← Chapters

အဆုံးမဲ့ ကောင်းကင်

Vol. 43 Ch. 594

အဆုံးမဲ့ ကောင်းကင်

Vol. 43 Ch. 594

“အဲဒီ ခါးပတ်က မူလအတိုင်း ဖြစ်ပေါ်နေတာလား... ဒါမှမဟုတ် တစ်ယောက်ယောက်က ဖန်တီးထားတာလား... တကယ်လို့ ဖန်တီးထားတာ ဆိုရင် ဘယ်သူတွေက အဲဒီလို လုပ်နိုင်တာလဲ”

လင်းမင်က မေးလိုက်၏။

“လွန်ခဲ့သည့် နှစ်ပေါင်း နှစ်သောင်းလောက် အချိန်တုန်းက အာဏာရှင်တွေဟာ အဲဒီ ကွင်းကြီးကို သန့်စင်ဖို့ ရာစုနှစ်နဲ့ချီ ကြိုးစားခဲ့ရတယ်... သူတို့ထဲက တစ်ဝက်လောက်က တည်ဆောက်ရင်း အသက်တွေကိုပါ စွန့်လွှတ် ခဲ့ရတယ်... ဆန်းကြယ် အလင်းရောင်ပြန် ခါးပတ်ကွင်းက ငါတို့ သိဖူးသမျှထဲမှာ အကြီးမားဆုံး ဝင်္ကပါပဲ”

လင်းရှန်းရှဲ့၏ မျက်လုံးများက ဂုဏ်ယူမှု အလင်းတန်းများဖြင့် တဖျပ်ဖျပ် တောက်ပနေ၏။ ဆန်းကြယ် အလင်းရောင်ပြန် ခါးပတ်ကွင်း၏ သမိုင်းကြောင်းမှာ ဘယ်တုန်းကမှ မမှေးမှိန်ခဲ့ကာ ခေတ်အဆက်ဆက် ပြောင်းလဲသည့်တိုင် သူရဲကောင်းတို့၏ သွေးတို့ကို မှတ်ကျောက်တင်ခဲ့ရသော အဖြစ်အပျက်လည်း ဖြစ်သည်။

“အဲဒီလောက်တောင် ခက်ခဲခဲ့တာလား...”

လင်းမင်မှာ မယုံကြည်နိုင်အောင် ဖြစ်သွား၏။

“ခက်ခဲရုံတင် မကဘူး... မူလ ဒြပ်စင် စွမ်းအင်တွေနဲ့ ပြည့်နှက်နေတဲ့ သဘာဝ နေကြယ် တစ်စင်းကိုပါ လိုအပ်သေးတယ်... အဲဒါ...”

လင်းရှန်းရှဲ့မှာ ဒြပ်စင်နှလုံးသား ရည်ရွယ်ချက်ကို နားလည်ထားသည့် တစ်စုံတစ်ယောက်ကို ပြန်လည် သတိရသွားရာ စကားလုံးများ တုံ့ဆိုင်းသွား၏။

သူမ၏ စိတ်ဝင်စားမှု ကျဆင်းလာသည်ကို သတိထားမိလိုက်ရာ လင်းမင်က ခေါင်းစဥ်ကို ပြောင်းလဲ၍ မေးလိုက်၏။

“အဂ္ဂိရတ် ပညာရှင်တွေ အကြောင်းကိုလည်း ပြောပါဦး... စီနီယာ အမ”

“အဂ္ဂိရတ် ပညာရှင်တွေလား...”

လင်းရှန်းရှဲ့၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားကာ ပိုမို လေးနက်သွား၏။ သူမက တစ်ခဏမျှ တိတ်ဆိတ်စွာ စဥ်းစားရင်း စကားလုံးများကို စီလိုက်သည်။

“ငါတို့ ကြယ်တာရာ နယ်မြေရဲ့ အဂ္ဂိရတ် တာအိုက မင်းတို့ ကြယ်တာရာ နယ်မြေနဲ့ သိပ်မကွာဘူး... ဒါပေမဲ့ အဂ္ဂိရတ် ပညာရှင်တွေကို အဆင့်တွေ အများကြီး မဟုတ်ပဲ နှစ်ဆင့်ပဲ ခွဲခြားထားတယ်... အဆင့်ခြောက်နဲ့ အောက် အဂ္ဂိရတ် ထုတ်ကုန်တွေကို ဖော်စပ်နိုင်တဲ့ လူတွေကို စဦး အဆင့် ပညာရှင်တွေလို့ သတ်မှတ်ကြတယ်... အဆင့်ခုနစ် အဂ္ဂိရတ် ထုတ်ကုန်တွေကို သတ်မှတ်ထားတဲ့ အဆင့်တစ်ခု အထိ ဖော်စပ်နိုင်မှ အဆင့်မြင့် ပညာရှင်တွေ အဖြစ် သတ်မှတ်ကြတယ်”

"သတ်မှတ်ထားတဲ့ အဆင့် ဆိုတာက ဘာလဲ...”

လင်းမင်က စိတ်ဝင်တစားဖြင့် မေးလိုက်၏။ သုံးလွှာ ကြယ်တာရာ နယ်မြေတွင် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကို ငါးရာခိုင်နှုန်း အောင်မြင်အောင် မဖော်စပ်နိုင်လျှင် အဆင့်မမှီဟု ယူဆကြကြောင်း သူ ကြားဖူးနားဝ ရှိသည်။ ထို့‌ကြောင့်ပင် အဆင့်ခုနစ် အဂ္ဂိရတ် ထုတ်ကုန်ကို ဖော်စပ်ဖူးသည့် အဂ္ဂိရတ် အရှင်တိုင်းကို အဂ္ဂိရတ် ဧကရာဇ် အဖြစ် မသတ်မှတ်ကြခြင်း ဖြစ်သည်။

လင်းရှန်းရှဲ့က ဆက်လက် ရှင်းပြလိုက်၏။

“အဆင့်မြင့် အဂ္ဂိရတ် ပညာရှင် အဖြစ် သတ်မှတ်ခံရဖို့ ဆိုရင် အဆင့်ခုနစ် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကို နှစ်ဆယ် ရာခိုင်နှုန်း အောင်မြင်အောင် ဖော်စပ်ပြနိုင်ဖို့ လိုတယ်... ထုတ်ကုန်ရဲ့ အရည်အသွေးနဲ့ အဆင့်ကို လိုက်ပြီး သူတို့ရဲ့ အဆင့်အတန်းကတော့ အမျိုးမျိုး ကွဲပြားသွားတာပေါ့”

“ငါတို့ရဲ့ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေဆိုရင် စဦး အဂ္ဂိရတ် ပညာရှင်တွေ ဘီလျံ ရာနဲ့ချီ ရှိတယ်... အဂ္ဂိရတ် ဧကရာဇ် အဆင့်ကတော့ ဘီလျံ ဂဏန်းလောက်ပေါ့... အဂ္ဂိရတ် အင်ပါယာကတော့ သန်းနဲ့ချီ ရှိတယ်... အတိအကျ ပြောရရင် နောက်ဆုံး စစ်ဆေးခဲ့တဲ့ အချိန်တုန်းက အဂ္ဂိရတ် အင်ပါယာ ၃၅၄၉၃၃၁ ယောက် ရှိတယ်”

လင်းမင်၏ နှလုံးသားကား တဒိတ်ဒိတ်ပင် မခုန်နိုင်တော့ချေ။ လုံးဝ ရပ်တန့်သွားခဲ့ချေပြီ ဖြစ်လေသည်။

“ဘာကြီး...”

သူ၏ ကြယ်တာရာ နယ်မြေ တစ်ခုလုံးတွင် ဆိုလျှင် အဂ္ဂိရတ် ဧကရာဇ် ထောင်ဂဏန်းနှင့် အဂ္ဂိရတ် အင်ပါယာ တစ်ဒါဇင်မျှသာ ရှိသည်။ သို့သော်လည်း ဤနေရာတွင်တော့ သန်းချီသည့် အထိ ရှိနေခဲ့သည်။ မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။

လင်းရှန်းရှဲ့က ထိုအရာကို သတိမထားမိဟန်နှင့် ဆက်လက် ရှင်းပြလိုက်၏။

“ငါတို့ဆီမှာ အဆင့်တစ်ခုချင်းစီကို တရားဝင်၊ မူလနဲ့ မဟာ ဆိုပြီး သုံးဆင့် ခွဲထားတယ်... အဂ္ဂိရတ် ထုတ်ကုန်တွေကိုလည်း အဆင့်နိမ့်၊ အဆင့်မြင့်နဲ့ အထွတ်အထိပ် အဆင့် ဆိုပြီး သုံးမျိုး ခွဲထားတယ်... တကယ်လို့ အဆင့်ရှစ် အဂ္ဂိရတ် အင်ပါယာ တစ်ယောက်က သူ့အဆင့်နဲ့ ကိုက်ညီတဲ့ အထွတ်အထိပ် အဂ္ဂိရတ် ထုတ်ကုန်တစ်ခုကို နှစ်ဆယ် ရာခိုင်နှုန်း အထိ အောင်မြင်နိုင်အောင် ဖော်စပ်ပြနိုင်လို့ ရှိရင် သူ့ကို မဟာ အဂ္ဂိရတ် အင်ပါယာ တစ်ယောက် အဖြစ် သတ်မှတ်ကြတယ်”

“အဂ္ဂိရတ် အင်ပါယာ သုံးသန်းကျော်ထဲမှာ တရားဝင် အဆင့်ကို ကျော်တဲ့ ပညာရှင် ဘယ်နှစ်ယောက် ရှိမယ်ထင်လဲ... နင် ခန့်မှန်းကြည့်ပါ”

လင်းရှန်းရှဲ့က လင်းမင်ကို ကြည့်ကာ အနည်းငယ် ပြုံးရင်း မေးလိုက်၏။

“အမ်... နှစ်သိန်းလောက်လား.... မဟုတ်သေးဘူး ငါးသောင်းလောက်ပေါ့”

လင်းမင်မှာ သူ၏ ပထမ ခန့်မှန်းချက်က အရမ်းများသည်ဟု တွေးကာ ကပျာကယာပင် ထပ်မံ လျှော့ချလိုက်၏။ သုံးသန်းတွင် ငါးသောင်း... ထိုပမာဏက ဖြစ်နိုင်ချေ ရှိသည်ဟု သူ ထင်မိပေသည်။ သို့သော်လည်း စီနီယာ အမလင်း တစ်ဖြစ်လည်း လင်းရှန်းရှဲ့က ခေါင်းကိုသာ ခါယမ်းလိုက်၏။

“ငါးရာ့နဲ့ လေးယောက်...”

သူမက လက်ချောင်းများကို ထောင်ပြရင်း ပိုမို ရှင်းလင်းအောင် ပြောလိုက်၏။ သို့တိုင်အောင် လင်းမင်မှာ ကိုယ့်နားကို ကိုယ်မယုံနိုင်သလို ခံစားလိုက်ရသည်။

“ဘာကြီး ငါးရာ့နဲ့လေး...”

တရားဝင် အဂ္ဂိရတ် အင်ပါယာ အဆင့် အထက်တွင် ငါးရာ့လေးယောက်သာ ရှိသည်လား။ အဂ္ဂိရတ် အင်ပါယာ သုံးသန်းကျော်ထဲတွင် ထိုပမဏသာ ရှိသည်လား။

လင်းမင်၏ ပြောစရာ စကားမဲ့နေသည့် ပုံကို ကြည့်ကာ လင်းရှန်းရှဲ့၏ မျက်လုံးထဲတွင် ကျေနပ်သည့် အရိပ်အယောင် အချို့ ဖြစ်ပေါ်လာ၏။

“တရားဝင် အဂ္ဂိရတ် အင်ပါယာတွေက အဆင့်ရှစ် အဆင့်နိမ့် ဆေးတွေကို ဖော်စပ်နိုင်တဲ့ ပညာရှင်တွေ အဖြစ် သတ်မှတ်လို့ ရတယ်... အဆင့်တစ်ခုတည်း ဆိုပေမဲ့ သူတို့နဲ့ မူလ အဂ္ဂိရတ် အင်ပါယာတွေ ကြားက ကွာခြားမှုက အရမ်းကို ကြီးမားလွန်းတယ်... အဆင့်ကိုး သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်လာဖို့ အတွက်ဆိုရင် ပိုပြီးတော့တောင် ခက်ခဲသေးတယ်... နံပတ်တစ် လိုအပ်ချက်က ပါရမီပဲ... သာမန် ထိပ်တန်း အဂ္ဂိရတ် ပါရမီလောက်နဲ့ ဘယ်တော့မှ သေမျိုး အဂ္ဂိရတ် အာဏာရှင် ဖြစ်လာမှာ မဟုတ်ဘူး... နံပတ်နှစ် လိုအပ်ချက်က အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ် ပိုင်ရှင် ဖြစ်ဖို့ပဲ... ဒါမှမဟုတ်လည်း အစစ်အမှန် လျှို့ဝှက် အာဏာရှင် တစ်ယောက် ဖြစ်နေဖို့ လိုအပ်တယ်”

သေမျိုး အဂ္ဂိရတ် အာဏာရှင် ဆိုသော စကားကြောင့် လင်းမင်၏ မီးခိုးရောင် မျက်လုံးများမှာ တဖျပ်ဖျပ် တောက်ပသွားသည်။

“အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေမှာ သေမျိုး အဂ္ဂိရတ် အာဏာရှင်တွေ ရှိလား စီနီယာ အမ...”

သူက စိတ်ဝင်တစားဖြင့် မေးလိုက်၏။ သုံးလွှာ ကြယ်တာရာ နယ်မြေ၏ သမိုင်းတွင် ထာဝရ ဧကရာဇ်မှာ ထိုအဆင့်ကို ရောက်ခဲ့သည့် တစ်ဦးတည်းသော အဂ္ဂိရတ် ပညာရှင် ဖြစ်သည်။ ထိုနေရာတွင် နှစ်ရာဂဏန်းမျှသာ နေထိုင်ခဲ့သည့်တိုင် သူက နှစ်ပေါင်း ထောင်ချီသည့် သမိုင်းကြောင်း တစ်ခုကို ရေးထိုးနိုင်ခဲ့သည်။

လင်းမင်၏ မေးခွန်းက လင်းရှန်းရှဲ့၏ အမူအရာကို အလွန်အမင်း လေးနက် သွားစေခဲ့၏။ သူမက ကောင်းကင်ရှိ ဆန်းကြယ် အလင်းရောင်ပြန် ခါးပတ်ကွင်းကို မော့ကြည့်ရင်း ခေါင်းတစ်ချက် ညိတ်လိုက်သည်။

“ရှိတယ်... သုံးဆယ့် လေးယောက်...”

သုံးဆယ့်လေးယောက်...

“ဒါက...”

အဘယ်ကြောင့်မှန်း မသိသည့်တိုင် လင်းရှန်းရှဲ့၏ အဖြေက တစ်စုံတစ်ရာ ထူးခြားနေသလို လင်းမင် ခံစားလိုက်ရ၏။ အံ့သြခြင်းထက် သိချင်စိတ်ကသာ သူ့စိတ်တစ်ခုလုံးကို ပြည့်နှက်လာသည်။ အဘယ်ကြောင့် ထိုမျှ များပြားရသနည်း။

“သေမျိုး အဂ္ဂိရတ် အာဏာရှင်တွေ အားလုံးက အရမ်းကို အဆင့်အတန်း မြင့်မားပြီး ဂုဏ်သိက္ခာ ကြီးမားတဲ့ ပုဂ္ဂိုလ်ကြီးတွေပဲ... နောက်ပြီး သူတို့ အားလုံးကို တန်ခိုးရှင် အင်အားစုကြီး ဆယ့်ခြောက်ခုကပဲ ပိုင်ဆိုင်ကြတယ်... တန်ခိုးရှင် အင်အားစု တစ်ခုမှာ အနည်းဆုံး တစ်ယောက်ကျစီ ရှိကြတယ်... ထာဝရ အစည်းအရုံးကတော့ ဆယ့်နှစ်ယောက် အထိ ပိုင်ဆိုင်ထားပြီး အများဆုံးလို့ ဆိုနိုင်တယ်”

“တော်ဝင် ကလန် ရှစ်ခု၊ လောကဂိုဏ်းကြီး သုံးဂိုဏ်း၊ ရွှေရောင် နန်းတော် နှစ်ခုနဲ့ တန်ခိုးရှင် အစည်းအရုံး နှစ်ခုလား”

လင်းမင်က စိတ်ဝင်တစားဖြင့် မေးလိုက်သည်။ လင်းရှန်းရှဲ့မှာ လင်းမင်၏ ဗဟုသုတကြောင့် အံ့အားသင့်သွားကာ လှည့်ကြည့်လိုက်မိ၏။ ထို့နောက်... ဖြည်းညင်းစွာပင် သူမက ခေါင်းညိတ် ပြလိုက်သည်။

“တော်ဝင် ကလန် ရှစ်ခုက ထန်ကလန်၊ မင်ကလန်၊ ဟယ်ကလန်၊ လျူကလန်၊ ချန်းကလန်၊ ပင်းကလန်၊ ယုကလန်နဲ့ ကျန်းကလန်တို့ပဲ... သူတို့က ကိုယ်ပိုင် မင်းဆက်ကို တည်‌ထောင် အုပ်စိုးကြပြီး မရေမတွက်နိုင်တဲ့ လောကနယ်မြေတွေ၊ ဂြိုဟ်တွေ၊ ကုန်းမြေတိုက်ကြီးတွေကို ထိန်းချုပ်ထားကြတယ်”

“လောကဂိုဏ်း သုံးဂိုဏ်းကတေ့ ငါတို့ရဲ့ အစစ်အမှန် ဒြပ်စင်ဂိုဏ်း၊ ချောင်ဟောက်ဝူပျန့် သိုင်းဂိုဏ်းနဲ့ အာကာသ ဝေဟင်ဂိုဏ်းတို့ပဲ... အဲဒီထဲမှာ အာကာသ ဝေဟင်ဂိုဏ်းက အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေရဲ့ ဘယ်ဂြိုဟ်ကိုမှ ပိုင်ဆိုင်မထားဘူး... သူတို့က အာကာသ အလွှာတွေထဲက လောကနယ်မြေတွေထဲမှာပဲ အခြေစိုက်တာ... ပြောစကားတွေ အရဆိုရင် တို့ရဲ့ လောကနယ်မြေတွေက နေရာတိုင်းကို ရွေ့လျားနေတယ်တဲ့... သူတို့က ဂိုဏ်းသုံးဂိုဏ်းထဲမှာ အလျှို့ဝှက် အဆန်းကြယ်ဆုံးဂိုဏ်းလို့ ပြောလို့ရတယ်”

“ရွှေရောင် နန်းတော် နှစ်ခုထဲက ပထမ တစ်ခုကတော့ ရွှေ‌‌ရောင် အသက် နန်းတော်ပဲ... သူတို့က စီးပွားရေး အမည်ခံ အခြေပြု အဖွဲ့အစည်းကြီး ဖြစ်ပြီးတော့ အရမ်းကို ကျယ်ပြန့်တယ်... သူတို့က အင်ပါယာ ကလန်ပိုင် အင်ပါယာ ကောင်းကင် နယ်မြေနဲ့ ရွှေရောင် အသက်နန်းတော်ပိုင် လောကကိုးပါး နယ်မြေရဲ့ နေရာတိုင်း လိုလိုမှာ အခြေစိုက် စခန်းတွေ နန်းတော်တွေ ခန်းမတွေ တည်ဆောက်တယ်”

“ဒုတိယ ‌‌ရွှေရောင် နန်းတော် ဖြစ်တဲ့ ရွှေရောင်ဂိတ်တံခါး နန်းတော်ကတော့ အရမ်းကို လျှို့ဝှက်တယ်... သူတို့က အချက်အလက်တွေ စုဆောင်းတာနဲ့ သတ်မှတ်ချက် အဆင့်တွေ ထုတ်ပြန်တာ လိုမျိုး လမ်းစဥ်ကို အာရုံစိုက်ကြတယ်... သူတို့ အလုပ်လုပ်တဲ့ စနစ်က အရမ်း ပိရိ သေသပ်ပြီးတော့ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေရဲ့ ကြောက်ဖို့ အကောင်းဆုံး အင်အားစုတွေထဲက တစ်ခုလို့ သတ်မှတ်လို့ ရတယ်”

“နောက်ဆုံး နှစ်ခုကတော့ တန်ခိုးရှင် အစည်းအရုံး နှစ်ခုပဲ... သူတို့က အရမ်းကို ကျော်ကြားတဲ့ ထာဝရ အစည်းအရုံးနဲ့ ပန်းပဲ နတ်ဘုရား အစည်းအရုံးတို့ပေါ့လေ... ပထမ တစ်ခုကိုတော့ ငါ ရှင်းပြစရာ လိုတော့မယ် မထင်ဘူး... ပန်းပန် နတ်ဘုရား အစည်းအရုံးကတော့ ပန်းပဲတာအိုကို အထူးပြု လေ့လာတဲ့ အဖွဲ့အစည်းကြီးပေါ့... ငါတို့ ကြယ်တာရာ နယ်မြေ တစ်ခုလုံးမှာ ရှိတဲ့ တန်ခိုးရှင် အဆင့် လက်နက်တွေရဲ့ ရှစ်ဆယ် ရာခိုင်နှုန်းက သူတို့က ဖန်တီးထားတာလေ... ပိုင်ယုရှီရဲ့ မျက်နှာဖုံး ဇာပုဝါတောင်...”

စကားပြောနေရင်း လင်းရှန်းရှဲ့မှာ တစ်စုံတစ်ရာကို သတိရသွားဟန်နှင့် ချက်ချင်း ထရပ်လိုက်၏။ လင်းမင်မှာ အနည်းငယ် ကြောင်အသွားကာ သူ့ကို မော့ကြည့်လိုက်သည်။

“စီနီယာ အမ... ဘာဖြစ်လို့လဲ...”

လင်းရှန်းရှဲ့က လင်းမင်ကို လှည့်မကြည့်အားပဲ လက်များကို ဆက်တိုက် ရွေ့လျားကာ ဟင်းလင်းပြင် သင်္ဘော၏ ဝင်္ကပါများကို ထိန်းချုပ်လိုက်၏။

“ရှို့ရန်တွေနဲ့ သားရဲတွေကို ဘယ်မှာ သွားရှာရမလဲ ဆိုတာ ငါသိပြီ”

ထို့နောက်... သူမက ဆက်တိုက်ဆိုသလိုပင် သင်္ဘော၏ လမ်းကြောင်းကို ပြောင်းလဲကာ အဆုံးမဲ့ အမှောင်ထု အတွင်း ဦးတည် လိုက်သည်။

သူတို့၏နောက် မိုင်ပေါင်းများစွာ အကွာတွင်တော့ ဝိညာဥ် လမ်းလျှောက်သူ၏ သင်္ဘောကြီးက တရွေ့ရွေ့ လိုက်ပါလာလျှက် ရှိလေတော့သည်။

***

All Chapters