← Chapters

အိမ်အသစ်

Vol. 43 Ch. 595

အိမ်အသစ်

Vol. 43 Ch. 595

တတိယ ကောင်းကင်ဂြိုဟ်၌...

လူငယ် တစ်စုမှာ အဝါရောင် တာအို ဝတ်စုံကို ဝင်ဆင်ထားသည့် ဖြူဖျော့ဖျော့ အသားအရည် ပိုင်ရှင် လူကြီး တစ်ယောက်၏ ရှေ့တွင် စုစည်းကာ ရပ်နေခဲ့ကြသည်။

ထိုပုဂ္ဂိုလ်ကြီးမှာ စန်းလော့ယုနှင့်အတူ အမြင့်ဆုံး စင်မြင့်ထက်တွင် ရပ်နေခဲ့သည့် ရွှေအဆင့် ခေါင်းဆောင်ကြီးများထဲမှ တစ်ယောက်ပင် ဖြစ်သည်။ သူ၏ သူငယ်အိမ်များထဲတွင် ဆေဘာပုံရိပ် နှစ်ခု ရှိနေကာ ထက်ရှသော အလင်းတန်း တစ်ခုကို ထုတ်လွှတ်နေ၏။ ၎င်းကပင် သူ့အား သက်ရှိ ဆေဘာတစ်စင်း အလား ထင်မှတ်ရစေ၏။

လူကြီး၏ အကြည့်က လူငယ်များပေါ်သို့ စူးစိုက် ကျရောက်သွားသည်။ ထိုလူငယ်များမှာ သူ ခေါင်းဆောင် နေသည့်အထီးကျန် ဆေဘာဂိုဏ်းကို ရွေးချယ်ထားခဲ့ကြသူများပင် ဖြစ်သည်။ လူငယ် အုပ်စုထဲတွင် အနက်ရောင် ဆံပင်၊ အနက်ရောင် မျက်ဝန်း၊ အေးစက်သည့် အမူအရာတို့နှင့် မိန်းမငယ်လေး တစ်ယောက် ရှိနေခဲ့၏။ ထိုမိန်းမငယ်လေးကား စုမေ့ပင် ဖြစ်လေသည်။

တပည့် ရွေးချယ်ပွဲ အခမ်းအနားသို့ တက်ရောက်လာသည့် အင်အားစုများ၏ အချက်အလက်များကို ဖတ်ရှုပြီး နောက်တွင် လူငယ်များမှာ ‌ရွေးချယ်မှုများကို စတင် ပြုလုပ်ခဲ့ကြရသည်။ အချို့ လူငယ်များမှာ တန်ခိုးရှင် အင်အားစုကြီး တစ်ခု ဖြစ်သည့် ထာဝရ အစည်းအရုံးနှင့် ပူးပေါင်းခွင့် ရရန် စိတ်ကူးယဥ်ခဲ့ကြသေးသော်လည်း စန်းယုလော့က သူတို့ကို ဘယ်တုန်းကမှ မကမ်းလှမ်းခဲ့ကြချေ။ သို့ဖြစ်ရာ မိမိနှင့် အသင့်တော်ဆုံး ဖြစ်မည့် အဆင့်မြင့် အင်အားစုကိုသာ သူတို့ ရွေးချယ်ခဲ့ရသည်။

ရွှေအဆင့် ဂိုဏ်းများ အင်အားစုများထဲတွင် အထီးကျန် ဆေဘာဂိုဏ်းမှာ တိုက်ခိုက်ရေးကို ကိုယ်စားပြုသည့် တစ်ခုတည်းသော ဂိုဏ်းအဖွဲ့ ဖြစ်ပေသည်။ ထို့အပြင် အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာ နယ်မြေအတွင်းရှိ ကျင့်ကြံသူများ အများဆုံး အသုံးပြုကြသည့် လက်နက်မှာလည်း ဓားနှင့် ဆေဘာတို့ပင် ဖြစ်သည်။ ထို့ကြောင့်ပင် လူငယ် အားလုံး၏ လေးပုံတစ်ပုံခန့်မှာ အထီးကျန် ဆေဘာဂိုဏ်းကိုသာ ရွေးချယ်ခဲ့ကြသည်။

လက်ရှိ၌ စုမေ့ အပါအဝင် အထီးကျန် ဆေဘာဂိုဏ်းကို ရွေးချယ်ထားသည့် လူငယ် စုစုပေါင်း ၂၄၂၂၈ ယောက် ရှိကာ သူတို့ အားလုံးမှာ ရွှေရောင်နှင့် အနက်ရောင် ပေါင်းစပ်ထားသည့် စင်မြင့်ကြီး တစ်ခုထက်၌ ရပ်နေခဲ့ကြခြင်း ဖြစ်သည်။

အသားအရေ ဖြူဖျော့ဖျော့ ပိုင်ရှင် လူကြီး၏ နောက်တွင် အလင်းရောင် ခပ်မှိန်မှိန် တောက်ပနေသည့် သင်္ကေတများ အမှတ်အသားများနှင့် အတူ အလွန် လှပသော ငွေရောင် စက်ဝန်းတစ်ခု ရှိနေခဲ့၏။ ၎င်းက စင်မြင့်၏ ပတ်လည်ရှိ ထူထဲသော တိုင်ကြီးများနှင့် ချိတ်ဆက်နေကာ အားကောင်းသည့် ဟင်းလင်းပြင် စွမ်းအင် တစ်မျိုးကို ထုတ်လွှတ်နေသည်။ ထိုစွမ်းအင် အငွေ့အသက်မျိုးကို အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာ နယ်မြေမှ လူငယ်များ အားလုံး ကောင်းကောင်းကြီး ရင်းနှီးကြပေသည်။

“ဟင်းလင်းပြင် ဂိတ်တံခါး...”

စုမေ့၏ မျက်လုံးထဲတွင် အံ့အားသင့်သည့် အရိပ်အယောင် အချို့ ရှိနေခဲ့၏။ ဟင်းလင်းပြင် ဂိတ်တံခါး တည်ဆောက်ရာတွင် အသုံးပြုသည့် ပစ္စည်းများကို မြင်ခဲ့ဖူးသော်လည်း ယခုလို ကျောက်တိုင်မျိုးကိုတော့ သူမ ယခုမှ မြင်ဖူးခြင်း ဖြစ်သည်။

ပုံမှန်အားဖြင့် ဆိုလျှင် ဂိတ်တံခါးများကို ယန္တရားများ၊ ဂီယာများနှင့် ဖန်တီးထားကာ ဟင်းလင်းပြင် ဓာတ်ပြား သို့မဟုတ် ဓာတ်လုံး တစ်ခု သုံး၍ အသက်ဝင်အောင် ဆောင်ရွက်ရသည်။ သို့သော်လည်း... မီတာ သုံးရာကျော် မိုးထိအောင် မြင့်မားသည့် ဤကျောက်တိုင်ကြီးများတွင် မည်သည့် ယန္တရားနှင့် ဂီယာမှ ပါဝင်ပုံ မရချေ။ ၎င်းတွင် ရေးထိုးထားသည့် သင်္ကေတ၊ အမှတ်အသားများကိုလည်း စုမေ့ တစ်ခုမှ နားမလည်ပါချေ။

စုမေ့မှာ ဟင်းလင်းပြင် ဂိတ်တံခါး တစ်ခုဖြင့်ပင် လောကအသစ်၊ ပတ်ဝန်းကျင် အသစ် တစ်ခုသို့ ချဥ်းနည်း ဝင်ရောက်နေပြီ ဖြစ်ကြောင်း ခံစားလိုက်ရ၏။ ဤသည်က ပိုမို ကောင်းမွန်သည့် လောက၊ ပိုမို ကောင်းမွန်သည့် ပတ်ဝန်းကျင်မျိုးပင်။

စုမေ့ အတွေးနက်နေစဥ်မှာပင် အသားရည် ဖြူဖျော့ဖျော့နှင့် လူကြီးက နှာခေါင်းတစ်ချက် ရှုံ့ကာ စကား စတင် ပြောလာ၏။

“အမှိုက်တွေ...”

အသံနှင့် အတူ ပြင်းထန်သည့် စိတ်စွမ်းအင်လှိုင်းများ အသိစိတ် ပင်လယ် အတွင်းသို့ တိုးဝင်လာသည်ကို ခံစားလိုက်ကြရရာ လူငယ်များမှာ အံ့သြ ထိတ်လန့် သွား၏။ အချို့ဆိုလျှင် မူးဝေဝေပင် ဖြစ်သွားကြသည်။ သူတို့က လျှင်မြန်စွာပင် ကြယ်တာရာ အင်အားကို လှည့်ပတ်ကာ အခြေအနေကို ထိန်းသိမ်းရန် ကြိုးစား လိုက်ကြ၏။ ကံကောင်းထောက်မစွာပင် မည်သူ တစ်ဦးတစ်ယောက်မှ သတိလစ် မေ့မြောသွားခြင်း မရှိခဲ့ပါချေ။

စုမေ့က မျက်မှောင်ကြုတ်လိုက်၏။ သို့သော်လည်း ဖျက်ဆီးခြင်း စိတ်စွမ်းအင်လှိုင်းများမှာ သူမကို လုံးဝ မသက်ရောက် နိုင်သလောက် ဖြစ်သည်။ သူမအတွက် ၎င်းတို့က အားနည်းလွန်းလှပေသည်။

လူငယ်များ အားလုံး တောင့်တောင်ခံ နိုင်သည်ကို တွေ့မြင်လိုက်ရသော အခိုက်၌ လူကြီး၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်း အချို့ ပေါ်လာခဲ့၏။ သို့သော်လည်း သူက တင်းမာ အထင်သေးသည့် အမူအရာကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်။

“ဟုတ်တယ်... မင်းတို့ အားလုံးက တကယ့်ကို နိမ့်ကျတဲ့ အမှိုက်တွေပဲ... မြဲမြဲ မှတ်ထားကြ... မင်းတို့က ထာဝရ ကြယ်တာရာ နယ်မြေမှာ ပါရမီရှိတဲ့ လူ ဖြစ်ကောင်း ဖြစ်နိုင်ပေမဲ့ ဒီနေရာမှာတော့ ဘာမှမဟုတ်ဘူး”

လူငယ်များ၏ မျက်လုံးများထဲတွင် မကျေနပ်သည့် အရိပ်အငွေ့ အချို့ ပေါ်လာခဲ့၏။ သို့သော်လည်း မည်သူမှ ပြန်မပြောရဲကြချေ။ သူတို့က လက်သီးကို တင်းတင်းဆုပ်ကာ ခေါင်းများကို ငုံ့ထားကြ၏။

အမှိုက်...

ထိုစကားလုံးက ပြင်းထန်သော်လည်း အမှန်တရား ဖြစ်သည်။ အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာ နယ်မြေတွင် ဆိုလျှင် သူတို့ မျှော်မှန်းနိုင်သည့် အမြင့်ဆုံး အဆင့်က လောကသခင် အဆင့် ဖြစ်သည်။ သို့တိုင်အောင် လွန်ခဲ့သည့် နှစ်ပေါင်း ရာချီ အတွင်း ထို့ပိဟန် တစ်ယောက်သာလျှင် ထိုအဆင့်ကို တက်လှမ်း နိုင်ခဲ့သည်။

ဤလောကနယ်မြေတွင်တော့ အနိမ့်ဆုံး ကြေးအဆင့် အင်အားစုတွင်ပင် လောကသခင် တစ်ယောက် ရှိသည်။ ထိုကွာခြားချက်က အလွန် ကြီးမားလွန်းလှပေသည်။

“မင်းတို့က အဲဒါ မရှိတဲ့ ကမ္ဘာမှာ မွေးဖွားလာတာ”

လူကြီးက ကောင်းကင်ရှိ အဖြူရောင် ခါးပတ်ကွင်းပါ နေကြယ်ကြီးကို လက်ညိုး ထိုးပြရင်း ပြောလိုက်၏။

“ပါရမီ အရ ပြောရမယ် ဆိုရင် မင်းတို့က ငါတို့ရဲ့ စံချိန်စံနှုန်းအောက် အများကြီး လျော့ကျတယ်... မင်းတို့ထဲက အပုံတစ်ရာပုံ တစ်ပုံတောင် စမ်းသပ်မှု အောင်မြင်မှာ မဟုတ်ဘူး...”

လူကြီးက အသေးစိတ် မပြောသော်လည်း စုမေ့ကတော့ နားလည်ပေသည်။ နေကြယ်နှင့် ပတ်ဝန်းကျင် အခြေအနေမှာ ကျင့်ကြံရာတွင် မည်မျှ အကျိုးသက်ရောက်ကြောင်း သူမ သိပေသည်။ အနန္တ ကုန်းမြေတိုက်ကြီးနှင့် အနန္တ ဧကရာဇ်ဂြိုဟ် အကြား အခြေအနေတို့ကို နှိုင်းယှဥ်ကြည့်ပါက ထိုအချက်ကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်ပေသည်။

လူကြီးက အေးစက်စက်ပင် ဆက်ပြောလိုက်၏။

“အထီးကျန် ဆေဘာဂိုဏ်းကို ရောက်ရှိတဲ့ အခါ မင်းတို့ရဲ့ စမှတ်က အရမ်း နိမ့်ကျလိမ့်မယ် ဆိုတာ သတိရပါ... မင်းတို့ လျှောက်လှမ်းရတဲ့ လမ်းကြောင်း တစ်ခုချင်းစီတိုင်းက အန္တရာယ်တွေနဲ့ ပြည့်နှက် နေလိမ့်မယ်... မင်းတို့ ဘာအကာအကွယ်မှ ရမှာ မဟုတ်ဘူး... မင်းတို့ အသတ်ခံရနိုင်တယ်... အနိုင်ကျင့် ခံရနိုင်တယ်... အထီးကျန် ဆေဘာဂိုဏ်းက ကလေးကစားကွင်း မဟုတ်ဘူး... တကယ်လို့ မင်းတို့သာ အသက် အန္တရာယ်ကို စိုးရိမ်တယ် ဆိုရင် မင်းတို့အတွက် တည်ဆောက်ထားတဲ့ ဂြိုဟ်အသစ်ကို သွားနေနိုင်တယ်”

သို့သော်လည်း လူငယ်များမှာ တုတ်တုတ်မျှ မလှုပ်ပါချေ။ သူတို့သာ ကြောက်တတ်သူများ ဆိုပါက ဘယ်တုန်းကမှ ဆေဘာ ဆိုသည့် နာမည်ကို ရွေးချယ်ခဲ့လိမ့်မည် မဟုတ်ပါချေ။ ကျင့်ကြံခြင်းမှာ အမြဲတမ်း အခက်အခဲများနှင့် ပြည့်နှက်နေသည့် နေရာ ဖြစ်သည်။ တောင်ထပ်သို့ ရောက်လိုလျှင် ချောက်ကမ်းပါးများအား ဖြတ်ကျော်ရမည်မှာ သဘာဝ ဖြစ်သည်။

လူကြီးမှာ လူငယ်များ၏ သတ္တိကို ကြည့်ကာ အနည်းငယ် သဘောကျသွားခဲ့၏။ သူက ခေါင်းတစ်ချက် ညိတ်ရင်း ပြောလိုက်သည်။

“ငါ့နာမည်က တောက်ယုဝမ်ပဲ... လေပြင်းဆေဘာတို့လည်း လူသိများတယ်... ဒါပေမဲ့ မင်းတို့ အားလုံးကတော့ ငါ့ကို ဂိုဏ်းချုပ်လို့ပဲ သိထားရမယ်... အဲဒီလိုပဲ ခေါ်နိုင်တယ်”

ထိုကဲ့သို့ ပြောပြီးနောက် သူက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ အနက်ရောင် ပုလဲ တစ်ခုကို ထုတ်ယူလိုက်၏။ ထို့နောက် ၎င်းကို စင်မြင့်နှင့် ပေါင်းစပ်လိုက်သည်။

တစ်ခဏအတွင်းမှာပင် သူ့နောက်ရှိ စက်ဝန်းမှာ ပိုမို တောက်ပလာကာ ကျောက်တိုင်ကြီးများမှာ ရောင်စုံ အလင်းတန်းများကို ထုတ်လွှတ်လာ၏။ အလင်းတန်းများက သူတို့ ရပ်နေသည့် စင်မြင့် အပေါ် ယှက်ဖြာ၍ ကျဆင်းလာကာ အချိန်တစ်ခဏ အတွင်းမှာပင် ပတ်ဝန်းကျင် တစ်ခုလုံးကို သိမ်းပိုက်သွား၏။ ရုတ်တရက် စုမေ့ အပါအဝင် လူငယ် အားလုံးမှာ အမြင်အာရုံကို ဆုံးရှုံးသွား၏။ အလွန်အမင်း တောက်ပလှသော ရောင်စုံ အလင်းတန်းများမှ လွဲ၍ အရပ်ရှစ်မျက်နှာတွင် သူတို့ ဘာကိုမှ မမြင်ရတော့ချေ။

သို့သော်လည်း ထိုအခြေအနေက သိပ်မကြာလိုက်ချေ။ တစ်ခဏအတွင်းမှာပင် ရောင်စုံအလင်းတန်းများမှာ လွင့်ပါးသွားကြကာ စင်မြင့်မှာ ပုံမှန် အတိုင်း ပြန်ဖြစ်သွား၏။ သို့သော်လည်း မြင်တွေ့နေရသော မြင်ကွင်းကတော့ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်လေသည်။

ဟူး...

သူတို့ ပထမဆုံး သတိထားမိလိုက်သည့် အရာက သာမန် မျက်စိဖြင့်ပင် မြင်နိုင်လောက်သည့် ကြယ်တာရာ အမတေများပင် ဖြစ်လေသည်။ ၎င်းတို့မှာ အလွန်အမင်း သန့်စင်လှကာ အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာ နယ်မြေ၏ မည်သည့် နေရာထက် မဆို ကျော်လွန်အောင် သိပ်သည်း ထူထပ်လှသည်။ ဤလောအသစ်ကား မြင်ရုံဖြင့်ပင် အထင်ကြီးစရာ ကောင်းနေခဲ့ပြီ ဖြစ်လေသည်။ သို့သော်လည်း သူတို့ သတိမထားမိသည့် အရာကား ထိုမြင်ကွင်း၏ နောက်ကွယ်၌ အလွန် ကြီးမားသည့် အန္တရာယ်များ ခိုအောင်း နေခဲ့ခြင်းပင်။

“မင်းတို့ရဲ့ အိမ်အသစ်ကနေ ကြိုဆိုပါတယ်...”

တောက်ယုဝမ်က အံ့အားသင့်နေသည့် လူငယ်များကို တစ်ချက် ဝှေ့ကြည့်ရင်း ကြေညာလိုက်လေ၏။

***

All Chapters