြန်လည်မွေးဖွားလာစေသူဖြစ်သည်။
ယဲ့ချန်က ကလေးမလေးဘေးတွင် ရပ်တန့်လိုက်သည်။ သူမက ဘေးပတ်ဝန်းကျင်ကို စပ်စုလိုက်ကာ လူတိုင်းက နောက်တစ်လှမ်းဆုတ်နေသည်ကို သတိထားမိသွားသည်။ သူမ၏အပြစ်ကင်းစင်သော မျက်ဝန်းလေးများက ယဲ့ချန်ကို စိုးရိမ်စွာကြည့်လာခဲ့သည်။
ယဲ့ချန်က ဆောင့်ကြောင့်ထိုင်လိုက်ပြီး ကလေးမလေးကို ကြည့်ရှုလိုက်သည်။ သူမက ညစ်ပတ်ပေရေနေသော်လည်း အသွင်အပြင်က ပြီးပြည့်စုံကာ ကြည်လင်သောမျက်ဝန်းများက စကားပြောနေသယောင် ထင်မှတ်ရသည်။
"ဖေဖေနဲ့မေမေက ဘယ်မှာလဲ"
ကလေးမလေးကို မခြောက်လှန့်မိစေရန် ယဲ့ချန်က နွေးနွေးထွေးထွေး မေးလိုက်ခြင်းဖြစ်သည်။
"သေသွားကြပါပြီ"
မျက်ရည်များစီးကျနေသော ကလေးမလေးက ဖြေသည်။
"ကျန်တဲ့ဆွေမျိုးတွေရော ရှိသေးလားဟင်"
သူမ၏မျက်ဝန်းများမှ နာကျင်မှုက ယဲ့ချန်ကိုပင် စိတ်ထိခိုက်သွားစေသည်။
"ဘိုးဘိုးလည်း သေသွားပါပြီ။ သူ့ကို ဘယ်မှာမှရှာမတွေ့ဘူး"
သူမ၏မျက်ဝန်းများမှ မျက်ရည်များ တသွင်သွင်စီးကျလာပြန်သည်။
"နာမည် ဘယ်လိုခေါ်လဲ"
ယဲ့ချန်က သက်ပြင်းတစ်ချက် ချလိုက်မိသည်။
"ဝမ်အာလို့ ခေါ်ပါတယ်"
"ဝမ်အာ အစ်ကိုကြီးနဲ့ လိုက်ခဲ့မလား။ အစ်ကိုကြီးက မင်းကိုကာကွယ်ပေးမယ်။ ပြီးရင် အစ်ကိုကြီးကို မင်းရဲ့ဆွေမျိုးတစ်ယောက်လို သဘောထားနိုင်တယ်"
ယဲ့ချန်က သူမ၏ခေါင်းကို ကြင်နာစွာပွတ်သပ်၍ မေးလိုက်သည်။
"အစ်ကိုကြီးက လူကောင်းလားဟင်"
ဝမ်အာက သူမ၏မျက်ဝန်းလေးများနှင့် ယဲ့ချန်ကို မော့ကြည့်လာသည်။
"ဒါပေါ့"
ယဲ့ချန်က ခေါင်းညိတ်ပြလိုက်သည်။
ဝမ်အာက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူတို့နှင့်မီတာအနည်းငယ်အကွာတွင် ရပ်နေကြသော ပြည်သူများက ယဲ့ချန်ကို ရိုသေလေးစားစွာ ကျေးဇူးတင်နေကြသည်။
"ဝမ်အာကို လက်ခံပေးတဲ့အတွက် အစ်ကိုကြီးကို ကျေးဇူးတင်ပါတယ်"
ဝမ်အာက ခဏတာစဥ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ သူမက အသက်ငယ်ရွယ်သေးသော်လည်း သလင်းကျောက်ပမာ ကြည်လင်သော မျက်လုံးများက ဉာဏ်ရည်ထက်မြက်ကြောင်း ဖော်ပြနေသည်။ အသက်ငါးနှစ်အရွယ်သာရှိသော ကလေးမလေးတစ်ယောက်၏ ဉာဏ်ရည်ထက်မြက်ပုံက အသက်အရွယ်နှင့်မလိုက်ပေ။
ယဲ့ချန်သည် ဝမ်အာကို ဧကရာဇ်ချင်၏သွေးကြောင့် ခေါ်ယူခြင်းဖြစ်သော်လည်း သူမအပေါ် အမြတ်ထုတ်ရန် မစဥ်းထားပေ။ သူ့ထံတွင် ဝမ်အာကိုစောင့်ရှောက်ရန်လည်း အချိန်မရှိသောကြောင့် သူမကို ယဲ့မျိုးနွယ်အတွင်းထားရန် ဆုံးဖြတ်လိုက်သည်။ ဝမ်အာက ယဲ့မျိုးနွယ်နှင့်အသားကျကာ မိသားစုအစစ်အမှန်ကဲ့သို့ နေထိုင်နိုင်စေရန် သူက မျှော်လင့်ထားသည်။
ခြင်္သေ့ကြီး၏စကားအရ ဧကရာဇ်ချင်၏မျိုးဆက်က အလွန်အမင်းအဖိုးတန်သည်။ ဝမ်အာကြီးပြင်းလာ၍ အစွမ်းထက်ကျင့်ကြံသူတစ်ဦးဖြစ်လာကာ ယဲ့မျိုးနွယ်ကိုကာကွယ်ပေးလျှင် ယဲ့ချန်အတွက် အကျိုးရှိနိုင်သည်။ သို့သော် သူမက အရွယ်ရောက်ပြီးနောက်တွင် ယဲ့မျိုးနွယ်ကို စွန့်ခွာချင်ပါကလည်း ယဲ့ချန်အနေဖြင့် တားမြစ်မည်မဟုတ်ပေ။
***