← Chapters

ရွှေရောင် အသက်နန်းတော် *

Vol. 43 Ch. 602

ရွှေရောင် အသက်နန်းတော် *

Vol. 43 Ch. 602

အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေမှာ အရွယ်အစားအားဖြင့် အလွန်ပင် ကျယ်ပြန့်လှကာ နေကြယ်မှ အနားစွန်းထိ မိုင်ထရီလျံပေါင်းများစွာကို ဖုံးအုပ်ထားသည်။ ထိုကျယ်ပြန့်လှသည့် နယ်မြေကြီး အတွင်းတွင် အရွယ်အစား အမျိုးမျိုး ရှိသည့် ဂြိုဟ်သောင်းနှင့်ချီ ပါဝင်ပြီး အသေးငယ်ဆုံး ဂြိုဟ်ပင်လျှင် အချင်း မိုင်ပေါင်း သုံးသန်းခန့် ကျယ်ဝန်းလှသည်။ အကြီးမားဆုံး ဂြိုစ်ကြီးများ ဆိုလျှင် မိုင်သန်း ရာနှင့်ချီပင် ရှိ၏။

ထို့အပြင် ဂြိုဟ် တစ်ခုချင်းစီတိုင်း၌ ဂြိုဟ်ရံလများ တည်ရှိလှကာ ၎င်းတို့ထဲမှ အချို့မှာ ဂြိုဟ်များထက်ပင် အရွယ်အစား ပိုမို၍ ကြီးမားသေးသည်။ သို့‌သော်လည်း ထိုဂြိုဟ်ရံလများတွင် သက်ရှိများကို ထိန်းသိမ်းရန် လုံလောက်သည့် ဂြိုဟ် အမြုတေများ မရှိချေ။ ၎င်းတို့က ဂြိုဟ်များမှ ထုတ်လွှတ်နေသည့် မြေဆွဲအား စွမ်းအင်များထဲတွင် နစ်မြုပ်နေကာ သဘာဝ အလျောက် စက်ဝိုင်း ပုံသဏ္ဌာန်သာ လှည့်ပတ် နေရပေသည်။

ထိုကဲ့သို့ ဆန်းကြယ်စွာ ဖွဲ့စည်းထားသည့် အမှောင် ဟင်းလင်းပြင်ကြီး အတွင်းတွင် တိတ်တဆိတ် ရွက်လွှင့်နေသည့် ဟင်းလင်းပြင် သင်္ဘော နှစ်စင်း ရှိလေ၏။ သူတို့၏ ခရီးစဥ်က ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ကာ ဟင်းလင်းပြင် သင်္ဘောများမှာ မိုင်သန်းပေါင်းများစွာကို ဖြတ်သန်းရင်း တိကျသေချာသော အရပ်မျက်နှာ တစ်ခုကို ဦးတည်နေခဲ့ပေသည်။

ထာဝရ နယ်မြေမှ သူတို့ ထွက်ခွာခဲ့သည်မှာ ရက်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး ဖြစ်သည်။ လက်ရှိ၌ သူတို့မှာ လောကကိုးပါး နယ်မြေ ဟု ခေါ်သော ပိုင်နက်ထဲကို ဝင်လာခဲ့ပြီ ဖြစ်သည်.

ဟင်းလင်းပြင် သင်္ဘော နှစ်ခု အနက် ခပ်သေးသေး သင်္ဘောထက်တွင်တော့ လင်းမင်၊ လင်းရှန်းရှဲ့နှင့် မကြာသေးခင်ကမှ နိုးလာသည့် ပိုင်ယုရှီတို့ ရှိ၏။ ပိုင်ယုရှီမှာ ကျင့်ကြံခြင်း အခြေခံ ပြိုကွဲလုနီးနီး ဖြစ်နေသည့် အခြေအနေမှ လွတ်မြောက်သွားခဲံပြီ ဖြစ်သည်။ သူမ၏ ဝိညာဥ်က ထိခိုက်နေသေးဆဲ ဖြစ်သည့်တိုင် အမျိုးမျိုးသော အဂ္ဂိရတ် ထုတ်ကုန်များ၏ အကူအညီဖြင့် ပြန်လည် တည်ငြိမ် နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူမ၏ အမူအရာကတော့ သွေးမရှိသလို ဖြူရော် နေဆဲ ဖြစ်သည်။

ပိုင်ယုရှီမှာ မျက်နှာကို ဇာပုဝါဖြင့် ဆက်လက် ဖုန်းကွယ်ထားခြင်း မရှိတော့ပဲ ရင်သပ်ရှုမောဖွယ် အလှတရားကို ကမ္ဘာသို့ ထုတ်ဖော် ပြသထားခဲ့ပြီ ဖြစ်သည်။ သူမက သင်္ဘော၏ တစ်နေရာတွင် ထိုင်နေသည့် လင်းမင်ကို ခဏခဏ လှမ်းကြည့် နေခဲ့၏။ လတ်တလော၌ လင်းမင်မှာ တိတ်တဆိတ်ပင် ကျင့်ကြံနေခဲ့ကာ အတုအယောင် လောကနယ်မြေကို ဆယ်မီတာခန့် အထိ ဖြန့်ကျက်ထားသည်။ သူ၏ လက်ဖဝါး နှစ်ခုထက်တွင်တော့ ဟင်းလင်းပြင် စွမ်းအင်လုံး တစ်ခု ရှိနေခဲ့၏။

ဟင်းလင်းပြင် စွမ်းအင်လုံးက စတင် တုန်ရီလာသည်နှင့် လင်းမင်၏ နဖူးတွင် ချွေးများ စီးကျလာသည်။ သူ၏ လက်များမှာ ဟင်းလင်းပြင် အင်အားနှင့် အတူ လိုက်လံ တုန်ရီလာကာ တစ်ခဏမျှ ကြာပြီးနောက် ထူးဆန်းသော အသံတစ်ခုနှင့် အတူ စွမ်းအင်လုံးမှာ ရေပူပေါင်း တစ်ခုနှယ် ပြိုကွဲ ပျောက်ကွယ်သွားသည်။

“ဟူး...”

လင်းမင် သက်ပြင်းရှည် တစ်ချက် ချလိုက်မိ၏။ သူ၏ မျက်ခုံးနှစ်ခုက မောပန်းမှုဖြင့် ပြေလျော့နေကာ မီးခိုးရောင် မျက်လုံးများမှာ ဒေါသထွက်ခြင်း၊ စိတ်မရှည်ခြင်း အငွေ့အသက်များနှင့် ပြည့်နှက် နေခဲ့လေ၏။ ထိုအခိုက်အတန့်၌ လောကကြီးကို သူ ကျယ်လောင်စွာ အော်ဟစ် မေးခွန်းထုတ်ချင်နေသည့်တိုင် စိတ်ကို ထိန်းထားရသည်။

လင်းရှန်းရှဲ့က မျက်နှာ တစ်ခုလုံး စိုးရိမ်မှုများနှင့် ပြည့်နှက်နေသည့် ပိုင်ယုရှီကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် လင်းမင်အနားသို့ လျှောက်လာခဲ့၏။

“ဟင်းလင်းပြင် အင်အားကို ဖမ်းဆုပ်ရတာက လွယ်ကူတဲ့ အလုပ် မဟုတ်ဘူး... နောက်ပြီး နင် ကိုယ်တိုင်က အခုက အာကာသ ပဲ့တင်သံ အဆင့်မှာပဲ ရှိသေးတယ်... မလုပ်နိုင်တာ ဘာမှ စိတ်ပျက်စရာ မလိုဘူး”

သူမ၏ စကားလုံးများက ကျိုးကြောင်း ဆီလျော်မှုများနှင့် ပြည့်နှက်နေသည့်တိုင် လင်းမင်၏ မျက်လုံးများထဲမှ မချင့်မရဲ ဖြစ်မှုများက ပျောက်ကွယ်သွားခြင်း မရှိပါချေ။

“ကျွန်တော် နယ်မြေမျိုးစေ့ တစ်ခုကို ဖွဲ့စည်းပြီးပြီ... လောကနယ်မြေကို ထုတ်လွှတ်နိုင်ပြီ... ဘာလို့ ဟင်းလင်းပြင် အင်အားကို မထိန်းချုပ်နိုင်ရသေးတာလဲ.. အတုအယောင် လောကသခင်တွေတောင်မှ..”

လင်းမင်က ပြောရင်း ရပ်တန့်လိုက်၏။ သူ လုံးဝ စဥ်းစားမရချေ။ ပြဿနာက အတိအကျက အဘယ်နည်း။

လင်းရှန်းရှဲ့က မသိမသာ မျက်မှောင်ကြုတ် လိုက်၏။

“အဲဒါက နင် အသုံးပြုခဲ့တဲ့ နည်းလမ်း ကြောင့်ပဲ... အခြေခံ ဝါးမြိုခြင်း မိစ္ဆာ နည်းလမ်းက အခြားလူတွေရဲ့ ကျင့်ကြံခြင်းကို ဝါးမြိုပြီး နင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ နယ်မြေမျိုးစေ့ တစ်ခု ဖန်တီးပေးလိုက်ပေမဲ့ အဲဒီ စွမ်းအင်တွေက နင့်အပိုင် မဖြစ်သေးဘူး... နင့် အနေနဲ့ အဒီ အင်အားတွေကို အရင် သန့်စင်ပြီး ကိုယ်ပိုင် ဖြစ်အောင် အရင် လုပ်ရမယ်... မဟုတ်ရင် ခုနကလို ပြဿနာနဲ့ အမြဲတမ်း ရင်ဆိုင်ရလိမ့်မယ်”

“...”

လင်းမင်မှာ ခေါင်းကို ငုံ့လိုက်၏။ အကယ်၍ ထိုပြဿနာကိုသာ ဖြေရှင်းနိုင်ပါက သူ၏ လောကသခင် အဆင့် အောက်တွင် ပြိုင်ဘက်ကင်း သွားလိမ့်မည် ဖြစ်သည်။ လောကသခင် အဆင့်များပင် သူ့အတွက် ခြိမ်းခြောက်မှု ဖြစ်လာတော့မည် မဟုတ်ချေ။

လင်းရှန်းရှဲ့က ဆက်ပြောလိုက်၏။

“ဘာပဲဖြစ်ဖြစ်… နယ်မြေ မျိုးစေ့ တစ်ခုနဲ့ အတုအယောင် လောကနယ်မြေ တစ်ခု ပိုင်ဆိုင်ထားတဲ့ အကျိုးဆက်က အရမ်းကို မြင့်မားတယ်… အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေမှာတောင် လောကသခင်တွေက ထိပ်တန်း ကျင့်ကြံသူတွေပဲ… နင့်ရဲ့ လက်ရှိ အခြေအနေက တရားဝင် ရွေးချယ်ခံတွေနဲ့ ရင်ဘောင်တန်းနိုင်မှာ သေချာတယ်"

"..."

လင်းမင်က မျက်လုံးများကို ပင့်တင်ရင်း ခေါင်းညိတ် လိုက်၏။ မျှော်လင့်ချက် အရိပ်အယောင် အချို့က သူ့ မီးခိုးရောင် မျက်လုံးများထဲ၌ နေရာယူ နေသည်။

အင်အားစုကြီး ဆယ့်ခြောက်ခုထဲမှ တစ်ခု၏ ရွေးချယ်ခံ ဖြစ်ဖို့ ဆိုလျှင်… ကြယ်တာရာ အမြုတေ အဆင့်ခုနစ်အောက် ကျင့်ကြံသူတိုင်းမှာ သူတို့ထက် အဆင့် သုံးဆင့် မြင့်သည့် ကျင့်ကြံသူ တစ်ယောက် သို့မဟုတ် လောကသခင် အဆင့် တစ်ယောက်နှင့် တိုက်ခိုက်ရမည် ဖြစ်သည်။ လောကသခင် အဆင့် ကျင့်ကြံသူများကတော့ ကြယ်တာရာ သခင် အဆင့် ကျင့်ကြံသူများကို မရှုံးအောင် တိုက်ခိုက်နိုင်ရမည် ဖြစ်သည်။

လင်းမင်မှာ ပါရမီရှင် တစ်ယောက် ဖြစ်ကြောင်း လင်းရှန်းရှဲ့ သံသယ မရှိပါချေ။ မည်သည့် အခက်အခဲကို မဆို လင်းမင် ကျော်လွှားနိုင်မည် ဟုလည်း သူမ ယုံကြည်သည်။

သူမ၏ အမြင်အရ လင်းမင် အပေါ် သက်ရောက်လာနိုင်သည့် တစ်ခုတည်းသော ပြဿနာက ဝေ့ဝူယင် ဖြစ်သည်။ ထိုလူငယ်မှာ ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်ကို ပိုင်ဆိုင်ထားရုံမျှ မက ဒြပ်စင် ရတနာသိုက်ကိုပါ ပိုင်ဆိုင်ထားသည်။ သူက လင်းမင်၏ ရွေးချယ်ခံ အဆင့်အတန်းကို စိန်ခေါ်နိုင်သည့် တစ်ဦးတည်းသော သူ ဖြစ်သည်။ ထို့အပြင် ပိုင်ယုရှီနှင့် လင်းမင်တို့၏ ပြောစကားများ အရ ဆိုလျှင် ဝေ့ဝူယင်တွင် ခွန်အားကို မြှင့်တင်နိုင်သည့် မိစ္ဆာ ကျင့်စဉ် တစ်ခု ရှိသည်ဟု ဆိုသည်။

ဘာပဲဖြစ်ဖြစ်… ၎င်းက စိုးရိမ်စရာ တစ်ခုတော့ မဟုတ်ပါချေ။ အကယ်၍ ဝေ့ဝူယင်သာ လင်းမင်ကို စိန်ခေါ်မည် ဆိုပါက မျှတသော တိုက်ပွဲ တစ်ခု ဖြစ်အောင် သူမ စီမံမည် ဖြစ်သည်။ မည်သည့် မိစ္ဆာနည်းလမ်းမျိုးကိုမှ အသုံးပြုခံမည် မဟုတ်ချေ။

သို့သော်လည်း ထိုအရာက နောက်ခါလာ နောင်ခါဈေး ဖြစ်သည်။ သူတို့ ရင်ဆိုင် နေရသည့် လက်ရှိ ပြဿနာက ဝေ့ဝူယင်ကို အရင်ဆုံး ရှာတွေ့ရန် ဖြစ်သည်။ သူ့ကို ရှာဖွေ တွေ့ရှိမှသာ သူတို့၏ ပြဿနာများမှာ ပြေလည် သွားမည့် သဘော ရှိသည်။

"သူ့ကို ဘယ်မှာ သွားရှာကြမှာလဲ… စီနီယာ အမ"

ပိုင်ယုရှီက လင်းရှန်းရှဲ့၏ မျက်နှာကို မဝံ့မရဲဖြင့် ကြည့်ရင်း မေးလိုက်၏။ ထိုပြဿနာ အားလုံး၏ တရားခံက သူမ ကိုယ်တိုင် ဖြစ်လေရာ ပိုင်ယုရှီမှာ စီနီယာ အမအား မျက်နှာချင်း ဆိုင်ရမှာကိုပင် ကြောက်ရွံ့ နေခဲ့သည်။

လင်းရှန်းရှဲ့က ပိုင်ယုရှီကို စောင်းကြည့် လိုက်၏။ သို့သော်လည်း မိန်းကလေး၏ မျက်နှာထက်ရှိ သွေးဆုတ် ဖြူရော်နေမှုကို သတိထားမိသော အခိုက်၌ သူမ၏ အကြည့်က အတန် ပျော့ပျောင်းသွားသည်။ သူမ စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိ၏။

"အချက်အလက်တွေ ရနိုင်မယ့် ရွှေရောင် နန်းတော်ကို…"

သူမ ပြန်လည် ဖြေလိုက်စဉ်မှာပင် ဟင်းလင်းပြင် သင်္ဘောမှာ တစ်စုံတစ်ခုနှင့် ဝင်တိုက်သွားသည့် အလား ရပ်တန့် သွား၏။

ပိုင်ယုရှီ၏ ခန္ဓာကိုယ်က ဟန်ချက်ပျက်၍ တုန်ရီသွားကာ လဲကျလုမတတ်ပင် ဖြစ်သွားသည်။ သို့သော်လည်း လင်းရှန်းရှဲ့က လျှင်မြန်စွာပင် လှုပ်ရှားကာ သူမ၏ ခန္ဓာကိုယ်လေးကို ထိန်းကြောင်း ပေးလိုက်၏။

"ဘာဖြစ်တာလဲ…"

လင်းမင်က မူလလှံတံကို ဆွဲထုတ်ကာ အသင့်ပြင်ရင်း မေးလိုက်၏။

လင်းရှန်းရှဲ့၏ မျက်လုံးများက သုန်မှုန်သော အလင်းရောင်တို့ဖြင့် ပြည့်နှက်နေကာ အမှောင် ဟင်းလင်းပြင်ကို စိုက်ကြည့် လိုက်သည်။

"ကျွန်မက အစစ်အမှန် ဒြပ်စင်ဂိုဏ်းရဲ့ ရှန့်ထိုလေး လင်းရှန်းရှဲ့ပါ"

"ငါ သိတယ်…"

ရှေးဟောင်း အသံ တစ်ခုမှာ ဟင်းလင်းပြင် သင်္ဘောအတွင်း လွင့်ပျံလာ၏။

ထိုအသံက အဆုံး မရှိသော ဉာဏ်ပညာနှင့် အသက်အရွယ်တို့ကို သယ်ဆောင် ထားလေရာ လင်းမင်မှာ ကြားရုံဖြင့်ပင် အသားများ ယားယံ လာသလို ခံစားလိုက်ရသည်။

လင်းရှန်းရှဲ့ကတော့ အသံကို မအံ့ဩသည့် အလား အပြင်ပန်း၌ တည်ငြိမ်စွာပင် ရှိနေသေးဆဲ ဖြစ်သည်။ သို့သော်လည်း အတွင်းပိုင်းတွင်တော့ သူမ၏ နှလုံးသားက ပြင်းထန်စွာ တုန်ရီ နေခဲ့ပြီ ဖြစ်လေသည်။

"ကျွန်မ အချက်အလက် တစ်ချို့ စုံစမ်းချင်လို့ ဒီနေရာကို ရောက်လာခဲ့တာပါ"

"ငါသိတယ်…"

အသံက နောက်တစ်ကြိမ် ထွက်ပေါ် လာခဲ့ပြန်၏။

မကြာခင် ဝိညာဉ် လမ်းလျှောက်သူ၏ ဟင်းလင်းပြင် သင်္ဘောမှာလည်း ထိုနေရာသို့ ရောက်ရှိလာ၏။ သို့သော်လည်း သူတို့က ချည်းကပ်ခြင်း မပြုပဲ မိုင်ထောင်ချီ အကွာအဝေး၌ ကျောက်ချ ရပ်နေခဲ့သည်။ လှေဦးထက်တွင်တော့ တမန်တော်ယု၏ ပုံရိပ် ဖွဲ့စည်းလာခဲ့၏။ သူက မေးစေ့ကို ပွတ်သပ်ရင်း ပြုံးလိုက်သည်။

"ဒါဆိုရင် ကျွန်မကို မကြိုဆိုတာလား…"

လင်းရှန်းရှဲ့က မျက်မှောင်ကြုတ် လိုက်သည်။ သူမ သိထားသလောက် လောကကိုးပါး နယ်မြေမှာ အမြဲတမ်း ဖွင့်ထားသည့် နေရာတစ်ခု ဖြစ်သည်။ မည်သူ မဆို ဆန္ဒရှိစွာ ဝင်ထွက်သွားလာနိုင်သည်။ သို့သော်လည်း သူမတို့၏ သင်္ဘောကတော့ ထိုနယ်နိမိတ်ထဲသို့ ဝင်ဝင်ချင်းပင် တားဆီး ခံခဲ့ရသည်။

"..."

အသံက မတုန့်ပြန်ပါချေ။

"ဒါဆို စတုတ္ထမြောက်ဂိတ်က မင်းသားကို ကျွန်မ တွေ့ခွင့်တောင်းတယ်"

လင်းရှန်းရှဲ့က နောက်တစ်ကြိမ် အော်ဟစ် လိုက်၏။

"ဟမ့်…"

ချက်ချင်း ဆိုသလိုပင် အမှောင် ဟင်းလင်းပြင် အတွင်းမှ ပြင်းထန်သည့် နှာခေါင်းရှုံ့သံ တစ်ခု ထွက်ပေါ်လာသည်။

"နင်က မင်းသားကို တွေ့ချင်တယ်ပေါ့ ဟုတ်လား… သူ နင့်ကို လာရှာတုန်းက နင် ဘယ်လို တုန့်ပြန်ခဲ့လဲ"

" … "

လင်းရှန်းရှဲ့မှာ ဘာမှ ပြန်မပြောနိုင်ပဲ ငြိမ်သက် သွား၏။

လင်းမင်မှာ အခြေအနေ တစ်ခုလုံးကို ဘေးမှ ငြိမ်သက်စွာသာ ကြည့်နေခဲ့သည်။ စီနီယာ အမလင်းနှင့် ရှေးဟောင်း အသံပိုင်ရှင် ပြောနေသည့် စကားဝိုင်းက ခံစားချက်များ ပါဝင်ကာ ရှုပ်ထွေးသည့်တိုင် သူ တစ်စွန်းတစ်စ ခန့်မှန်းနိုင်ပေသည်။ ကြည့်ရသည်က စတုတ္ထ မင်းသား ဆိုသူနှင့် လင်းရှန်းရှဲ့မှာ တစ်စုံတစ်ရာ ပတ်သက်နေတာ ဖြစ်နိုင်ကာ စီနီယာ အမလင်းက သူ လာရှာသည်ကို ငြင်းခဲ့ဖူးပုံ ပေါ်သည်။

ဆယ်မိနစ်ခန့်မျှ တိတ်ဆိတ်ပြီးနောက် အမှောင် ဟင်းလင်းပြင် အတွင်းမှ သက်ပြင်းချသံ တစ်ချက် ထွက်ပေါ်လာ၏။

"စတုတ္ထမြောက်ဂိတ် တံခါး မင်းသားရဲ့ မျက်နှာနဲ့ ငါ မင်း ရှာဖွေနေတဲ့ အရာကို အဖြေပေးလိုက်ပါ့မယ်လေ… ဒါပေမဲ့ ဈေးနှုန်းကတော့ နိမ့်မှာ မဟုတ်ဘူးနော်… နင် လက်ခံမှာလား"

လင်းရှန်းရှဲ့က တစ်ခဏမျှ တွေးတောလိုက်၏။ ထို့နောက် လင်းမင်နှင့် ပိုင်ယုရှီတို့ကို လှည့်ကြည့် လိုက်သည်။ ထို့နောက် သူမ၏ မျက်လုံးများက ဆုံးဖြတ်ချက် ပြတ်သားခြင်းများနှင့် ပြည့်နှက်လာကာ အမှောင် ဟင်းလင်းပြင်ကို ပြန်လည် မျက်နှာမူ လိုက်လေ၏။

"တန်ဖိုးပြောပါ…"

အကယ်၍ ဝေ့ဝူယင်ကို ရှာတွေ့ပါက သူနှင့် အတူ ဒြပ်စင် ရတနာသိုက်ကိုပါ ရလိမ့်မည် ဖြစ်သည်။ သို့ဖြစ်လေရာ ရှေးဟောင်း အသံပိုင်ရှင် တောင်းဆိုသည့် တန်ဖိုးက ဘယ်လောက် ကြီးမားပါစေ… ပြဿနာ ဖြစ်လာလိမ့်မည် မဟုတ်ပါချေ။

"..."

အသံပိုင်ရှင်က မတုန့်ပြန်ပါချေ။ သို့သော်လည်း လင်းရှန်းရှဲ့၏ အမူအရာက စက္ကန့်နှင့် အမျှ ပြောင်းလဲနေ၏။ တစ်မိနစ်ခန့် ကြာမြင့်ပြီးနောက် သူမက တည်ငြိမ်စွာပင် ခေါင်းတစ်ချက် ညိတ်လိုက်၏။

"လက်ခံတယ်…"

***

All Chapters