← Chapters

ပြန်လည် မွေးဖွားခြင်း

Vol. 43 Ch. 601

ပြန်လည် မွေးဖွားခြင်း

Vol. 43 Ch. 601

တစ်ချိန်တစ်ခါက အနန္တ ဧကရာဇ်ဂိုဏ်းသားများ တစ်ဖြစ်လည်း အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းသားများမှာ ဝူပိုင်ကျိုး၏ ဦးဆောင်မှုနှင့် အတူ အသစ် ရောက်ရှိလာသည့် ထာဝရဂြိုဟ်ပေါ်တွင် စတင်က အလုပ်လုပ် နေကြပြီ ဖြစ်လေသည်။ သူတို့က ကောင်းမွန် လုံလောက်သည့် ပတ်ဝန်းကျင် တစ်ခုကို ရှာဖွေကာ အခြေစိုက်ရာ နေရာကို စတင် ထူထောင်ကြ၏။

အဆုံးမဲ့ ဧကရာဇ်ဂိုဏ်း၏ တက်ကြွသော လှုပ်ရှားမှုများကို ကြည့်ရင်း ပထမ လမ်းကြောင်းကို ရွေးချယ်ခဲ့သည့် ထာဝရ ကြယ်တာရာ နယ်မြေမှ ဂိုဏ်းငယ်များစွာမှာ ပူးပေါင်း ပါဝင်လာခဲ့ကြသည်။ သူတို့က အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းနှင့် ပူးပေါင်းကာ ကြီးကျယ် ခမ်းနားသော အနာဂတ်သစ် တစ်ခုကို ပုံဖော် ထုဆစ် လိုနေကြသည်။

အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းသို့ ပူးပေါင်းလာသည့် ဂိုဏ်းခေါင်းဆောင်များထဲတွင် ကြယ်တာရာ အမြုတေ အဆင့်ငါး အလင်းပြန်ခြင်း အဆင့် ကျင့်ကြံသူများပင် ပါဝင်နေသည်။ ဝူပိုင်ကျိုးမှာ သူတို့ကို ခွဲခြား ဆက်ဆံခြင်း မပြုပဲ မူလဂိုဏ်းဝင်များနှင့် မခြား ဆက်ဆံလေရာ သစ္စာရှိမှုများကို ပြန်လည် ရရှိခဲ့၏။ ပြန်လည် ထူထောင်ပြီး ရက်ပိုင်း အတွင်းမှာပင် အဆုံးမဲ့ ဧကရာဇ်ဂိုဏ်း၏ တိုးတက်မှုက ကြောက်ခမန်း လိလိကို မြန်ဆန်နေခဲ့ပြီ ဖြစ်လေသည်။

ဝူယုမှာ ဝူပိုင်ကျိုး၏ အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းကို ကြည့်ကာ အနန္တ ဧကရာဇ်ဂိုဏ်း စတင် တည်ထောင်ခဲ့စဥ်က အချိန်များကိုပင် ပြန်လည် လွမ်းလာခဲ့၏။ ထိုစဥ် အခါက... သူ့ကို ဦးခိုက်ကာ အနန္တ ဧကရာဇ်ဂိုဏ်းထဲသို့ ဝင်လိုခဲ့သည့် လောကသခင်၊ အချိန်သခင်၊ ကြယ်တာရာ သခင် မြောက်များစွာ ရှိခဲ့သည်။ ဝူယုမှာ ထိုအခွင့်အ‌ရေးကို ဆုပ်ကိုင်ကာ ဂိုဏ်း၏ အင်အားကို ကြယ်တာရာ နယ်မြေ၏ အဆုံးသတ်ထိ ချဲ့ထွင်ခဲ့သည်။ ယခု မိန်းကလေးကို မြင်ရသည်က ငယ်ငယ်က ဝူယု အသေးစားလေးကို ပြန်မြင်နေရသလိုပင်။

သို့တိုင်အောင် မိန်းကလေးမှာ ဝှက်ဖဲများကို ယခုထိတိုင် မသုံးရသေးချေ။ အကယ်၍ သူမသာ သေမျိုး အဂ္ဂိရတ် အာဏာရှင် ဝေ့ဝူယင် ချန်ထားခဲ့သည့် အဂ္ဂိရတ် ထုတ်ကုန်များ အကြောင်းကို ဖော်ထုတ်လိုက်ပါက မရေမတွက်နိုင်သော လူများမှာ အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းကို ဝင်ရောက်ရန် တိုက်ခိုက်ကြလိမ့်မည် ဖြစ်သည်။

“အဘိုးရဲ့ ခန္ဓာကိုယ်ကို ဘယ်တော့ ပြန်ရမှာလဲ...”

အနန္တ ဧကရာဇ်ဂိုဏ်းနှင့် ပတ်သက်သည့် ကိစ္စများကို စီမံနေရင်းကပင် ဝူပိုင်ကျိုးမှာ ဝူယုကို သတိရသွားကာ မေးလိုက်၏။ သူမ၏ မျက်လုံးများထဲတွင်တော့ စိုးရိမ်မှု အရိပ်အငွေ့ အချိ့ ရှိနေခဲ့သည်။

“ဟဟ... မစိုးရိမ်ပါနဲ့... ငါ နင့်ရဲ့ မဟာ ဧကရာဇ် ပလ္လင်ကို ပြန်မလုပါဘူး... ငါသာ အဲဒီလို လုပ်ရင် ငွေရောင် မျက်လုံးနဲ့ ကောင်လေးက အလွတ်ပေးမှာ မဟုတ်ဘူး... နောက်ပြီး ငါ့ရဲ့ ခေတ်က ကုန်သွားပါပြီ... ခုအချိန်မှာ ငါ အေးအေးဆေးဆေး ကျင့်ကြံပြီး မျိုးဆက်သစ်လေးတွေကို နောက်ကွယ်ကနေ ပံ့ပိုးပေးပြီးပဲ နေချင်တော့တယ်”

ဝူယုက ပြန်လည် ပြောဆိုလိုက်၏။ ဝူပိုင်ကျိုးမှာ အသာအယာပင် ပြုံးလိုက်သည်။ အကယ်၍ ဝူယုက အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းကို ပြန်လည် ရယူရန် ဆန္ဒရှိလျှင် သူမ ပေးမည် ဖြစ်သည်။ အကယ်၍ ဝူယု လုပ်နိုင်လျှင် ပိုကောင်းမည် ဟုပင် သူမ ထင်မိသည်။ မည်သို့ပင် ဆိုစေ... ထိုလူကြီးမှာ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် ဖြစ်နေခဲ့သည် မဟုတ်ပါလား။

ရက်ပေါင်း အနည်းငယ် အတွင်းမှာပင် အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းသားများမှာ အဖွဲ့အစည်း တစ်ခု အခြေစိုက်ရန် သင့်တော်သည့် မြစ်များနှင့် ရေကန်များ၏ ဗဟို အချက်အချာ နေရာကို ရှာဖွေခဲ့ကြပြီး ဖြစ်သည်။ ရင်းမြစ် ပြတ်လတ်မှုများနှင့် ရင်ဆိုင်နေရသည့်တိုင် သူတို့က ကျင့်ကြံသူများ ဖြစ်သည်။

သူတို့က သတ္တုရိုင်း အနည်းငယ်ကို ရှာဖွေ တွေ့ရှိကြကာ ၎င်းတို့ကို လျှင်မြန်စွာပင် ဆောက်လုပ်ရေးသုံး ပစ္စည်းများ အဖြစ် ပြောင်းလဲခဲ့ကြသည်။ သစ်သား ဒြပ်စင် စွမ်းအင်များကို သုံး၍ သစ်ပင်များကို လျှင်မြန်စွာ ကြီးထွားအောင် လုပ်ကာ ခုတ်ဖြတ်ခဲ့ကြသည်။ သစ်သားစွမ်းအင်ဖြင့် မွမ်းမံထားသည့် ထိုကဲ့သို့ သစ်သားများမှာ သဘာဝ သစ်သားများထက် အဆများစွာ ပိုမို သန်မာလာ အဆောက်အအုံကြီးများ ဆောက်လုပ်ရာတွင် သင့်တော်လှသည်။

အချို့ကလည်း ရေ၊ မြေကြီးနှင့် မီးစွမ်းအင်များကို သုံးကာ ခိုင်မာ တောင့်တင်းသည့် အုတ်ခဲများကို ဖန်တီးကြသည်။ ထိုအထဲ၌ ဝင်္ကပါများကို ရေးထိုးထားကာ အချိန်ကြာလာသည်နှင့် အမျှ ပတ်ဝန်းကျင်၏ ပြုပြင်မှုနှင့် အတူ ၎င်းတို့မှာ အကျိုးများစွာ ဖြစ်ထွန်းလိမ့်မည် ဖြစ်သည်။

သူတို့က ထိုပစ္စည်းများကို သုံးကာ အိမ်များကို တည်ဆောက်ကြသည်။ လယ်ယာမြေများကို ပျိုးထောင်ကြသည်။ တောင်တန်းများကို ဖန်တီးကြသည်။ တစ်ချိန်တစ်ခါက လက်ငါးချောင်း တောင်ထိပ်မှာ အနန္တ ဧကရာဇ်ဂိုဏ်း၏ အမှတ်အသား တစ်ခု ဖြစ်ခဲ့သော်လည်း ဝူပိုင်ကျိုးက အဆုံးမဲ့ တောင်ထွတ် ဆယ်ခု အဖြစ် ပြောင်းလဲရန် ဆုံးဖြတ်ခဲ့သည်။ တောင်ထွတ်တစ်ခုချင်းစီမှာ သီးသန့် လမ်းစဥ် တစ်ခုကို ကိုယ်စားပြုလိမ့်မည် ဖြစ်သည်။

သူမက ပထမဆုံး တောင်ထွတ်ကို အဆုံးမဲ့ အင်ပါယာ တောင်ထွတ်ဟု အမည်ပေးထား၏။ ၎င်းက တောင်ထွတ် ကိုးခု၏ ဗဟိုတွင် တည်ရှိလိမ့်မည် ဖြစ်ကာ ဂိုဏ်းအစည်းအဝေးများ၊ အခမ်းအနားများ၊ ပြိုင်ပွဲများ ကျင်းပရန် အဓိက ရည်ရွယ်ထားသည်။

ကျန်တောင်ထွတ်များကတော့ အဆုံးမဲ့ မူလ၊ အဆုံးမဲ့ စစ်ကမ္ဘာ၊ အဆုံးမဲ့ သိုင်းကမ္ဘာ၊ အဆုံးမဲ့ နတ်ဆိုး၊ အဆုံးမဲ့ အဂ္ဂိရတ်၊ အဆုံးမဲ့ အသက်၊ အဆုံးမဲ့ ပန်းပဲ၊ အဆုံးမဲ့ လောကနှင့် အဆုံးမဲ့ တာအိုတို့ပင် ဖြစ်သည်။

အဆုံးမဲ့ မူလ၊ အဆုံးမဲ့ စစ်ကမ္ဘာနှင့် အဆုံးမဲ့ နတ်ဆိုး တောင်ထွတ်တို့မှာ တူညီသည့် ရည်ရွယ်ချက် တစ်ခုတည်း အတွက် တည်ဆောက်ထားခြင်း ဖြစ်ကာ တိုက်ခိုက်ရေး လမ်းစဥ်ကို လျှောက်လှမ်းသူများ အတွက် နေအိမ်နှင့် လေ့ကျင့်ရေး ကုန်းမြေများ ဖြစ်လာရန် ရည်ရွယ်ထားသည်။ နတ်ဆိုး တောင်ထွတ်ကတေ့ အထူးသဖြင့် နတ်ဆိုးများ အတွက် ရည်ရွယ်ထားကာ သက်တောင့်သက်သာ နေထိုင် ကျင့်ကြံနိုင်ရန် တည်ဆောက်ထားသည်။

သိုင်းကမ္ဘာ တောင်ထွတ်ကတော့ ခန္ဓာကိုယ် လမ်းစဥ်ကို လျှောက်လှမ်းနေသူများနှင့် ရှို့ရန်များ အတွက် ဖြစ်သည်။

အသက်တောင်ထိပ်ကတော့ ဆေးပညာကို တစိုက်မတ်မတ် စိတ်ဝင်စားသူများအား ဆေးသူတော်စင်များ ဖြစ်လာသည် အထိ ပျိုးထောင်ပေးရန် ရည်မှန်းထားသည်။ အနန္တ ဧကရာဇ်ဂိုဏ်းတွင် ဆေးစိုက်ပျိုးရာ ကုန်းမြေများ ကင်းမဲ့နေကြောင်း လင်းကျိရန် ဒဏ်ရာရခဲ့သည့် နှစ်ကတည်းက သူမ သတိထားမိခဲ့ကာ အသက် တောင်ထိပ်က ထိုကွက်လပ်ကို ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်ထားသည်။ ထိုတောင်ထိပ်က အဂ္ဂိရတ် လမ်းစဥ်ကို လျှောက်လှမ်းနေသူများ အတွက်လည်း သင့်တော်လိမ့်မည် ဖြစ်သည်။

အဆုံးမဲ့ အဂ္ဂိရတ်၊ အဆုံးမဲ့ ပန်းပဲနှင့် အဆုံးမဲ့ဘ လောက တောင်ထိပ်များကတော့ ဖန်တီးခြင်း တောင်ထိပ်ကို သုံးခု အဖြစ် ပြန်လည် ခွဲထုတ်ထားခြင်း ဖြစ်ကာ ဖန်တီးခြင်း လမ်းစဥ် သုံးရပ် ဖြစ်သည့် အဂ္ဂိရတ်၊ ပန်းပဲနှင့် အဆောင် တာအိုများ အတွက် ရည်ရွယ်သည်။

နောက်ဆုံး တစ်ခု ဖြစ်သည့် တာအို တောင်ထွတ်ကတော့ ယခင်ကလို လေ့လာခြင်းထက် တီထွင်ခြင်း စည်းမျဥ်းများကို ပိုမို အလေးပေးထားသည်။ ဂိုဏ်းက ဖန်တီးခြင်းကို အားပေးလိမ့်မည် ဖြစ်ကာ မိမိကိုယ်ကို အားကိုး၍ အသစ်သစ်သော ကျင့်စဥ်များ၊ အစီအရင်များ၊ ဝင်္ကပါများ၊ အဆောင်များ၊ ဒီဇိုင်းများ၊ ပန်းပဲ ပညာရပ်များကို တိုးတက်လာစေရန် ရည်ရွယ်ထားသည်။

တာအို တောင်ထွတ်၏ အယူအကို ချဲ့ထွင်လိုက်ခြင်းက ဝူယုကို စိတ်လှုပ်ရှားစေ၏။ ထိုကဏ္ဍက မည်မျှ အထိ တိုးတက်လာမည်ကို သူ မြင်ချင်နေပြီ ဖြစ်သည်။ တစ်ချိန်တည်း၌ သူ ဝူပိုင်ကျိုးကို စိတ်ထဲမှ ကြိတ်ကာ ချီးကျူး နေခဲ့မိ၏။ ထိုမျိုးဆက်သစ်လေးမှာ အလွန်ပင် အကြံဉာဏ်ကောင်းလှကာ တောင်ထွတ်များ၏ နေရာများကိုပင် ကောင်းစွာ တွက်ချက်ထားသည်။

ရက်သတ္တပတ်ပေါင်းများစွာ အစီအမံချများ၍ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ပြီး နောက်တွင် အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းမှာ လျှင်မြန်စွာပင် ဖွံ့ဖြိုးတိုးတက် နေခဲ့ပြီ ဖြစ်သည်။ တောင်စဥ်တန်း ဆယ်ခုမှာ စွမ်းအင်များဖြင့် ဖြည်းညင်းစွာ စီးဆင်းနေကာ ရလဒ် အနေဖြင့် ပိုမို၍ပင် မြင့်မားလာနေခဲ့သည်။ ကံဆိုးတာ တစ်ခုကတော့ ထိုကမ္ဘာ၌ ကောင်းကင်အလွှာ သုံးခု မရှိခြင်းပင် ဖြစ်သည်။

ကောင်းကင်အလွှာ အရေအတွက်မှာ မကြာခဏ ဆိုသလို သန့်စင်မှု အရည်အသွေးကို ကိုယ်စား ပြုနိုင်စွမ်း ရှိသည်။ ကောင်းကင်အလွှာ ပိုနည်းလေ အမတေပိုနည်းလေ ဖြစ်သည်။

ထာဝရဂြိုဟ်၌ ကောင်းကင်အလွှာ တစ်ခုတည်း ရှိလေရာ ကောင်းကင် နန်းတော်များ တည်ဆောက်ဖို့ မဖြစ်နိုင်လောက်အောင်ပင် ဖြစ်သည်။

ဝူပိုင်ကျိုးမှာ အမျိုးမျိုးသော ဝင်္ကပါများ၊ အကာအကွယ် အစီအရင်များ တပ်ဆင်ထားသည့် သူမ၏ ယာယီ နေအိမ်ထဲကို ပြန်လည် ဝင်လာခဲ့၏၊ ခပ်ဖျော့ဖျော့ သက်ပြင်းတစ်ချက် ချလိုက်ရင်း သူမ ဝါးကုလားထိုင်ပေါ်တွင် ထိုင်လိုက်သည်။

“ထာဝရ ပြန်လည် မွေးဖွားခြင်းဆေးကို ဘယ်တော့ စုပ်ယူမှာလဲ အဘိုး...”

သူမက ပင်ပန်းစွာဖြင့် မေးလိုက်၏။ လွန်ခဲ့သည့် ရက်များ အတွင်းက အဆုံးမဲ့ ဧကရာဇ်ဂိုဏ်း ပြန်လည် ထူထောင်‌ရေး ကိစ္စများနှင့် လုံးပန်းနေရလေရာ ဝူယုကိုပင် သူမ မေ့လုလု ဖြစ်နေခဲ့ပြီ ဖြစ်သည်။

“ပြီးသွားပြီလေ...”

ဝူယု၏ အဖြေစကားက ဝူပိုင်ကျိုးကို ထိုင်ခုံပေါ်မှပင် ခုန်ထသွားစေခဲ့၏။

"ဘယ်... ဘယ်တုန်းကလဲ”

သူမက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်၏။ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် ပြန်လည် မွေးဖွားခြင်းက တော်ရုံ ကိစ္စ မဟုတ်ချေ။

“စရ ကတည်းကလေ ကလေးမရဲ့... ဒီခန္ဓာကိုယ်ကို ပြန်ရဖို့ အတွက် နှစ်ထောင်ချီအောင် ‌အောင့်အီး သည်းခံပြီး ‌စောင့်လာရတာ...လက်ထဲကို ထာဝရ ပြန်လည် မွေးဖွားခြင်းဆေး ရောက်လာပြီးတဲ့နောက် ငါက ဆက်ပြီး စောင့်နိုင်ဦးမယ် ထင်နေတာလား”

ဝူယု၏ အသံက ပျော်ရွှင်မှု အငွေ့အသက်များဖြင့် ပြည့်နှက်ကာ လန်းဆန်း တက်ကြွ နေခဲ့လေ၏။

“ဒါဆို အဘိုးရဲ့ ခန္ဓာကိုယ်နဲ့ ကျင့်ကြံခြင်း အခြေခံကို ပြန်ရဖို့ အတွက် အချိန် ဘယ်လောက် ကြာဦးမှာလဲ...”

ဝူပိုင်ကျိုးက မေးလိုက်သည်။ လျှို့ဝှက် အာဏာရှင် အဆင့်တစ်ယောက်ကို ပထမဆုံး အကြိမ် မျက်မြင် ကိုယ်တွေ့ မြင်တွေ့ခွင့် ရရန် သူမ စိတ်လှုပ်ရှား နေခဲ့ပြီ ဖြစ်သည်။

“...”

ဝူယုက အချိန် အတန်ကြာအောင် ဘာမှ ပြန်မဖြေပဲ တိတ်ဆိတ်နေလေရာ ဝူပိုင်ကျိုးမှာ မျက်မှောင်ကြုတ် သွားခဲ့၏။

ဆေးလုံးက တစ်ခုခု မှားနေ၍လော။ သို့သော်လည်း ငွေရောင် မျက်လုံးများနှင့် လူငယ်ကို ပြန်လည် မြင်ယောင် လိုက်မိသော အခိုက်၌ သူမ စိတ်ထဲရှိ သံသယများက လျှင်မြန်စွာပင် ပြန်လည် ပျောက်ကွယ်သွားသည်။ ဝေ့ဝူယင်က ကိစ္စတစ်ခုကို ဘယ်တုန်းကမှ ပြီးစလွယ် လုပ်တတ်သူ မဟုတ်ချေ။

သို့သော်လည်း မကြာခင်မှာပင်... ဝူယုထံမှ ထွက်ပေါ်လာသည် အဖြေစကားက သူမ၏ မျက်လုံးများကို ပြူးကျယ်သွားစေခဲ့တော့၏။

“ငါ ခန္ဓာကိုယ်ကို ပြန်ရပြီးနေပြီ... လက်စွပ်ထဲက ထွက်သွားတာတောင် ကြာပေါ့”

“ဘာကြီး... ဘယ်တုန်းကလဲ”

သူမက ထိတ်လန့်တကြား ထအော်ဟစ်လိုက်မိ၏။ သူမ မအိပ်ခဲ့သည်မှာ ရက်သတ္တပတ်ပေါင်း များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း မည်သည့် အပြောင်းလဲ၊ ထူးခြားမှု တစ်ခုခုကိုမှ သူမ သတိမထားမိခဲ့ချေ။ ထို့အပြင် ယခု၌ ဝူယုမှာ အနက်ရောင် လက်စွပ်ကလေးကပင် သူမကို ဆက်လက် ဆက်သွယ်နေခဲ့သည် မဟုတ်ပါလား။

“စိတ်အေးအေးထားပါ ကလေးမရဲ့... ငါတောင် နင့်လောက် စိတ်မလှုပ်ရှားဘူး... ပြီးတော့ အကုန် အဆင်ပြေတယ်... ဘာမှ စိတ်မပူနဲ့”

ဝူယုက ရယ်မောလိုက်၏။ ဝေ့ဝူယင်၏ ထာဝရ ပြန်လည် မွေးဖွားခြင်း ဆေးလုံးမှာ သူ မျှော်လင့်ထားသည်ထက် အများကြီး ပိုမို အကျိုးသက်ရောက်မှု ရှိခဲ့သည်။ ဤခန္ဓာကိုယ် အသစ်က မူလ ခန္ဓာထက်ပင် ပိုမို နေလို့ ကောင်းသလို သူ ခံစားရသည်။

...

တစ်ချိန်တည်း၌ အမှောင် ဟင်းလင်းပြင် တစ်နေရာတွင်... ဧကရာဇ် ဝတ်ရုံ ဝတ်ဆင်ထားသည့် ချောမော ခန့်ညားသော လူလတ်ပိုင်း တစ်ယောက် ရှိနေခဲ့၏။ သူက ကျန်းမာ သန်စွမ်းသည့် အနက်ရောင် ဆံပင်၊ အနက်ရောင် မုတ်ဆိတ်များကို ဧကရာဇ် တစ်ပါး၏ အရှိန်အဝါမျိုးကို သယ်ဆောင်ထားသည်။

သူ၏ အရှေ့တွင်တော့ မီးခိုးရောင်မြူ ခါးပတ်ကွင်း တစ်ခု ဝန်းရံထားသည့် ဂြိုဟ်တစ်ခု ရှိ၏။ ထိုခါးပတ်ကွင်းတွင် ပါဝင်သည့် ယင်အော်ရာက အလွန် ပြင်းထန်လှလေရာ ကြည့်ရုံဖြင့်ပင် အရိုးနှင့် သွေးမျိုးကို သက်ရောက်စေနိုင်သလို ခံစားရသည်။ ထို့အပြင်... ခါးပတ်ကွင်း အတွင်း၌ သင်္ကေတ အမှတ်အသားများ ဖျော့တော့စွာ လင်းလက်နေကာ ဝင်္ကပါ အမျိုးအစား တစ်ခုကို ဖော်ဆောင်ထားဟန် ရသည်။

အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေအတွင်းရှိ ဂြိုဟ်များထဲတွင်တော့... ၎င်းက အလယ်အလတ် အရွယ်အစားလောက် ရှိကာ အကြမ်းဖျဥ်းအားဖြင့် အနန္တ ဧကရာဇ်ဂြိုဟ်လောက် ရှိလိမ့်မည် ဖြစ်သည်။

“ဂိုဏ်းကို ဖွံ့ဖြိုးအောင် လုပ်တာလည်း လုပ်ပေါ့... နင့်ရဲ့ ကျင့်ကြံခြင်းကိုလည်း အာရုံစိုက်ဦး... ဒီလောကမှာက ပါရမီရှင်တွေနဲ့ ပြည့်နေတာ... ရည်ရွယ်ချက်တွေကို အောင်မြင်ဖို့က ထင်ထားတာထက် ပိုပြီး ခက်ခဲတယ်...”

အသက်လတ် လူကြီးက အလွန့်အလွန် ဝေးကွာသည့် ကြယ်တာရာ နယ်မြေ အစွန်အဖျားရှိ ဂြိုဟ်တစ်ခုထံသို့ ဝိညာဥ်အသံလှိုင်းများ ပို့လွှတ်လိုက်၏။

သူကား အခြားသူ မဟုတ်။ ဝူပိုင်ကျိုးနှင့် စကားပြောနေသည့် ဝူယုပင် ဖြစ်သည်။

ဝိညာဥ် အသံလှိုင်း ပို့လွှတ်လိုက်ပြီးနောက် ဝူယုက မျက်မှောင်ကြုတ်ကာ အရှေ့ရှိ ဂြိုဟ်ကို ငုံ့ကြည့်လိုက်၏။

“နာ့ရှင်းရီ... သူက ဒီဂိုဏ်းထဲကို ဝင်လိုက်တာလား... ကောင်းပြီလေ... ငါ ဒီကို ရောက်လာရပြီပေါ့”

သူက အနည်းငယ် ပြုံးလိုက်ရင်း ဂြိုဟ်ဆီသို့ တည့်တည့် ထိုးဆင်းလိုက်တော့၏။ ဝေ့ဝူယင်က နာ့ရှင်းကို အထူး သတိထား ကာကွယ်ပေးရန် သူ့ကို မှာထားခဲ့သည် မဟုတ်ပါလား။

***

All Chapters