← Chapters

မူရှန်မြို့သို့ နောက်တစ်ခေါက်

Vol. 18 Ch. 247

မူရှန်မြို့သို့ နောက်တစ်ခေါက်

Vol. 18 Ch. 247

ခေါင်းဆောင်တောက်ရင်သည် မူရှန်မြို့တွင် နေထိုင်ပြီး အံ့ဖွယ်ကိုးပါးတောင်ကို မေ့သွားလောက်ပြီဟု ဟန်မူယဲ့ တွေးထားသည်။

သူက စာအိတ်ကိုယူပြီး ဖွင့်ကြည့်သည်။ ခေါင်းဆောင်တောက်ရင်၏ မောက်မာသောစာလုံးများကို မြင်လိုက်ရ၏။

“‌ကောင်လေးဟန်၊ မြန်မြန်လာခဲ့။ ငါက အာကာသဝိညာဉ်သူငယ်ဆေးလုံးနဲ့ ပတ်သတ်ပြီး တိုးတက်မှုတွေရထားပြီ”

‘အာကာသဝိညာဉ်သူငယ်ဆေးလုံးရဲ့ တိုးတက်မှုလား’

၎င်းသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအတွက် အရေးကြီးကိစ္စတစ်ခု ဖြစ်သည်။

ထို့အပြင် သူသည်သာ အာကာသဝိညာဉ်သူငယ်ဆေးလုံးကို ဖော်စပ်နိုင်မည်ဆိုပါက အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဂိုဏ်းများအားလုံးက ထိုဆေးလုံးကိုရရန်အတွက် တိုက်ခိုက်ကြပေလိမ့်မည်။

အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ကောင်းကင်ဘုံအဆင့်ကျင့်ကြံသူများ ရှားပါးနေသည်။

လင်တောက်တာအိုဂိုဏ်း၏ မဟာအကြီးအကဲ မျက်နှာတစ်ထောင်သူတော်စင်သည် တံခါးပိတ်ကျင့်ကြံနေ၏။ အကယ်၍ သူသည်သာ ကောင်းကင်ဘုံအဆင့်သို့ တက်လှမ်းသွားနိုင်ပါက လင်တောက်တာအိုဂိုဏ်းက ဝင်ရောက်စွက်ဖက်ရန် မလွယ်ကူတော့ပေ။

ခေါင်းဆောင်တောက်ရင်က စာပို့လိုက်သောကြောင့် သူက သွားကြည့်ရမည် ဖြစ်သည်။

ဟန်မူယဲ့က ကျန်းမင်၊ လျှိုဟုန်နှင့် တခြားလူများအား ဓားစံအိမ်ကို စောင့်ရှောက်ရန် ညွှန်ကြားလိုက်ပြီး လုကောကိုခေါ်ဆောင်၍ တောင်အောက်သို့ ဆင်းသွားသည်။

သို့ပေမဲ့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ထွက်မသွားခင်မှာ သူက ဆေးခန်း‌ဆောင်သို့ ဆင့်ခေါ်ခံရသည်။

သူက ဝိညာဉ်ဆေးပင် ၁၂စုံစာနှင့် ဝိညာဉ်ကျောက်တုံးသုံးသန်းကို လက်ခံပြီးသောအခါတွင် သွေးကြောဖွင့်ဆေးလုံး သုံးအိုးစာ ဖော်စပ်ပေးရ၏။

အင်မော်တယ်အဆင့်ဆေးလုံးသုံးလုံးကြောင့် ဘေးတွင် ရှိနေသောစွန်းစဲက ပင့်သက်ရှိုက်မိသည်။

ထိုဆေးလုံးသုံးလုံးဖြင့်ဆိုလျှင် သူက ဂိုဏ်းကို ဖြေရှင်းချက် ကောင်းကောင်းပေးနိုင်ပေလိမ့်မည်။

ထိုဆေးလုံးသုံးလုံးဖြင့်ဆိုလျှင် ဂိုဏ်းက သိပ်မဝေးသောအနာဂတ်တွင် ကမ္ဘာမြေအဆင့် ကျွမ်းကျင်သူသုံးယောက်ကို ပျိုးထောင်ပေးနိုင်ပေလိမ့်မည်။

ဆေးခန်းဆောင်မှ ထွက်လာသောအခါတွင် လုကောက သင်္ဘောပျံကိုထုတ်ယူ၍ ဟန်မူယဲ့နှင့်အတူ မူရှန်မြို့သို့ ပျံသန်းသွားသည်။

လုကောသည် သင်္ဘောပျံကိုထိန်းချုပ်ထားပြီး ဟန်မူယဲ့မှာ သင်္ဘောအခန်းထဲတွင် ထိုင်လျှက် ဆေးလုံးများ ဖော်စပ်နေသည်။

မူရှန်မြို့သို့ ရောက်သောအခါတွင် သူသည် ဒါဇင်နှင့်ချီသော အင်မော်တယ်အဆင့်ဆေးလုံးအမျိုးမျိုးကို သန့်စင်ပြီးစီးသွား၏။

မူရှန်မြို့၏ ပထဝီအနေအထားမှာ ယခင်အတိုင်း မပြောင်းမလဲ ရှိနေသေးသည်။ မြို့ထဲတွင် ‌ဆေးလုံးနှင့် ဆေးဆိုင်များ နေရာတိုင်းတွင် ရှိနေကြသည်။

ဆေးလုံးများဝယ်ပြီး ဝိညာဉ်ဆေးပင်များ ရောင်းချသော အာခီမီကျင့်ကြံသူများ အများအပြားရှိနေကြသည်။

အဆုံးတွင်တော့ ကျင့်ကြံသူများအားလုံးက အကျိုးအမြတ်နောက်သို့ လိုက်နေကြသည်။

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ အာခီမီတော်ဝင်နယ်မြေဖြစ်သော မူရှန်မြို့သည် ခေါင်း‌ဆောင်မူ ထွက်သွားပြီးနောက်တွင် ခေါင်းဆောင်တောက်ရင်၏ ဦးဆောင်မှုကြောင့် နိမ့်ကျမသွားပါ။

မူမိသားစုခေါင်းဆောင်က သူ တံခါးပိတ်ကျင့်ကြံနေသည်ဟု ကြေညာ၏။

သို့ပေမဲ့ အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဂိုဏ်းကြီးများနှင့် အာခီမီကျွမ်းကျင်သူများက သူသည် တောင်ပိုင်းကုန်းမြေသို့ သွားရောက်ကြောင်း သိထားကြသည်။

မူမိသားစုသို့ ရောက်သွားသောအခါတွင် မူမိသားစု၏ တတိယသခင်က သူတို့ကို ကြိုဆို၏။

“စီနီယာအစ်ကိုဟန်ကို ကြိုဆိုဖို့ ခေါင်းဆောင်တောက်ရင်က ကျုပ်ကို တာဝန်ပေးထားပါတယ်။ သူက စီနီယာအစ်ကိုဟန်ကို မိုးရေကြာပန်းဥယျာဉ်မှာ စောင့်နေပါတယ်”

မူမိသားစု၏ တတိယသခင် မူထုံယွမ်က ပြုံးလျှက် လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ပြောသည်။

ယခင်က မူရှန်မြို့သို့ ဟန်မူယဲ့‌ ရောက်လာသောအချိန်တွင် ခေါင်းဆောင်တောက်ရင်နှင့်အတူ လိုက်ပါလာခြင်းဖြစ်ပြီး သူသည် ဂျူနီယာအဆင့်မျှသာ ရှိသည်ဟု သတ်မှတ်နိုင်သည်။

ဤတစ်ကြိမ်မှာတော့ သူက ကွဲပြားသွားပြီ ဖြစ်သည်။

ဟန်မူယဲ့၏ အာခီမီပါရမီကို အနောက်ဘက်နယ်စပ်ကုန်းမြေတခွင်လုံးက သိထားကြသည်။

ထို့အပြင် ဓားအင်မော်တယ် ဟူသောနာမည်မှာလည်း အနောက်ဘက်နယ်စပ်ကုန်းမြေတစ်လျှောက် ပဲ့တင်ထပ်နေသည်။

ထိုသို့သောလူမျိုးကို မည်သည့်နေရာကမဆို လေးနက်စွာကြိုဆိုရန် လိုအပ်သည်။

“ကျေးဇူးပါ တတိယသခင်”

ဟန်မူယဲ့က ပြုံးလျှက် လက်သီးပြန်ဆုပ်လိုက်သည်။

မူမိသားစုမှာ ခံစားချက်များ ရှုပ်ထွေးနေကြသည်။

တစ်ဖက်တွင် မိသားစုကို ဦးဆောင်နေသောလူက အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ခေါင်းဆောင်တောက်ရင် ဖြစ်နေသောကြောင့် သူတို့က သိပ်မကြိုက်ပေ။

သို့ပေမဲ့ တစ်ဖက်တွင်တော့ ခေါင်းဆောင်တောက်ရင် မရှိလျှင် သူတို့၏ မူရှန်မြို့သည် လောဘကြီးသောလူများကို တားဆီးနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ဟန်မူယဲ့ကို မြင်လိုက်သောအခါတွင် တတိယသခင်မူ၏ အပြုံးက အေးခဲသွားသည်။

သူတို့က မိုးရေကြာပန်းဥယျာဉ်သို့ ရောက်လာသောအခါတွင် ကျောက်စိမ်းဖြူရောင်ကြာပန်းများဖြင့် ပြည့်နေသော ရေကန်ကို မြင်လိုက်ရသည်။

“ခေါင်းဆောင်တောက်ရင်က ဘယ်အချိန်ကစပြီး ပတ်ဝန်းကျင်အလှအပကို ခံစားတတ်သွားတာလဲ”

ဟန်မူယဲ့က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ပြုံးလျှက် ခေါင်းခါသည်။

“ဟားဟား၊ ကောင်လေး ငါက ဘာဖြစ်လို့ အလှအပကို နားမလည်ရမှာလဲ”

ခေါင်းဆောင်တောက်ရင်၏ ရယ်သံသည် ကန်ဘေးတွင် ရှိနေသောစံအိမ်ထဲမှ ထွက်ပေါ်လာသည်။

အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ခေါင်းဆောင်တောက်ရင်သည် ခြေလှမ်းကျဲကြီးများနှင့်အတူ ထွက်လာ၏။ သူက ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် အံ့အားသင့်သွားသည်။

“ကျွတ်… ကျွတ်… ၊ မင်းက အရင်နှစ်တွေမှာ ပြန်ပြီးမွေးဖွားလာခဲ့တာလား”

ဟန်မူယဲ့၏ ခန္ဓာကိုယ်ပေါ်တွင် ရှိသော နတ်ဘုရားအလင်းများမှာ ထိန်းချုပ်ခံထားရသည်။ ဓားချီအငွေ့အသက်ကိုလည်း သူ မခံစားရတော့ပါ။

သူက သမာဓိစွမ်းအားကိုလည်း ထုတ်ဖော်ပြသခြင်း မရှိပေ။ ယခုတွင် ဟန်မူယဲ့သည် သာမန်လူတစ်ဦးနှင့်မခြား ရိုးစင်းလွန်းနေသည်။

ထိုအရာက ဟန်မူယဲ့၏ ကျင့်ကြံဆင့် အလွန်တိုးတက်လာကြောင်း ဖော်ပြနေသည်။

အခြေခံသို့ ပြန်သွားခြင်း…။

လုကောက နောက်မှနေ၍ ခေါင်းဆောင်တောက်ရင်ကို ဦးညွှတ်လိုက်သည်။

‌ခေါင်းဆောင်တောက်ရင်က ပြုံးလိုက်သည်။

“မင်းလည်း မဆိုးဘူးပဲ”

ထို့နောက် သူက သက်ပြင်းချလျှက် ပြောသည်။

“ဟွမ်လောင်လျှိုနဲ့ ပတ်သတ်ပြီး နှမြောစရာပဲ”

ဟွမ်လောင်လျှိုသည် မိစ္ဆာအဖြစ်ပြောင်းလဲပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ ထွက်ခွာသွားသည်။ သူပြန်လာရန် အခွင့်အရေးက မဆိုစလောက် နည်းပါး၏။

ခေါင်းဆောင်တောက်ရင်သည် ဟွမ်လောင်လျှို၏ပုံစံကို အတော်လေးသဘောကျနှစ်သက်၏။

ဟန်မူယဲ့က ခေါင်းညိတ်ပြီး တီးတိုးပြောသည်။

“ကျွန်တော့်မှာ အခွင့်အရေးရှိရင် အစ်ကိုဟွမ်ကိုသွားရှာပြီး သူတို့မိသားစုကို ပြန်လည်စုံစည်းအောင်လုပ်ပေးရမယ်”

‘ဟွမ်လောင်လျှိုကို သွားရှာမှာလား’

တောင်ရင်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး မည်သည့်စကားမှ မဆိုပေ။

ထိုကိစ္စမျိုးဖြစ်လာရန် အခွင့်အရေးသိပ်မရှိပေ။

သူက ဟန်မူယဲ့ကို ဧည့်ခန်းဆီသို့ခေါ်သွားပြီး သူ့တွေ့ရှိချက်များကို ရှင်းပြလိုက်သည်။

သူက အာခီမီစံအိမ်ငယ်တွင် ဆေးညွှန်းတချို့ ရှာတွေ့ပြီးနောက် တစ်ခုနှင့်တစ်ခု တိုက်ကြည့်သည်။

“သွေးကြောဖွင့်ဆေးလုံးရဲ့ လေ့လာချက်တွေအရ အာကာသဝိညာဉ်သူငယ်ဆေးလုံးကလည်း အတူတူပဲလို့ ငါထင်တယ်”

ခေါင်းဆောင်တောက်ရင်က စားပွဲခုံထိပ်တွင် ထိုင်နေပြီး ဟန်မူယဲ့ကို ကြည့်သည်။

“မင်းက နားလည်သဘောပေါက်နိုင်စွမ်း ကောင်းတယ်။ အဲဒါကြောင့် မင်းကို ဒီမှာ လာကြည့်ဖို့ တောင်းဆိုလိုက်တာပဲ”

ခေါင်းဆောင်တောက်ရင်က ကျောက်စိမ်းပေလွှာတစ်ခုကို ဟန်မူယဲ့ဆီသို့ ကမ်းပေးလိုက်သည်။

ဟန်မူယဲ့က ကျောက်စိမ်းပေလွှာကို နတ်အာရုံဖြင့် စစ်ကြည့်လိုက်သည်။ အထဲတွင် ဆေးညွှန်း ငါးခု၊ ခြောက်ခုခန့် ရှိနေသည်။

ထိုဆေးညွှန်းများအားလုံးက အာကာသဝိညာဉ်သူငယ်ဆေးလုံးအတွက်ဖြစ်ပြီး သူတို့ကိုပေါင်းစပ်လိုက်သောအခါတွင် လေ့လာချက်အသစ်တစ်ခု ထွက်လာသည်။

ခေါင်းဆောင်တောက်ရင်က သူ့ကို အလျင်စလိုလှမ်းခေါ်သည့်အတွက် အံ့အားသင့်စရာမလိုတော့ပေ။

ထိုအရာက အမှန်တကယ် အကျိုးအမြတ်ရှိသည်။

သို့ပေမဲ့ ဆေးညွှန်းက မပြည့်စုံဘဲ ခေါင်းဆောင်တောက်ရင်၏လေ့လာချက်ကလည်း အမှားရှိနေသည်။

ဟန်မူယဲ့က အကြိမ်ရေအနည်းငယ်တွက်ချက်ကြည့်လိုက်ပေမဲ့ ဆေးစွမ်းအားမလုံလောက်သောရလဒ်ကိုပဲ တွေ့၏။

ဟန်မူယဲ့က သူ့ကိုစိုက်ကြည့်နေသော ခေါင်းဆောင်တောက်ရင်ကို ခေါင်းခါပြလိုက်သည်။ “ခေါင်းဆောင်တောက်ရင် ဒီဆေးညွှန်းက အခုလောလောဆယ် အလုပ်ဖြစ်ဖို့မသေချာဘူး”

သူ့စကားကို ကြားလိုက်ရသောအခါတွင် ခေါင်းဆောင်တောက်ရင်က ပြောလိုက်သည်။ “အရမ်းစိတ်စောမနေပါနဲ့။ ငါကူးယူထားတဲ့ဆေးညွှန်းတွေကို ကြည့်လိုက်ပါဦး။ မင်းတစ်ခုခုတော့ ရှာတွေ့မှာပါ”

ထို့နောက် သူက တီးတိုးပြောသည်။ “ငါက ဆေးစံအိမ်ငယ်ထဲမှာ ရှိနေတဲ့ အာကာသဝိညာဉ်သူငယ်ဆေးလုံးအတွက် အချက်အလက်တွေအားလုံးကို ကူးယူလာခဲ့တယ်”

ဟန်မူယဲ့က ညင်သာစွာပြုံးသည်။

ခေါင်းဆောင်တောက်ရင်သည် တခြားလူများဆီမှ ခိုးယူရာတွင် အတွေ့အကြုံများလှသည်။

“ဒါနဲ့ ခေါင်းဆောင်၊ ဆေးပြောင်းလဲခြင်းနည်းစနစ်နဲ့ ပတ်သတ်ပြီး ဘယ်လောက်သိထားလဲ”

ဟန်မူယဲ့က ကျောက်စိမ်းပေလွှာကိုသိမ်းပြီး ခေါင်းဆောင်တောက်ရင်ကို ကြည့်လိုက်သည်။

ကိုးနဝင်းတိမ်မြူရွှေကြာစေ့ဆေးလုံး…။

ထိုဆေးလုံးကို ဖော်စပ်ရန်အတွက် ကိုးကြိမ်ပြောင်းလဲခြင်းသည် အဓိကအချက် ဖြစ်၏။

ဟန်မူယဲ့က ဆေးလုံးပြောင်းလဲခြင်းနည်းစနစ်နှင့် ပတ်သက်ပြီး အနည်းငယ် လိုအပ်နေသည်။ သူက ယုံကြည်ချက်လိုအပ်ကြောင်း ခံစားမိနေသည်။

“ဆေးလုံးပြောင်းလဲခြင်းနည်းစနစ်လား”

ခေါင်းဆောင်တောက်ရင်က တစ်ခဏမျှ စဉ်းစားပြီး တီးတိုးပြောသည်။

“ငါက အဲဒီနည်းစနစ်နဲ့ပတ်သတ်ပြီး သိပ်မသိပေမဲ့ အဲဒါနဲ့ပတ်သတ်ပြီး ရှာလို့ရမယ့်နေရာကိုတော့ ငါ သိတယ်”

သူက ဟန်မူယဲ့ကို ကြည့်လျှက် ပြောသည်။

“နေမင်းရောင်ဝါနန်းတော်ရဲ့ အကြွင်းအကျန်နေရာ”

နေမင်းရောင်ဝါနန်းတော်…။

ရှေးခေတ်ဂိုဏ်းတစ်ဂိုဏ်းဖြစ်သော နေမင်းရောင်ဝါနန်းတော်သည် အားကောင်းသော မီးအမျိုးအစားကျင့်ကြံခြင်းနည်းစနစ်နှင့် ဓားနည်းစနစ်များ ရှိနေသည့်အပြင် အာခီမီပညာရပ်နှင့် လက်နက်သွန်းလုပ်ခြင်းတို့မှာလည်း အဆင့်မြင့်လှသည်။

နေမင်းရောင်ဝါနန်းတော် ပျက်စီးသွားသောအခါတွင် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ အာခီမီပညာရပ်နှင့် လက်နက်သွန်းလုပ်ခြင်းတို့မှာ နိမ့်ကျသွား၏။

ဟန်မူယဲ့ ပြန်မပြောရသေးမီ ခေါင်းဆောင်တောက်ရင်က ပြောလိုက်သည်။

“အာကာသဝိညာဉ်သူငယ်ဆေးလုံးကို မင်းလေ့လာပြီးရင် နေမင်းရောင်ဝါနန်းတော်ဟောင်းကို သွားကြတာပေါ့”

“မင်းကို ငါခေါ်သွားပေးမယ်လို့ ကတိပေးတယ်”

“မင်းက သူတို့ရဲ့နည်းစနစ်တစ်ခုကိုလည်း ကျင့်ကြံထားတယ် မဟုတ်လား”

ဟန်မူယဲ့ကျင့်ကြံထားသော ရွှေနေမင်းနည်းစနစ်သည် နေမင်းရောင်ဝါနန်းတော်၏ နေကိုးစင်းနည်းနစ်ထဲက တစ်ခုဖြစ်သည်။ သူသည် နေမင်းရောင်ဝါနန်းတော်သို့သွားပြီး နေကိုးစင်းနည်းစနစ်အား ကျင့်ကြံနိုင်ရန် ကြိုးစားကြည့်လိုသည်။

သူ့ကျင့်ကြံခြင်းက ကမ္ဘာမြေအဆင့်သို့ ရောက်တော့မည် ဖြစ်သည်။

ကမ္ဘာမြေအဆင့်သို့ ရောက်သွားလျှင် ရွှေနေမင်းနည်းစနစ်သည် လုံလောက်သောလေးနက်မှုမရှိဘဲ အားနည်းသွားပေလိမ့်မည်။

“ကောင်လေး၊ လူအိုကြီးလီမူပိုင်က တောင်ပိုင်းကုန်းမြေရဲ့မိစ္ဆာတွေကို ခေါ်သွင်းလာပြီ။ မင်းတို့တွေ မြန်မြန်ကြီးပြင်းလာမှဖြစ်မယ်”

တောက်ရင်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

“လီမူပိုင်က မိစ္ဆာကျင့်ကြံသူပဲ။ သူတို့ထဲမှာ လက်ရွေးစင်တွေ ပေါ်ထွက်လာသရွေ့ အနောက်ဘက်နယ်စပ်ကုန်းမြေမှာ လူဘယ်နှယောက်သေသွားလဲ ဂရုစိုက်မှာမဟုတ်ဘူး”

“သွေးအေးတဲ့မိစ္ဆာကျင့်ကြံသူတွေက လူဘယ်နှစ်ယောက်ပဲသေသေ ဂရုမစိုက်ဘူး”

ဟန်မူယဲ့က ခေါင်းဆောင်တောက်ရင်၏ စကားကို နားလည်သည်။

ကျင့်ကြံသူကြီးများ၏ အမြင်မှာ အမြုတေဖွဲ့စည်းခြင်းအဆင့်၏ အောက်တွင် ရှိသောလူများကို ကျွမ်းကျင်သူအဖြစ် ယူဆမထားပေ။

အထူးသဖြင့် ရှန့်ယန်မိစ္ဆာဂိုဏ်းကဲ့သို့ ဂိုဏ်းမျိုးဖြစ်သည်။ သူတို့က အဆင့်နိမ့်ကျင့်ကြံသူနှင့် တစ်ကိုယ်တော်ကျင့်ကြံသူများကို အထင်သေးသည်။

သတ်ဖြတ်ခြင်းဖြင့် လမ်းဖောက်ပြီး ကျွမ်းကျင်သူများ ပေါ်ထွက်လာနိုင်ပါက သေဆုံးသွားမည့်အဆင့်နိမ့်ကျင့်ကြံသူများကို ဂရုမစိုက်ပေ။

ထိုအရာက သူတို့၏ တိုးတက်မှုနည်းလမ်းဖြစ်သည်။

ထိုနည်းလမ်းမျိုးကို မိစ္ဆာဂိုဏ်းများက အသုံးပြုသည်။

“ပြီးတော့ မင်းက အတော်လေးနာမည်ကြီးနေတယ်။ မင်းကို စောင့်ကြည့်နေတဲ့လူတွေ ရှိတယ်။ ဂရုစိုက်မှရမယ်”

ထိုသို့ပြောလိုက်ပြီး ခေါင်းဆောင်တောက်ရင်က ထပ်ရယ်သည်။

All Chapters