အယ်ဗန်မျိုးနွယ်၏ ကံကြမ္မာ
Vol. 43 Ch. 598
ထိုကဲ့သို့ အာဏာရှင် အဖွဲ့ဝင်များနှင့် လူငယ် ပါရမီရှင်များ အထီးကျန် ဆေဘာဂိုဏ်း၏ စမ်းသပ်မှုကို ကျော်ဖြတ်ရန် ကြိုးစားနေခဲ့ကြချိန်တွင် အခြားလူများမှာလည်း သူတို့ ရွေးချယ်ရာ လမ်းကြောင်း အသီသီးကို လျှောက်လှမ်းနေကြပေသည်။ သူတို့ထဲတွင် ဒုတိယ လမ်းကြောင်းကို ရွေးချယ်ရန် ဆုံးဖြတ်ခဲ့ကြသည့် အုပ်စု တစ်ခုလည်း အပါအဝင်ပင် ဖြစ်လေသည်။
လောက ရွှေ့ပြောင်းခြင်း ကွန်ယက်၏ နေရာ ကူးပြောင်းမှု အဆုံးသတ်ပြီး နောက်တွင် ထိုအုပ်စုမှာ အတူတကွပင် စုစည်း နေကြကာ ပတ်ဝန်းကျင် အသစ်ကို စိတ်လှုပ်ရှားစွာ လေ့လာ ဆန်းစစ်နေခဲ့ကြ၏။ အုပ်စု တစ်ခု ဟုသာ သုံးနှုန်းထားသည့်တိုင် သူတို့ထဲတွင် အရေအတွက် ဘီလျံ ဆယ်ဂဏန်း အထိ ရှိကာ အသက်အရွယ်နှင့် ကျားမ မျိုးစုံ ရောနှော ပါဝင်နေသည်။
သို့သော်လည်း ထိုဘီလျံဆယ်ချီသည့် အုပ်စုထဲတွင် တူညီသည့် အချက် တစ်ခုတော့ ရှိ၏။ ၎င်းက သူတို့အားလုံး အယ်ဗန် မျိုးနွယ်ဝင်များ ဖြစ်နေကြခြင်းပင်။
သူတို့ထဲမှာ အချို့မှာ ကောင်းကင်သို့ ပျံတက်ကြည့်ရန် ကြိုးပမ်းခဲ့ကြပြီး ဖြစ်သော်လည်း ထူးဆန်းသည့် အင်အား တစ်ခု ထွက်ပေါ်လာကာ သူတို့၏ ခန္ဓာကိုယ်များကို အောက်သို့ ပြန်လည် ဆွဲချနေသည်နှင့်သာ ကြုံတွေ့ရ၏။
လက်ရှိ သူတို့ ရောက်ရှိနေသည့် နေရာက ကျယ်ပြန့်သည့် မြင်ခင်း လွင်ပြင်ကြီး တစ်ခု ဖြစ်သည်။ ထိုနေရာရှိ လေက လတ်ဆတ်၍ အမတေများနှင့် ပြည့်နှက်နေကာ သင်းပန့် မွှေးပျံ့သော ရနံ့များပင် ကြိုင်လှိုင်စွာ ထွက်ပေါ်နေ၏။
ထိုမြင်ခင်း လွင်ပြင်ကြီးမှာ လေးထောင့် ပုံသဏ္ဌာန် ရှိကာ မျက်စိတစ်ဆုံး ကျယ်ပြန့်လှသော်လည်း ထူးခြားချက် တစ်ခုတော့ ရှိနေခဲ့၏။ ထိုနေရာ၌ မည်သည့် လူသား အရိပ်အယောင်ကိုမှ မမြင်တွေ့ရခြင်းပင် ဖြစ်သည်။
သူတို့ အားလုံးမှာ အကြောင်းပြချက်မဲ့စွာပင် ထိုထူးဆန်းသော နေရာ၌ နာရီပေါင်းများစွာ စုဝေး နေကြ၏။ လောလောဆယ်တွင် သူတို့ ဘာလုပ်ရမှန်း မသိသေးသလို၊ ဘယ်အရပ်မျက်နှာကို ဦးတည်သင့်ကြောင်းလည်း မစဥ်းစားရသေးချေ။
ဘီလျံဆယ်နှင့်ချီသည့် ထိုအယ်ဗန် မျိုးနွယ် အုပ်စုကြီးထဲတွင်မှာမှ တူညီသည့် အရောင်အသွေးများနှင့် အုပ်စုခွဲ တစ်ခု ရှိနေခဲ့လေ၏။ အရေအတွက်အားဖြင့် သူတို့က သန်းဂဏန်း အထိ ရှိလိမ့်မည် ဖြစ်ကာ ယောက်ျား၊ မိန်းမ အားလုံးမှာ ကြေးဝါရောင် အသားအရေနှင့် ပိန်ရှည်ရှည် ခန္ဓာကိုယ်များကို ပိုင်ဆိုင်ထားကြ၏။
ပျက်သုဥ်းခြင်း နယ်မြေမှ မီးခိုးရောင် သဲသောင်ပြင် အယ်ဗန် မျိုးနွယ်ဝင်များပင်။
ထိုအခိုက်၌ အိကျူးလင်မှာ မိဘ နှစ်ပါးနှင့် အတူ ရှိနေခဲ့၏။ သူမက မီးခိုးရောင် ခပ်ပွပွ ဝတ်စုံကို ဝတ်ဆင်ထားကာ ခန္ဓာကိုယ် ကောက်ကြောင်းများကို ကောင်းမွန်စွာ ဖုံးကွယ်ထားပေသည်။ သူမ၏ မီးခိုးရောင် မျက်လုံးများကတော့ ရှုပ်ထွေးမှု အရိပ်အငွေ့ အချို့နှင့် ပြည့်နှက်နေကာ တစ်စုံတစ်ရာကို တွေးတောနေဟန် ရလေ၏။
လောက ရွှေ့ပြောင်းခြင်း ကွန်ယက် နယ်မြေ အတွင်းတွင် စန်းလော့ယုက ရွေးချယ်ရန် အခွင့်အရေး ပေးခဲ့သော အချိန်၌ သူမ နာမည် နှစ်ခုကို ရေးချခဲ့၏။ ဝေ့ဝူယင်နှင့် သူမ၏ မိခင်တို့ပင်။
ထို့နောက် ရလဒ် ထွက်ပေါ်လာခဲ့သော အချိန်၌ ဝေ့ဝူယင် အနားသို့ သူမ ရောက်မသွားခဲ့ချေ။ ထို့အစား မိခင်ဖြစ်သူနှင့် အခြား မီးခိုးရောင် အယ်ဗန် မျိုးနွယ်များထံသို့သာ ပို့ဆောင်ခံခဲ့ရ၏။ ဘယ်လိုပဲ ဖြစ်ဖြစ် မိသားစုနှင့် ဥမကွဲ သိုက်မပျက် ဤနေရာအထိ ရောက်လာနိုင်ခဲ့သည်က ကံကောင်းသည်ဟု ဆိုရပေလိမ့်မည် ဖြစ်သည်။
ထိုအခိုက်၌ အိကျူးလင်၏ မိခင် အိမင်းလီမှာ အိကလန်၏ အဆင့်မြင့် ကျင့်ကြံသူများနှင့် စကားပြော နေခဲ့၏။ သူတို့က အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးမှ ရောက်ရှိလာခဲ့သည့် တစ်ခုတည်းသော အယ်ဗန်မျိုးနွယ်ဝင်များ မဟုတ်ချေ။ သူတို့၏ ပတ်လည်၌ ရေနေအယ်ဗန်၊ မဟူရာ တောင်တန်း အယ်ဗန်၊ သစ်တောစိမ်း အယ်ဗန်များပါ အတူ တကွ ရောနှော ရောက်ရှိနေကြပေသည်။
ထာဝရ ကြယ်တာရာ နယ်မြေ၏ အယ်ဗန်များနှင့် ဆုံတွေ့ခဲ့ရချိန်၌ သူတို့ အလွန် အံ့သြခဲ့ရသည်။ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးရှိ အယ်ဗန်မျိုးနွယ် လေးခုနှင့် မတူညီစွာပင် ထာဝရ ကြယ်တာရာ နယ်မြေမှ အယ်ဗန်ဝင် တစ်ယောက်ချင်းစီမှာ မတူကွဲပြားသည့် ဆံပင်အရောင်၊ မျက်လုံး အရောင်နှင့် အသားအရေတို့ကို ပိုင်ဆိုင်ထားကြသည်။ ထိုအယ်ဗန်မျိုးနွယ်ဝင်များကို ကြည့်ကာ ပြိုင်စံရှားသည့် ခံစားချက်မျိုး သူတို့ ခံစားနေရ၏။
အိမင်းလီ ပြန်လည် ရောက်ရှိလာသော အခိုက်၌ အိကျူးလင်က စိတ်ပူစွာဖြင့် မေးလိုက်၏။
“ဘာထူးခြားသေးလဲ အမေ... သူတို့ တစ်ခုခု တွေ့ထားတာ ရှိလား”
အိမင်းလီက ခေါင်းကို ခါယမ်းလိုက်၏။ သူမ၏ မျက်လုံးများထဲတွင်တော့ ထူးဆန်းသည့် ခံစားချက် တစ်ခု ရှိနေခဲ့သည်။ စူးစမ်း ရရှိ သလောက် “တတိယ” လမ်းကြောင်းအား ရွေးချယ်ခဲ့သည့် အယ်ဗန် လူငယ် အများစုမှာ ဒုတိယ တစ်ခုအား ရွေးချယ်ခဲ့သည့် လူများနှင့် အတူ ဤနေရာကိုသာ ပို့လွှတ်ခံခဲ့ရသည်။
သို့သော်လည်း လူသားများနှင့် အခြား မျိုးနွယ်များ၏ အခြေအနေများကို မသိရသေးရာ အပြောင်းအလဲကို စိတ်ရှည်စွာ စောင့်ဆိုင်းရန်သာ သူတို့ တတ်နိုင်ကြ၏။
အိမင်းလီက သမီးဖြစ်သူကို ကြည့်ရင်း လက်ကလေးကို အနည်းငယ် ဖျစ်ညှစ်လိုက်သည်။
“အဆင်ပြေသွားမှာပါ... တကယ်လို့ တစ်ခုခု ဖြစ်မယ် ဆိုရင်တောင် တော်ဝင် သားတော်က သမီးကို ထားသွားမှာ မဟုတ်ဘူး... သူ တစ်ခုခု လုပ်နိုင်လိမ့်မယ်လို့ မေမေ ထင်တယ်”
တော်ဝင် သားတော် ဆိုသည့် နာမည်က အိကျူးလင်၏ မျက်လုံးများကို မျှော်လင့်ချက်များဖြင့် တဖျပ်ဖျပ် တောက်ပ သွားစေ၏။ သူမ စကားပြောရန် ဟန်ပြင်လိုက်စဥ်မှာပင် တူညီသော အသားအရေနှင့် အလွန် လှပသည့် မိန်းကလေး တစ်ဦးမှာ သူတို့ အနားသို့ ရောက်ရှိလာ၏။
“မမယင်...”
ချက်ချင်းပင် အိကျူးလင်၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှု၊ ဝမ်းသာမှုများနှင့် တောက်ပလာခဲ့၏။ သူမကား အိယင်ပင် ဖြစ်လေသည်။
အိယင်က ဖြည်းညင်းစွာပင် လျှောက်လာခဲ့ကာ မိန်းကလေးကို နွေးထွေးစွာ ပြုံးပြလိုက်၏။ ယောက်ျား တစ်ယောက်နှင့် ခုတင် တစ်ခုထက်တွင် နှစ်ယောက် အတူတူ အိပ်စက်ခဲ့ပြီး နောက်တွင် အသက်အရွယ်နှင့် ကျင့်ကြံခြင်း အဆင့် ကွာခြားသည့်တိုင် သူတို့မှာ ညီအမများ သဖွယ် ဖြစ်နေကြပြီ ဖြစ်သည်။
အချိန်သခင် တစ်ယောက် အနေဖြင့် ပတ်ဝန်းကျင်ကို သူမ လေ့လာ စူးစမ်းခဲ့ပြီး ဖြစ်သည်။ မြက်ခင်း လွင်ပြင်မှာ အဆုံးမဲ့စွာ ကျယ်ပြန့်လှကာ ထိုနေရာမှ လွတ်မြောက်နိုင်ဖို့ မဖြစ်နိုင်လောက်အောင်ပင် ဖြစ်သည်။ ထို့အပြင် ရေနေ အယ်ဗန်မျိုးနွယ်စုမှ ကြယ်တာရာ သခင်ကိုလည်း သူမ ရှာမတွေ့ပါချေ။
ထိုပုဂ္ဂိုလ်ကြီးအား နောက်ဆုံးတွေ့ခဲ့သည့် အချိန်က လောက ရွှေ့ပြောင်းခြင်း ကွန်ယက်၏ အဖြူရောင် နယ်မြေအတွင်းတွင် ဖြစ်ပေသည်။ အချိန်သခင်၊ လောကသခင်များနှင့် တိုင်ပင်ပြီးနောက် သူမတို့ ကဲ့သို့ပင် သူက ဒုတိယ လမ်းကြောင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ထူးဆန်းစွာပင် သူက ဤနေရာသို့ ရောက်မလာခဲ့ပါချေ။
ကြယ်တရာ သခင် ပျောက်ဆုံးနေခြင်းက အိယင်ကို စိတ်ရှုပ်ထွေးစေ၏။ ကံကောင်းထောက်မစွာပင် ဒုတိယနှင့် တတိယ လမ်းကြောင်းများအား ရွေးချယ်သူများကိုတော့ ဤနေရာတွင် ပြန်တွေ့ရပေသည်။ သို့သော်လည်း ပထမ လမ်းကြောင်းအား ရွေးချယ်ခဲ့သူများကိုတော့ မတွေ့ရချေ။ သူတို့က ထာဝရ ကြယ်တာရာ နယ်မြေမှ လူများ အတွက် အသစ် ဖန်တီးထားသည် ဆိုသည့် ဂြိုဟ်ပေါ်သို့ ရောက်ရှိသွားခဲ့ပုံ ရသည်။
မိန်းကလေး နှစ်ယောက်မှာ ခေါင်းချင်းဆိုင်ကာ စတင် ဆွေးနွေးလိုက်၏။ သူတို့၏ ခေါင်းစဥ်များထဲမှ တစ်ခုကတော့ ဝေ့ဝူယင်ပင် ဖြစ်လေသည်။ အိယင်သည်လည်း ဝေ့ဝူယင်၏ နာမည်ကို ရေးခဲ့သည်သာ ဖြစ်သည်။ သူ သေဆုံးသွားပြီလား မသိရသလို အခြား တစ်နေရာသို့ ရောက်ရှိသွားသလားလည်း မခန့်မှန်း တတ်ကြပါချေ။
ဘုန်း...
ရုတ်တရက် အလွန် ကျယ်လောင်သည့် မိုးကြိုး ထစ်ချုန်းသံကြီး တစ်ခု ထွက်ပေါ်လာကာ လူတိုင်း၏ အာရုံများကို ဖမ်းစားသွား၏။ သူတို့က ကောင်းကင်သို့ လှမ်းကြည့်လိုက်ရာ လေထုထဲတွင် မရေမတွက်နိုင်သည့် ပုံရိပ်များ ပေါ်လာသည်ကို တွေ့မြင်လိုက်ရသည်။ ထိုအရာက ဟင်းလင်းပြင် ဂိတ်တံခါး တစ်ခုကို အသုံးပြုလိုက်ကြောင်း လက္ခဏာ တစ်ရပ်ပင်။
အိယင်က ကြယ်တာရာ အင်အားဖြင့် အိကျူးလင်တို့ သားအမိကို ကာကွယ်လိုက်ရင်း မည်သည့် မျှော်လင့်မထားသည့် အဖြစ်အပျက်ကို မဆို ရင်ဆိုင်ရန် အဆင်သင့် ပြင်လိုက်သည်။ ဤနေရာသို့ ခေါ်ဆောင်လာသည့် လူများနှင့် ယှဥ်လျှင် သူမ၏ ခွန်အားက အလွန် အားနည်းသည့်တိုင် မည်သည့် ကံကြမ္မာမျိုးကို မဆို လက်မြှောက် အရှုံးပေးရန် အိယင် ဆန္ဒ မရှိပါချေ။
သို့သော်လည်း... ရောက်ရှိလာသူများကို သတိထားမိသော အခိုက်၌ သူမ၏ တင်းမာသော အမူအရာက အနည်းငယ် ပြေလျော့သွား၏။
သူတို့ထဲ၌ ရှေ့ဆုံးမှ ဦးဆောင်နေသည့် လူလေးယောက် ရှိကာ လေးယောက်စလုံးမှာ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးမှ အယ်ဗန်မျိုးနွယ်ဝင်များနှင့် ဆင်တူပေသည်။ အလွန့်အလွန်ကို ဆင်တူပေသည်။ ထို့အပြင်... သူတို့ အားလုံးတွင် သူမ၏ စိတ်ကို သိမ်းပိုက်နိုင်သည့် ရောင်ဝါများကို ပိုင်ဆိုင်ထားကြ၏။
သူတို့၏ ခန္ဓာကိုယ်များမှ ထွက်ပေါ်နေသည့် အရှိန်အဝါများက သေမျိုး အဆင့်ကို မကျော်လွန်သည့်တိုင် အလွန် ကြောက်မက်ဖွယ် ကောင်းလှလေရာ သေမျိုး အဆင့်၏ အထွတ်အထိပ်ကို ရောက်ရှိနေကြခြင်း ဖြစ်ကြောင်း ညွှန်ပြ နေပေသည်။ တစ်နည်းဆိုရသော်... သူတို့ အားလုံးမှာ ကြယ်တာရာ သခင်များပင် ဖြစ်ကြသည်။
အိယင် ကြယ်တာရာ အင်အားကို ပြန်လည် ရုတ်သိမ်းလိုက်ရင်း အသစ် ရောက်ရှိလာသူများကို စေ့စေ့စပ်စပ်ပင် အကဲခတ်လိုက်၏။
ပထမဆုံး သတိထားမိသည့် တစ်ယောက်ကတော့ ရှေးဟောင်း အော်ရာများ ဝန်းရံနေသည့် ခါးကုန်းကုန်း အယ်ဗန် လူအိုကြီးပင် ဖြစ်သည်။ သူက မှေးမှိန်သော နီလာရောင် မျက်ဝန်းများဖြင့် အောက်ရှိ ဘီလျံ ဆယ်နှင့် ချီသော အယ်ဗန် မျိုးနွယ်ဝင်များကို ငုံ့ကြည့်နေခဲ့လေ၏။
သူ၏ လည်ပင်းထက်တွင်တော့ ထင်ရှားသော ပါးဟက် နှစ်ခု ရှိနေကာ အပြာရောင် အကြေးခွံများမှာ သူ့ခန္ဓာကိုယ် တစ်ခုလုံးကို စည်းချက်မကျ၊ မန ဖြန့်ကျက်နေ၏။
သူကား အခြားသူ မဟုတ်...။ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီး၊ ဘေးဥပဒ် ပင်လယ်တွင် နေထိုင်သည့် ရေနေ အယ်ဗန်မျိုးနွယ်မှ ကြယ်တာရာ သခင်ပင် ဖြစ်လေတော့သည်။
သူ၏ ရှေ့၌ ရပ်နေသူကတော့ ချောမောသည့် အသက်လတ် အယ်ဗန် လူကြီး တစ်ယောက်ပင် ဖြစ်သည်။ သူက လူအိုကြီးကဲ့သို့ ခန္ဓာကိုယ်ထက်တွင် အကြေးခွံများ မရှိသည့်တိုင် လည်ပင်းတစ်ဝိုက်၌ ပါးဟပ် တစ်ခုနှင့် နဖူးတွင် တြိဂံ သဏ္ဌာန် ကိုင်းနေသည့် အမှတ်တစ်ခုကို ပိုင်ဆိုင်ထားသည်။ သူ့ခန္ဓာကိုယ် တစ်ဝိုက်တွင်တော့ အားကောင်းသော ရေအလင်းရောင်များက ဝန်းရံထား၏။ ထို့အပြင် သူ၏ မျက်လုံးများက နီလာရောင် မဟုတ်ပဲ အပြာရောင် ဖြစ်သည်။
ဦးဆောင် ပုဂ္ဂိုလ်ကြီးများထဲမှ နောက်ထပ် တစ်ယောက်ကတော့ မဟူရာ တောင်တန်း အယ်ဗန်ဝင်များနှင့် အလွန် တူလှပေသည်။ သူ၏ ဆံပင်များမှာ ပြာကဲ့သို့ ဖြူဖွေးနေကာ မီးတောင် အမတေ စွမ်းအင်များမှာ သူ့ခန္ဓာကိုယ် တစ်ဝိုက်တွင် လောင်ကြွမ်းနေ၏။
နောက်ထပ် တစ်ယောက်ကတော့ အစိမ်းရင့်ရောင် ဆံပင်၊ အစိမ်းရောင် မျက်လုံးများနှင့် ဆွဲဆောင်မှု ရှိသည့် ခန္ဓာကိုယ်တို့ကို ပိုင်ဆိုင်ထားသည့် မိန်းကလေး တစ်ယောက်ပင် ဖြစ်သည်။ မျက်လုံး အရောင်နှင့် ဆံပင် အရောင် အနည်းငယ် ပိုရင့်သည်မှ လွဲ၍ သူမ၏ အသွင်အပြင်က သစ်တောစိမ်း အယ်ဗန်များနှင့် ချွပ်စွပ်ပင် တူညီသည်။ ထို့အပြင် ကြေးဝါရောင် အသားအရေနှင့် မိန်းကလေး တစ်ဦးလည်း ရှိနေသေး၏။
အိယင်၏ မျက်လုံးများက ဖြည်းညင်းစွာပင် ရွေ့လျားနေကာ အစိမ်းရင့်ရောင် ဆံပင်နှင့် မိန်းကလေး၏ နောက်၌ ရပ်နေသည့် ရင်းနှီးပြီးသား ပုံရိပ်ကလေး တစ်ခုကို သတိထားမိသွား၏။ သူမက မြစိမ်းရောင် မျက်လုံး၊ မြစိမ်းရောင် ဆံပင်များကို ပိုင်ဆိုင်ထားကာ အားကောင်းသော သစ်သား စွမ်းအင်များမှာ သူမ ခန္ဓာကိုယ်ကို ဝန်းရံထားသည်။
သူမကား ဝေ့ဝူယင်နှင့် အခြားလူငယ် တစ်ယောက် (လုံချန်) တို့ ပြဿနာ တက်နေချိန်တွင် ဝင်ဖျန်ဖြေရန် ကြိုးပမ်းခဲ့သည့် မိန်းကလေးပင် ဖြစ်သည်။
အကယ်၍ ဝေ့ဝူယင်သာ ဤနေရာတွင် ရှိပါက ထိုမိန်းကလေးမှာ ချင်ချူးမူ ဖြစ်ကြောင်း တန်းကာ သိရှိလိမ့်မည် ဖြစ်ပေသည်။
***