ဆေဘာ *
Vol. 43 Ch. 597
အဝေး တစ်နေရာ၌... အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် ပုံရိပ် သုံးခုမှာ ရုန်းကန်နေရသော လူငယ်များကို စိတ်ဝင်တစားနှင့် စောင့်ကြည့်နေခဲ့လေ၏။
သူတို့ သုံးယောက် စလုံးမှာ တူညီစွာပင် ဆေဘာ ထည့်သွင်းထားသည့် ဓားအိမ်ကို ခါးများတွင် ချိတ်ဆွဲထားကြသည်။ ထိုဓားအိမ်များ ထက်တွင်တော့ ထူးဆန်းသော သင်္ကေတများနှင့် စကားလုံး တစ်ခုကို ရေးထိုးထား၏။ ၎င်းက “အထီးကျန်” ဟု အဓိပ္ပာယ် ရလေသည်။
“သိပ်မဆိုးကြဘူး...”
ပထမ ပုံရိပ်က မှတ်ချက်ချလိုက်၏။ သူက ခပ်တိုတို ဆံပင်ကို နောက်တွင် စုစည်းထားသည့် ချောမောသော လူငယ်တစ်ယောက် ဖြစ်ကာ ငယ်ရွယ်သော အော်ရာကို ပိုင်ဆိုင်ထားသည်။
ဒုတိယမြောက် ပုံရိပ်က ခေါင်းညိတ်လိုက်၏။ သူက အရပ် ခြောက်ပေခွဲ နီးနီး အထိ ရှည်သည့် လူအိုကြီး တစ်ယောက် ဖြစ်ကာ အရိုးပေါ် အရေတင် ပိန်လှီ ခြောက်ကပ်နေသည်။ သို့သော်လည်း တဖျပ်ဖျပ် တောက်ပနေသည့် သူ၏ မျက်လုံးများကတော့ အလွန်အမင်း အားကောင်းလှကာ ထက်ရှသော အော်ရာများနှင့် ပြည့်နှက် နေသည်။
အကယ်၍ သင့်အနေဖြင့် ထိုလူအိုကြီး၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံကို အထင်သေးကာ သွားရောက် ရန်စမိပါက သတိမထားမိခင်မှာပင် ခေါင်းပြတ် သွားလိမ့်မည် ဖြစ်သည်။
“ရှေ့ဆုံးက တစ်ယောက်က အတော်လေး စိတ်ဝင်စားစရာ ကောင်းတယ်... အသက်ငယ်ငယ်လေး ဆိုပေမဲ့ သူ့ရဲ့ ကျင့်ကြံခြင်း အခြေခံက အရမ်း မြင့်တယ်... ပြီးတော့ ခန္ဓာကိုယ် ပါရမီကလည်း ထူးခြားတယ်”
စုမေ့၏ အသက်အော်ရာမှာ ငါးဆယ်အောက်တွင်ပင် ရှိနေသေးဆဲ ဖြစ်သည်။ သို့သော်လည်း မြေဆွဲအား စွမ်းအင်များမှာ သူမ၏ ခန္ဓာကိုယ် ပတ်လည်တွင် ဝန်းရံကာ ပတ်ဝန်းကျင်ကိုပင် သက်ရောက်နေ၏။ ထိုအချက်က သူမမှာ ကြယ်တာရာ အမြုတေ အဆင့်ခြောက် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ကြောင်း ညွှန်ပြနေသည်။
ချောမောသော လူငယ်က မေးစေ့ကို ပွတ်သပ်လိုက်သည်။
“ဆေဘာ ရည်ရွယ်ချက်၊ အသက် ငါးဆယ်အောက်၊ နောက်ပြီး မြေဆွဲအား လွတ်မြောက်ခြင်း အခြေခံ... မဟုတ်မှ လွဲရော သူက ထာဝရ ကြယ်တာရာ နယ်မြေက အစွမ်းအထက်ဆုံး ကျင့်ကြံသူရဲ့ သမီးများလား”
အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေမှ လူများမှာ အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာ နယ်မြေကို ထာဝရ ကြယ်တာရာ နယ်မြေ အဖြစ် တသမတ်တည်း ရည်ညွှန်းကြသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ရှစ်ထောင်ခန့် ကာလ အတွင်း အင်ပါယာ ကောင်းကင် ကြယ်တာရာ နယ်မြေ၊ သုံးလွှာ ကြယ်တာရာ နယ်မြ၊ အာရုဏ်ဦး အင်ပါယာ ကြယ်တာရာ နယ်မြေ စသည်ဖြင့် အမျိုးမျိုး ခေါ်ဆိုခဲ့ကြသည့်တိုင် ၎င်းတို့မှာ ခေတ်ကာလကို ရောင်ပြန်ဟပ်၍ ဒေသခံများ မှည့်ခေါ်ထားကြသည့် အမည်များပင် ဖြစ်သည်။
အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေသားများ အတွက်တော့ ၎င်းတွင် နာမည် တစ်ခုနှင့် ထင်ရှားသည့် လက္ခဏာရပ် တစ်ခုသာ ရှိသည်။ ၎င်းက ထာဝရ ဧကရာဇ် မွေးဖွားရာ ထာဝရ ကြယ်တာရာ နယ်မြေ ဟူ၍။
“အသန်မာဆုံး ကျင့်ကြံသူလား... ဖြစ်နိုင်ချေ ရှိတယ်... အဲဒီ မိန်းကလေးရဲ့ ကျင့်ကြံခြင်း အမြန်နှုန်းက တကယ့်ကို အံ့အားသင့် စရာပဲ... အခြေခံ အုတ်မြစ်ပါ ကောင်းမလား ငါ သိချင်နေပြီ”
လူအိုကြီးက ပြောလိုက်၏။ တတိယမြောက် ပုံရိပ်ကတော့ ဘာမှ မပြောပဲ တိတ်ဆိတ်နေ၏။ သူမက ချောမော လှပသည့် မိန်းကလေး တစ်ယောက် ဖြစ်ကာ ယောက်ျား နှစ်ယောက်၏ အလယ်၌ ရပ်တည်နေသည်။ သူမ၏ အဆင့်အတန်းက အခြား နှစ်ယောက်ထက် ပိုမို မြင့်မားသည်မှာ ထင်ရှားလှသည်။ သူမမှာ ကြည်လင်သော စိမ်းပြာရောင် မျက်လုံးအစုံဖြင့် စုမေ့ကိုသာ စိုက်ကြည့်နေခဲ့၏။
ချောမောသော လူငယ်က မျက်မှောင်ကြုတ် လိုက်သည်။
“မဟုတ်သေးဘူးဗျ... တစ်ခုခုတော့ ထူးဆန်းနေပြီ... သူက လောကသခင် အဆင့်ကို မရောက်သေးတာတောင် အန္တရာယ် အငွေ့အသက်ကို ကျုပ် ခံစားနေရတယ်”
လူအိုကြီးက သဘောတူဟန်နှင့် ခေါင်းညိတ်လိုက်သည်။
“အမှန်ပဲ... အဲဒီ မိန်းကလေး အပြင် အခြား အထင်ကြီးစရာ ကောင်းတဲ့ လူငယ် အချို့လည်း ရှိသေးတယ်... သူတို့ရဲ့ ကျင့်ကြံခြင်း အခြေခံက ငါတို့ မျှော်လင့်ထားတာထက် အများကြီး ပိုသန်မာတယ်... ဟိုလောကပင်လယ် အဆင့် ကောင်မလေးလည်း မဆိုးဘူး... တစ်မိုင် မှတ်တိုင်ကို ဘာအခက်မှ သိပ်မရှိပဲ ရောက်သွားမှာ သေချာတယ်... သုံးမိုင် မှတ်တိုင် အထိတောင် သွားနိုင်မယ်လို့ ထင်တယ်”
လူငယ်များထဲ၌ စုမေ့နှင့် မိန်းမငယ်လေး နှစ်ယောက်သာလျှင် သူတို့ကို အံ့အားသင့်စေခဲ့ခြင်း မဟုတ်ချေ။ အခြား ကျင့်ကြံသူ တစ်ဒါဇင်ကျော်လည်း ရှိနေခဲ့သေးသည်။ သူတို့က အာဏာရှင်များပင် ဖြစ်သည်။ စုမေ့နှင့် ဝေ့ဝူယင်တို့မှာ အာဏာရှင် အဖွဲ့ဝင်များကို လက်ခံရာတွင် ဘယ်တုန်းကမှ ပစ်စလခတ် မလုပ်ခဲ့ချေ။ သူတို့၏ နားလည်မှု၊ ကျွမ်းကျင်နိုင်မှုနှင့် ပါရမီတို့ကို အထပ်ထပ် စစ်ဆေးပြီးမှသာ လက်ခံခဲ့ခြင်း ဖြစ်သည်။ တစ်နည်း ဆိုရလျှင် သူတို့မှာ အနန္တ ဧကရာဇ်ဂိုဏ်း၏ လက်ရွေးစင်များပင် ဖြစ်သည်။
အာဏာရှင် အဖွဲ့ဝင် တစ်ယောက် ဖြစ်လာသည်နှင့် လူတိုင်း လူတိုင်းမှာ သူတို့နှင့် ကိုက်ညီရာရာ အဆင့်ခြောက်၊ အဆင့်ခုနစ် ဆေးများကို လုံလောက်စွာ လက်ခံ ရရှိကြသည်။ သို့ဖြစ်လေရာ သူတို့မှာ မည်ကဲ့သို့ သာမန် ကျင့်ကြံသူများနှင့် တူပါမည်နည်း။
ထို့အပြင် ဗာကီရီ အဖွဲ့ကို ဖွဲ့စည်းပြီးနောက်တွင် သူတို့မှာ သူတို့မှာ သက်ဆိုင်ရာ ခေါင်းဆောင် အသီးသီးထံမှ အဆင့်မြင့် အဂ္ဂိရတ် ထုတ်ကုန်များကို လက်ခံ ရရှိခဲ့သည်။ ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူ အချို့ ဆိုလျှင် အဆင့်ခုနစ် ထိပ်ဆုံး အဆင့် ထုတ်ကုန်များကို စုပ်ယူခွင့် ရရှိသည် အထိ ကံကောင်းခဲ့သည်။
ဟူး... ဟူး...
အာဏာရှင် အဖွဲ့ဝင်များမှာ တဖြည်းဖြည်း ပိုမို ပြင်းထန်လာသည့် ပတ်ဝန်းကျင်နှင့် ခန္ဓာကိုယ်ကို ချိန်ညှိကာ ရှေ့သို့ ဆက်လက် တိုးနေကြ၏။ သူတို့က ကျင့်ကြံခြင်း အခြေခံ ပိုမို မြင့်မားသူများထက်ပင် ရှေ့သို့ ရောက်ရှိ နေကြပြီ ဖြစ်သည်။
သူတို့အား ဦးဆောင်နေသူကတော့ သံသယ ရှိစရာ မလိုလောက်အောင် စုမေ့ပင် ဖြစ်လေသည်။ မိနစ်ပိုင်းမျှ အတွင်းမှာပင် စုမေ့မှာ ဆယ်မိုင် မှတ်တိုင်ကို ဖြတ်ကျော်ကာ ဆက်လက် ရွေ့လျားနေခဲ့ပြီ ဖြစ်သည်။ သို့တိုင်အောင် သူမ၏ အရှိန်က နည်းနည်းလေးမှ လျော့ကျသွားခြင်း မရှိသေးချေ။
“ဒါ... ဒါက...”
ချောမောသော လူငယ်မှာ စကားများပင် ထစ်အနေခဲ့ပြီ ဖြစ်လေည်။ အမြဲတမ်း အထင်သေးခံခဲ့ရသည့် ကြယ်တာရာ နယ်မြေတစ်ခုတွင် ထိုမျှ ထူးချွန်သည့် ပါရမီရှင် တစ်ဦး ရှိနေလိမ့်မည် သူ တစ်ခါမှ မတွေးမိခဲ့ချေ။
ဟူး... ဟူး...
အခြားတစ်ဖက်၌ အာဏာရှင် အဖွဲ့ဝင်များမှာလည်း စုမေ့ကို မယှဥ်နိုင်ကြသည့်တိုင် ခပ်မြန်မြန်ပင် ရွေ့လျား နေကြ၏။ သူတို့က အခြား လူငယ်များကို နောက် ခပ်လှမ်းလှမ်းတွင် ချန်ထားခဲ့ကြပြီး ဖြစ်သည်။ အာဏာရှင် အဖွဲ့ဝင်များထဲမှ အားအနည်းဆုံး တစ်ယောက် ပင်လျှင် ငါးမိုင် မှတ်တိုင်ကို ရောက်နေခဲ့ချိန်တွင် အခြား လူငယ်များကတော့ အများဆုံး သုံးမိုင်ကိုသာ ရောက်ရှိသေးသည်။
ပို၍ အထင်ကြီးစရာ ကောင်းသည်က အာဏာရှင် အဖွဲ့ဝင်များမှာ နည်းနည်းမျှ နှေးကွေးသွားခြင်း မရှိပဲ ပုံမှန် အမြန်နှုန်းဖြင့် ဆက်လက် ခရီးဆက် နိုင်နေကြခြင်း ဖြစ်သည်။
ခပ်လှမ်းလှမ်းမှ ရပ်နေသည့် ချောမောသည့် လူငယ်နှင့် လူအိုကြီးတို့၏ မျက်နှာက တဖြည်းဖြည်း ဖြူရော် လာ၏။ တစ်မိုင်ကို အကွာအဝေးကို ကျော်လွန်တိုင်း ဆေဘာစွမ်းအင်မှာ ပိုမို ထက်ရှလာကာ ပစ်မှတ်ကို ကြောက်မက်ဖွယ် ခွန်အားဖြင့် ထပ်တိုး တိုက်ခိုက်လိမ့်မည် ဖြစ်သည်။ တောင်ဆီသို့ ပိုမို နီးကပ်လာလေလေ ရင်ဆိုင်နေရသည့် အန္တရာယ်က ပိုမို ကြောက်မက်ဖွယ် ကောင်းလာလေလေ ဖြစ်သည်။
သို့သော်လည်း ယခုတွင်တော့အံ့အားသင့်ဖို့ ကောင်းစွာပင် ဒါဇင်ပေါင်း များစွာသော လူငယ်များမှာ အေးအေးဆေးဆေးပင် ရှေ့သို့ ဆက်နေနိုင်ကြဆဲ ဖြစ်သည်။ ထိုကဲ့သို့သော အရည်အချင်းက သူတို့ ဂိုဏ်း၏ ထိပ်တန်း တပည့် အချို့ ပြသခဲ့သော စွမ်းရည် ထက်ပင် ကျော်လွန်နေသည်။
လှပသော မိန်းကလေး၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွား၏။ ဂိုဏ်းချုပ် တောက်ယုဝမ် ရည်ညွှန်းခဲ့သည့် အမှိုက်များက မည်သူနည်း။ ဤကမ္ဘာအသစ်တွင်ပင် သူတို့မှာ ကိုယ်ပိုင် အဆင့်အတန်း တစ်ခုကို တည်ဆောက်ရန် အရည်အချင်း ရှိသည်သူများ ဖြစ်ကြပေသည်။
သူမ တွေးတောနေစဥ်မှာပင် စုမေ့မှာ တောင်တန်းဆီသို့ ဦးတည်နေသည့် ရှည်လျား ကျယ်ဝန်းသော ဂိတ်တံခါးဆီသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ကောင်းကင်ရှိ ဆေဘာပုံရိပ်ကြီးကို မော့ကြည့်ရင်း သူမ၏ အနက်ရောင် မျက်လုံးများမှာ ထင်မှတ် မထားလောက်အောင် တောက်ပလာ၏။ ထို့နောက်... တစ်စုံတစ်ရာနှင့် ပဲ့တင်ရိုက် သွားသည့် အလား သူမ၏ ဆေဘာရည်ရွယ်ချက်က စတင် လှုပ်ရှားလာသည်။
ကလန့်...
ရုတ်ချည်းပင် ဆေဘာဟိန်းသံ တစ်ခုမှာ လောကတစ်ခုလုံးထံ ပဲ့တင်ထပ် ထွက်ပေါ်လာ၏။ ထိုအခိုက်အတန့်တွင်ပင် နေကြယ် နေရာကို ယူထားသည့် ဆေဘာကြီးမှာ စတင်ကာ တုန်ရီလာလေတော့သည်။
“မဖြစ်နိုင်တာ...”
ထိုမြင်ကွင်းကို မြင်သည်နှင့် ပုံရိပ် သုံးခု၏ မျက်လုံးများမှာ အဆမတန် ပြူးကျယ်သွား၏။ အလယ်၌ ရပ်နေသည့် မိန်းကလေး ပင်လျှင် ပင်ကိုယ် တည်ငြိမ်မှု ပျောက်ဆုံးသွားကာ မျက်နှာ တစ်ခုလုံး ထိတ်လန့် အံ့သြခြင်းများနှင့် အတူ ပြည့်နှက် နေခဲ့ပြီ ဖြစ်လေသည်။
ဝှစ်...
လေတိုးသံ တစ်ချက်နှင့် အတူ တောက်ယုဝမ်၏ ပုံရိပ်မှာ ဂိတ်တံခါး အနားတွင် ပေါ်လာခဲ့၏။ ဆေဘာ စွမ်းအင်များ ဝန်းရံလျှက် ရပ်နေသည့် စုမေ့ကို စိုက်ကြည့်လိုက်ရင်း သူ၏ အဝါရောင် မျက်လုံးများက မယုံကြည်နိုင်မှု အငွေ့အသက်များနှင့် ပြည့်နှက်လာသည်။
“ဆေဘာ နှလုံးသား ရည်ရွယ်ချက်လား...”
ထိုအခိုက်၌ အထီးကျန် ဆေဘာဂိုဏ်းချုပ်ကြီး၏ အသံက အဖိုးအတန်ဆုံး ရတနာ တစ်ခုကို တွေ့မြင်လိုက်ရသည့် အလား တုန်ရီ နေခဲ့လေ၏။
***