အလင်းရောင်ပြန် ခါးပတ်ကွင်း
Vol. 43 Ch. 593
ရက်ပေါင်းများစွာ ကြာမြင့်ပြီးနောက်...
လင်းမင်နှင့် လင်းရှန်းရှန်းတို့မှာ ဟင်းလင်းပြင် သင်္ဘောထက်တွင် ရပ်ရင်း ကြယ်တာရာ နယ်မြေ အတွင်း ပြန့်ကြဲနေသည့် အနန္တ ဂြိုဟ်များကို ငေးမောကြည့်နေခဲ့ကြ၏။ ၎င်းတို့မှာ အရွယ်အစားစုံ၊ ပုံစံစုံ၊ အရောင်စုံ ရှိကြကာ အမှောင် ဟင်းလင်းပြင်ကြီး အတွင်း အတွင်း ထူးခြားသော ပတ်လမ်းများဖြင့် မြောလွင့်နေကြသည်။ လှပသော အဖြူရောင် နေရောင်ခြည်များနှင့် အတူ ထိုမြင်ကွင်းက အလွန် လှပလှသည့်တိုင် သူတို့ နှစ်ဦးသား၏ မျက်ဝန်းထဲတွင်တော့ စိတ်ပျက် အားလျော့မှု အငွေ့အသက်တို့ ပေါ်လွင် နေခဲ့လေသည်။
လွန်ခဲ့သည့် ရက်ပိုင်းက သူတို့ နောက်သို့ ပြန်လှည့်ကာ တတိယ ကောင်းကင်ဂြိုဟ် ကို သွားရောက်ခဲ့သည်။ ထိုဂြိုဟ်မှာ စန်းကလန်၏ အုပ်ချုပ်မှု အောက်တွင် တည်ရှိသည့် ထာဝရ အစည်းအရုံးပိုင် ဂြိုဟ်တစ်ခု ဖြစ်သည်။ သူတို့ ရောက်ရှိချိန်၌ ထိုဂြိုဟ်တွင် တပည့် ရွေးချယ်ပွဲတစ်ခုကို ပြုလုပ်နေကာ ဆန္ဒမရှိသည့် လူများကိုတော့ သူတို့၏ စိတ်ကြိုက် လောကနယ်မြေများထံ ပို့ဆောင်ပေးနေခဲ့သည်။
လင်းရှန်းရှဲ့နှင့် လင်းမင်တို့မှာ စန်းကလန်အတွင်း ဝင်ရောက်ကာ စုံစမ်းခဲ့သည်။ သို့သော်လည်း ရရှိခဲ့သည့် တစ်ခုတည်းသော တုန့်ပြန်မှုက အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာ နယ်မြေမှ ရောက်ရှိလာသည့် ထရီလျံနှင့် ချီသော လူများထဲတွင် ဝေ့ဝူယင်၏ အသက်၊ နာမည်၊ ကျင့်ကြံခြင်း အဆင့်၊ အဆင့်အတန်းတို့နှင့် ကိုက်ညီသူ မရှိခဲ့ခြင်းပင်။
သို့သော်လည်း လင်းရှန်းရှဲ့မှာ ထိုမျှနှင့် လက်လျှော့တတ်သူ မဟုတ်ချေ။ သူမက အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ရှန့်ထိုကလေး ရာထူးအား သုံး၍ ပိုမို နက်ရှိုင်းစွာ တူးဖော်ခဲ့သည်။ ဤသို့နှင့် နောက်ဆုံးတွင် ဝေ့ဝူယင်နှင့် တစ်စုံတစ်ရာ ပတ်သက်နေပုံ ရသည့် မေ့ယန်ဆိုသည့် မိန်းကလေး တစ်ယောက်ကို တွေ့ရှိခဲ့သည်။
မေ့ယန်၏ အဆိုအရဆိုလျှင် ဝေ့ဝူယင်မှာ ဤနေရာသို့ လိုက်လာခြင်း မရှိချေ။ လင်းရှန်းရှဲ့မှာ ထိုအချက်အပေါ် လက်မခံနိုင်အောင် ဖြစ်မိသည့်တိုင် မေ့ယန်လို ချီပျစ်ခဲခြင်း အဆင့် ကျင့်ကြံသူလေးက သူမအား မညာနိုင်ကြောင်း သိပေသည်။
ဤသို့နှင့် ထပ်မံ စုံစမ်းရင်း လင်းရှန်းရှဲ့တို့မှာ ချင်းရိုင် ဆိုသည့် ကြယ်တာရာ အဆင့် ကျင့်ကြံသူကို တွေ့ရှိခဲ့ရပြန်သည်။ အဖြေကလည်း ထပ်တူပင်။ ဝေ့ဝူယင် မည်သည့် နေရာသို့ သွားသည်၊ မည်ကဲ့သို့ ပျောက်ကွယ် သွားသည်ကို တစ်ဦးတစ်ယောက်မှ မသိကြချေ။
သူမ၏ ယူဆချက် အရ ဝေ့ဝူယင် ကဲ့သို့သော လူတစ်ယောက်မှာ ပျက်စီးတော့မည့် ကြယ်တာရာ နယ်မြေတွင် အသေခံ နေရစ်ခဲ့စရာ အကြောင်းလည်း မရှိပါချေ။
ဤသို့ဖြင့် ထပ်မံ စုံစမ်းရင်း လောကရွှေ့ပြောင်းခြင်း ကွန်ယက် မတိုင်ခင် သားရဲများနှင့် ရှို့ရန်များ အားလုံး ပျောက်ဆုံး သွားခဲ့ကြောင်း သူတို့ သိရှိလာရသည်။ ထိုအရာက အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာ နယ်မြေ တစ်ခုလုံး အတွက် လျှို့ဝှက် ဆန်းကြယ်ကာ အဖြေရှာ မရသည့် ကိစ္စတစ်ရပ် ဖြစ်သော်လည်း လင်းရှန်းရှဲ့ အတွက်တော့ နားလည်ရန် မခက်ခဲပါချေ။ သားရဲ မျိုးနွယ်ဝင် များအား ထာဝရ အစည်းအရုံး ချန်ထားခဲ့မှာ သိရှိနေသည့် တစ်စုံတစ်ယောက်က ကယ်တင်သွားခြင်း ဖြစ်နိုင်ကြောင်း သူမ သိပေသည်။
ဝေ့ဝူယင်မှာလည်း ထိုအထဲ ပါဝင်သွားခြင်း ဖြစ်ကြောင်း လင်းရှန်းရှဲ့ ပထမ၌ တွေးလိုက်မိသေး၏။ သို့သော်လည်း... ချင်းရိုင်ထံမှ တစ်ဆင့် ဝေ့ဝူယင်မှာ လူသား တစ်ယောက် ဖြစ်ကြောင်း သူတို့ သိရှိလာရသည်။ မည်သို့ပင် ဆိုစေ... သားရဲများ၊ ရှို့ရန်များမှာ ထျန်းတျန်ကို မကျင့်ကြံကြပဲ နှလုံးသားကိုသာ ကျင့်ကြံကြခြင်း ဖြစ်သည်။ ဝေ့ဝူယင်ကတော့ ငယ်စဥ်ကတည်းက ထျန်းတျန် အတွင်းရှိ ဝိညာဥ် ကျင့်ကြံခြင်း လမ်းစဥ်ကိုသာ အာရုံစိုက်ခဲ့သူ ဖြစ်သည်။
သို့ဖြစ်လေရာ... ဖြစ်နိုင်ချေ တစ်ခုသာ ကျန်ရှိတော့သည်။ ဝေ့ဝူယင်အား တစ်စုံတစ်ယောက်က ခေါ်ဆောင် သွားခဲ့ခြင်းပင်။
သို့သော်လည်း ထိုတစ်စုံတစ်ယောက်က မည်သူနည်း။
ထိုမေးခွန်းကို အဖြေမရှာနိုင်ကြလေရာ သူတို့ လှည့်ကာ ထွက်ခွာခဲ့ရန်သာ တတ်နိုင်ခဲ့၏။ ထိုအရာ စကြဝဠာ အတွင်းရှိ အလွန် လှပသော မြင်ကွင်းကို မြင်နေရသည့်တိုင် သူတို့ မပျော်ရွှင်နိုင်သည့် အကြောင်းရင်းလည်း ဖြစ်ပေသည်။
“ကျွန်တော်တို့ ဆက်ပြီး ရှာနေမယ် ဆိုရင်တောင် သူက အသက်ရှင်နေသေးတယ် ဆိုတာ မသေချာဘူးလေ... နောက်ပြီး သူ့ကို ခေါ်သွားတဲ့လူက အရမ်းကို အစွမ်းထက်တဲ့လူ ဖြစ်လိမ့်မယ်”
လင်းမင်ကတော့ စိတ်ထဲတွင် အမှိုက်တစ်ခု ရှင်းသွားသလို ခံစားနေရ၏။ ဝေ့ဝူယင်မှာ သူ့ဘဝ တစ်လျှောက်လုံး ရင်ဆိုင်ဖူးသည့် အကြီးမားဆုံး အနှောက်အယှက် ဖြစ်သည်။ သူ မတွန်းလှန်ခဲ့သည့် တစ်ခုတည်းသော ကျောက်ဆောင် ဖြစ်သည်။
ယခု၌ ဝေ့ဝူယင် မရှိတော့ပြီ ဖြစ်လေရာ အနာဂတ်၌ မည်သည့် အခက်အခဲ၊ ကပ်ဘေးကို မဆို ကျော်လွှားရန် သူ ယုံကြည်ချက် အပြည့်အဝ ရှိနေခဲ့ပြီ ဖြစ်သည်။
"ဝေ့ဝူယင် ရသွားတဲ့ ဒြပ်စင် ရတနာသိုက်က သူတို့ရဲ့ ပစ်မှတ် ဖြစ်လိမ့်မယ် ထင်တယ်”
လင်းရှင်းရှဲ့က ခုတင်ထက်တွင် လှဲလျောင်းနေသည့် ပိုင်ယုရှီကို တစ်ချက် လှမ်းကြည့်ရင်း ဆိုလိုက်၏။
“ဉာဏ်အလင်း ဝိညာဥ် ကုသခြင်း ဆေးရည်က အဖိုးတန်တယ် ဆိုပေမဲ့ ဒြပ်စင် ရတနာသိုက်က တစ်ခုတည်းသော နည်းလမ်း မဟုတ်ဘူး မလား... ဟိုး တစ်ခါ စီနီယာ အမ ပြောတုန်းက ဒီကြယ်တာရာ နယ်မြေမှာလည်း သေမျိုး အဂ္ဂိရတ် အာဏာရှင်တွေနဲ့ သေမျိုးအဆင့်ထက် ကျော်လွန်နေခဲ့ တန်ခိုးရှင် အဆင့်တွေတောင် ရှိတယ်ဆို... ငါတို့ဆီကနေ ဝယ်လို့ရော မရဘူးလား”
လင်းရှန်းရှဲ့က လင်းမင်ကို မျက်စောင်းထိုး ကြည့်လိုက်၏။
“အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်တွေက ပဒေသာပင် ပေါက်နေတယ်လို့ နင်ထင်နေတာလား... နောက်ပြီး ထန်ကလန်ရဲ့ အန္တရာယ်က ဘယ်လောက် ကြီးတယ် ဆိုတာရော နင်သိလား”
“မသိဘူး... ကျွန်တော်က ဒီဒေသခံမှ မဟုတ်တာ... ဒါပေမဲ့ အမ ပြောတော့”
“ငါပြောတာ ငါသိတယ်...”
လင်းရှန်ရှဲ့၏ အသံက တင်းမာလာ၏။ လေးပင်နေသော လေသံအရ သူမ ဒေါသထွက်နေသည်မှာ ထင်ထင်ရှားရှားပင်။ ထိုကဲ့သို့ အခြေအနေမျိုးတွင် ငြိမ်ငြိမ်ကုပ်ကုပ်လေး နေကာ သူမ တည်ငြိမ်လာသည် အထိ စောင့်ဆိုင်းရတာမျိုးကို လင်းမင် အသားကျနေပြီ ဖြစ်သည်။
တစ်ခဏ ကြာပြီးနောက် လင်းရှန်းရှဲ့က သက်ပြင်းတစ်ချက် ချလိုက်၏။
“အေးလေ... နင်ကမှ ဘာမသိတာပဲ”
“ဒါဆို စီနီယာ အမက ပြောပြပါ... ကျွန်တော် ရင်ဆိုင်နေရတဲ့ ဒီကမ္ဘာကြီးက ဘယ်လောက် အန္တရာယ် များတယ် ဆိုတာ သိထားချင်တယ်”
လင်းမင်၏ မီးခိုးရောင် မျက်လုံးများက စိတ်လှုပ်ရှားခြင်းများနှင့် ပြည့်နှက်လာ၏။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေနှင့် ပတ်သက်၍ သူ သိထားသမျှက အင်အားစုကြီး ဆယ့်ခြောက်ခု၏ နာမည်သာ ဖြစ်သည်။ သို့တိုင်အောင်... သူ ထိုအရာကို ထန်ရှင်းယွင်ထံမှ သိရခဲ့ခြင်းသာ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်နှစ်ဆယ် နီးပါး ကာလလုံး အတူတူ ရှိခဲ့သည့်တိုင် စီနီယာ အမလင်းမှာ သူ့ကို အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေကြီး အကြောင်း တစ်ခါမှ ရေရောရာရာ ပြောမပြဖူးချေ။
“ကောင်းပြီလေ... ပြောပြမယ်...”
လင်းရှန်းရှဲ့က ခေါင်းတစ်ချက် ညိတ်လိုက်၏။ အစောပိုင်း ကာလများ၌ လင်းမင်အား သူမ ဘာမှ မပြောပြခဲ့သည်မှာ ကျင့်ကြံခြင်း လောဘ မကြီးစေရန် အတွက်သာ ဖြစ်သည်။ သူမ သူ့ကို ကျင့်ကြံခြင်း အလွှာ တစ်ဆင့်ချင်း အတွက် အခြေခံ ခိုင်မာစေချင်သည်။ အလှမ်းကျယ် အလယ်လတ်သည့် အဖြစ်မျိုး မဖြစ်စေချင်ပေ။
သို့သော်လည်း ယခုတွင်တော့ လင်းမင်မှာ ပိုမို ကြီးကျယ် ခမ်းနားသည့် လောကကြီးထံသို့ ဝင်ရောက် ရတော့မည် ဖြစ်သည်။ ထို့အပြင် သူ၏ ကျင့်ကြံခြင်း အခြေခံမှာလည်း ထိုက်သင့်သည့် အဆင့်တစ်ခုသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်ရာ အချိန်ကျပြီဟု ဆိုနိုင်ပေသည်။
“ငါတို့ ဘယ်ကနေ စကြမလဲ...”
သူမက ကောင်းကင်ရှိ တစ်ခုတည်းသော နေကြယ်ကြီးကို စိုက်ကြည့်ရင်း မေးလိုက်၏။ လင်းမင်က သူမ၏ မျက်လုံးများ အတိုင်း ကောင်းကင်ကို လိုက်လံ မော့ကြည့်လိုက်သည်။ သူ ပထမဆုံး သတိထားမိသည်က အလွန့်အလွန် ကြီးမားလှသည့် အဖြူရောင် ခါးပတ်ကွင်းကြီးပင်။
“ဘာလို့ အဲဒီ နေကြယ်ကြီးမှာ အဖြူရောင် ကွင်းတစ်ကွင်း ရှိနေရတာလဲ...”
လင်းမင်မှာ ထိုအရာကို အစကတည်းက သိချင်နေခဲ့ခြင်း ဖြစ်သည်။ သိုသော်လည်း ပြဿနာများက တစ်ခုပြီး တစ်ခု ရှုပ်ထွေးနေလေရာ အချိန်ကောင်း၊ အခါကောင်းဟူ၍ မရှိခဲ့ချေ။
လင်းရှန်းရှဲ့က ခေါင်းညိတ်လိုက်၏။
“ကောင်းပြီလေ... အဲဒီကနေ စတာ အပြည့်စုံဆုံးပဲ... အဲဒီ အဖြူရောင် ကွင်းကြီးကို ဆန်းကြယ် အလင်းရောင်ပြန် ခါးပတ်ကွင်းလို့ ခေါ်တယ်... နေကြယ်တွေက ကြယ်တာရာ နယ်မြေတစ်ခုလုံးရဲ့ အသက်၊ ကြီးထွားမှုနဲ့ ကျင့်ကြံခြင်း အတွက် မရှိမဖြစ် လိုအပ်တဲ့ ထူးခြားတဲ့ စွမ်းအင်တစ်မျိုး ထုတ်လွှတ်ပေးနိုင်တယ် ဆိုတာ နင်လည်း သိပြီးသားပဲ... ငါတို့ ကျင့်ကြံသူတွေကတော့ အဲဒီ စွမ်းအင်ကို အမတေ လို့ ခေါ်ကြတယ်...”
“အမတေမှာ ပုံစံ နှစ်မျိုး ရှိတယ်... သန့်စင်တဲ့ အမတေနဲ့ အသွင်ပြောင်း အမတေ တို့ပဲ... နေကြယ်တွေဆီက ထွက်ပေါ်လာတဲ့ အသန့်စင်ဆုံး အမတေတွေဟာ အမှောင် ဟင်းလင်းပြင်ရဲ့ အအေးဓာတ်ကို ကျော်ဖြတ်ပြီးတဲ့ နောက်မှာ လေထု အလွှာ၊ ငါတို့အခေါ် ကောင်းကင်အလွှာတွေထဲကို စိမ့်ဝင်ပြီး ကြယ်တာရာ အမတေတွေ ဖြစ်လာကြတယ်... အဲဒီ အချိန်ထိ သန့်စင်တဲ့ အမတေ လို့ ခေါ်လို့ရသေးတယ်... ကုန်းမြေတိုက်ကြီးတွေမှာတော့ ကြယ်တာရာ အမတွေကို စစ်ထုတ်နိုင်တဲ့ နည်းလမ်းတွေ မရှိတဲ့ အတွက် ချီအမတေတွေ အဖြစ် မှေးမှိန်သွားကြတယ်”
"အဲဒီ သန့်စင်တဲ့ အမတေတွေက အပင်တွေ၊ သက်ရှိတွေ၊ သဘာဝ ပတ်ဝန်းကျင်တွေနဲ့ ညီညွှတ်မျှတစွာ ပေါင်းစပ်သွားတဲ့ အခါမှာ ငါတို့ ကျင့်ကြံတဲ့ နေရာမှာ အသုံးပြုတဲ့ ရင်းမြစ်တွေကို ထုတ်လွှတ်ပေးတယ်... အဲဒီ ရင်းမြစ်တွေကိုတော့ ငါတို့က အသွင်ပြောင်း အမတေတွေ အဖြစ် သတ်မှတ်ထားတယ်... အသွင်ပြောင်း အမတေတွေတွေကို ခွဲခြားထားတဲ့ အဆင့်တွေ ရှိပြီး သေမျိုး အဆင့်မှာဆို ချီအဆင့်၊ ကြယ်တာရာ အဆင့်တွေ ပါတယ်... ဒါကတော့ သုံးလွှာ ကြယ်တာရာ နယ်မြေနဲ့ ယှဥ်ပြီး ပြောတာပေါ့လေ”
“ဒီဆန်းကြယ် အလင်းရောင်ပြန် ခါးပတ်ကတော့ အရမ်း ထူးခြားတဲ့ အမတေ အမျိုးအစား ဖြစ်တဲ့ လျှို့ဝှက် အမတေကို ထုတ်လွှတ်ပေးနိုင်စွမ်း ရှိတယ်...”
“လျှို့ဝှက် အမတေ...”
လင်းမင်၏ မျက်လုံးများက စိတ်ဝင်စားမှုများဖြင့် တဖျပ်ဖျပ် တောက်ပသွားခဲ့တော့၏။
***