ရွေးချယ်မှုများ *
Vol. 43 Ch. 589
တစ်ကိုယ်တော် ဆေဘာဂိုဏ်း...
တစ်ကိုယ်တော် ဆေဘာဂိုဏ်းမှာ ဆေဘာလမ်းစဥ်ကို အာရုံစိုက်သည့် ရွှေအဆင့် အင်အားစု တစ်ခု ဖြစ်သည်။ ပုရပိုက်ထဲတွင် ဖော်ပြထားသည့် အတိုင်းဆိုလျှင် တစ်ကိုယ်တော် ဆေဘာဂိုဏ်းသည် အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ သမိုင်း တစ်လျှောက် ဒုတိယမြောက် သက်တမ်း အရင့်ဆုံး ရွှေအဆင့် အင်အားစု ဖြစ်သည်။ သူတို့တွင် တန်ခိုးရှင် အဆင့် အင်အားစု နောက်ခံ မရှိချေ။ သို့သော်လည်း အစည်းအရုံး နှစ်ခုထဲမှ တစ်ခု ဖြစ်သည့် “ပန်းပဲ နတ်ဘုရား” အစည်းအရုံးနှင့်တော့ ရင်းနှီးသော ပတ်သက်မှုများ ရှိသည်ဟု ဆိုသည်။
အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတွင် ထာဝရ အစည်းအရုံးနှင့် ပန်းပဲ နတ်ဘုရား အစည်းအရုံးတို့မှာ မည်သည့် ဂိုဏ်းအဖွဲ့နှင့်မှ မဟာမိတ် ပြုမထားသည့် အင်အားစုများ ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့ကို ကြားနေ အင်အားစုများ အဖြစ် ယူဆ၍ ရပေသည်။
တစ်ကိုယ်တော် ဆေဘာဂိုဏ်းသည် ကောင်းကင်အင်အား နယ်မြေတွင် တည်ရှိသည်။ သို့သော်လည်း သူတို့၏ ပိုင်နက်ကို အမှီအခိုကင်းသည့် နေရာ တစ်ခု အဖြစ် သတ်မှတ်ထားသည်။ လျူမိသားစု ပင်လျှင် သူတို့ကို ဝင်ရောက် စွက်ဖက်ရဲခြင်း မရှိချေ။ ပုရပိုက်၌ ထိုကဲ့သို့ အမှီအခို ကင်းသည့်ဂိုဏ်း ဇယား တစ်ခုကို စုမေ့ တွေ့ရ၏။
သို့သော်လည်း အသေးစိတ် ရှင်းလင်းချက်များတော့ မပါဝင်ချေ။ ၎င်းတို့မှာ နေသွေးနီနီဂိုဏ်း၊ ရေပဲ့တင်သံဂိုဏ်းတို့လို ဝူတိုင်းပြည် ပိုင်နက် အတွင်း တည်ရှိသော်လည်း ကိုယ်ပိုင် စည်းမျဥ်းများနှင့် သီးခြား လည်ပတ်နေသည့် အဖွဲ့များ ဖြစ်လိမ့်မည် ဟုသာ သူမ မှတ်ချက်ချမိသည်။
စုမေ့မှာ အထီးကျန် ဆေဘာဂိုဏ်းထဲကို ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက ဝေ့ဝူယင်၏ အကူအညီဖြင့် ဆေဘာရည်ရွယ်ချက်ကို သူမ မွေးဖွားခဲ့ပြီး ဖြစ်သည်။ သူမ၏ ကျင့်ကြံခြင်း ဝိညာဥ်မှာ ဆေဘာ မဟုတ်သည့်တိုင် ဘဝ တစ်ခုလုံး မြှုပ်နှံ့ကာ သူမ ဆေဘာကို ကျင့်ကြံခဲ့ခြင်း ဖြစ်သည်။ ထီးကျန် ဆေဘာဂိုဏ်း၏ အဆင့်မြင့် အဖွဲ့ဝင် တစ်ယောက် ဖြစ်လာရန် အဓိက လိုအပ်ချက်များထဲမှ တစ်ခုက ဆေဘာ ဝိညာဥ် သို့မဟုတ် ဆေဘာ ရည်ရွယ်ချက်ကို ပိုင်ဆိုင်ထားရန် ဖြစ်ပေသည်။
အခြားတစ်ဖက်၌ ချင်ချူးမူမှာ အနည်းငယ် စဥ်းစားရခက်နေခဲ့၏။ မည်သည့် ရွှေအဆင့် အင်အားစုကမှ သူမကို မစွဲဆောင်နိုင်ချေ။ ဆေးပင် အစည်းအရုံးမှာ အသက်မြက် သစ်သား ရည်ရွယ်ချက်ကို ပိုင်ဆိုင်ထားသူ တစ်ဦး အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သော်လည်း ထိုအရာက သူ၏ သဘောထားနှင့် မကိုက်ညီပေ။
သို့ဖြစ်လေရာ ငွေအဆင့် အင်အားစုများကိုသာ သူမ ရှာဖွေရပေတော့သည်။ ဤသို့နှင့် တစ်နာရီခန့် ရှာဖွေပြီးနောက် သူမ၏ အာရုံကို စွဲဆောင်နိုင်သည့် ဂိုဏ်းတစ်ခုကို ချင်ချူးမူ တွေ့လိုက်ရလေ၏။
အထွတ်အမြတ် သစ်တော ဂိုဏ်း...
ထိုဂိုဏ်း၏ အဆင့်မြင့် အဖွဲ့ဝင် တစ်ယောက် ဖြစ်ရန် အတွက် အဓိက ရည်ရွယ်ချက်က သစ်သား ရည်ရွယ်ချက် မဟုတ်သလို သစ်သား ဝိညာဥ်လည်း မဟုတ်ပါချေ။ အယ်ဗန်မျိုးနွယ် တစ်ယောက် ဖြစ်ရန် လိုအပ်ခြင်းသာ ဖြစ်သည်။ ထိုအရာက သူမ ရှာဖွေထားသမျှထဲတွင် မျိုးနွယ် ကန့်သတ်ချက် ရှိသည့် ပထမဆုံး အင်အားစုပင် ဖြစ်လေသည်။
ချင်ချူးမူ စိတ်ဝင်တစားဖြင့် ငွေအဆင့် ဂိုဏ်း အကြီးအကဲများ ရှိနေသည့် နေရာကို လှမ်းကြည့်လိုက်၏။ သူတို့ထဲမှ ကိုးဆယ့်ငါးယောက်မှာ မည်သည့် မျိုးနွယ်ခြားမှ ရောနှောခြင်း မရှိသည့် လူသားများ ဖြစ်ကြသည်။ မိန်းကလေး၏ အမူအရာက ပြောင်းလဲသွားကာ ဘေးနားရှိ လူငယ်များကို အကဲခတ်လိုက်သည်။
ထိုအခါတွက်မှ လူတစ်သိန်း နီးပါးထဲတွင် အယ်ဗန်မျိုးနွယ် ရှစ်ဆယ့် သုံးယောက်သာ ပါဝင်နေသည်ကို သူမ သတိထားမိလိုက်၏။ ချင်ချူးမူ၏ မျက်လုံးများမှာ နားမလည်နိုင်ခြင်းဖြင့် ကျဥ်းမြောင်း သွား၏။
အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာ နယ်မြေတစ်ခုလုံး၏ လူဦးရေ အတိုင်းအတာဖြင့် ဆိုလျှင် အယ်ဗန်မျိုးနွယ်မှာ အနည်းဆုံး သုံးဆယ် ရာခိုင်နှုန်း ကျော်သည်။ အထွတ်အမြတ် အယ်ဗန် ဧကရီ တည်ထောင်ခဲ့သည့် အထွတ်အမြတ် အလင်း နန်းတော်နှင့် အနန္တ ဧကရာဇ်ဂိုဏ်းတို့၏ ကျေးဇူးဖြင့် အယ်ဗန်များမှာ နေရာတိုင်းတွင် ပြန့်ကြဲ နေထိုင်ကြသည်။
အဂ္ဂိရတ် အစည်းအရုံးသခင် ချင်ကူးယွင်နှင့် သူ့ မြေးမလေး ချင်ကူးယဥ်တို့လို ကျော်ကြားသူများပင် အယ်ဗန် မျိုးနွယ်များ ဖြစ်သည်။
သို့သော်လည်း ဤနေရာတွင်တော့ အယ်ဗန်ဦးရေမှာ ၀.၁ ရာခိုင်နှုန်းအောက်ပင် ရောက်ရှိနေသည်။ အခြားလူ အားလုံးနည်းပါးက လူသားများ ဖြစ်သည်။ နတ်ဆိုးများ ဆိုလျှင် ပို၍ပင် နည်းသေး၏။
အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေက လူသား မဟုတ်သူများကို ခွဲခြား ဆက်ဆံသည်များလား။ ချင်ချူးမူမှာ မထိန်းချုပ်နိုင်ပဲ တွေးလိုက်မိ၏။
စက္ကန့်ပိုင်း အတွင်းမှာပင် အကြီးအကဲများ အကြား၌ ရှိနေသည့် အထွတ်အမြတ် သစ်တောဂိုဏ်း ကိုယ်စားလှယ်ကို ချင်ချူးမူ ရှာတွေ့သွားသည်။ သူမက အယ်ဗန်မျိုးနွယ်ဝင် မိန်းကလေး တစ်ယောက် ဖြစ်ကာ အစိမ်းရင့်ရောင် ဆံနွယ်ရှည်များနှင့် အလွန် လှပလှပေသည်။ အထူးသဖြင့် သွယ်လျ လုံးဝန်းသည့် မိုးမခ ခါးနှင့် စိမ်းဖျော့ရောင် မျက်လုံးများမှာ အလွန် ဆွဲဆောင်မှု ရှိလှ၏။ အနီးစပ်ဆုံး ပြောရလျှင် သူမ၏ အသွင်အပြင်မှာ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးမှ သစ်တောစိမ်း အယ်ဗန်မျိုးနွယ်ဝင်များနှင့် တူညီပေသည်။
လူငယ် တစ်ယောက်က သူမကို စိုက်ကြည့်နေကြောင်း သတိထားမိသွားသော အခိုက်၌ အယ်ဗန် မျိုးနွယ် မိန်းကလေး၏ မျက်နှာထက်တွင် ပျော်ရွှင်သည့် အရိပ်အယောင် တစ်ချို့ ပေါ်ထွက်လာ၏။ ထို့အပြင် သူမအား ပိုမို ကျေနပ်စေသည့် အချက်က ချင်ချူးမူမှာလည်း သစ်တောစိမ်း မျိုးနွယ်ဝင် အယ်ဗန် တစ်ယောက် ဖြစ်နေခြင်း ဖြစ်သည်။
ချင်ချူးမူမှာ သူမတွင် ရွေးချယ်စရာ မကျန်တော့ကြောင်း သဘောပေါက် လိုက်၏။ သူမက စိတ်ထဲမှ ခေါင်းတစ်ချက် ညိတ်ရင်း ဆုံးဖြတ်ချက် ချလိုက်လေတော့သည်။
...
နာ့ရှင်းရီ၏ ရွေးချယ်မှုကတော့ ရှင်းလင်းပေသည်။ နောက်ဆုံးသော ရွှေအဆင့် အင်အားစုမှာ အမှောင်ယင် နန်းတော်ဟု ခေါ်သည့် တစ်ဂိုဏ်း ပင် ဖြစ်သည်။ သူတို့က မိန်းကလေး ကျင့်ကြံသူများကိုသာ လက်ခံကာ ယင်နည်းလမ်း၊ အစီအရင်နှင့် ကျင့်စဥ်တို့ကို သင်ကြားပေးကြသည်။ ယင်ဆုံးမှတ်လေးခု ကျင့်ကြံသူ တစ်ယောက် အနေဖြင့် ထို့ထက် ပိုမို ကောင်းမွန်သည့် ရွေးချယ်မှု အဘယ်မှာ ရှိနိုင်မည်နည်း။ ထိုဂိုဏ်း အတွင်း ဝင်ရောက်ပါက ပြိုင်စံရှား ခန္ဓာကိုယ်နှင့် အတူ သူမက အဆင့်မြင့် ဂိုဏ်းဝင် တစ်ယောက် ဖြစ်လာမှာ သေချာပေသည်။ နောင်တစ်ချိန် ဝေ့ဝူယင်နှင့် ပြန်လည် ဆုံစည်းပါက သူမက သူနှင့် ထိုက်တန်သူ တစ်ဦး ဖြစ်ကြောင်း သက်သေ ပြသရန် သူမ စိတ်လှုပ်ရှား နေခဲ့ပြီ ဖြစ်လေသည်။
လင်းကျိရန်ကတော့ ရေကြည်နန်းတော်ကို ရွေးချယ်ခဲ့၏။ သူမ၏ ရည်ရွယ်ချက်က ဤကြယ်တာရာ နယ်မြေတွင် ကျော်ကြားရန် မဟုတ်ချေ။ ကြောက်လက်သည်းဖွက် သလို နေကာ အချက်အလက်များကို ရသလောက် စုဆောင်းရန် ဖြစ်သည်။ ထို့အပြင် ဗာကီရီ အဖွဲ့ဝင် တစ်ယောက် အနေဖြင့် ကိုယ်ပိုင် အင်အားကို ချဲ့ထွင်ရန် သူမ ရည်မှန်းထားသည်။
အမှာစာထဲ၌ ဝေ့ဝူယင်က အထွတ်အမြတ် အယ်ဗန် ဧကရီမှာ ဤကြယ်တာရာ နယ်မြေတွင် ရှိကောင်း ရှိနေနိုင်သည်ဟု သူမအား သတိပေးခဲ့သည်။ ထို့အပြင်... ထာဝရ အစည်းအရုံး တည်ရှိနေသည့် အချက်ကလည်း အထွတ်အမြတ် အယ်ဗန် ဧကရီပါ တည်ရှိနေနိုင်ကြောင်း ထပ်ဆောင်း အတည်ပြုပေးခဲ့သည်။ သို့ဖြစ်လေရာ သူမ အနေဖြင့် တတ်နိုင်သမျှ သိုဝှက် နေရပေလိမ့်မည်။
လုံထျန်းယုကလည်း အမှောင်ယင် နန်းတော်ကိုပင် ရွေးချယ်၏။ အမကြီး နာ့ရှင်းရီမှာ ယောက်ျားသားများ၏ အန္တရာယ်ကြောင့် မိန်းကလေး အခြေပြု ဂိုဏ်းတစ်ဂိုဏ်းကို ရွေးချယ်မည် ဖြစ်ကြောင်း သူမ မျှော်လင့်ထားပြီး ဖြစ်သည်။ အကယ်၍ ခွင့်ပြုချက်သာ ရပါက ရှန်းလင်ကိုပါ သူမ အတူ ခေါ်ဆောင်သွားမည် ဖြစ်သည်။
ရွေးချယ်ခြင်း ဖြစ်စဥ်မှာ နာရီ အနည်းငယ်ထိ ကြာမြင့်ခဲ့၏။ မည်သူမှ လူငယ်လေးများကို လောဆော်ခြင်း မပြုကြချေ။ ထိုရွေးချယ်မှုက သူတို့၏ အနာဂတ်ကို အဆုံးအဖြတ်ပေးလိမ့်မည် ဖြစ်သည်။
သို့သော်လည်း စန်းယုလော့တို့ သတိမထားမိသည့် အချက်ကား... မိန်းကလေးများ၏ ရွေးချယ်မှုမှာ သူတို့၏ အနာဂတ်ကိုသာ မက၊ နောင်တစ်ချိန်တွင် ကြယ်တာရာ နယ်မြေတစ်ခုလုံး၏ အနာဂတ်ကိုပါ အဓိပ္ပာယ် ဖွင့်ဆိုလိမ့်မည် ဖြစ်ကြောင်းပင်။
...
ဤကဲ့သို့ လူငယ်များ သူတို့ အနာဂတ်ကို ဆုံးဖြတ်နေကြချိန်တွင် အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာနယ်မြေမှ အခြား လူငယ် တစ်စုမှာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ အဆုံးမဲ့ အမှောင် ဟင်းလင်းပြင် အတွင်း၌ လေသင်္ဘော တစ်စင်းနှင့် အတူ ရွက်လွှင့်နေခဲ့ကြ၏။
သူတို့က အခြားလူများနှင့် လုံးဝ ကွဲထွက်သည့် အော်ရာများကို ပိုင်ဆိုင်ထားကြကာ တော်ဝင် မင်းမျိုး မင်းနွယ်များလို ထည်ဝါ မြင့်မြတ်သည့် ပုံပန်း သဏ္ဌာန် ရှိကြ၏။ သူတို့ကား လင်းမင်၊ ပိုင်ယုရှီနှင့် စီနီယာ အမလင်းတို့ပင် ဖြစ်လေသည်။
ထိုအခိုက်၌ သူတို့၏ မျက်လုံးများက သုန်မှုန်မှုများနှင့် ပြည့်နှက်နေကာ လမ်းကြောင်းကို အရှေ့မှ ပိတ်ဆို့နေသည့် ဧရာမ ဟင်းလင်းပြင် သင်္ဘောကြီးကို စိုက်ကြည့်နေကြ၏။ သင်္ဘောကြီး၏ တစ်ဖက် တစ်ချက်တွင်တော့ အလွန် ကြီးမားလှသည့် စာလုံးကြီးများကို ရေးထွင်းထား၏။
၎င်းက ဝိညာဥ် လမ်းလျှောက်သူ ဟူ၍။
...
“ကျွန်မ လင်းရှန်းရှဲ့ အရှင် ဝိညာဥ် လမ်းလျှောက်သူကို နှုတ်ဆက်ပါတယ်...”
စီနီယာ အမလင်းက လက်နှစ်ဖက်ကို ယှက်လိုက်ရင်း ဝိညာဥ် အာရုံဖြင့် ဆက်သွယ်ကာ ကြေညာလိုက်၏။
အရှင် ဝိညာဥ် လမ်းလျှောက်သူ...
အရှင်ဝိညာဥ် လမ်းလျှောက်သူမှာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတွင် အလွန်အမင်း ထင်ရှားသည့် လျှို့ဝှက် အာဏာရှင် အဆင့် ပုံရိပ် တစ်ခု ဖြစ်သည်။ အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ကိုယ်စားလှယ် တစ်ယောက် အနေဖြင့်ပင် ဝိညာဥ် လမ်းလျှောက်သူလို ပုဂ္ဂိုလ်မျိုးကို သူမ မလေးမစား မလုပ်ရဲပါချေ။ သို့သော်လည်း... အဘယ်ကြောင့် အရှင် ဝိညာဥ် လမ်းလျှောက်သူ၏ ဟင်းလင်းပြင် သင်္ဘောက သူမတို့ လမ်းကြောင်းကို လာပိတ်နေကြောင်း လင်းရှန်းရှဲ့ စဥ်းစား မရပါချေ။
အခြားတစ်ဖက်၌ ပိုင်ယုရှီကတော့ ခန္ဓာကိုယ် တစ်ခုလုံး တုန်ရီ၍ပင် နေခဲ့ပြီ ဖြစ်သည်။ အပြင်ပန်းတွင် တည်ငြိမ်အောင် ကြိုးပမ်းရင်း သူမ လက်သီးများကို လက်ဆစ်များ ဖြူဖွေးသွားသည် အထိ တင်းတင်းကျပ်ကျပ် ဆုပ်ထားခဲ့မိသည်။ အကယ်၍ မျက်နှာဖုံးသာ ဝတ်ဆင် မထားပါက တစ္ဆေသရဲ တစ်ကောင်လို ဖြူရော်နေသည့် သူမ၏ မျက်နှာကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။
လင်းမင်က မျက်မှောင်ကြုတ်လိုက်၏။ ဝိညာဥ် လမ်းလျှောက်သူက မည်သူနည်း။ အဘယ်ကြောင့် သူတို့က လာ၍ တားဆီးရသနည်း။
သူ၊ ပိုင်ယုရှီနှင့် စီနီယာ အမလင်းတို့မှာ လောက ရွှေ့ပြောင်းခြင်း ကွန်ယက် မဆင်းသက်ခင် အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာ နယ်မြေမှ ထွက်ခွာ လာခဲ့ကြခြင်း ဖြစ်သည်။ ဤသို့နှင့် အဆက်မပြတ် ခရီးနှင်ပြီး ငါးရက်မြောက် နေ့တွင် အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေကြီး၏ ပိုင်နက် အတွင်းကို သူတို့ ရောက်ရှိခဲ့ကြသည်။
လင်းမင်မှာ ရက်အနည်းငယ် အတွင်း ကြယ်တာရာ နယ်မြေတစ်ခုကို ဖြတ်ကျော်နိုင်ခဲ့မှု အလွန် အံ့သြ နေခဲ့သော်လည်း အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ အရွယ်အစားကို သိရှိပြီးနောက်တွင်တော့ မျက်လုံးများပင် ပြူးထွက် သွားခဲ့တော့သည်။ သူတို့၏ အသေးငယ်ဆုံးသော နယ်မြေတစ်ခုပင်လျှင် သာမန် ကြယ်တာရာ နယ်မြေ အရွယ်အစားလောက် အကြမ်းဖျဥ်း ရှိသည်။ ထို့အပြင် ထူးဆန်းသော နဂါးပတ် ကွင်း ပါရှိသည့် နေကြယ်ကြီး၏ အရွယ်အစားမှာလည်း အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာ နယ်မြေတစ်ဝက်နှင့် နှိုင်းယှဥ်ရန် လုံလောက်သည်။
ထိုနေ့၌ သူ ခံစားခဲ့ရသည့် ထိတ်လန့် အံ့သြမှုမှာ တစ်ဘဝလုံးစာထက်ပင် ပိုမို ကျော်လွန်ခဲ့သည် ဆိုပါက လွန်မည် မထင်ချေ။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေမှာ အလွန် ကြီးမားကြောင်း ထန်ရှင်းယွင်ထံမှ သူ ကြားဖူးသည့်တိုင် ကွာခြားချက်က ထိုမျှ ကြီးမားလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ချေ။
စီနီယာ အမလင်း၏ ရှင်းပြချက် အရဆိုလျှင် အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေမှာ မူလက သာမန် အရွယ်အစားမျှသာ ဖြစ်ပြီး နောက်ပိုင်းတွင် နယ်နိမိတ်များကို ဆက်တိုက် ချဲ့ထွင်ကာ ဂြိုဟ်အသစ်နှင့် ကုန်းမြေတိုက်ကြီး အသစ်များစွာကို မွေးဖွားခဲ့သည်။
ဤသို့နှင့် တဖြည်းဖြည်း နယ်ချဲ့ရင်း နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက်တွင် အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေမှာ ပတ်ဝန်းကျင်ရှိ အခြား ကြယ်တာရာ နယ်မြေများနှင့်ပင် ရောနှောသွားကာ အံ့ဖွယ် အရွယ်အစား အထိ ရောက်ရှိလာခဲ့သည်။ ခါးပတ် ပါဝင်နေသည့် နေကြယ်ကြီးကိုတော့ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ လျှို့ဝှက် အာဏာရှင် အဆင့်များက ရာစုနှစ်ပေါင်းများစွာ အားစိုက်ထုတ်ကာ သန့်စင်ခဲ့ကြခြင်း ဖြစ်သည်။
စီနီယာ အမလင်း၏ ပြောစကား အရဆိုလျှင် အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေမှာ နေကြယ် အလင်း မရောက်ရှိသည့် ဒေသများမှ နယ်မြေများပင် ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။ နယ်မြေကျယ်လျှင် ရန်စွယ် ပိုများသည် ဟူသည့် ဆိုရိုး စကားကိုပင် လင်းမင် အမှတ်ရလိုက်မိ၏။
ယခုတွင်လည်း အစစ်အမှန် ဒြပ်စင်ဂိုဏ်းသို့ သွားရာလမ်းတွင် အမည်မသိ လူတစ်ယောက်မှာ သူတို့ကို ပိတ်ဆို့ကာ တားဆီးနေခဲ့ပြီ ဖြစ်လေသည်။ စီနီယာ အမလင်းမှာ ထိုလူကို ကိုင်တွယ် ဖြေရှင်းနိုင်မည်လား သူ စိတ်လှုပ်ရှားနေမိ၏။
“လင်းရှန်းရှဲ့... အစစ်အမှန် ဒြပ်စင်ဂိုဏ်းရဲ့ ရှန့်ထိုလေးလား... မင်းကို ဒီနေရာမှာ တွေ့လိမ့်မယ်လို့ မျှော်လင့် မထားဘူး”
စက္ကန့်အနည်းငယ် ကြာမြင့်ပြီးနောက် ဟင်းလင်းပြင် သင်္ဘောအတွင်းမှ သက်လတ်ပိုင်း ယောက်ျားသံတစ်ခု ထွက်ပေါ်လာ၏။ ဆက်တိုက်ဆိုသလိုပင် ရောင်စုံ အလင်းတန်းများမှာ သင်္ဘောကြီး အတွင်းမှ အမှောင် ဟင်းလင်းပြင်ဆီသို့ စီးထွက်လာကာ ပုံရိပ်တစ်ခု အဖြစ် ဖြည်းညင်းစွာ ဖွဲ့စည်းလာခဲ့တော့သည်။
***