← Chapters

အဆုံးမဲ့ ဧကရာဇ်ဂိုဏ်း *

Vol. 43 Ch. 600

အဆုံးမဲ့ ဧကရာဇ်ဂိုဏ်း *

Vol. 43 Ch. 600

ပတ်ဝန်းကျင်ကို ဝိညာဥ်အာရုံဖြင့် စူးစမ်းပြီးနောက် ချင်းရိုင်မှာ ဝူပိုင်ကျိုး အနားသို့ လျှောက်လာခဲ့၏။

“အနိမ့်ဆုံး အလွှာထက်မှာ ရင်းမြစ် လုံးဝ မရှိသလောက်ပဲ... ချီပျစ်ခဲခြင်း အဆင့်တွေ မဆိုထားနဲ့ အခြေခံ တည်ဆောက်ခြင်း အဆင့်တွေကိုတောင် ကူညီပေးဖို့ မဖြစ်ဘူး... ငါတို့ ဘာလုပ်ကြမလဲ”

အနန္တ ဧကရာဇ်ဂိုဏ်း၏ မဟာ အင်ပါယာ သူတော်စင် တစ်ပါး ဖြစ်ခဲ့ဖူးသည့်တိုင် သူမက ဝူပိုင်ကျိုး၏ သဘောထာ လေးလေးစားစားနှင့် မေးလိုက်သည်။

ဝူပိုင်ကျိုးက တစ်ခဏမျှ စဥ်းစားလိုက်၏။

“ဒါက ပထမဆုံး အစ ဆိုတော့ ဂိုဏ်းကို အရင်ဆုံး ပြန်တည်ဆောက်ကြတာပေါ့”

သူမ စတင် စကားပြောလိုက်သည်နှင့် ယောင်ကျန်း အပါအဝင် ကောင်းကင် ဗိုလ်ချုပ်များ၊ အင်ပါယာ သူတော်စင်များ၊ မူလ အင်ပါယာ သူတော်စင်များမှာ စတင် စုဝေး လာကြသည်။ ဝူပိုင်ကျိုးမှာ သူတို့၏ အမူအရာကို ကြည့်ကာ အနည်းငယ် အံ့သြသွားခဲ့၏။

သို့သော်လည်း ဂိုဏ်းသူ၊ ဂိုဏ်းသားတို့၏ မျက်လုံးများထဲမှ မျှော်လင့်ချက် အရိပ်အယောင်တို့ကို မြင်သော အခိုက်၌ သူမ၏ စိတ်တစ်ခုလုံးမှာ ပြတ်သားခြင်းများနှင့် ပြည့်နှက် သွားသည်။ ၎င်းက သူမ အတွက် တွန်းအား တစ်ခုလိုပင်။

အသက်ကို ပြင်းပြင်းရှူလိုက်ရင်း ဝူပိုင်ကျိုးက ကောင်းကင်သို့ ပျံတက်လိုက်၏။ မရေမတွက်နိုင်သည့် အနန္တ ဧကရာဇ်ဂိုဏ်းသားများမှာ ခေါင်းများကို မော့ကာ အင်ပါယာ အော်ရာဖြင့် ထွန်းလင်းနေသည့် သူတို့၏ မဟာ မင်းသမီးကို ကြည့်လိုက်ကြသည်။ သူတို့၏ မျက်ဝန်းများက လေးစားမှုနှင့် အားကိုးလိုမှုတို့နှင့် ပြည့်နှက် နေ၏။

ထိုမိန်းကလေးမှာ မဟာ ဧကရာဇ်ဝူမှ ဆင်းသက်လာသည့် ဧကရာဇ် မျိုးရိုး စစ်စစ် ဖြစ်သည်။ ထို့အပြင် အင်ပါယာ ကောင်းကင် နည်းလမ်းကိုပါ အောင်မြင်ထားသည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ တစ်ချိန်တစ်ခါက ထာဝရ ကြယ်တာရာ နယ်မြေတွင် အနန္တ ဧကရာဇ်ဂိုဏ်းကို မဟာ ဧကရာဇ် ဝူယု တည်ထောင်ခဲ့သကဲ့သို့ မဟာ မင်းသမီး ဝူပိုင်ကျိုးမှာလည်း အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေကို ဗဟိုပြုကာ အနန္တ ဧကရာဇ်ဂိုဏ်း ဆိုသည့် နာမည်ကို ထွန်းပြောင်လာအောင် လုပ်နိုင်လိမ့်မည်လော သူတို့ တွေးတော နေမိကြ၏။

အားလုံး စိတ်လှုပ်ရှားစွာဖြင့် မော့ကြည့်နေကြစဥ်မှာပင် ဝူပိုင်ကျိုးက အသံကို ဝိညာဥ်အင်အားဖြင့် ပေါင်းစပ်ရင်း စတင်ကာ စကားပြောလိုက်၏။

“အခုလို အချိန်အခါမျိုးမှာ ရှင်တို့တွေ အားလုံး စိတ်ပျက်လက်ပျက် ဖြစ်နေကြလိမ့်မယ် ဆိုတာ ကျွန်မ သိပါတယ်... ကျွန်မတို့ရဲ့ အိုးအိမ်တွေ ဖျက်ဆီးခံခဲ့ရတယ်... ကျွန်မတို့ရဲ့ ကြယ်တာရာ နယ်မြေ တစ်ခုလုံးပါ ပျက်သုဥ်းခဲ့ရတယ်... အိုးမဲ့ အိမ်မဲ့ ဘဝနဲ့ ရွေးချယ်စရာ မရှိတော့တဲ့ ဘဝကို ကျရောက်ခဲ့ရတယ်... ဒါပေမဲ့ ကျွန်မ ဒီကို ရောက်နေတာ ရှင်တို့ကို သတင်းစကား တစ်ခုပေးဖို့ပဲ...”

“အဲဒါက ငါတို့ရဲ့ ကမ္ဘာ လုံးဝ မပျက်စီးသေးဘူး ဆိုတာပဲ... ငါတို့ရဲ့ ကမ္ဘာက ဒီနေရာမှာ ရှိတယ်”

သူမက ရင်ဘတ်ကို လက်ဖြင့် ဖိလိုက်ရင်း ကျယ်လောင်သည့် နှလုံးခုန်သံကို ခံစားလိုက်၏။ မိန်းကလေး၏ အမူအရာက ပိုမို လေးနက်လာသည်။

“ကမ္ဘာက ငါတို့ အားလုံးရဲ့ ရင်ထဲမှာ ရှိတယ်... ဘယ်နေရာကို ရောက်ရောက် ငါတို့ အဲဒီ ကိုယ်ပိုင် ကမ္ဘာကို သယ်ဆောင် သွားကြမယ်... ကမ္ဘာတည်နေသရွေ့ ငါတို့က ဘယ်တော့မှ အိုးမဲ့အိမ်မဲ့ မဟုတ်ဘူး... ဘယ်တော့မှ မရှုံးနိမ့်ဘူး... ငါတို့အားလုံးက ကြီးကျယ် ခမ်းနားတဲ့ အနန္တ ဧကရာဇ်ဂိုဏ်းရဲ့ ကျင့်ကြံသူတွေ”

“ငါတို့ စစ်ပွဲတွေမှာ ရှင်သန်ခဲ့ကြတယ်... ဂြိုဟ်တွေကို သိမ်းပိုက်ခဲ့ကြတယ်... ထာဝရ ကြယ်တာရာ နယ်မြေ တစ်ခုလုံးက ငါတို့ အပိုင်တောင် ဖြစ်ခဲ့ဖူးတယ်... ငါတို့ အနာဂတ်ကို ငါတို့ ကိုယ်တိုင်ပဲ ဆုံးဖြတ်မယ်... ဘယ်သူမှ ဝင်နှောက်ယှက်လို့ မရဘူး... နောက်ပြီး ဒါက အနန္တ ဧကရာဇ်ဂိုဏ်းရဲ့ အဆုံးသတ် မဟုတ်ဘူး... ရပ်တန့်လို့ မရနိုင်တဲ့ ငါတို့ ခရီးလမ်းရဲ့ အစပဲ”

သူမ၏ စကားလုံးများက ပြင်းပြသော ခွန်အားများဖြင့် ပြည့်နှက်နေလေရာ စိတ်ဓာတ်ကျနေသည့် လူငယ်များကို အနည်းငယ် ပြန်လည် တက်ကြွလာစေခဲ့၏။

ဤနေရာသို့ ရောက်လာသူများထဲတွင် မည်သူက ဆုံးရှုံးမှု မခံစားရပဲ နေမည်နည်း။ သူတို့၏ အိမ်၊ သူတို့၏ မိသားစု အမွေအနှစ်၊ မျိုးနွယ် ရင်းမြစ်များ အပြင် သူတို့ နှစ်ပေါင်းများစွာ သွေး၊ ချွေး၊ မျက်ရည်များဖြင့် ရင်း၍ တည်ဆောက်ထားသည့် အရာအားလုံးမှာ ပျက်စီး ပျောက်ကွယ်သွားရပြီ ဖြစ်သည်။ ထို့အပြင် အတူ သေဆုံးရန် ရွေးချယ်ခွင့်ပင် သူတို့ မရခဲ့ကြချေ။ ယခု သူတို့ ဤနေရာတွင် နေရတော့မည် ဖြစ်သည်။ သည်ဂြိုဟ်က လှပသည့်တိုင် မည်သည့် ရင်းမြစ်မှ ရှိမနေခဲ့ချေ။

နေကြယ်ပင်လျှင် အလွန် ဝေးကွာလွန်းလှပေသည်။

အချို့ဆိုလျှင် မျှော်လင့်ချက် ကင်းမဲ့မှုများကိုပင် ခံစားနေရ၏။ အချို့ကလည်း ဒုတိယမြောက်နှင့် တတိယမြောက် လမ်းကြောင်းများကို မရွေးချယ်ခဲ့သည့် အတွက် နောင်တရနေကြသည်။

မည်သို့ပင်ဆိုစေ... အနန္တ ဧကရာဇ်ဂိုဏ်း၏ ခေါင်း‌ဆောင်များမှာ သည်ကြယ်တာရာ နယ်မြေအသစ်၏ အစစ်အမှန် ခေါင်းဆောင်များနှင့် ယှဥ်လျှင် အလွန်အမင်း အားနည်းကြပေသည်။ ဘာရင်းမြစ်မှ မကမ်းလှမ်း နိုင်သည့် ဤဂိုဏ်းတွင် သူတို့ အဘယ်ကြောင့် နေရမည်နည်း။ ဘာမှ မရှိတာကနေ ပြန်လည် စတင်ရန်လား... အနည်းဆုံး နှစ်ထောင်ဂဏန်း ကြာမြင့်မှာ သေချာသည်။

သူတို့တွင် အစာကျွေးစရာ ကလေးများ ရှိသည်။ ပျိုးထောင်ပေးစရာ မျိုးဆက်သစ်လေးများ ရှိသေးသည်။ ဤနေရာသို့ ရောက်နေသည့် လူတိုင်းက ကြယ်တာရာ အမြုတေ အဆင့်များ မဟုတ်ချေ။ နှစ်ထောင်ဂဏန်း ပေးစရာ အချိန် သူတို့တွင် မရှိချေ။

သို့သော်လည်း... ဝူပိုင်ကျိုး၏ စကားလုံးများက သူတို့၏ စိတ်ဝင်စားမှုကို တစ်ဖန် ပြန်လည် ဆွဲဆောင် သွား၏။ သူမက သူတို့၏ မဟာ သမီးတော် ဖြစ်သည်။ မဟာ ဧကရာဇ် သွေးမျိုးဆက် ဖြစ်သည်။ မိန်းကလေးက ရေနစ်နေချိန်တွင် သူတို့ အနားကို ရောက်ရှိလာသည့် ကောက်ရိုးတစ်မျှင် ဖြစ်ပေသည်။

သို့သော်လည်း... သူတို့ မျက်လုံးများထဲ၌ သံသယ အရိပ်အယောင်များ ရှိနေသေးကြောင်း ဝူပိုင်ကျိုး မြင်နိုင်ပေသည်။ သူမ၏ စကားလုံးများက မလုံလောက် သေးကြောင်း ဝူပိုင်ကျိုး သဘောပေါက် လိုက်၏။

သူမ မျက်လုံးများကို မှိတ်လိုက်ရင်း ဝေ့ဝူယင် ပေးထားသည့် လက်စွပ်ကလေးကို ထိကြည့်လိုက်၏။ ထိုအထဲ၌ သူ တည်ရှိသနေသယောင်၊ သူ့ စကားလုံးများကို ပြန်လည် ကြားယောင်လာ သယောင် ဝူပိုင်ကျိုး ခံစားလိုက်ရသည်။ သူ့အတွက် သူမက ခေါင်းဆောင် ဖြစ်ရန် မွေးဖွားလာသူ ဟု ဆိုသည်။

နောက်တစ်ကြိမ် မျက်လုံးများကို ပြန်လည် ဖွင့်လိုက်သော အခိုက်၌ ခိုင်မာမှုနှင့် ယုံကြည်မှုများမှာ ပြင်းထန်စွာ စွဲထင်နေ၏။ သူမ စကားလုံး တစ်လုံးမှ ပြောစရာ မလိုပါချေ။ ထိုအကြည့် တစ်ခုတည်းကပင် များစွာသော လူများ၏ နှလုံးသားများကို တုန်လှုပ် သွားစေခဲ့သည်။ အားလုံး၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် အငွေ့အသက်များ စတင် တောက်ပလာခဲ့၏။

ဝူပိုင်ကျိုးက ပြင်းထန်သော အမူအရာဖြင့် အောက်ကို လက်ညိုးထိုးလိုက်သည်။

“နောက်ထပ် နှစ်အနည်းငယ် အတွင်းမှာ ဒီဂြိုဟ်... ဒီဘာမှ မရှိတဲ့ဂြိုဟ်... အဲဒါက မှတ်ဉာဏ်တစ်ခု ဖြစ်သွားလိမ့်မယ်... ဒီကမ္ဘာသစ်မှာ ငါတို့ မှတ်သားမယ်... သူတို့တွေ ငါတို့ နာမည်ကို သိစေရမယ်... ဒါပေမဲ့ အနန္တ ဧကရာဇ်ဂိုဏ်း ဆိုတဲ့ နာမည်နဲ့တော့ မဟုတ်ဘူး... ဒီနေ့၊ ဒီအချိန်က စပြီး လူတွေရဲ့ ပါးစပ်ဖျားမှာ လေးစားမှု အပြည့်နဲ့ ရေရွတ်ရမယ့် နာမည်က အဆုံးမဲ့ ဧကရာဇ်ဂိုဏ်း ဆိုပြီး ဖြစ်ရမယ်... ဘာလို့လဲ ဆိုတော့ ဒီအရာ တည်ရှိနေသမျှ ငါတို့ ဘယ်တော့မှ မှေးမှိန်မှာ မဟုတ်လို့ပဲ... ဒီအရာ တည်ရှိနေသမျှ ငါတို့ အားလုံးက ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်လို့ပဲ”

သူမက ပြောရင်း ရင်ဘတ်ကို ပြင်းထန်စွာ ရိုက်ခတ်လိုက်၏။ ထွက်ပေါ်လာသည့် အလွန် ကျယ်လောင်သော အသံက လူတိုင်း၏ နှလုံးသားများကို တုန်ရီသွားစေခဲ့သည်။ ကောင်းကင်တွင် အင်ပါယာ အော်ရာဖြင့် ထွန်းလင်းနေသည့် လှပသော မိန်းကလေးကို ကြည့်ရင်း လူတိုင်းမှာ တစ်စုံတစ်ရာကို သိရှိလိုက်ကြ၏။

ထိုအရာက... သူတို့၏ မဟာ မင်သမီး ဝူပိုင်ကျိုးမှာ ကြယ်တာရာ နယ်မြေ၏ နာမည် တစ်စိတ်တစ်ပိုင်းကို ယူကာ အခြား မင်းဆက် တစ်ခုကို တည်ထောင်တော့မည် ဖြစ်ကြောင်းပင်။

အဆုံးမဲ့ ဧကရာဇ်... ထာဝရ တည်ရှိနေမည့် ဧကရာဇ်... ကြယ်တာရာ နယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းမည့် ဧကရာဇ်...

“ငါတို့က ဘာတွေလဲ...”

သူမက အောက်ရှိ လူများကို တစ်ယောက်ချင်းစီ ကြည့်ရင်း ခပ်နိမ့်နိမ့် အသံဖြင့် မေးလိုက်၏။

“ ...”

အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းသားများမှာ သွေးများ ဆူပွက်နေကာ သူတို့၏ မျက်လုံးများမှာ ပြင်းထန်သော မီးတောက်များဖြင့် လောင်ကျွမ်းနေသည်။ အစကနေ ပြန်လည် စရတော့ရော ဘာအရေးနည်း။ သူတို့က ဧကရာဇ်များ ဖြစ်သည်။ ကြယ်တာရာ နယ်မြေတစ်ခုလုံးကို သိမ်းပိုက်ခဲ့ဖူးသည့် လူများ ဖြစ်သည်။ မဟာ အင်အားစုကြီး သုံးခုကို တစ်ကိုယ်တည်း ရင်ဆိုင်ခဲ့ဖူးသည့် စစ်ဘုရင်များ ဖြစ်သည်။

“ငါတို့က ဘာတွေလဲ...”

ဝူပိုင်ကျိုး၏ အသံက ပိုမို၍ ကျယ်လောင်လာ၏။

“ဧကရာဇ်တွေ...”

လူများမှာ ပြန်လည် တုန့်ပြန်လာကြ၏။ သို့သော်လည်း လူတိုင်းတော့ မဟုတ်သေးချေ။

ဝူပိုင်ကျိုးက ရင်ဘတ်ကို နောက်တစ်ကြိမ် ထုလိုက်ရာ နှလုံးခုန်သံမှာ တစ်လောကလုံးကို ဖြန့်ကျက်သွားသည်။ သူမ၏ ခန္ဓာကိုယ်ကို ဝန်းရံနေသည့် အင်ပါယာ အော်ရာမှာ အလွန် ပြင်းထန်သော အရှိန်ဖြင့် ပေါက်ကွဲလာ၏။

“ငါတို့က ဘာတွေလဲ...”

သူမ၏ အသံက အလွန် ပြင်းထန်သော အသံဖြင့် မေးလိုက်၏။

“ဧကရာဇ်တွေ...”

အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းသားများ၏ အော်ဟစ်သံက တစ်လောကလုံးကို ဟိန်းထွက်သွားသည်။ ထိုအခိုက်တွင်တော့ သူတို့ထဲတွင် မိမိကိုယ် မိမိ ဧကရာဇ် အဖြစ် မခံစားရသူ တစ်ဦး တစ်ယောက်မှ မရှိတော့ချေ။

“ဟုတ်တယ်... ငါတို့က ဧကရာဇ်တွေပဲ... ဒီကမ္ဘာမှာ ငါတို့ကို ရပ်တန့်နိုင်တာ ဘာမှ မရှိဘူး... ငါတို့ကို တားဆီးနိုင်တာ ဘာမှ မရှိဘူး”

ဝူပိုင်ကျိုးက ခေါင်းညိတ်ရင်း ပြောလိုက်၏။ လူအုပ်ကြီး တစ်ခုလုံးကား စိတ်လှုပ်ရှားမှုများနှင့် အတူ ရိုင်းစိုင်း နေခဲ့ပြီ ဖြစ်လေသည်။ သူတို့ထဲတွင် အနာဂတ် မရှိဟု ခံစားရသူ တစ်စုံတစ်ယောက်မှ မရှိတော့ချေ။ မည်သည့် နေရာမှ စတင်ရစေကာမူ၊ မည်ကဲ့သို့ စတင်ရစေကာမူ... သူတို့မှာ အဆုံးမဲ့သော ဧကရာဇ်များ ဖြစ်သည်။ ဘယ်တော့မှ ပြီးဆုံးမည့် လူများ မဟုတ်ချေ။

“နင့်ကတော့ တကယ့်ကို အံ့အားသင့်စရာပဲဟေ့...”

ဝူယုမှ လက်စွပ်ထဲမှ နေ၍ အော်ဟစ်လိုက်၏။ ပထမ၌ ဝူပိုင်ကျိုးမှာ ဝေ့ဝူယင် ပေးအပ်ထားသည့် ရင်းမြစ်များ အကြောင်း ပြောပြကာ လူထုကို ဆွဲဆောင်လိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူမက မလုပ်ခဲ့ချေ။ သူ့စိတ်ထဲတွင် ထိုမျိုးဆက်ကလေး အတွက် ဂုဏ်ယူခြင်းများ မွေးဖွားလာ၏။

လုံချန်တွင်ပင် ဘယ်တုန်းကမှ ထိုကဲ့သို့ အရည်အသွေးမျိုး မရှိခဲ့သည် မဟုတ်ပါလား။

***

All Chapters