← Chapters

စမ်းသပ်မှု

Vol. 43 Ch. 596

စမ်းသပ်မှု

Vol. 43 Ch. 596

စုမေ့မှာ ရှေ့တွင် ထင်းထင်းကြီး ပေါ်လာသည့် ကမ္ဘာအသစ်ကို တဖျပ်ဖျပ် တောက်ပနေသည့် မျက်လုံးများဖြင့် စူးစမ်း နေခဲ့လေ၏။ သူမ၏ အထက်ရှိ ကောင်းကင်မှာလည်း ပြောင်းလဲသွားကာ အဖြူရောင် ခါးပတ်ကွင်းနှင့် ဧရာမ နေကြယ်ကြီးမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ထို့အစား လခြမ်းကွေး သဏ္ဌာန် အနားစွန်း ပါရှိသည့် ဆေဘာကြီး တစ်စင်းသာလျှင် ကောင်းကင်၌ တည်နေ၏။ ၎င်းမှာ တိမ်များနှင့် ကောင်းကင်အလွှာတို့၏ အနောက်ယွန်းယွန်း၌ တွဲလောင်းကျ တည်ရှိနေကာ ထူးဆန်းသည့် အလင်းရောင်ခြည် တစ်မျိုးကို ထုတ်လွှတ်နေသည်။

“ဒါက လောကနယ်မြေလား...”

စုမေ့က ခပ်တိုးတိုး ရေရွတ်လိုက်စဥ်မှာပင် ပတ်ဝန်းကျင်ရှိ သိပ်သည်း များပြားလှသော ကြယ်တာရာ အမတေများမှာ ကြမ်းတမ်း ခက်ထန်စွာ ရွေ့လျားလာကာ သူမ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာ၏။ ရုတ်ချည်းပင် သူမ၏ အသိစိတ် ပင်လယ်က တုန်ရီသွားကာ ကြယ်တာရာ အမတေများထဲတွင် ထက်ရှသော ဆေဘာစွမ်းအင်များ ပါဝင်နေကြောင်း သူမ ရှင်းလင်းစွာပင် ခံစား လိုက်ရသည်။ ဆေဘာရည်ရွယ်ချက်က သူမ စိတ်ထဲတွင် ဟိန်းဟောက်၍ ထွက်ပေါ်လာကာ ဆေဘာစွမ်းအင်များကို လွှမ်းခြုံသွား၏။ ဖြည်းညင်းစွာပင် နှေးကွေးသော စွမ်းအင် ပတ်လမ်းတစ်ခု သူမ ခန္ဓာကိုယ်ထဲ၌ ထွက်ပေါ်လာကာ ထျန်းတျန်ဆီသို့ စီးဆင်း သွားသည်။

စုမေ့ တစ်ယောက် ထူးဆန်းသော လောကနှင့် ဆေဘာ စွမ်းအင်တို့ကို အံ့အားသင့် သွားခဲ့ချိန်မှာပင်...

ရွှစ်... ဝှစ်...

“အား...”

“မဟုတ်ဘူး... နာလိုက်တာ...”

"ဒါက ဘာကြီးလဲ... ရပ်လိုက်ပါတော့... တောင်းပန်ပါတယ်”

အသား လှီးဖြတ်ခံရသံများနှင့် ထိတ်လန့်တကြား အော်ဟစ် ငိုယိုသံများမှာ လူငယ် အုပ်စုများ အကြားမှ ထွက်ပေါ်လာခဲ့၏။

စုမေ့က သူတို့ကို လှည့်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ ကြယ်တာရာ အမတေများ အတွင်း စိမ့်ဝင်နေသည့် ဆေဘာစွမ်းအင်များမှာ အလွန်အမင်း သိပ်လည်းလွန်းလှသည်။ သူမလို ဆေဘာရည်ရွယ်ချက် ပိုင်ရှင် တစ်ယောက် ပင်လျှင် ၎င်းတို့ကို စုပ်ယူယူချင်း အသိစိတ် ပင်လယ် တစ်ခုလုံး တုန်ရီသည် အထိ ခံစားခဲ့ရသည်။ သာမန် ကျင့်ကြံသူများ အတွက် ထိုစွမ်းအင်များကို ခုခံရန်က မဖြစ်နိုင်လောက်အောင်ပင်။

“ပွက်...”

နွေးထွေးသော အရည်များမှာ သူမ၏ မျက်နှာထက်သို့ လာရောက် ပေစင်သွား၏။ စုမေ့က ထိုနေရာသို့ ကြည့်လိုက်ရာ လူငယ်လေး တစ်ယောက်မှာ ခန္ဓာကိုယ် တစ်ခုလုံး လှီးဖြတ်ခံရကာ မြေပြင်ထက်သို့ တဖြည်ဖြည်း လဲပြိုကျသွားသည်ကို တွေ့မြင်လိုက်ရ၏။

သူက အသက်ထွက်လု နီးပါး အထိ ဆန့်တငင်ငင် ဖြစ်နေကာ သူမကို စိုက်ကြည့်၍ အကူအညီ တောင်းရန် ကြိုးစားနေဟန် ရသည်။ သို့သော်လည်း သူ၏ လည်ချောင်းတွင်လည်း ပြတ်ရှရာ တစ်ခု ရှိနေလေရာ မြင်းဟီ သကဲ့သို့ အသံများသာ ထွက်ပေါ်နေ၏။

ဝှစ်...

ထို့နောက်... ရုတ်တရက် အလင်းတန်း တစ်ခု ထွက်ပေါ်လာကာ လူငယ်မှာ ပျောက်ကွယ်သွား၏။ ထိုအလင်းတန်းက သူ့ကို အခြား နေရာတစ်ခုသို့ ပို့လွှတ်လိုက်ခြင်း ဖြစ်ကြောင်း စုမေ့ အကဲခတ်လိုက်မိပေသည်။

ဝှစ်...

ဝှစ်...

ဝှစ်...

မကြာခင် အခြား လူငယ်များမှာလည်း တစ်ယောက်ပြီး တစ်ယောက် ပျောက်ကွယ် သွားကြပြန်၏။ သူတို့က အထီးကျန် ဆေဘာဂိုဏ်း၏ အဖွဲ့ဝင် တစ်ယောက် ဖြစ်လာဖို့ အဆင့်မမှီသည်မှာ ထင်ရှားလှပေသည်။

မည်သို့ပင် ဆိုစေကာမူ... စုမေ့ အပါအဝင် ဆေဘာ စွမ်းအင်ကို ခုခံနိုင်သည့် လူငယ်များစွာ ကျန်ရှိနေသေးဆဲ ဖြစ်ပေသည်။ တောက်ယုဝမ်က သူတို့ကို တစ်ချက် ဝှေ့ကြည့်လိုက်၏။ ယခုတစ်ကြိမ် သူ၏ အဝါရောင် မျက်လုံးများထဲတွင်တော့ ကွဲပြားခြားနားသည့် အလင်းတစ်ခု ရှိနေခဲ့ပေသည်။ သူက ဖြည်းညင်းစွာပင် ပြောလိုက်၏။

“အခု မင်းတို့ အတွက် ဒုတိယမြောက် စမ်းသပ်မှု လာတော့မယ်... အဲဒီ စမ်းသပ်မှုကို သုံးရက် အတွင်း အောင်မြင်တဲ့ လူတွေက ဂိုဏ်းရဲ့ အပြင်စည်း တပည့်တွေ ဖြစ်လာလိမ့်မယ်... မအောင်မြင်ခဲ့ဘူး ဆိုရင်တော့ ပြင်ပ တပည့် ရာထူးကိုပဲ ရလိမ့်မယ်”

ထိုကဲ့သို့ ပြောပြီးနောက် တောက်ယုဝမ်က လူငယ်များကို တစ်ချက် ဝှေ့ကြည့်လိုက်၏။ စုမေ့ကို မြင်လိုက်သော အခိုက်၌ သူ့မျက်နှာထက်တွင် စိတ်ဝင်စားသည့် အရိပ်အယောင် အချို့ ထွက်ပေါ်လာသည်။ သို့သော်လည်း သူက ဘာစကားတစ်ခွန်းမှ ထပ်မဆိုပါချေ။ အင်္ကျီ လက်တစ်ဖက်ကိုသာ ခါယမ်းကာ ထိုနေရာမှ အပြီးတိုင် ပျောက်ကွယ် သွားခဲ့တော့၏။

စုမေ့က တောက်ယုဝမ် ရပ်နေခဲ့သည့် နေရာကို တစ်ချက် လှမ်းကြည့်လိုက်၏။ ၎င်း၏ အနောက် အလွန် ဝေးကွာသော တစ်နေရာတွင်တော့ ကြီးမားသော တောင်ကြီး တစ်လုံး ရှိနေခဲ့ပေသည်။

ဟူး... ဟူး...

ချီပျစ်ခဲခြင်း အဆင့်ခြောက် လူသား ကျင့်ကြံသူ တစ်ယောက်က ချီစွမ်းအင်ကို ထူထဲသည့် အကာအရံ တစ်ခု အသွင် ပြောင်းလဲကာ ခန္ဓာကိုယ် ပတ်လည်ကို ဝန်းရံလိုက်၏။ ထိုအကာအရံက လေထု အတွင်း တိုးဝင်နေသည့် ဆေဘာ စွမ်းအင်နှင့် ထိပ်တိုက်တွေ့သွားကာ သူ့ခန္ဓာကိုယ်တွင် ‌နောက်ထပ် ဖြတ်ရှရာများ ဖြစ်ပေါ်မလာအောင် တားဆီးပေးသည်။

အခြားလူများမှာပင် တူညီစွာပင် လိုက်လံ လုပ်ဆောင်လိုက်ကြကာ ဆေဘာ စွမ်းအင်ကို တားဆီးနိုင်သည့် ကိုယ်ပိုင် အကာအကွယ်များကို ဖန်တီးလိုက်ကြ၏။

လူငယ်များကို ကြည့်ရင်း လေထု အတွင်းရှိ ဆေဘာ စွမ်းအင်မှာ ကျင့်ကြံခြင်း အဆင့်ပေါ် မူတည်၍ ခက်ခဲမှု အဆင့်များ ပြောင်းလဲနေသည်ကို စုမေ့ သတိထားမိလိုက်၏။ ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူများ သွေးအလိမ်းလိမ်းဖြင့် စမ်းသပ်မှုမှ ထွက်ခွာသွားရချိန်တွင်ပင်... ဆေဘာ စွမ်းအင်ကို လုံခြုံ ဘေးကင်းစွာ ခုခံနိင်သည့် ချီပျစ်ခဲခြင်း အဆင့် ကျင့်ကြံသူ အချို့ ကျန်ရှိနေခြင်းက ထိုအချက်ကို သက်သေခံနေသည်။

“ဒီနေရာက ထူးဆန်းတာပဲ...”

စုမေ့က ပင့်သက်တစ်ချက် ရှိုက်လိုက်ရင်း အဝေးရှိ တောင်ကြီးကို လှမ်းကြည့်လိုက်သည်။ ကောင်းကင်ရှိ ဆေဘာ ပုံရိပ်ကြီး၏ အဖျားက ထိုတောင်ထွတ်ကို တိုက်ရိုက် ညွှန်ပြနေဟန် ရှိလေရာ ၎င်းမှာ ဂိုဏ်း၏ တည်နေရာ ဖြစ်လိမ့်မည်ဟု သူမ တွေးလိုက်မိသည်။

“အဲဒါက အနန္တ တာအို နန်းတော်တွေလိုမျိုးလား...”

တစ်ခါတုန်းက ဝေ့ဝူယင်မှာ သူ ဆေဘာ တာအိုကို ရွေးချယ်ကာ အနန္တ တာအို နန်းတော်ထံ ဝင်ရောက်ခဲ့သည့် အတွေ့အကြုံ အကြောင်း သူမကို ပြောပြခဲ့ဖူးသည်။ ထိုတာအို နန်းတော်သို့ တက်လှမ်ရန် လှေကား ကိုးဆယ့် ကိုးထစ် ရှိကာ တစ်ထစ်ချင်းစီတိုင်း၌ ခက်ခဲမှုက ပိုမို တိုးလာခဲ့သည်။ ထို့အပြင်... လှေကားထစ်များ၏ စွမ်းအားက ပစ်မှတ်၏ ကျင့်ကြံခြင်း အဆင့်ပေါ် မူတည်ကာ လိုက်လျောညီထွေ ပြောင်းလဲ သွားသည်ဟု ဆိုသည်။

စုမေ့ လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ရင်း ဆေဘာရည်ရွယ်ချက်ကို ထုတ်ဖော်လိုက်၏။ သူမကို ခုတ်ဖြတ် သတ်ဖြတ်ရန် ကြိုးပမ်း အားထုတ်နေသည့် ပတ်ဝန်းကျင်ရှိ ဆေဘာစွမ်းအင်များမှာ ချက်ချင်းပင် အမိန့်နာခံတတ်သည့် တပည့်လေးများလို ငြိမ်ကျသွား၏။

သို့သော်လည်း သူမက လူငယ်များ အတွင်း ပါဝင်နေသည့် အာဏာရှင် အဖွဲ့ဝင်များကို ကာကွယ်ရန်၊ သို့မဟုတ် လက်တွဲ ခေါ်ဆောင်ပေးရန် မလှုပ်ရှားပါချေ။ ထို့အစား ဝိညာဥ် ဆက်သွယ်မှု တစ်ခုကိုသာ ထုတ်လွှတ်လိုက်၏။

“အာဏာရှင်တို့... ကံကောင်းပါစေ”

ထိုအရာက သူမ ဂရုဏာ ကင်းမဲ့ခြင်း မဟုတ်‌ချေ။ ဤသည်က အာဏာရှင် အဖွဲ့ဝင် တစ်ယောက် အနေဖြင့် သူတို့ကိုယ် သူတို့ သက်သေပြရန် အခွင့်အရေး ဖြစ်သည်။ ဝေ့ဝူယင်၏ ပျိုးထောင်မှုကို ခံထားရသည့်တိုင် ဤရွှေအဆင့်ဂိုဏ်း၏ အပြင်စည်း တပည့် တစ်ယောက် ဖြစ်မလာနိုင်လျှင် သူတို့က ကျဆုံးရန် ထိုက်တန်ပေသည်။

ဝှစ်...

ထို့နောက် စုမေ့မှာ စတင် ထွက်ခွာသွား၏။ အခြား အာဏာရှင်များမှာ သူမကို လှမ်းကြည့်ရင်း မျက်လုံးများ တဖျပ်ဖျပ် တောက်ပသွားကြသည်။ ဝေ့ဝူယင် ထောက်ပံ့ခဲ့သည့် အဂ္ဂိရတ် ထုတ်ကုန်များကြောင့် သူတို့ အားလုံးမှာ အဆင့်တူ ကျင့်ကြံသူ အများစုထက် ပိုမို သန်မာကြသူများ ဖြစ်သည်။ ဤနေရာရှိ ကျင့်ကြံသူများမှာ အလွန် အစွမ်းထက်ကြကြောင်း ကြားဖူးသည့်တိုင် သူတို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိနေဆဲ ဖြစ်သည်။

မည်သို့ပင် ဆိုစေ... သူတို့ထဲမှ အများစုမှာ မဟာဂိုဏ်းကြီး တစ်ဂိုဏ်းဖြစ်သည့် အနန္တ ဧကရာဇ်ဂိုဏ်းမှ လူများ ဖြစ်သည်။ ကျင့်ကြံခြင်း ပတ်ဝန်းကျင် အရ ကွဲပြားမှုများ ရှိသည့်တိုင် ပါရမီချင်း ယှဥ်လျှင်တော့ နိမ့်ပါးခြင်း မရှိဟု သူတို့ ယုံကြည်သည်။

လူငယ် အုပ်စု အကြားတွင် အရပ်ရှည်ရှည် အပြာရောင် ဆံနွယ်များနှင့် မိန်းမငယ်လေး တစ်ယောက် ရှိ၏။ ပြတ်ရာ ရှရာများနှင့် အတူ အရေပြားများမှာ နီရဲသော သွေးများနှင့် စိုရွှဲနေသည့်တိုင် သူမ၏ မျက်လုံးများထဲတွင် မည်သည့် အရှက်ရမှုမှ ရှိမနေပါချေ။

ထိုမိန်းကလေးကား ရွှယ်ရီဖေး ကိုယ်တိုင် ရွေးချယ်ကာ ပြုစု ပျိုးထောင်ပေးထားသည့် လက်ရွေးစင် တစ်ယောက်ပင် ဖြစ်ပေသည်။ ကြယ်တာရာ အမြုတေ အဆင့်တစ် လောကပင်လယ် အဆင့်တွင်သာ ရှိသေးသည့်တိုင် မိန်းကလေး၏ ခွန်အားကတော့ အထင်သေး၍ မရနိုင်ချေ။

ဟူး...

မိန်းကလေးက ကြယ်တာရာ အင်အားဖြင့် အလွန် ထူထဲသည့် အကာအကွယ် တစ်ခုကို ဖန်တီးကာ သူမ၏ ခန္ဓာကိုယ် ပတ်လည်၌ ဝန်းရံလိုက်၏။ ထို့နောက် ခပ်ဖျော့ဖျော့ ဟိန်းဟောက်သံ တစ်ခုကို ထုတ်လွှတ်ကာ စုမေ့ နောက်သို့ လိုက်လိုက်လေတော့သည်။

အာဏာရှင် အဖွဲ့ ထိပ်သီး ခေါင်းဆောင် တစ်ဦး ဖြစ်သည့် စုမေ့ထံမှ ဝိညာဥ် ဆက်သွယ်မှုကို ရရှိပြီးနောက်တွင် ဤစမ်းသပ်မှုမှာ အာဏာရှင်တို့ အတွက် သက်သေပြရန် အခွင့်အရေး တစ်ခု ဖြစ်ကြောင်း သူမ သဘောပေါက် နေခဲ့ပြီ ဖြစ်သည်။ ထိုအခွင့်အရေးကို သူမ မည်ကဲ့သို့ လက်လွှတ်ခံနိုင်ပါမည်နည်း။

မိန်းမငယ်လေး၏ ခိုင်မာ ပြတ်သားသည့် လုပ်ဆောင်ချက်က များစွာသော လူငယ်များကို ပြောစရာ စကား ကင်းမဲ့ သွား‌စေ၏။ သူမမှာ အလွန် ငယ်ရွယ်သေးကာ အသက် သုံးဆယ်လောက်သာ ရှိပေလိမ့်မည်။ သို့တိုင်အောင် သူမ၏ ဆန္ဒက ပြင်းပြကာ ရှေ့သို့ ဆက်တိုးရန် ရဲရင့်ခဲ့သည်။ မိန်းကလေးကို ကြည့်ရင်း လူငယ်များမှာ စိတ်ဓာတ်များ တက်ကြွလာခဲ့ကြ၏။ သူတို့က အကာအကွယ်များကို ပိုမို ခိုင်ခံအောင် ပြင်ဆင်ရင်း မိန်းကလေး နောက်သို့ လိုက်လိုက်လေတော့သည်။

ဆေဘာတောင်မှာ သူတို့၏ ပစ်မှတ် ဖြစ်သည်။ တောက်ယုဝမ်၏ စကားများမှာ သူတို့ နားထဲတွင် ပဲ့တင်ထပ်နေကာ သက်သေပြလိုစိတ်များမှာ ပြင်းထန်နေ၏။ မှန်သည်။ လက်ရှိ၌ သူတို့က အမှိုက်များ ဖြစ်သည်။ သို့သော်လည်း သူတို့က ရတနာများ ဖြစ်လာရန် အရည်အသွေး ရှိသည့် အမှိုက်များပင် ဖြစ်ပေသည်။

သို့သော်လည်း လူငယ် အားလုံးမှာ စိတ်သွားတိုင်း ကိုယ်ပါနိုင်ကြသည်တော့ မဟုတ်တော့ချေ။ ရှေ့သို့ ဆက်တိုးရန် ကြိုးပမ်းလိုက်သည်နှင့် အချို့မှာ ဆေဘာ စွမ်းအင်များ၏ ပိုမို ပြင်းထန်သော တိုက်ခိုက်မှုကို ကြုံရကာ ဒဏ်ရာများ ပြင်းထန်စွာ ရရှိသွားကြ၏။

တစ်ခဏအတွင်းမှာပင် ထိုလူများကို အဖြူရောင် အလင်းတန်းများက ဝန်းရံလာကာ အခြား နေရာများသို့ ပို့ဆောင် ခံလိုက်ရ၏။ အန္တရာယ်များသည့် ထိုပတ်ဝန်းကျင်၌ ဆက်လက် တိုက်ခိုက်ရန် အခွင့်အရေး မရတော့သည့်တိုင် သူတို့က အထီးကျန် ဆေဘာဂိုဏ်း၏ ပြင်ပ တပည့်များ ဖြစ်လာကြလိမ့်မည် ဖြစ်သည်။

စုမေ့က နောက်သို့ လှည့်မကြည့်ချေ။ သူမနှင့် တောင်တန်း အကြားရှိ အကွာအဝေးက အကြမ်းဖျဥ်း ဆယ့်ငါးမိုင်ခန့် ရှိပေသည်။ ထိုအရာက ကျင့်ကြံသူတို့ အတွက် ကွာဝေးသည်ဟု မဆိုသာပါချေ။ သို့သော်လည်း ခြေတစ်လှမ်း လှမ်းလိုက်တိုင်း၌ ဆေဘာစွမ်းလှိုင်းများက ပိုမို ပြင်းထန်လာနေသည်ကို သူမ ခံစားရ၏။ ၎င်းတို့က လေထုထဲတွင် တိုက်ရိုက်ပင် ပျော်ဝင်နေကာ တောင်တန်းကြီးထံမှ ဒီရေလှိုင်းများ သဖွယ် ဖြန့်ကျက် ထွက်ပေါ်နေခြင်း ဖြစ်သည်။

စုမေ့မှာ ဆေဘာ ရည်ရွယ်ချက်ကို ဖြန့်ကျက်ကာ ရှေ့သို့ လျှင်မြန်စွာ ဆက်နေခဲ့၏။ သို့သော်လည်း ဆေဘာ ရည်ရွယ်ချက်က အလုံးစုံ ပြိုင်ဘက်ကင်းသည်‌တော့ မဟုတ်ချေ။ တောင်တန်းကြီးနှင့် ပိုမို နီးကပ်လာသည်နှင့် အမျှ ဆေဘာ စွမ်းအင် အတွင်း ပါဝင်နေသည့် ထူးဆန်းသော လှိုင်းတစ်မျိုးမှာ သူမကို စတင် တိုက်ခိုက်လာ၏။ သို့သော်လည်း သူမ အံ့အားသင့်ခြင်း မရှိပါချေ။ အကယ်၍ ဆေဘာ ရည်ရွယ်ချက်ကသာ ထိုစမ်းသပ်မှုကို လွယ်ကူစွာ ကျော်လွှားနိုင်မည် ဆိုပါက တောက်ယုဝမ်မှာ အစောကြီးတည်းက သူမကို ခေါ်ဆောင်သွားလောက်ပြီ ဖြစ်သည်။

ရွှစ်... ရွှစ်...

အချိန်ကြာလာသည်နှင့် အမျှ ဆေဘာစွမ်းအင်များမှာ ပိုမို ပြင်းထန်လာကာ သူမ၏ ခန္ဓာကိုယ်ကိုပင် ခုတ်ပိုင်းဖြတ် ပစ်ရန် ကြိုးပမ်းလာကြ၏။ သို့သော်လည်း စုမေ့၏ အရှိန်က နည်းနည်းလေးမျှ လျော့ကျသွားခြင်း မရှိပါချေ။ တစ်ခဏ အတွင်းမှာပင် သူမမှာ တစ်မိုင်ခန့် အကွာအဝေး အထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်လေတော့သည်။

***

All Chapters