← Chapters

ဝိညာဉ်လမ်းလျှောက်သူ၏ တမန်တော်

Vol. 43 Ch. 590

ဝိညာဉ်လမ်းလျှောက်သူ၏ တမန်တော်

Vol. 43 Ch. 590

လင်းမင်က တည်ငြိမ်စွာပင် အရှေ့ရှိ မီးခိုးနှင့် အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် အသက်လတ်ပိုင်း ပုဂ္ဂိုလ်ကို အကဲခတ် လိုက်၏။ ထိုလူကြီးမှာ အရပ် ရှည်မားကာ ကောင်းကင်နှင့် မြေကြီးကိုပင် ထမ်းထားနိုင်ဟန် ရသည့် ကျယ်ပြန့်သော ပခုံးများကို ပိုင်ဆိုင်ထားသည်။ သူ၏ မျက်လုံးများက စူးရှစွာ တောက်ပနေကာ ဖြောင့်စင်းသော နှာတံနှင့် သေသပ်သော နှုတ်ခမ်းများကို ပိုင်ဆိုင်ထား၏။ သူက ငယ်ရွယ်စဥ် အခါက အလွန် ချောမော ခန့်ညားသူ တစ်ယောက် ဖြစ်ကြောင်း မြင်ရုံဖြင့်ပင် ပြောနိုင်ပေသည်။

လင်းရှန်းရှဲ့မှာ ချောမော ခန့်ညားသော လူကြီးကို တွေ့သည်နှင့် လက်များကို ကပျာကယာ ဆုပ်ကာ လေးစားစွာ ဦးညွှတ် လိုက်၏။

“တမန်တော်ယု...”

လူကြီးက မိန်းကလေး၏ အပြုအမူကို ကြည့်ကာ သဘောကျစွာ ပြုံးလိုက်သည်။ ထို့နောက် သူ၏ မျက်လုံးများက စိတ်ဝင်စားသော အလင်းတို့နှင့် ပြည့်နှက်သွားကာ လင်းမင်တို့ စီးနင်းလာသည့် ဟင်းလင်းပြင် သင်္ဘောထံ ရွေ့လျားသည်။

“သေချာ ဒီဇိုင်းဆွဲ တည်ဆောက်ထားတာပဲ... လက်ရာအရဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်တောင်ကျော်လောက်က ဖြစ်လိမ့်မယ်... မဆိုးဘူး”

ခေါင်းတစ်ချက် ညိတ်ကာ မှတ်ချက် ချလိုက်ပြီးနောက် သူက လင်းရှန်းရှဲ့ဘက်သို့ ပြန်လှည့် လိုက်၏။

“အစစ်အမှန် ဒြပ်စင်ဂိုဏ်းရဲ့ ရှန့်ထိုလေးက ဒီလို နေရာမျိုးမှာ တွေ့ရလိမ့်မယ် လို့ ကျုပ် မျှော်လင့် မထားခဲ့မိဘူး”

“တမန်တော်ယု... ကျွန်မတို့ကို လာရှာတာ ကိစ္စ ရှိလို့လား”

လင်းရှန်းရှဲ့က တိုက်ရိုက်ပင် မေးလိုက်၏။ တမန်တော်ယုမှာ အကြောင်းကိစ္စ တစ်စုံတစ်ရာ မရှိပဲ လမ်းကြုံဝင်၍ အလာဘ သလာဘ ပြောတတ်သည့် လူတစ်ယောက် မဟုတ်ချေ။ သူ့တွင် တိကျ သေချာသည့် ရည်ရွယ်ချက် တစ်ခုခု ရှိနေတာ သေချာသည်။

တမန်တော်ယုက အသာအယာပင် ပြုံးလိုက်၏။

“ဝိညာဥ်လမ်းလျှောက်သူ ခန်းမရဲ့ တမန်တော် တစ်ယောက် အနေနဲ့ ကျုပ် တိုက်ရိုက်ပဲ ပြောတော့မယ်... အရှင် ဝိညာဥ် လမ်းလျှောက်သူက လင်းမင် လို့‌ခေါ်တဲ့ ရွေးချယ်ခံကို ရှာဖွေဖို့ ကျုပ်ကို ခိုင်းလိုက်လို့ပဲ”

လင်းမင်၏ နှလုံးသားမှာ တင်းကြပ်သွား၏။ ဝိညာဥ် လမ်းလျှောက်သူ ဆိုသော ပုဂ္ဂိုလ်က မည်သူနည်း။ အဘယ်ကြောင့် သူ့ကို ရှာခိုင်းရသနည်း။ သူ့တွင် မည်ကဲ့သို့သော ရည်ရွယ်ချက်များ ရှိနေသနည်း။ လင်းမင် လက်သီးများကို တင်းတင်း ဆုပ်လိုက်၏။ ဘယ်လိုပဲ ဖြစ်ဖြစ် ၎င်းအား ရင်ဆိုင်ရန် သူ အဆင်သင့် ရှိနေပေသည်။

အခြားတစ်ဖက်၌ မျက်နှာဖုံးအောက်ရှိ ပိုင်ယုရှီ၏ မျက်နှာကတော့ သွေးမရှိသလို ဖြူရော် နေခဲ့ပြီ ဖြစ်လေသည်။ သူမ ရှုပ်ထားသည့် ပြဿနာက နောက်ဆုံးတွင် ရောက်ရှိလာချေပြီ မဟုတ်ပါလား။

တမန်တော်ယုက လင်းမင်ကို စိတ်ဝင်တစားနှင့် တစ်ချက် လှမ်းကြည့်လိုက်၏။ လင်းရှန်းရှဲ့က မျက်မှောင်ကြုတ်လိုက်ရင်း ရှေ့မှ ဝင်ရပ်လိုက်သည်။ ရှင်းလင်းစွာပင်... သူမ လင်းမင်ကို အထိမခံချေ။

တမန်တော်ယုက စိတ်ရှိပုံ မရချေ။ သူက တည်ငြိမ်စွာပင် ဆက်ပြောလိုက်၏။

“အရှင် ဝိညာဥ် လမ်းလျှောက်သူရဲ့ ကိုယ်စား သဘောတူထားတဲ့ ဒြပ်စင် ရတနာသိုက်ရဲ့ ဝေစု တစ်ဖို့ကို ကျုပ် လာယူတာ”

“သဘောတူထားတဲ့ ဝေစု...”

လင်းရှန်းရှဲ့မှာ အံ့အားသင့် သွား၏။ အခြေခံ ဝါးမျိုခြင်း မိစ္ဆာ နည်းလမ်း အတွက် ဒြပ်စင် ရတနာသိုက်၏ ရှစ်ဆယ် ရာခိုင်နှုန်း ပေးရန် ပိုင်ယုရှီနှင့် အရှင် ဝိညာဥ် လမ်းလျှောက်သူတို့ သဘောတူထားသည့် ကတိကဝတ်ကို သူမ မသိပါချေ။

သူမ ပိုင်ယုရှီနှင့် လင်းမင်တို့ကို လှည့်ကြည့်လိုက်၏။ အခြေခံ ဝါးမျိုခြင်း မိစ္ဆာနည်းလမ်း ဆိုသော အမည်ကို ကြားသည်နှင့် သူမ စိတ်ထဲ ဘွားခနဲ ပေါ်လာသည်က လင်းမင်၏ အတုအယောင် လောကနယ်မြေ ဖြစ်သည်။ မသေချာ မရေရာ သေသော်လည်း လင်းမင် ရွေးချယ်ခံ ရာထူးကို မည်ကဲ့သို့ ရယူခဲ့ကြောင်း သူမ ရေးရေးကလေး သဘောပေါက် သွား၏။

သူမက သက်ပြင်းတစ်ချက် ချလိုက်ရင်း တမန်တော်ယုဘက်ကို ပြန်လှည့်လိုက်သည်။

“အဲဒါက မဖြစ်နိုင်တော့မှာကို ကျွန်မ စိုးရွံ့မိပါတယ်....”

ထင်မှတ်ထားသည့် တုန့်ပြန်မှုမျိုး မဟုတ်သည့်တိုင် တမန်တော်ယုက လောခြင်း မရှိချေ။ သူက လက်နှစ်ဖက်ကို နောက်သို့ ပစ်လိုက်ရင်း သက်တောင့် သက်သာပင် မေးလိုက်၏။

“ဘာလို့လဲ...”

“လင်းမင် ဒြပ်စင် ရတနာသိုက်ထဲကို ရောက်တော့ အဲဒီ အထဲမှာ ဘာမှ မရှိတော့ဘူး... ဒီတော့ သူ ဘာကိုမှ မရဘူးပေါ့... သုညရဲ့ ရှစ်ဆယ် ရာခိုင်နှုန်းဟာလည်း သုညပဲ ဟုတ်တယ် မလား”

လင်းရှန်းရှဲ့က ဆိုလိုက်၏။ အကြွေးဆပ်ရန် ငြင်းဆိုခြင်းထက် စာလျှင် အမှန်အတိုင်း ဝန်ခံလိုက်ခြင်းက အကောင်းဆုံး ဖြေရှင်းမှု ဖြစ်ကြောင်း သူမ ယုံကြည်ပေသည်။

တမန်တော်ယုက လင်းမင်ကို သူသိသည် ဆိုသည့် အကြည့်မျိုးဖြင့် တစ်ချက် လှမ်းကြည့်လိုက်၏။ ထို့နောက် လင်းရှန်းရှဲ့ဘက်သို့ ပြန်လှည့်ကာ ပြုံးလိုက်သည်။

“မိန်းကလေး ပြောတာ လုံးဝ မဖြစ်နိုင်ဘူး...”

“ဟမ်...”

လင်းရှန်းရှဲ့၏ မျက်လုံးများက အန္တရာယ် အငွေ့အသက်များဖြင့် ကျဥ်း‌မြောင်းသွားသည်။ သို့သော်လည်း... တမန်တော်ယုက ထိုအရာကို သတိပြုမိဟန် မပြုပဲ ဆက်ပြောလိုက်သည်။

“အဲဒီ နေ့တွေတုန်းက အရှင် ဝိညာဥ် လမ်းလျှောက်သူ အပြင် အခြား အရှင်တွေပါ အစွန်းလေးဖက် လောကနယ်မြေထဲမှာ ရှိနေခဲ့တာ... ဒြပ်စင် ရတနာသိုက်ထဲက ရင်းမြစ်တွေကို ဘယ်သူမှ မထိရဲဘူး... ဒါ့အပြင် ရွှေရောင် အသက်နန်းတော်ရဲ့ တတိယ အုပ်ချုပ်ရေးမှူး မာ့ကျန်းကလည်း အဲဒီနေရာမှာ ကြီးကြပ်သူ အဖြစ် ဆောင်ရွက်နေခဲ့တာ မလား... တစ်ယောက်ယောက်က သူတို့ မျက်လုံးအောက်ကနေ ဒြပ်စင် ရတနာသိုက်ထဲကို ဝင်ခိုးသွားနိုင်မယ်လို့ ထင်နေတာလား... သူတို့ ကိုယ်တိုင် ကြံစည်ဖို့ ဆိုတာတော့ တွေးတောင် မတွေးလေနဲ့... လောကနယ်မြေထဲကို မဝင်ခင်ကတည်းက လျှို့ဝှက် အာဏာရှင် အဆင့်‌ အားလုံး ဝိညာဥ်ကျိန်စာ ကျိန်ဆိုထားရတာ...”

ပြီးသည်နှင့် သူက သင်္ဘောရွက်များနှင့် ဘေးနံရံများကို လှည့်ပတ် ကြည့်ရှုနေ၏။ တမန်တော်ယုမှာ ထိုရှေ့ဟောင်း သင်္ဘောကြီးကို စိတ်ဝင်စားနေပုံပင်။

“ ... “

လင်းရှန်းရှဲ့မှာ တိတ်ဆိတ်သွားကာ လင်းမင်ကို လှမ်းကြည့်လိုက်၏။ လူငယ်၏ အမူအရာက မသိမသာ ပျက်ရွင်းနေသည်ကို သတိထားမိသော အခိုက်၌ သူမ၏ မျက်လုံးများက သာ၍ပင် ကျဥ်းမြောင်း သွားသည်။ သူက ဒြပ်စင် ရတနာသိုက်နှင့် ပတ်သက်၍ တစ်ချိန်လုံး လိမ်ညာထားသည်လော။

လင်းမင်မှာ စီနီယာ အမလင်း၏ စူးရှသော အကြည့်ကြောင့် မလုံမလဲ ဖြစ်သွားကာ ခပ်မြန်မြန်ပင် ရှင်းပြလိုက်သည်။

“စီနီယာ အမ... ကျွန်တော် မလိမ်ဘူး... ကျုပ်ဆီမှာ ဒြပ်စင် ရတနာသိုက်ထဲက ဘာရင်းမြစ်မှ မရှိဘူး... စီနီယာ အမ မယုံရင် ကျွန်တော် ဝိညာဥ်ကျိန်ဆို ပြမယ်”

တမန်တော်ယု၊ လင်းရှန်းရှီနှင့် ပိုင်ယုရှီတို့မှာ အတည်ပြောနေပုံ ရသည့် လင်းမင်၏ စကားကြောင့် အမူအရာများ ပြောင်းလဲ သွားကြ၏။

“ဒါဆို ဘာတွေဖြစ်သွားတာလဲ...”

လင်းရှန်းရှီက မေးလိုက်သည်။ သူမ အမှန်တရားကို သိဖို့ လိုအပ်သည်။ ထို့အပြင် လင်းမင်မှာ လိမ်တတ်သူ တစ်ယောက် မဟုတ်ဟု သူမ ယုံကြည်သည်။

လင်းမင်က ပင့်သက်တစ်ချက် ရှိုက်လိုက်၏။

“တမန်တော်ယု ပြောတာ မှန်ပါတယ်... ကျုပ် ရောက်သွားတဲ့ အချိန်မှာ ဒြပ်စင် ရတနာသိုက်က မပျက်မရွင်း ရှိပါသေးတယ်... ကျုပ် ရတနာသိုက်ကို သိမ်းဖို့ ကြိုးစားခဲ့တယ်... ဒါပေမဲ့...”

လင်းမင်၏ လေသံမှာ တုန့်ဆိုင်းကာ ခဏမျှ ရပ်တန့်သွား၏။ ငွေရောင် မျက်လုံးများနှင့် လူငယ်ကို ပြန်လည် မြင်ယောင်လိုက်မိသော အခိုက်၌ သူ၏ မျက်လုံးများက အရှက်ရမှု၊ မုန်းတီးမှု၊ ခံပြင်းမှု အငွေ့အသက်များနှင့် ရောထွေး ပြည့်နှက် သွားသည်။

“ဘာဖြစ်သွားလဲ မြန်မြန်ပြော...”

လင်းရှန်းရှဲ့က လောဆော်လိုက်၏။ သူမ စိတ်ရှည်‌မှုများမှာ တဖြည်းဖြည်း ကုန်ခမ်းစ ပြုနေခဲ့ပြီ ဖြစ်လေသည်။

“မိနစ်ပိုင်း အတွင်းမှာပဲ ဝေ့ဝူယင်က အားလုံးကို ယူသွားတယ်... သူ ဘာနည်းလမ်း သုံးသွားတယ် ဆိုတာတော့ ကျုပ် မသိဘူး”

“ဝေ့ဝူယင်...”

လင်းရှန်းရှဲ့က ခပ်တိုးတိုး ရေရွတ်လိုက်ရင်း အာရုဏ်ဦး အာဏာရှင် အင်ပါယာ ဆိုသည့် လူငယ်ကို ပြန်လည် ပုံဖော်လိုက်မိ၏။ ထိုတစ်ယောက်က ဒြပ်စင် ရွေးချယ်ခံ ပြိုင်ပွဲ အတွင်း ဝင်ရောက်ကာ လင်းမင်၏ ပြိုင်ဘက် ဖြစ်လာလိမ့်မည်ဟု သူမ စိုးထိတ်ခဲ့သည့် တစ်ယောက်ပင် မဟုတ်ပါချေ။

"ဒုတိယမြောက် ရွေးချယ်ခံ ကောင်လေးလား...”

တမန်တော်ယုက စိတ်ဝင်တစားဖြင့် မေးလိုက်၏။

“ဒုတိယမြောက် ရွေးချယ်ခံ...”

လင်းရှန်းရှဲ့က အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်မိတော့သည်။ ဒြပ်စင် ရွေးချယ်ခံ ပြိုင်ပွဲ အတွင်း မည်သည့် အရာများ ဖြစ်ပျက်ခဲ့သနည်း။

***

All Chapters