← Chapters

ထာဝရဂြိုဟ်

Vol. 43 Ch. 599

ထာဝရဂြိုဟ်

Vol. 43 Ch. 599

ခါးကုန်းကြီးက ရှေ့သို့ ဖြည်းညင်းစွာ ရွေ့လျားလာကာ ခေါင်းကို အောက်သို့ ငုံ့ရင်း ဘီလျံနှင့်ချီသည့် အယ်ဗန်မျိုးနွယ်များကို ကြည့်လိုက်သည်။ ထာဝရ ကြယ်တာရာ နယ်မြေမှ အယ်ဗန်မျိုးနွယ်များကို မြင်သော အခိုက်၌ သူ့မျက်လုံးထဲတွင် အံ့အားသင့်သည့် အငွေ့အသက် အချို့ ဖြစ်ပေါ်လာသည်။

သို့သော်လည်း သူ၏ အမူအရာကတော့ ကြယ်တာရာ သခင် တစ်ပါး၏ အရှိန်အဝါဖြင့် တည်ငြိမ်နေသေးဆဲ ဖြစ်ပေသည်။

“ကျုပ်ကို မသိသေးတဲ့ လူတွေ ဒီနေရာမှာ အများကြီး ရှိနေလိမ့်မယ် ထင်တယ်... ကျုပ်နာမည်က ရွှေကျင်းပါ... ရေနေ မြစ်အယ်ဗန် မျိုးနွယ်စုရဲ့ ဘိုးဘေး ဆိုပါတော့လေ... ကျုပ် အခု မင်းတို့ဆီကို ဒီကမ္ဘာသစ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေရယ်၊ ရွေးချယ်ခွင့် အချို့ရယ် ယူလာတယ်”

သူက အသက်ကို ပြင်းပြင်းရှူသွင်းရင်း စကားဆက်လိုက်၏။

“မင်းတို့ထဲက တစ်ချို့တစ်လေလည်း သိပြီးသား ဖြစ်ကောင်း ဖြစ်မှာပါ.... ဒီကမ္ဘာသစ်မှာ အယ်ဗန်မျိုးနွယ်က ထိပ်တန်း မျိုးနွယ် တစ်ခု မဟုတ်ဘူး... ခွန်အားချင်း ယှဥ်ယှဥ် အရေအတွက်ချင်းပဲ ယှဥ်ယှဥ် ငါတို့က လူနည်းစုပဲ.. ဒါပေမဲ့ ငါတို့မှာ ကိုယ်ပိုင် နယ်မြေတော့ ရှိတယ်... ဒီပုဂ္ဂိုလ်ကြီး လေးယောက်က...”

သူက နောက်သို့ လှည့်ကာ တည်ငြိမ်စွာ ရပ်နေသည့် အယ်ဗန် ခေါင်းဆောင် လေးယောက်ကို ညွှန်ပြလိုက်၏။

“သူတို့က အထွတ်အမြတ် အယ်ဗန် ဘေးမဲ့မြေလို့ လူသိများတဲ့ အထွတ်အမြတ်ဂိုဏ်းကြီး လေးခုရဲ့ ခေါင်းဆောင်ကြီးတွေပဲ...”

အောက်ရှိ အယ်ဗန်မျိုးနွယ်များမှာ ခါးကုန်းကြီး၏ စကားကို နားထောင်ရင်း မယုံကြည်နိုင်မှု၊ စိတ်ရှုပ်ထွေးမှုတို့ကို ခံစားလိုက်ရ၏။ အထူးသဖြင့် ကိုယ်ပိုင် အုပ်ချုပ်မှု၊ ကိုယ်ပိုင် စည်းမျဥ်းတို့နှင့် ဝံ့ကြွားစွာ နေလာခဲ့သည့် အထွတ်အမြတ် အလင်းနန်းတော်နှင့် အနန္တ ဧကရာဇ်ဂိုဏ်းတို့မှ အယ်ဗန် မျိုးနွယ်များပင်။ အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာ နယ်မြေတွင် ဆိုလျှင် သူတို့မှာ လူသားများနှင့် တန်းတူ ဂုဏ်ယူရသည့် မျိုးနွယ်များ ဖြစ်သည်။ လူဦးရေအားဖြင့် လူသားများထက် နိမ့်ကျသည့်တိုင် သူတို့ မျိုးနွယ်မှာ ဘယ်တုန်းကမှ ဂုဏ်ယူရသည့် ပုံရိပ် မကင်းမဲ့ခဲ့ချေ။

ချင်းရိုင်၊ ကျန်းဖေးဖေး... တို့အပြင် အဂ္ဂိရတ် အစည်းအရုံး သခင် ချင်ကူးယွင် ပင်လျှင် အယ်ဗန် မျိုးနွယ်ဝင် တစ်ယောက် ဖြစ်သည်။

သို့သော်လည်း အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးမှ လာသည့် အယ်ဗန်မျိုးနွယ်များကတော့ ထွေထွေထူးထူး မခံစားရပါချေ။ သူတို့က ဖိနှိပ်မှု၊ ခွဲခြားမှုများကို အသားကျ နေခဲ့ပြီ ဖြစ်သည်။ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီး၌ တော်ဝင် သွေးမျိုးဆက် အားလုံးမှာ လူသားများ ဖြစ်သည်။ ထိပ်တန်း အင်အားစုများမှာလည်း လူသားများ ဖြစ်သည်။ သူတို့ ကိုးကွယ်နေကြသည့် မဟာ ဘုန်းတော်ကြီးများ၊ သီလရှင်များ အားလုံးမှာလည်း လူသားများပင် ဖြစ်သည်။

ရွှေကျင်းမှာ အယ်ဗန်မျိုးနွယ် ပေါင်းစုံ၏ ကွဲပြားသော တုန့်ပြန်မှုများကို ကြည့်ရင်း စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိသည်။

“မင်းတို့ လုပ်ရမယ့် ရွေးချယ်မှုက အခု မင်းတို့ ရှေ့မှာတင်ပဲ ရောက်နေပြီ... မင်းတို့ အနေနဲ့ နယ်မြေသုံးခုတည်းက တစ်ခုကို သွားဖို့ ဒါမှမဟုတ် အထွတ်အမြတ်ဂိုဏ်းကြီး တစ်ခုကို ဝင်ဖို့ ရွေးချယ်လို့ ရတယ်... ဂိုဏ်းကြီး တစ်ခုချင်းစီမှာ ကိုယ်ပိုင် ဂြိုဟ်တွေနဲ့ မင်းတို့ ငါတို့လို အယ်ဗန် မျိုးနွယ်ဝင်တွေ ရှိတယ်”

“ငါကတော့ အထွတ်အမြတ် ရေနန်းတော်ကို ဝင်ဖို့ ဆုံးဖြတ်ထားတယ်... ရေနေ မြစ်အယ်ဗန် မျိုးနွယ်တွေ ငါနဲ့ အတူ လိုက်ဝင်ဖို့ မျှော်လင့်မိတယ်”

...

အချို့ လူများက စမ်းသပ်ပွဲများ ဆင်နွှဲ၍ အနာဂတ်ကို ဆုံးဖြတ် နေကြချိန်တွင် အချို့မှာလည်း ရွေးချယ်မှုများ အတွင်း နစ်မြုပ် နေကြဆဲ ဖြစ်သည်။ တစ်ချိန်တည်း၌ အချို့ကတော့ သူတို့ အတွက် အိမ်အသစ်၊ ဂြိုဟ်အသစ် ဖြစ်သည့် “ထာဝရဂြိုဟ်” ပေါ်သို့ ရောက်ရှိကာ ဘဝသစ်ကို စတင် နေကြပြီ ဖြစ်လေသည်။

ထိုအထဲ၌ ထာဝရ ကြယ်တာရာ နယ်မြေ၊ မဟာ အင်အားစုကြီး လေးခု၏ ခေါင်းဆောင်ကြီးများ ဖြစ်သည့် အနန္တ ဧကရာဇ်ဂိုဏ်း မဟာမင်းသမီး ဝူပိုင်ကျိုး၊ အထွတ်အမြတ် အလင်း နန်းတော်သခင် ကျန်းဖေးလန်၊ မဟူရာ နတ်ဆိုး တောင်တန်း သခင် ကောင်းကျိနှင့် ဒြပ်စင် ကောင်းကင် နန်းတော် သခင်မ လင်းယုရန်တို့လည်း အပါအဝင်ပင် ဖြစ်လေသည်။

သူတို့ အားလုံးသည် အသစ် ဖန်တီးထားသည့် ဂြိုဟ်ထက်တွင် ကိုယ်ပိုင် အင်အားစုများကို အသစ်တစ်ဖန် ပြန်လည် စတင်ရန် တစ်ညီတစ်ညွှတ်တည်း ရွေးချယ်ခဲ့ကြသည်။ အခြား လမ်း‌ကြောင်း နှစ်ခုကို ရွေးချယ်ကာ စွန့်စားခန်း ဖွင့်ရန် ဆန္ဒ ရှိခဲ့ကြသူများကိုလည်း သူတို့က သဘော ဆန္ဒ အတိုင်းပင် ခွင့်ပြုခဲ့ကြသည်။ မည်သည့် ခေါင်းဆောင်မှ တားဆီးခြင်း မပြုခဲ့ကြချေ။ အနာဂတ်၌ ကျရှုံးသည် ဖြစ်စေ၊ အောင်မြင်သည် ဖြစ်စေ... ပြန်လာခဲ့ချိန်တိုင်း၌ အစဥ်အမြဲတမ်း အိမ်တစ်ခု ရှိနေမည် ဖြစ်ကြောင်းသာ သူတို့က မှာကြားခဲ့ကြသည်။

ဂြိုဟ်အသစ်ထက်သို့ နေရာ ရွှေ့ပြောင်း ရောက်ရှိပြီးနောက်တွင် ဝူပိုင်ကျိုးနှင့် အခြာ ခေါင်းဆောင်များမှာ ထိုနေရာကို ထာဝရဂြိုဟ်ဟု အမည်ပေးရန် ဆုံးဖြတ်ခဲ့ကြသည်။ ထာဝရဂြိုဟ်မှာ ထာဝရ နယ်မြေ အတွင်း၌ တည်ရှိလေရာ ကာကွယ်မှု ရရှိရန် မျှော်လင့်နိုင်ပေသည်။

သို့သော်လည်း သူတို့ တည်ရှိနေသည့် နေရာက ထာဝရ နယ်မြေ၏ ဗဟိုဂြိုဟ်များနှင့် အလွန် ဝေးကွာလှကာ အစွန်အဖျားနားတွင် ကျရောက် နေပေသည်။ ဂြိုဟ်၏ ကောင်းကင်ထက်တွင်တော့ နေကြယ်တစ်စင်းမှာ ထွန်းလင်းနေ၏။ ထိုနေကြယ်၏ အရွယ်အစားက သုံးလွှာ ကြယ်တာရာ နယ်မြေ၏ အသေးဆုံး နေကြယ် အရွယ်အစားလောက်သာ ရှိသည်။ ထိုအချက်က ထာဝရ ဂြိုဟ်၏ တည်နေရာမှာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတစ်ခုလုံးနှင့် ယှဥ်လျှင်ပင် နယ်စွန်နယ်ဖျား၌ တည်ရှိကြောင်း ရှင်းလင်းစွာ ညွှန်ပြနေပေသည်။

ဝူပိုင်ကျိုးမှာ ချင်းရိုင်၊ ယောင်ကျန်းတို့နှင့် အတူ ထိုနေရာတွင် ရှိနေခဲ့ပေသည်။ ဇင်နှင့် ကျိချန်းကောင်းတို့ကတော့ ရှို့ရန်များ ဖြစ်ကြလေရာ အစောကြီးတည်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ လက်ရှိ အနန္တ ဧကရာဇ်ဂိုဏ်း၏ ခေါင်းဆောင်ပိုင်းများထဲတွင် သူတို့ သုံးယောက်သာ ကျန်ရှိပေသည်။

ယောင်ကျန်း၏ နံဘေးတွင်တော့ သားဖြစ်သူ ယောင်ဝေ့ ရှိနေခဲ့၏။ ထိုငယ်ရွယ်သည့် နတ်ဆိုးလေးမှာ သူ့ဖခင် ခြေရာကို နင်းနိုင်သည့် ရုပ်ရည်သွင်ပြင်နှင့် ပါရမီတို့ကို ပိုင်ဆိုင်ထားသည်။ လောက ရွှေ့ပြောင်းခြင်း နယ်မြေ အတွင်း၌ သူက တတိယ လမ်းကြောင်းကို ရွေးချယ်ချင်ခဲ့သည့်တိုင် ဖခင် ဖြစ်သူက ခွင့်မပြုခဲ့ချေ။

သားဖြစ်သူက ဘယ်လောက် မိုက်ရူးရဲ ဆန်ကြောင်း ယောင်ကျန်း သိသည်။ ဤသည်က အနန္တ ဧကရာဇ်ဂိုဏ်း မဟုတ်သလို အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာ နယ်မြေလည်း မဟုတ်ပါချေ။ စည်းမျဥ်း အသစ်များနှင့် လောက အသစ် ဖြစ်သည်။ ယောင်ဝေ့၏ မိုက်ရူးရဲ ဆန်မှုဖြင့် ထိန်းကွပ်မှု မရှိပဲ ကြာမြင့်စွာ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ချေ။

ထို့အပြင် သူတို့တွင် ဝေ့ဝူယင် ရှိသည်။ လတ်တလော၌ ပျောက်နေသည့်တိုင် တစ်ချိန်ချိန်၌ ပြန်ပေါ်လာကာ သူတို့ကို ထိပ်ဆုံး ရောက်အောင် ဆွဲတင်နိုင်လိမ့်မည်ဟု သူ ယုံကြည်သည်။ သို့ဖြစ်လေရာ... အဘယ်ကြောင့် အသက်နှင့် ရင်း၍ စွန့်စားခန်း ဖွင့်နေတော့မည်နည်း။

ယောင်ကျန်းမှာ စူပုပ်ပုပ် ဖြစ်နေသည့် သားဖြစ်သူ၏ လျစ်လျူထားကာ ဂြိုဟ်အသစ်ကို ဝိညာဥ်အာရုံဖြင့် စစ်ဆေးနေခဲ့၏။ ဂြိုဟ်က အတော်လေး ကျယ်သည်။ သက်ရှိ ထရီလျံနှင့်ချီ မှီတင်း နေထိုင်နိုင်သည် အထိ ကျယ်သည်။ တောင်တန်းများ၊ မြင်ခင်းစိမ်း၊ ရေကန်များ၊ မြစ်များ အပြင် နွေးထွေးသည့် ရာသီဥတုလည်း ရှိသည်။ ထိုနေရာ၌ ပင်လယ် သမုဒ္ဒရာ မရှိသည့်တိုင် ရေကန်၊ မြစ်နှင့် စမ်းချောင်း ကွန်ယက်များမှာ တစ်ခုမှ တစ်ခုသို့ စီးဝင်နေကာ ဂြိုဟ်တစ်ခုလုံးကို ဖြန့်ကျက်ထား၏။

ထိုဖန်တီးမှုက အတော်လေး လက်ရာမြောက်လှသည်။ အထူးသဖြင့် ရေအရင်း အမြစ် ဖွဲ့စည်းပုံက ကမ္ဘာတစ်ခုလုံးကို အဖိုးတန် သဘာဝ လယ်ယာတစ်ခု သဖွယ် ပုံသွင်းထားသည်။ ၎င်းက သစ်ပင် ပန်းမန်များနှင့် ကျင့်ကြံသည့် ပုဂ္ဂိုလ်များ အတွက် အလွန် သင့်တော်သည်။

မကောင်းတာ တစ်ခုကတော့ ဤနေရာ၌ တိရစ္ဆာန် မရှိခြင်း ဖြစ်သည်။ အသားကြိုက်သည့် ပုဂ္ဂိုလ်များ အတွက်တော့ ၎င်းက ကသိကအောက် ဖြစ်စရာ တစ်ခုပင်။

သို့သော်လည်း... ထိုအရာက စိတ်ပူစရာ တစ်ခုတော့ မဟုတ်ပါချေ။ မြစ်များ ရှိနေသမျှ ရေများ စီးဆင်း နေလိမ့်မည် ဖြစ်သည်။

လက်စွပ်ထဲရှိ ဝူယု ပင်လျှင် ဂြိုဟ်ကြီး၏ ဖွဲ့စည်းပုံကို ကြည့်ကာ အံ့အားသင့် သွားခဲ့၏။

“ဒီကမ္ဘာကို ငါနဲ့ အဆင့်တူတဲ့ ကျင့်ကြံသူ တစ်ယောက်က ဖန်တီးထားတာပဲ”

သူ၏ အသံက ဝူပိုင်ကျိုးကို စိတ်ဝင်စားသွားစေ၏။

“မဟာ ဧကရာဇ်နဲ့ အဆင့်တူတဲ့လူ ဟုတ်လား... လျှို့ဝှက် အာဏာရှင် အလွှာကို ဘယ်လိုမျိုး အဆင့်တွေ ခွဲခြား ထားတာလဲ”

ကြယ်တာရာ အမြုတေ အဆင့် အထက်တွင် နောက်ထပ် အဆင့်တစ်ခု ရှိကြောင်းနှင့် ထိုအရာကို လျှို့ဝှက် အာဏာရှင် အဆင့် ဟု ခေါ်ကြောင်း သူမ ကြားဖူးသည်။ သို့သော်လည်း အဆင့်ခွဲများကိုတော့ သူမ လုံးဝ မသိချေ။ ဝန်ခံရလျှင် ဝူယု ဘယ်အဆင့်၌ ရှိနေသည်ကိုပင် သူမ မသိချေ။

ဝူယုက ခေါင်းခါလိုက်၏။

“လျှို့ဝှက် အာဏာရှင် အဆင့်က ဝင်ဝင်ချင်း လူတစ်ယောက် အတွက်တော့ အတော်လေး ထူးဆန်းတယ်... ဘာလို့လဲ ဆိုတော့ အဲဒီအဆင့်ကို ကြယ်တာရာ အမြုတေ အဆင့်လို့ သတ်မှတ်နိုင်သလို လျှို့ဝှက် အာဏာရှင် အဆင့်လို့လည်း သတ်မှတ်နိုင်လို့ပဲ... ပြောရရင် နှစ်ခု ပေါင်းထားသလိုပဲ... အဲဒါကို လျှို့ဝှက် အာဏာရှင် အဆင့်တစ်လို့ ခေါ်မလား ငါလည်း သေချာမသိဘူး... နောက်အဆင့်တွေဆို ပိုပြီးတော့တောင် ဆိုးသေးတယ်”

ဝူပိုင်ကျိုးမှာ ငြိမ်သက်သွား၏။ လျှို့ဝှက် အာဏာရှင် အဆင့်များမှာ အလွန် နက်နဲပုံ ပေါ်သည်။ မဟာ ဧကရာဇ် ဝူယုပင်လျှင် အပြည့်အဝ နားလည်ပုံ မရချေ။ ထိုအဆင့်ကို အမြန်ဆုံး ရောက်ရှိကာ သေမျိုး အကန့်အသတ်ကို ချိုးဖျက်လိုသည့် ဆန္ဒ တစ်ခုက ဝူပိုင်ကျိုး၏ နှလုံးသားတွင် လောင်ကျွမ်းလာခဲ့၏။

***

All Chapters