ပေးရမည့် တန်ဖိုး *
Vol. 43 Ch. 591
ပိုင်ယုရှီ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ရီသွား၏။ မူလ ကြီးကြပ်သူက ဒြပ်စင် ရွေးချယ်ခံ နှစ်ယောက် ရွေးချယ်ခဲ့ကြောင်းကို အစောကတည်းက သူမ သိရှိပြီး ဖြစ်သည်။ သို့သော်လည်း... ဝေ့ဝူယင် အကြောင်းအား ထုတ်ဖော်လိုက်ပါက အစစ်အမှန် ဒြပ်စင်ဂိုဏ်း အတွင်း လင်းမင်၏ ရွေးချယ်ခံ ဂုဏ်ပုဒ် ကျဆင်းသွားမည်ကို စိုးရိမ်သောကြောင့် သူမ ရေငုံနှုတ်ပိတ် နေခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် သူမ၏ အမြင်၌ ဝေ့ဝူယင်မှာ ကိုယ့်ကိုယ်ကို ထိစေသည့် နည်းလမ်းအား အသုံးပြုပြီးနောက်တွင် ကျင့်ကြံခြင်း အခြေခံ ပျက်စီးလုနီးနီး ဖြစ်နေခဲ့သူ ဖြစ်သည်။ သို့ဖြစ်လေရာ သူ့ကို ထိုက်တန်သော ရွေးချယ်ခံဟု သူမ မယူဆချေ။ သူမ ကဲ့သို့ပင် ပြိုင်ပွဲ၏ မူလ ကြီးကြပ်သူမှာလည်း ဝေ့ဝူယင်ကို ရွေးချယ်ခံ တစ်ဦး အဖြစ် ရွေးချယ်ခဲ့ပြီးမှ မသမာသော နည်းလမ်းများကို ရှာဖွေ တွေ့ရှိသွားကာ အစီရင်ခံစာတွင် မထည့်သွင်းခဲ့ခြင်း ဖြစ်နိုင်သည်။
သို့သော်လည်း... ဝေ့ဝူယင်က ဒြပ်စင် ရတနာသိုက်ထဲရှိ အရာအားလုံးကို ယူဆောင်သွားသည်ဟု လင်းမင်က ဆိုလာပြန်သည်။ မည်ကဲ့သို့ နားလည်ရမှန်း သူမ မသိတော့ချေ။
လင်းရှန်းရှဲ့မှာ တုန်လှုပ်နေသည့် ပိုင်ယုရှီကို တစ်လှည့်၊ လင်းမင်ကို တစ်လှည့်ကြည့်ရင်း ပြဿနာများက ထင်တာထက် အများကြီး ပိုရှုပ်ထွေးနေပြီ ဖြစ်ကြောင်း သဘောပေါက် လိုက်သည်။ သူမ စိတ်ရှုပ်ထွေးစွာဖြင့် နှုတ်ခမ်းကို ကိုက်လိုက်မိ၏။ ဝေ့ဝူယင်က မည်ကဲ့သို့ ဒုတိယမြောက် ရွေးချယ်ခံ ဖြစ်နေသနည်း။ ဒြပ်စင် ရတနာသိုက်နှင့် အရှင် ဝိညာဥ် လမ်းလျှောက်သူ အကြားမှ ကတိကဝတ်ကရော အဘယ်နည်း။
တမန်တော်ယုမှာ လင်းရှန်းရှဲ့တို့ သုံးယောက်ကို ကြည့်ရင်း နားမလည်နိုင်အောင် ဖြစ်လာခဲ့၏။ အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ထိုရှန့်ထိုလေးမှာ ဒြပ်စင်ပြိုင်ပွဲ၏ ဒုတိယမြောက် ကြီးကြပ်သူ၊ ရွေးချယ်ခံ နှစ်ယောက်ထဲမှ တစ်ယောက်တို့နှင့် အတူ ခရီးသွားနေခြင်း ဖြစ်သည်။ သို့တိုင်အောင် သူမက ဒြပ်စင် ရွေးချယ်ပွဲက အကြောင်းတွေကို ဘာမှ ရေရေရာရ မသိပုံ ရနေသည်။ ထိုနှစ်ယောက်က သူမကို ဘာမှ မပြောပြခဲ့သည်လား။ တမန်တော်ယုမှာ သုံးယောက်တည်းနှင့် ရှုပ်နေသည့် ပဋိပက္ခကို ကြည့်ကာ စိတ်ထဲတွင် အူမြူးလာသလို ခံစားလိုက်ရ၏။
ခပ်လှမ်းလှမ်း၌ ရပ်နေကြသည့် ပိုင်ယုရှီနှင့် လင်းမင်တို့ကို တစ်ချက်စီ ကြည့်ပြီးနောက် တမန်တော်ယုက လင်းရှန်းရှဲ့ဘက်ကို ပြန်လှည့်လိုက်၏။
“မင်း မသိတာလား... အရှင် ဝိညာဥ် လမ်းလျှောက်သူရဲ့ အဆိုအရဆိုရင် မူလ ကြီးကြပ်သူက ရွေးချယ်ခံ နှစ်ယောက်ကို ဆက်တိုက် ရွေးချယ်ခဲ့တယ်တဲ့... ပြီးတော့ သူတို့ နှစ်ယောက်ထဲက တစ်ယောက်က ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်ကိုပါ ဖွဲ့စည်းနိုင်ခဲ့တယ် တဲ့... မင်းတို့ဂိုဏ်းတော့ ကံကောင်းပြီလို့တောင် သူတို့ ပြောဆို နေကြတာ”
ရွှင်မြူးမှု အရိပ်အယောင်များမှာ သူ့လေသံထဲတွင် ထိန်းချုပ်မရနိုင်အောင် ပါဝင်နေ၏။
“ဘာကြီး...”
လင်းရှန်းရှဲ့၏ နှလုံးသားမှာ ရိုင်းစိုင်းစွာ ခုန်ပေါက်လာ၏။
“ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်...”
သူမက မျက်လုံးများက မျှော်လင့်ချက် အရိပ်အယောင်များဖြင့် ပြည့်နှက်လာကာ လင်းမင်းကို ကြည့်လိုက်သည်။ သို့သော်လည်း လူငယ်၏ မျက်လုံးထဲရှိ ခါးသီးမှု အငွေ့အသက်တို့ကို မြင်လိုက်ရသော အခိုက်၌ အမှန်တရားကို သူမ သဘောပေါက် သွား၏။
မည်သို့ပင် ဆိုစေ... သူမမှာ ပြိုင်ပွဲ၏ မူလ ဒုတိယ ကြီးကြပ်သူ ဖြစ်သည်။ ကယ်ပေါက်များနှင့် လိုအပ်ချက်များ အကြောင်းကို မည်ကဲ့သို့ မသိပဲ နေပါမည်နည်း။
လင်းရှန်းရှဲ့ သာလျှင် မက တမန်တော်ယုမှာလည်း လင်းမင်၏ တုန့်ပြန်ပုံကို ကြည့်ကာ အမှန်တရားကို ရှာဖွေ တွေ့ရှိသွား၏။ အစပိုင်း၌... ထိုချောမော ခန့်ညားသည့် မီးခိုးရောင် မျက်လုံးပိုင်ရှင် လူငယ်မှာ ဒြပ်စင် နှလုံးသား ရည်ရွယ်ချက် ပိုင်ရှင် ဖြစ်လိမ့်မည်ဟု သူ ယူဆ ထားခဲ့ခြင်း ဖြစ်သည်။
သူကိုယ်တိုင်ပါ စိတ်များ စတင် ရှုပ်ထွေးလာခဲ့၏။ အရှင် ဝိညာဥ်လမ်းလျှောက်သူ၏ ပြောစကား အရဆိုလျှင် အခြား ရွေးချယ်ခံ လူငယ်မှာ ဒဏ်ရာ ပြင်းထန်စွာ ရထားကာ ရုပ်၊ စိတ်နှင့် ဝိညာဥ် ကျင့်ကြံခြင်း လမ်းစဥ် သုံးခုလုံး ပျက်စီးလုနီးပါး ဖြစ်နေသူ ဖြစ်သည်။ ထိုကဲ့သို့ လူတစ်ယောက် အတွက် ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်ကို နားလည်ရန် မဖြစ်နိုင်လု နီးပါးပင်။
“...“
လင်းရှန်းရှဲ့မှာ အချိန်အတန်ကြာအောင် ဘာပြောရမှန်း မသိ ဖြစ်နေခဲ့၏။ တမန်တော်ယု၏ စကားများမှ တစ်ဆင့် အခြေအနေကို အတော်လေး ရှင်းရှင်းလင်းလင်း သူမ နားလည်နေခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ဒြပ်စင် နှလုံးသား ရည်ရွယ်ချက် မည်မျှ အရေးပါကြောင်း သူမ သိသည်။ ၎င်းက အတုအယောင် လောကနယ်မြေ တစ်ခုထက် အဆပေါင်း အဆပေါင်း များစွာ ပိုမို တန်ဖိုးရှိသည်။
လင်းရှန်းရှဲ့မှာ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းကာ ခံစားချက်များကို ထိန်းချုပ် ကြိုးစားရင်း လင်းမင်ကို တစ်ခဏမျှ စိုက်ကြည့်နေခဲ့၏။ ထို့နောက် အချိန်များ ဖြတ်ကျော်လာသည်နှင့် အမျှ သူမ၏ ခက်ထန်သော အကြည့်များက ဖြည်းညင်းစွာပင် ပြေလျော့ သွားသည်။ အဆုံးသတ်၌ မိန်းကလေးက သက်ပြင်းတစ်ချက် ချရင်း ခံစားချက်များကို အပြီးတိုင် လျှောချလိုက်သည်။
“ကျွန်မတို့ဂိုဏ်းက ဒီပြဿနာကို ဖြေရှင်းလိုက်ပါ့မယ်...”
လင်းရှန်းရှဲ့က တမန်တော်ယုဘက်ကို လှည့်လိုက်ရင်း တလေးတစားပင် လက်နှစ်ဖက်ကို ယှက်လိုက်၏။
“ဒြပ်စင် ရတနာသိုက်နဲ့ ပတ်သက်တဲ့ ကိစ္စကတော့ ရှင်းပြီ ထင်တယ်... အဲဒီ အထဲက ရတနာတွေကို လင်းမင် ဘာတစ်ခုမှ မရလိုက်ဘူး... ဆိုတော့ကာ သူ့မှာ ပေးစရာလည်း ဘာမှ မရှိဘူး... တကယ်လို့ တမန်တော်ယုတို့ လိုချင်တယ် ဆိုရင် သူ့ဆီ သွားပြီး တောင်းသင့်တယ်... အခု ကျွန်မတို့ကို ခွင့်ပြုပါဦး”
သူမက တမန်တော်ယုအား ဘေးဖယ်ပေးရန် ပြောနေသည်မှာ ရှင်းရှင်းလင်းလင်းပင်။
“ဟဟ...”
တမန်တော်ယုက အနည်းငယ် ရယ်မောလိုက်၏။ ခံစားချက်များအား ထိန်းချုပ်ကာ ပြဿနာကို တန်ပြန် ဖြေရှင်းရန် ကြိုးစားနိုင်သည့် လင်းရှန်းရှဲ့၏ စွမ်းရည်ကို သူ အတော်လေး အထင်ကြီး မိပေသည်။ သို့သော်လည်း အပေးအယူကို လွယ်လွယ်နှင့် လက်လျှော့လိုက်ရအောင် သူကလည်း အရူးတစ်ယောက် မဟုတ်ပါချေ။
“အရှင် ဝိညာဥ် လမ်းလျှောက်သူက ရင်းမြစ်တွေရဲ့ အကြမ်းဖျဥ်း ခန့်မှန်းချက်နဲ့ စျေးကွက် ပေါက်စျေးတွေကို တွက်ချက်ထားခဲ့တယ်... နောက်ပြီး ပြုလုပ်ထားတဲ့ သဘောတူညီမှုက ရရှိလာမယ့် ရင်းမြစ်တွေရဲ့ ရှစ်ဆယ် ရာခိုင်နှုန်း မဟုတ်ဘူး... ဒြပ်စင် ရတနာသိုက်ရဲ့ ရှစ်ဆယ် ရာခိုင်နှုန်းပဲ... ဒါပေမဲ့ စိတ်မပူပါနဲ့... အရှင် ဝိညာဥ်လမ်းလျှောက်သူက စိတ်သဘောထား ကြီးမြတ်ပါတယ်... ဒြပ်စင် ရတနာ သိုက်ထဲက ရင်းမြစ်တွေ မဟုတ်ဘူး ဆိုရင်တောင် အဲဒီ နေရာမှာ အခြား ရင်းမြစ်တွေ၊ ရတနာတွေနဲ့ အစားထိုးပေးလို့ရပါတယ်... ကျုပ်ကိုတောင် လျှော့ပေါ့ထားတဲ့ ခန့်မှန်းချေ တန်ဖိုးလေး ပေးလိုက်တယ်”
တမန်တော်ယုက လက်ဖဝါးကို ဖြန့်လိုက်ရာ အဝါရောင် စာလိပ်တစ်လိပ် ပေါ်လာခဲ့၏။
လင်းမင်၊ ပိုင်ယုရှီနှင့် လင်းရှန်းရှဲ့တို့၏ အမူအရာများကတော့ ချောက်နက်ကြီး တစ်ခုထဲကို ပြုတ်ကျသွားကြသည်။ ပြဿနာကို လွယ်လွယ်နှင့် ဖြေရှင်း၍ ရတော့မည် မဟုတ်ကြောင်း သူတို့အားလုံး နားလည်လိုက်ပြီ ဖြစ်သည်။
လင်းမင်က မျက်မှောင်ကြုတ်လိုက်ရင်း ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။
“ကျုပ် ဘယ်တုန်းကမှ အဲဒီလို ပေးမယ်ဆိုပြီး သဘောမတူဖူးဘူး”
ဝိညာဥ် လမ်းလျှောက်သူ ဆိုသည့် ပုဂ္ဂိုလ်ကို သူ တစ်ခါမှ မမြင်ဖူးသလို၊ စကားလည်း မပြောဖူးချေ။ သို့တိုင်အောင် ကျူးကျူးကျော်ကျော် လာရောက်၍ ဝေစု ရှစ်ဆယ် ရာခိုင်နှုန်းကို တောင်းဆိုနေသည်။ ဒြပ်စင် ရတနာသိုက်အား သူ မရဘူး ဆိုတာတောင် အခြား ရင်းမြစ်များနှင့် အစားထိုးပေးဖို့ ဓားပြတိုက်နေသည်။ ဘာတွေနည်း။
လင်းရှန်းရှဲ့မှာ လင်းမင်၏ စကားကြောင့် အံ့အားသင့်သွား၏။ ထိုအရာက သဘောတူညီမှုတစ်ခု မဟုတ်သည်လား။
သို့သော်လည်း တမန်တော်ကတော့ လင်းမင် ထိုကဲ့သို့ ငြင်းမှာကို ကြိုတင် သိရှိထားသည့်နှယ် တည်တည်ငြိမ်ငြိမ်ပင် တုန့်ပြန်လိုက်၏။
“မှန်ပါတယ်... မင်းကျိန်တာ မဟုတ်ဘူး... ကျိန်ခဲ့တဲ့ လူက ပိုင်ယုရှီပဲ... မင်း မပေးဘူး ဆိုလည်း ဘာမှမဖြစ်ဘူး... ပိုင်ယုရှီပဲ ဖြစ်မှာပါ”
“...”
လင်းမင်မှာ ဘာဆက်ပြောရမှန်း မသိ ဖြစ်သွား၏။ သူနှင့် လင်းရှန်းရှဲ့ နှစ်ယောက်စလုံး ပိုင်ယုရှီကို လှည့်ကြည့်လိုက်မိကြသည်။
ပိုင်ယုရှီကား လက်ဖဝါး တစ်ခုလုံး ချွေးများ စိုစွတ်ကာ တုန်ရီနေခဲ့ပြီ ဖြစ်သည်။ သူမက လင်းမင် ရွေးချယ်ခံ တစ်ယောက် ဖြစ်စေဖို့ အတွက် ဝိညာဥ်ကျိန်ဆိုခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ၎င်းက သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်ကာ အရာရာ အဆင်ပြေလိမ့်မည်ဟုလည်း သူမ ထင်ခဲ့သည်။ သို့သော်လည်း ဒြပ်စင် ရတနာသိုက်ကို ဝေ့ဝူယင် လုယူသွားလိမ့်မည်ဟု မည်သူက ထင်မိခဲ့လိမ့်မည်နည်း။
သူတို့ တစ်စုံတစ်ရာ မတုန့်ပြန်နိုင်ခင်မှာပင် အဝါရောင် စာလိပ်မှာ ပိုင်ယုရှီ၏ အရှေ့သို့ ရောက်ရှိလာ၏။ သူမက တုန်ရီစွာပင် လက်ကို ဆန့်ထုတ်ကာ စာလိပ်ကို ကိုင်လိုက်သည်။ အထဲတွင် ရေးသားထားသည့် ဂဏန်းကို တွေ့လိုက်ရသော အခိုက်၌ သူမ၏ နှလုံးသားမှာ အနက်ရှိုင်းဆုံးသော ချောက်နက်ထဲသို့ ခုန်ဆင်း သွားခဲ့တော့၏။
လင်းရှန်းရှဲ့က ပိုင်ယုရှီ၏ လက်ထဲမှ စာလိပ်ကို ယူကာ ဖတ်လိုက်သည်။ ထို့နောက် သူမ၏ အမူအရာမှာ ပြောင်းလဲသွား၏။
“မဖြစ်နိုင်တာ... ရတနာသိုက်က အဲဒီလောက် တန်ဖိုးရှိစရာ အကြောင်း မရှိဘူး”
မိန်းကလေး၏ မျက်လုံးများက မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေ၏။ ထိုတန်ဖိုးကို သူမ လက်မခံနိုင်သည်က ထင်ထင်ရှားရှားပင်။ ၎င်းက နယ်မြေတစ်ခု၏ ဆယ်ပုံတစ်ပုံခန့်ကိုပင် ဝယ်ယူရန် လုံလောက်နေသည် မဟုတ်ပါလား။
သို့သော်လည်း တမန်တော်ယုက ထိုအရာကိုလည်း နောက်တစ်ကြိမ် ကြိုတင် မျှော်လင့်ထားပြီး ဖြစ်ပုံ ပေါ်သည်။
“ရတနာသိုက်ရဲ့ တန်ဖိုးထဲမှာ အစွန်းလေးဖက် လေ့ကျင်းရေး နယ်မြေ အတွက် အဝင်၊ အထွက် တိုကင်တွေကိုပါ ထည့်တွက်ထားတယ်... အရှင် ဝိညာဥ် လမ်းလျှောက်သူနဲ့ အခြားလူတွေရဲ့အဆိုအရဆိုရင် အဲဒီ လေ့ကျင့်ရေး နယ်မြေက ပါရမီရှင်တွေ ရာစုနှစ် တစ်ဝက်လောက် စူးစမ်း ရှာဖွေနိုင်တဲ့ အထိ အဖိုးတန်တယ်တဲ့”
တမန်တော်ယုက တောက်ပသော အပြုံးနှင့် ဖြည်းညင်းစွာပင် ပြောပြလိုက်၏။ အမြုတေ ဖျက်ဆီးခံရမှုကြောင့် လေ့ကျင့်ရေး နယ်မြေများနှင့် ဆက်စပ်နေသည့် အရာအားလုံး ပျက်သုဥ်းသွားကြောင်းကို လူတိုင်း နီးပါး သိကြပေသည်။ သို့သော်လည်း ရွှေရောင် အသက်နန်းတော်နှင့် သဘောတူညီမှုက လူသိထင်ရှား ဖြစ်သည်။ အကယ်၍ ရွေးချယ်ခံ တစ်ယောက် ပေါ်ထွက်လာပါက ထိုရွေးချယ်ခံနှင့် သူ့အဖွဲ့ဝင်များမှာ ထိုလေ့ကျင့်ရေး နယ်မြေများတွင် စိတ်ကြိုက် လေ့ကျင့်ခွင့် ရလိမ့်မည် ဖြစ်သည်။
ထို့ကြောင့်ပင် ရွေးချယ်ခံမှာ လေ့ကျင့်ရေး နယ်မြေများကို ရွှေရောင် အသက် နန်းတော်နှင့် ပူးတွဲ ပိုင်ဆိုင်ပေသည်။
အဝင်အထွက် တိုကင်များမှာ ဒြပ်စင် ရတနာသိုက် အတွင်းတွင် ရှိရာ အရှင် ဝိညာဥ် လမ်းလျှောက်သူမှာ ရှစ်ဆယ် ရာခိုင်နှုန်းထဲတွင် ၎င်းကိုပါ ထည့်သွင်း တွက်ချက်ထားခြင်း ဖြစ်သည်။ တစ်နည်းပြောရလျှင် ယင်းက တစ်ဖက်လှည့်ဖြင့် ကွက်ကျော်ရိုက်ခြင်း သက်သက်သာ ဖြစ်သည်။ အတော် စက်ဆုပ်ဖွယ် ကောင်းသည့်တိုင် သဘောတူညီမှုက တရားဝင် ဖြစ်လေရာ သူတို့တွင် ငြင်းဆန်နိုင်ခွင့် မရှိချေ။
“...”
တိတ်ဆိတ်ခြင်းက ထက်မြိသော ဓားတစ်ခုနှယ် လင်းရှန်းရှဲ့၏ နှလုံးသားကို လှီးဖြတ်နေ၏။ လျော်ကြေးက သူမ တတ်နိုင်သည့် ပမာဏထက် အဆများစွာ ကျော်လွန်နေသည်။ အခြားတစ်ဖက်၌ ပိုင်ယုရှီကိုလည်း သူမ မစတေး နိုင်ပေ။
အစစ်အမှန် ဒြပ်စင်ဂိုဏ်းကို တင်ပြရန်လား... လက်ရှိ၌ သူတို့က ဘဏ္ဍာရေး အတောင့်တင်းဆုံး အခြေအနေ၌ ရှိမနေချေ။ ထိုပမာဏကို ပေးဖို့ မဖြစ်နိုင်သလောက်ပင်။
လင်းရှန်းရှဲ့မှာ အဝါရောင် စာလိပ်ကို ကိုင်ရင်း ခေါင်းကိုက်လာခဲ့၏။ လင်းမင်၏ ရွေးချယ်ခံ အဆင့်အတန်းကို တင်ပြရန် ဂိုဏ်းသို့ ပြန်မရောက်ခင်မှာပင် ပြဿနာက အရင်ဆုံး ရောက်လာခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း... တမန်တော်ယုက ထိုမျှနှင့် ရပ်တန့်ရန် ဆန္ဒ ရှိပုံ မရပဲ ပိုင်ယုရှီဘက်သို့ လှည့်ကာ ထပ်ပြောလိုက်၏။
“မိန်းကလေး... လင်းမင်ရဲ့ ခန္ဓာကိုယ်ထဲက အတားအဆီးတွေကို ပယ်ဖျက်ဖို့ မင်း တန်ရာတန်ကြေး ပေးမယ်လို့ ပြောခဲ့သေးတယ်နော်... ငါ အခု ဒီနေရာကို ရောက်လာတာ အဲဒီ အကြောင်း သတိပေးဖို့လည်း ပါတယ်”
“တန်ရာတန်ကြေး...”
လင်းရှန်းရှဲ့မှာ ဘာကိုမှ နားမလည်နိုင်တော့ချေ။ သူမက ပိုင်ယုရှီနှင့် လင်းမင်တို့သာ မေးခွန်းထုတ်သည့် အကြည့်ဖြင့် ကြည့်လိုက်မိ၏။ ဒြပ်စင် စမ်းသပ်ပွဲ အတွင်းတွင် မည်သည့် အရာများ ဖြစ်ပျက် သွားခဲ့သနည်း။ အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ အဆင့်အတန်းဖြင့် ဝိညာဥ် လမ်းလျှောက်သူကို မကြောက်သည့်တိုင် ဤသည်က ဂုဏ်သိက္ခာနှင့် ဆိုင်နိုင်သည့် ကိစ္စ ဖြစ်သည်။
“...”
ပိုင်ယုရှီမှာ တိတ်ဆိတ်နေ၏။ ထို့နောက် သူမ၏ မျက်လုံးများက ပြာဝေလာသည်။ ရုတ်တရက် လောကကြီးထဲတွင် အမှောင်ထု ကျရောက်လာသလို ခံစားလိုက်ရကာ သူမ၏ အတွေးများက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ထို့နောက်... သူမ၏ ဒူးများမှာ ခွေညွှတ်သွားကာ ကြမ်းပြင်ပေါ် ပြုတ်ကျသွားခဲ့တော့၏။
“ပိုင်ယုရှီ...”
လင်းရှန်းရှဲ့က စိုးရိမ်တကြီး အော်ဟစ်လိုက်ရင်း ပြေးလာကာ မိန်းကလေးအား မြေပြင်ပေါ် မကျမီ ပွေ့ပိုက်လိုက်၏။ ထို့နောက် ဝိညာဥ် အာရုံကို ထုတ်လွှတ်ရင်း သူမ၏ ခန္ဓာကိုယ်ကို နှံ့နှံ့စပ်စပ် စစ်ဆေးလိုက်သည်။ သိပ်မကြာခင်မှာပင် သူမ၏ မျက်နှာက သွေးမရှိသည့်နှယ် တဖြည်းဖြည်း ဖြူရော် လာခဲ့၏။
ပိုင်ယုရှီ၏ စိတ်တစ်ခုလုံးမှာ ပြိုကွဲလုနီးပါး ဖြစ်နေကာ ကျင့်ကြံခြင်း အခြေခံမှာလည်း တစ်စိတ်တစ်ပိုင်း ဆုံးရှုံး၍ ထိန်းချုပ်မှု လုံးလုံးလျားလျား ကင်းမဲ့နေခဲ့သည် မဟုတ်ပါလား။
မည်သည့် အရာများ ဖြစ်ပျက်ခဲ့သနည်း။
လင်းရှန်းရှဲ့၏ မျက်နှာက ကြောက်မက်ဖွယ် ကောင်းအောင် ဖြူရော်နေခဲ့ပြီ ဖြစ်လေသည်။ သူမက အလျင်စလိုပင် ကျောက်စိမ်း ပုလင်းလေး တစ်ခုကို ဆွဲထုတ်လိုက်၏။ ထိုပုလင်းလေး၏ အတွင်းတွင်တော့ တဖျပ်ဖျပ် တောက်ပနေသည့် စိမ်းပြာရောင် အရည်များ ပါဝင်နေသည်။
တမန်တော်ယုမှာ ပုလင်းလေးကို ကြည့်ကာ စိတ်ဝင်စားသည့် အရိပ်အယောင်များ ထွက်ပေါ်လာ၏။
“အဆင့်ရှစ် အထွတ်အထိပ် အဆင့် စိတ်ရုပ်ဝိညာဥ် မျှတခြင်း ဆေးရည်...”
ထိုအရာက ဝိညာဥ်နှင့် ပတ်သက်သည့် ဒဏ်ရာများကို တည်ငြိမ်အောင် ထိန်းသိမ်းရာ၌ အလွန်အမင်း အဖိုးထိုက်တန်သော ဆေးရည်ပင် ဖြစ်သည်။ ဆေးညွှန်းများ၏ အဆိုအရဆိုလျှင် ၎င်းက ကျင့်ကြံခြင်း အခြေခံ ပျက်စီးသွားသူ တစ်ယောက်ကိုပင် ပြန်လည် ကောင်းမွန်စေနိုင်သည်ဟု ဆိုသည်။ အဂ္ဂိရတ် လောကတွင် ၎င်းကို အဆင့်ကိုးတစ်ပိုင်း ထုတ်ကုန်တစ်ခု အဖြစ်ပင် ယူဆထားကြ၏။ အဘယ်ကြောင့်ဆိုသော် အဆင့်ကိုး အဂ္ဂိရတ် အာဏာရှင်များသာလျှင် ထိုဆေးရည်ကို အောင်အောင်မြင်မြင် ဖော်စပ်နိုင်ကြသောကြောင့်ပင်။
လင်းရှန်းရှဲ့က ပိုင်ယုရှီအား ဆေးရည် တိုက်ရန် အတွက် မျက်နှာထက်တွင် ဖုံးအုပ်ထားသည့် ပုဝါကို လှန်လောလိုက်၏။ တစ်ချိန်လုံး ဖုံးကွယ်နေခဲ့သည့် သူမ၏ မျက်နှာ အသွင်အပြင်ကလေးမှာ ထင်မှတ်မထားစွာပင် လောကထံသို့ ပေါ်ထွက်လာခဲ့ပြီ ဖြစ်လေသည်။
“...”
မိန်းကလေးကို မြင်လိုက်ရသော အခိုက်၌ လင်းမင်၏ မျက်လုံးများမှာ ပြူးကျယ် သွားခဲ့တော့၏။
***