လင်းမင်နှင့် အရှုပ်အထွေးများ
Vol. 43 Ch. 592
လင်းရှန်းရှဲ့က ကျောက်စိမ်း ပုလင်း အဖုံးကို ဖွင့်ကာ စိမ်းပြာရောင် ဆေးရည်များကို ပိုင်ယုရှီ၏ ပါးစပ် အတွင်း ဖြည်းညင်းစွာ လောင်းထည့် နေခဲ့၏။ တစ်ချိန်တည်း၌ သူမက မိန်းကလေး၏ လည်ချောင်းကို ပွတ်သပ်ရင်း ချောချူစွာ ကျသွားအောင် ပြုလုပ်ပေးနေခဲ့၏။
အခြားတစ်ဖက်၌ လင်းမင်မှာ စိတ်ကို တည်ငြိမ်ရန် အတွက် အသက်ကို ပြင်းစွာ ရှူသွင်းနေရ၏။ သူ၏ မျက်လုံးများကတော့ ပိုင်ယုရှီ၏ မျက်နှာလေကို စိုက်ကြည့်နေခဲ့သည်။ အစွန်းလေးဖက် လောကနယ်မြေ အတွင်းမှ မှတ်ဉာဏ်များမှာ သူ့စိတ်အတွင်း တရိပ်ရိပ် ထင်နေခဲ့၏။
“အဲဒါ မင်းလား...”
ပိုင်ယုရှီ သတိမေ့နေသည်ကို သိသည့်တိုင် သူ မထိန်းချုပ်နိုင်ပဲ မေးလိုက်မိသည်။ အတူရှိနေခဲ့သည့် တစ်ချိန်လုံး မိန်းကလေးမှာ မျက်နှာကို ဇာပုဝါ မျက်နှာဖုံးခြင့် ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။ ထိုအရာက အလွန် ချောမော လှပပြီး ပါရမီ မြင့်မားသည့် မိန်းကလေးများ အန္တရာယ်ကို ရှောင်ရှားရာတွင် အသုံးပြုသည့် ဓလေ့ထုံးတမ်း တစ်ခု ဖြစ်ရာ သူ စစ်ဆေးခြင်း မပြုခဲ့ချေ။
မျက်နှာဖုံး နောက်ကွယ်ရှိ ပိုင်ယုရှီကား တကယ် လှပလှသည်။ ပါးလွှာပြီး ထင်းနေသည့် ဇင်ယော်တောင် မျက်ခုံးများမှာ သူမ၏ ဘဲဥ ပုံသဏ္ဌာန် မျက်နှာထက်တွင် ပြီးပြည့်စုံစွာ နေရာချထား၏။ သူမ၏ ပန်းရောင် နှုတ်ခမ်းလေးများက ရေကဲ့သို့ နူးညံ့လှကာ သကြားလုံးအလား ချိုမြိန်နေပုံ ပေါ်သည်။ စုံမှတ်ထားသည့် သဖြင့် သူမ၏ မျက်လုံးအရောင်ကို မခွဲခြားနိုင်သည့်တိုင် မျက်ခွံလေးများက နီရဲနေကာ ရှည်လျား ကော့ညွှတ်သော မျက်တောင်ရှည်များနှင့် ဂဟေဆက်နေသည်။
အနည်းငယ် ဖြူရော်နေသည်မှ လွဲ၍ မိန်းကလေး၏ မျက်နှာ တစ်ခုလုံးကား အပြစ်အနာအဆာ တစ်ခုပင် မရှိအောင် ပြီးပြည့်စုံလွန်းလှသည်။
သို့သော်လည်း လုံချန်ကို အံ့အားသင့်စေခဲ့သည်က မိန်းကလေး၏ အလှအပ မဟုတ်ပါချေ။ ရင်းနှီးနေပြီးသား ဖြစ်သည့် သူမ၏ မျက်နှာကလေးကြောင့်ပင်။
လွန်ခဲ့သည့် သုံးနှစ်ကျော် ကာလ... ဂိတ်တံခါးကို ဖြတ်သန်း၍ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးသို့ ရောက်ရှိပြီး မကြာခင်မှာပင် သူ သူမနှင့် ဆုံတွေ့ခွင့် ရခဲ့သည်။ ထိုစဥ်အခါက မိန်းကလေးမှာ စမ်းချောင်းလေး တစ်ခုအတွင်း ရေချိုးနေခဲ့ခြင်း ဖြစ်ကာ သူက အမှတ်မထင် ချောင်းကြည့်မိခဲ့သလို ဖြစ်သွားခဲ့သည်။
အတိုချုပ် ပြောရလျှင် ပဋိပက္ခ အနည်းငယ် ဖြစ်ပြီးနောက် သူတို့ နှစ်ယောက် ရတနာသိုက် တစ်ခုတွင် ပြန်ဆုံခဲ့ကြသည်။ ကံဆိုးစွာဖြင့် အချိန်ကိုက်ပင် လောဘကြီးသော လောကသခင် တစ်ယောက်နှင့် သူတို့ ဆုံခဲ့သည်။ လင်းမင်နှင့် မိန်းကလေးတို့ နှစ်ယောက် အတူတကွ ပူးပေါင်း၍ လောကသခင်ကို တိုက်ခိုက်ခဲ့ကာ အကျိုးအမြတ်များနှင့် အတူ ထွက်ပြေးလွတ်မြောက် ခဲ့ကြသည်။
ထိုနေ့မှ စ၍ သူတို့ နှစ်ယောက် ပဋိပက္ခများကို လွှတ်ချကာ လက်တွဲခဲ့ကြသည်။ အမျိုးမျိုးသော အခက်အခဲများကို ရင်ဆိုင်ကာ ဖြတ်ကျော်ခဲ့ကြသည်။ ဤသို့နှင့် တော်ဝင် သားတော် တစ်ယောက် ဖြစ်လာပြီး နောက်တွင် သူမ သူ့ကို ခွဲခွာသွားခဲ့သည်။
ထို့နောက် တော်ဝင် ညီလာခံကို ကျင်းပခဲ့သည်။ သူ ဝေ့ဝူယင်နှင့် တိုက်ခိုက်ခဲ့ကာ ဆိုးဆိုးရွားရွားပင် ရှုံးနိမ့်ခဲ့သည်။ သို့သော်လည်း လင်းမင်မှာ အရှုံးပေးရတာထက် စာလျှင် အသေခံမည့် လူမျိုး ဖြစ်ရာ အညံ့ခံရန် ငြင်းဆိုခဲ့သည်။
ထို့နောက်တွင် ပုံရိပ်ယောင် လောကထဲ တစ်နည်းနည်းဖြင့် ကျရောက်သွားခဲ့သည်။ သူ ဆက်တိုက်ပင် ဝေ့ဝူယင်နှင့် ဟယ်ယန်းလဲ့တို့ကို အနိုင်ယူနိုင်ခဲ့သည်။ ထို့နောက်တွင် သူ၏ နောက်ဆုံး ပြိုင်ဘက်က သူမ ဖြစ်လာခဲ့သည်။ သူ နောက်တစ်ချက် မတွန့်ပဲ သူမကို အရှုံးပေးဖို့ ဆုံးဖြတ်ခဲ့သည်။
ထို့နောက် သူမက ဘယ်တော့မှ ပေါ်မလာတော့ချေ။ ယနေ့မတိုင်ခင် အချိန်အထိ သူ့အား နယ်မြေမျိုးစေ့ ရရှိအောင် ကူညီပေးခဲ့သူက အကြွင်းမဲ့ မီးတောက် တော်ဝင် သမီးတော် ထန်ရှင်းယွင် ဟုသာ လင်းမင် ထင်မှတ်နေခဲ့ခြင်း ဖြစ်သည်။
ရုတ်တရက် လင်းမင် ပြန်လည် သတိရလာခဲ့၏။ အခြေခံ ဝါးမျိုခြင်း မိစ္ဆာနည်းလမ်းကို အသုံးပြုစဥ် အခါက ထန်ရှင်းယွင် အပြင် အခြား မိန်းကလေး နှစ်ယောက်လည်း ပါဝင်ခဲ့သည်။ သူတို့ အားလုံး၏ ကျေးဇူးကို လင်းမင် ဘယ်တော့မှ မေ့လိမ့်မည် မဟုတ်ချေ။
နောက်ဆုံး၌ ရက်စက်သည့် မိစ္ဆာနည်းလမ်းကြောင့် မိန်းကလေး နှစ်ယောက်ထဲမှ တစ်ယောက်မှာ သေဆုံးသွားခဲ့ကာ ရှင်ကျန်ခဲ့သည့် တစ်ယောက်မှာလည်း သူ ကျေးဇူးတင်စကား မပြောနိုင်ခင်မှာပင် ထွက်ခွာသွားခဲ့သည်။
“နေဦး... ဒါဆို သူက...”
လင်းမင် စိတ်ရှုပ်ထွေး နေစဥ်မှာပင် ပိုင်ယုရှီ၏ မျက်နှာမှာ တဖြည်းဖြည်း သွေးရောင် ပြန်လည် သမ်းလာခဲ့၏။ စိတ်ရုပ်ဝိညာဥ် မျှတခြင်း ဆေးရည်က မိန်းကလေး အပေါ် အကျိုးသက်ရောက်နိုင်ကြောင်း သေချာသွားပြီ ဖြစ်ရာ လင်းရှန်းရှဲ့မှာ သက်ပြင်းတစ်ချက် ချလိုက်မိ၏။
“သူ့ရဲ့ အခြေအနေ တည်ငြိမ်သွားပြီ...”
တမန်တော်ယုမှာ ထိုမြင်ကွင်းကို တစ်ချိန်လုံး ငြိမ်သက်စွာ ကြည့်နေခဲ့၏။ ပိုင်ယုရှီ ပြန်လည် သက်သာလာသည်ကို မြင်သည့် အခိုက်၌ သူက မေးစေ့ကို ပွတ်သပ်လိုက်သည်။
“ထာဝရ ဧကရာဇ် ချန်ထားခဲ့တဲ့ ဉာဏ်အလင်း ဝိညာဥ် ကုသခြင်း ဆေးရည်ကို သူတို့ရဲ့ သခင်မလေး မရနိုင်နိုင်တော့ဘူး ဆိုတာသာ ထန်ကလန် သိရင် ဘယ်လို ဆုံးဖြတ်မယ် ဆိုတာ ဆိုတာ ငါ တကယ် သိချင်နေပြီ”
ကြားလိုက်ရသော စကားကြောင့် လင်းရှန်းရှဲ့မှာ ဆတ်ခနဲ ဖြစ်သွား၏။ တမန်တော်ယုဘက်သို့ လှည့်လိုက်သော အခိုက်၌ သူမ၏ အမူအရာက အလွန်အမင်း မည်းမှောင်နေသည်။
“ဘာကိုပြောတာလဲ...”
သူမက တင်းမာစွာပင် မေးလိုက်သည်။
“ထန်ကလန်...”
ထိုနာမည်က ရင်းနှီးသလိုလို ရှိနေလေရာ လင်းမင်မှာ ထန်ရှင်းယွင် ပေးအပ်ခဲ့သည့် အင်အားစုကြီး ဆယ့်ခြောက်ခု အကြောင်း ပြန်လည် စဥ်းစားလိုက်၏။ ထို့နောက် ရုတ်ချည်းပင် သူ့မျက်နှာက သွေးပျက် ချောက်ချားခြင်းများနှင့် ပြည့်နှက်လာကာ ဖြူရော်သွားတော့သည်။ ထန်ကလန်က အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ တစ်ခုတည်းသော အင်ပါယာ ကလန် ဖြစ်နေခဲ့သည် မဟုတ်ပါလား။
တမန်တော်ယုက သူတို့၏ အမူအရာကို ကြည့်ကာ ရွှင်မြူးဟန်ဖြင့် အနည်းငယ် ရယ်မောလိုက်၏။
“ပိုင်ယုရှီက ထန်ကလန်ရဲ့ သခင်မလေး ထန်ရှင်းယွင်ကို ကတိပေးထားတယ်လေ... သူ့ ဝိညာဥ် ဒဏ်ရာတွေကို ပြန်ပြီး ကုသဖို့ ဒြပ်စင် ရတနာသိုက်ထဲက အဆင့်ကိုး ဉာဏ်အလင်း ဝိညာဥ် ကုသခြင်း ဆေးရည် သုံးပုလင်း ပေးမယ် ဆိုပြီးတော့ပေါ့... ဒါလည်း မင်း မသိပြန်ဘူးလား... ကောင်းရော... ဘာဖြစ်ဖြစ် ထန်ကလန်ကတော့ မင်းတို့ကို လာရှာမှာပဲ”
တမန်တော်ယုက တည်ငြိမ်စွာပင် လက်နှစ်ဖက်ကို နောက်ပစ်လိုက်၏။ ထို့နောက် သူက လင်းမင်နှင့် လင်းရှန်းရှဲ့တို့ကို တစ်လှည့်စီ ကြည့်လိုက်သည်။
“ခုချိန် မင်းတို့မှာ ပိုပြီး အရေးကြီးတဲ့ ဆွေးနွေးစရာတွေ ရှိနေမယ်လို့ ထင်တယ်... ဒီတော့ ငါကလည်း ရှောင်ပေးရမှာပေါ့.... ဒါပေမဲ့ အရှင်ဝိညာဥ် လမ်းလျှောက်သူနဲ့ ကိစ္စကိုတော့ မမေ့ပါနဲ့... ပေးစရာ ရှိသမျှကို အဆင်သင့် ပြင်ဆင်ထားပါ... အစစ်အမှန် ဒြပ်စင်ဂိုဏ်းလို ဂုဏ်သိက္ခာကြီးမားတဲ့ ဂိုဏ်းကြီးက ကတိ မဖျက်ဘူးလို့ ငါ ယုံကြတယ်... မကြာခင် ပြန်တွေ့ကြတာပေါ့”
ထိုကဲ့သို့ ပြောလိုက်ပြီးနောက် တမန်တော်၏ ခန္ဓာကိုယ်က အလင်းမှုန်များ အဖြစ် ပြိုကွဲကာ အပြီးတိုင် ပျောက်ကွယ်သွား၏။
ဟင်းလင်းပြင် သင်္ဘောထက်၌ လင်းမင်၊ လင်းရှန်းရှဲ့နှင့် သတိလစ်နေသည့် ပိုင်ယုရှီတို့သာလျှင် ကျန်ရစ်ခဲ့ပေတော့သည်။
ပိုင်ယုရှီကို သက်တောင့်သက်သာ ဖြစ်အောင် ခုတင် တစ်ခုပေါ်သို့ တင်ပေးလိုက်ပြီး နောက်၌ လင်းရှန်းရှဲ့မှာ လင်းမင်နှင့် မျက်နှာချင်း ဆိုင်လိုက်တော့၏။
“ဘာတွေဖြစ်ခဲ့တယ် ဆိုတာ ငါ့ကို အကုန် ပြောပြတော့”
...
အဖြစ်အပျက် အလုံးစံကို ရှင်းပြပြီးနောက်၌ လင်းရှန်းရှဲ့မှာ လင်းမင်၏ ဆိုးရွားစွာ ရှုံးနိမ့်ခဲ့မှုများ၊ ဝေ့ဝူယင်၏ လူမဆန်သည့် နည်းလမ်းများ အပါဝင် အရာအားလုံးကို နားလည် သဘောပေါက် သွားခဲ့ပြီ ဖြစ်သည်။
သူမ၏ အမူအရာက တိမ်ဖုံးသည့် လကွယ်တစ်ည အလား အလွန်အမင်း နက်မှောင်နေသည်။ လင်းမင်မှာ အလွန် ထူးချွန်ကာ ပါရမီ မြင့်မားသည့် လူငယ် တစ်ယောက် ဖြစ်သည်။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေရှိ ထိပ်သီး ပါရမီရှင်များနှင့် နှိုင်းယှဥ်လျှင်ပင် သူက နည်းနည်းလေးမှ မလျော့ကျချေ။
သို့သော်လည်း ထိုမုန်တိုင်းက ကြီးလွန်းလှသည်။ စမ်းသပ်ပွဲ စစချင်းပင် ဝေ့ဝူယင်ထံ၌ ရှုံးနိမ့်ကာ ကျင့်ကြံခြင်း အခြေခံ ချိပ်ပိတ် ခံခဲ့ရသည်။ နောက်ပိုင်းတွင် ထန်ရှင်းယွင်၊ ပိုင်ယုရှီတို့၏ အကူအညီနှင့် အတူ အရှင် ဝိညာဥ် လမ်းလျှောက်သူ ကိုယ်တိုင် ဝင်ရောက် စွက်ဖက်ကာ ကူညီပေးခဲ့သည့်တိုင် ဒြပ်စင် ရတနာသိုက် တစ်ခုလုံးကို သိမ်းပိုက်သွားခဲ့သူကလည်း ဝေ့ဝူယင်သာ ဖြစ်နေခဲ့သည်။
လင်းမင် အတွက် အရာရာက အရှုံးချည်းသာ ဖြစ်သည်။ ဝေ့ဝူယင်က ကိုယ့်ကိုယ်ကို ထိခိုက်စေသည့် နည်းလမ်းတစ်ခုအား သုံးကာ ခွန်အားကို မြှင့်တင်ခဲ့သည် ဆိုသည့်တိုင် ထိုအရာက သူ စွန့်စားရဲခဲ့သောကြောင့် ဖြစ်သည်။ ထို့အပြင် သူက ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်ကိုပါ နောက်ဆုံး၌ နားလည်ခဲ့သည်။
တစ်ပူပေါ် နှစ်ပူဆင့် ဆိုသလို နောက်ထပ် တစ်ပူက လင်းရှန်းရှဲ့၏ ခေါင်းပေါ် ကျရောက်လာခဲ့ပြန်ပြီ ဖြစ်သည်။ ထိုအရာက ဝေ့ဝူယင် ပျောက်ဆုံးမှု ဖြစ်သည်။ လက်ရှိ၌ ထုံးတမ်း စဥ်လာ အရ သူက အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ရွေးချယ်ခံ ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း... ထိုလူငယ် အဘယ်ကြောင့် သူမတို့နှင့် အတူ ပါမလာရသည်ကို လင်းရှန်းရှဲ့ ရှင်းမပြတတ်ချေ။
ထို့အပြင် နောက်ထပ် တစ်ပူကလည်း ရှိနေပြန်သေးသည်။
ပိုင်ယုရှီနှင့် ထန်ရှင်းယွင်...
ထိုနှစ်ယောက်စလုံးမှာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ ထိပ်တန်း မိန်းကလေး ပါရမီရှင်များ ဖြစ်ကြသည်။ ပိုင်ယုရှီ၏ အဆင့်အတန်းက အစစ်အမှန် ဒြပ်စင်ဂိုဏ်းထဲတွင် အလွန် ထူးခြားသလို ထန်ရှင်းယွင်ဆိုလျှင်လည်း တော်ဝင်မျိုးနွယ်ကြီး၏ သခင်မလေး ဖြစ်သည်။ ယခု သူတို့၏ ဝိညာဥ်များမှာ ကြီးမားစွာ ထိခိုက် ဒဏ်ရာ ရနေချေပြီ ဖြစ်သည်။ ထိုမိန်းကလေး နှစ်ယောက်ကို ကုသရန် အတွက် ထာဝရ ဧကရာဇ် ဖော်စပ်ထးသည့် အဆင့်ကိုး အဆင့်မြင့် ဉာအလင်း ဝိညာဥ် ကုသခြင်း ဆေးရည်ကို လိုအပ်သည်။
လင်းမင်မှာ ငြိမ်သက်နေ၏။ သူ၏ မျက်လုံးများကတော့ ဒေါသ အလင်းရောင်များဖြင့် တဖျပ်ဖျပ် လက်နေကာ ငွေရောင် မျက်လုံးများနှင့် မထီတရီ ပြုံးနေသည့် ပုံရိပ်တစ်ခုကို မြင်ယောင် နေမိသည်။ အရာအားလုံးက ဝေ့ဝူယင်၏ အမှား ဖြစ်သည်။ သူက ထိုပြဿနာ အားလုံး၏ တရားခံ ဖြစ်သည်။ သူက ရုတ်ချည်းပင် ပေါ်လာကာ သူ ဆယ်စုနှစ် နှစ်ခုစာ နီးပါး ပြင်ဆင်ခဲ့ရသည့် အရာအားလုံးကို တဒင်္ဂ အတွင်း လုယူ သွားခဲ့သည်။
လင်းရှန်းရှဲ့မှာ တစ်နာရီ နီးပါး ကြာအောင် ငေးကြောင်ကာ ရပ်နေခဲ့မိ၏။ ထို့နောက် သူမက ဖြည်းညင်းစွာပင် လှုပ်ရှားလာကာ ဟင်းလင်းပြင် သင်္ဘောမှ ဝင်္ကပါများကို ထိန်းချုပ်၍ သွားနေသည့် လမ်းကြောင်းကို ပြောင်းလိုက်သည်။
“ကျွန်တော်တို့ ဘယ်ကို သွားမလို့လဲ”
လင်းမင်က မေးလိုက်၏။ လင်းရှန်းရှဲ့က သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။
“ဝေ့ဝူယင်ကို ရှာဖို့”
***