မမျှော်လင့်ဘဲ ရောက်လာသော ဧည့်သည်
Vol. 18 Ch. 248
ဟန်မူယဲ့၏ ကျင့်ကြံခြင်းက များစွာတိုးတက်လာသောကြောင့် သာမန်လှည့်ကွက်များကို ကြောက်စရာမလိုကြောင်း ခေါင်းဆောင်တောက်ရင်သိထားသည်။
ထို့နောက် သူတို့နှစ်ယောက်က လက်ရှိဖြစ်နေသောကိစ္စရပ်များကို ဆွေးနွေးကြသည်။ ဟန်မူယဲ့က အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ပြောင်းလဲမှုနှင့် အကြီးအကဲလုဟောင်၏ သေဆုံးမှုကို ပြောပြလိုက်သောအခါ ခေါင်းဆောင်တောက်ရင်က သက်ပြင်းချသည်။
“မင်းအခုနားလည်ပြီလား။ ကျင့်ကြံခြင်းက အဆုံးသတ်မှာတော့ အထီးကျန်ရတယ်”
“နောက်ထပ်နှစ်နည်းနည်းလောက်စောင့်ပြီး ဂိုဏ်းကိုပြန်သွားရင် ဂိုဏ်းမှာ ငါနဲ့သိတဲ့လူတွေ သိပ်ကျန်တော့မှာမဟုတ်ဘူး”
ခေါင်းဆောင်တောက်ရင်က အထီးကျန်မှုတချို့နှင့်အတူ ပြောလိုက်သည်။
ဟန်မူယဲ့ ခေါင်းညိတ်သည်။
သူကလည်း တူညီသောအထီးကျန်ခြင်းကို ခံစားနေရသည်။
ကျင့်ကြံခြင်းက အထီးကျန်သောလမ်းကြောင်းတစ်ခု ဖြစ်သည်။
ခေါင်းဆောင်တောက်ရင်က ဟန်မူယဲ့ကို မိုးရေကြာပန်းဥယျဉ်တွင် နေထိုင်ရန် စီစဉ်ပေးသည်။ ဒုတိယထပ်၏ ပြတင်းပေါက်မှတစ်ဆင့် ကျောက်စိမ်းကြာပန်းများနှင့် ပြည့်နေသောရေကန်ကို မြင်နိုင်သည်။ ထိုမြင်ကွင်းက အလွန်လှပသည်။
ဟန်မူယဲ့သည် ပြတင်းပေါက်ရှေ့တွင် တင်ပျဉ်ခွေထိုင်ပြီး ကျောက်စိမ်းပြားကို ကိုင်ထားသည်။ သူက ဆေးညွှန်းများကို တစ်ခုပြီးတစ်ခု တွက်ချက်ကြည့်နေသည်။
ကျောက်စိမ်းပေလွှာထဲတွင် ရှိသော ဆေးညွှန်းများအားလုံးသည် ဆေးစွမ်းအင်မလုံလောက်သော အာကာသဝိညာဉ်သူငယ်ဆေးလုံးကို ထုတ်ပေးနိုင်သည်။
“ဘာလိုနေတာလဲ”
ပြတင်းပေါက်အပြင်တွင်ရှိသော လေပြေများကြားတွင် ယိမ်းနွဲ့နေသည့် ကြာပန်းများကို ကြည့်လိုက်ပြီး ဟန်မူယဲ့က ရေရွတ်လိုက်သည်။
“ဘုန်း ....”
အဝေးတစ်နေရာမှ မိုးခြိမ်းသံထွက်လာသည်။
‘မိုးကြိုး’
‘ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအား’
ဟန်မူယဲ့၏ မျက်လုံးများ တောက်ပလာသည်။
အာကာသဝိညာဉ်သူငယ်ဆေးလုံးသည် ကောင်းကင်ဘုံအဆင့်ကျင့်ကြံသူတစ်ဦး၏ စွမ်းအားကို လှုံ့ဆော်ပေးသည်။ ထို့ကြောင့် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအား လစ်ဟင်းနေ၍ မရပေ။
အရိုးရှင်းဆုံးပုံစံမှာ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားသည် မိုးကြိုးကပ်ဘေး ဖြစ်သည်။
မိုးကြိုးကပ်ဘေးအကြောင်း တွေးမိသောအခါတွင် ဟန်မူယဲ့၏ အပြုံးက ပိုမိုထင်ရှားလာသည်။
တခြားလူများအတွက် မိုးကြိုးကပ်ဘေး၏ စွမ်းအားကိုရှာဖွေရန် ခက်ခဲပေလိမ့်မည်။
သို့ပေမဲ့ သူ့တွင် မိုးကြိုးစွမ်းအားနှင့် ပြည့်နေသော အနက်ရောင်သားမွေးတစ်ခု ရှိသည်။
“ဘုန်း ....”
အဝေးမှ မိုးကြိုးအလင်းတစ်ခု ဆင်းသက်လာသည်။ မူရှန်မြို့၏ မြို့ကာကွယ်ခြင်းမဟာဝင်္ကပါသည် ချက်ချင်း အသက်ဝင်လာပြီး တစ်မြို့လုံးကိုကာကွယ်၍ မိုးကြိုးကို တားဆီးလိုက်သည်။
ဟန်မူယဲ့က အံ့အားသင့်စွာဖြင့် ထရပ်လိုက်သည်။
“တောက်ရင်၊ မင်းက မူရှန်မြို့ကို အပိုင်ယူပြီး အာခံမီစံအိမ်ငယ်ကို သီးသန့်လာရောက်ခဲ့တယ်။ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ အာခီမီတော်ဝင်နယ်မြေကို စော်ကားခဲ့တယ်။ မင်းက အနောက်ဘက်နယ်စပ်ကုန်းမြေကို မျက်လုံးထဲမှာထည့်ထားသေးလား”
လေဟာနယ်ထဲမှ မိုးခြိမ်းသံကဲ့သို့ အော်သံတစ်ခုထွက်ပေါ်လာသည်။
ထိုအရာက ကောင်းကင်ဘုံအဆင့်ကျင့်ကြံသူတစ်ဦး၏ အသံဖြစ်သည်။
ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူ၏ စကားလုံးနှင့် လှုပ်ရှားမှုတိုင်းသည် ကြီးမားသော စွမ်းအားများအား သယ်ဆောင်ထားသည်။
အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူများ သိပ်မရှိပေ။
လီမူပိုင်သည် ဖုန်းရှို့တောင်မှ ပြန်မလာသေးပေ။ မျက်နှာတစ်ထောင်သူတော်စင်မှာ တံခါးပိတ်ကျင့်ကြံနေသည်။
ဖုန်းလင်ဓားဂိုဏ်းခေါင်းဆောင် ကျန်းချန်…။
“ပေါက်ကရတွေ။ ငါ သွားချင်တဲ့နေရာကို သွားနိုင်တယ်”
ခေါင်းဆောင်တောက်ရင်၏ အသံ ပေါ်ထွက်လာသည်။
“ငါ့အာခီမီကျွမ်းကျင်မှုကို အနောက်ဘက်နယ်စပ်ကုန်းမြေတစ်ခုလုံးသိတယ်။ ငါက မူရှန်မြို့မှာ ကျင့်ကြံနေတယ်။ အဲဒါက ဘာမှားနေလို့လဲ”
“ဂိုဏ်းခေါင်းဆောင်ကျန်းချန်ကလည်း အာခီမီပညာရပ်ကို လိုက်စားချင်လို့လား”
ခေါင်းဆောင်တောက်ရင်၏ ပုံရိပ်သည် ကောင်းကင်ထက်သို့ ပျံသန်းသွားပြီး အစီအရင်၏ အလင်းလွှာပေါ်တွင် ရပ်လိုက်သည်။
ဟန်မူယဲ့သည်လည်း ရှေ့ထွက်လာ၏။
ခေါင်းဆောင်တောက်ရင်၏ ကျင့်ကြံဆင့်နှင့် တိုက်ခိုက်နိုင်စွမ်းတို့အရ ကျန်းချန်ကို အနိုင်မယူနိုင်ပေ။
ဟန်မူယဲ့ ပျံသန်းလာကြောင်း မြင်လိုက်ရသောအခါတွင် ခေါင်းဆောင်တောက်ရင်က လှည့်ကြည့်လျှက် ပြုံးပြသည်။
“ဘာလဲ။ မင်းက တိမ်မြုံကမ်းပါးမှာလိုမျိုး ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူကို သတ်ချင်လို့လား”
ဟန်မူယဲ့က ရှေ့သို့ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“နောက်တစ်ကြိမ်ပူးပေါင်းဖို့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး”
သူက အငွေ့အသက်များကို ထိန်းသိမ်းထားရာ သာမန်လူသားတစ်ယောက်နှင့် တူနေသည်။ သို့ပေမဲ့ သူ့ကို တိုက်ရိုက်ကြည့်ရန် ခက်ခဲသော စွမ်းအားတစ်ခု ထုတ်ပေးနေ၏။ သူသည် အချိန်မရွေးထွက်ပေါ်လာနိုင်သော ဓားရှည်တစ်လက်နှင့် တူသည်။
အဝေးတစ်နေရာတွင် လူတချို့က လေဟာနယ်ထဲတွင် ရပ်လိုက်သည်။
ထိုလူအုပ်၏ ခေါင်းဆောင်သည် ဖုန်းလင်ဓားဂိုဏ်း၏ ခေါင်းဆောင်ကျန်းချန် ဖြစ်သည်။
ကျန်းချန်၏ အငွေ့အသက်သည် အလွန်တည်ငြိမ်ပြီး ကောင်းကင်ဘုံအဆင့်ကျင့်ကြံသူတစ်ဦး၏ ဖိအားကို ထုတ်လွှတ်နေ၏။
သူက ဟန်မူယဲ့နှင့် တောက်ရင်ကို ကြည့်လိုက်ပြီး ဖုံးကွယ်မထားသော သတ်ဖြတ်လိုစိတ်များ မျက်လုံးထဲတွင် ပေါ်လာသည်။
ကျန်းချန်၏ ဘေးတွင် ဆေးချီများ ဝိုင်းရံနေသော အာခီမီပညာရှင်တချို့ ရှိနေကြသည်။
သူတို့ထဲမှတစ်ယောက်က ဟန်မူယဲ့အား မြင်လိုက်ရသောအခါတွင် မျက်လုံးထဲတွင် မုန်းတီးမှုများပေါ်လာသည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ အာခီမီလက်ရွေးစင်လူငယ်ဖြစ်သူ ချန်မင်…။
သို့ပေမဲ့ ဟန်မူယဲ့နှင့် ပြိုင်ပွဲ၌ သူတို့သည် ဆိုးဝါးစွာရှုံးနိမ့်သွားပြီး သူတို့နောက်တွင် ရှိနေသော မင်ဟွားတောင်ကြားဂိုဏ်းကို ပြိုလဲသွားစေ၏။
မင်ဟွားတောင်ကြားသည် လောင်းကြေးအားလုံးကို သွေးကြောဖွင့်ဆေးလုံးအပေါ်တွင် ပုံအပ်ထား၏။ နောက်ဆုံးမှာတော့ သူတို့မှာ အရာအားလုံးကို ဆုံးရှုံးသွားကြရသည်။
“မူရွှင်း၊ တောက်ရင်က မင်းတို့မူမိသားစုရဲ့ မူရှန်မြို့ကို အပိုင်သိမ်းပြီး ဆေးစံအိမ်ငယ်ကိုလည်း သီးသန့်သွားရောက်ခဲ့တယ်ဆိုတာ အမှန်ပဲလား”
ကျန်းချန်က ခေါင်းဆောင်တောက်ရင်ကို ကြည့်လျှက် လေးနက်စွာ ပြောသည်။
သူ့နောက်မှာ အသက်သုံးဆယ်အရွယ်ခန့်ရှိသော မီးခိုးရောင်ဝတ်စုံနှင့် လူကြီးတစ်ယောက်က ရှေ့ထွက်လာသည်။ သူက ကျန်းချန်ကိုဦးညွှတ်လိုက်ပြီး ခေါင်းဆောင်တောက်ရင်ကို လက်ညှိုးထိုးပြသည်။
“ဂိုဏ်းခေါင်းဆောင်ကျန်း သူပါပဲ”
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ ခေါင်းဆောင်တောက်ရင်က မူရှန်မြို့ကို အပိုင်သိမ်းထားပြီး မူမိသားစုဝင်တွေကို အမိန့်လျှောက်ပေးနေပါတယ်”
“သူက မကောင်းတဲ့လုပ်ရပ်တွေကို လုပ်ခဲ့ပါတယ်။ ဆေးစံအိမ်ငယ်ကို သီးသန့်ဝင်ရောက်ခဲ့တဲ့အပြင် မူမိသားစုရဲ့သိုလှောင်ရုံက ဝိညာဉ်ဆေးပင်တွေကိုလည်း သုံးစွဲနေပါတယ်”
“မူမိသားစုရဲ့ရတနာတွေကို သူက ဖြုန်းတီးနေတယ်”
မူရွှင်းဟုအမည်ရသော သက်လတ်ပိုင်းအရွယ်လူကြီး၏ အသံသည် အက်ကွဲနေပြီး နာကျင်စွာအော်ဟစ်နေသော ဥဩငှက်တစ်ကောင်နှင့် တူနေသည်။
သူ့မျက်နှာမှာ နီရဲနေပြီး ဂိုဏ်းခေါင်းဆောင်ကျန်းချန်ကို ဦးညွှတ်လိုက်သည်။
“ဂိုဏ်းခေါင်းဆောင်ကျန်း၊ ကျုပ်တို့မူရှန်မြို့အတွက် တရားမျှတမှုရှာပေးပါ”
ဟန်မူယဲ့က ခေါင်းဆောင်တောက်ရင်ကို လှည့်ကြည့်သည်။
သူက မငြင်းပေ။
ထိုသို့ဆိုလျှင် ထိုစွပ်စွဲချက်များက အမှန်ဖြစ်လိမ့်မည်။
အာကာသဝိညာဉ်သူငယ်ဆေးလုံးကို လေ့လာရန်အတွက် ဝိညာဉ်ဆေးပင်များကုန်ဆုံးခြင်းက ပုံမှန်ပင်ဖြစ်သည်။
သို့ပေမဲ့ မူမိသားစုဝင်များက သည်းမခံနိုင်တော့ဘဲ အကူအညီတောင်းရန်အတွက် ဖုန်းလင်ဓားဂိုဏ်းသို့ သွားခဲ့ကြသည်။
ကျန်းချန်က မျက်နှာအမူအရာ ပြောင်းလဲခြင်းမရှိဘဲ လက်ကိုဝှေ့ယမ်းလိုက်သည်။ သူက တည်ငြိမ်စွာ ပြောသည်။
“မူရှန်မြို့ဟာ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ အာခီမီတော်ဝင်နယ်မြေတစ်ခုပဲ။ မူမိသားစုဝင်တစ်ယောက်က လူတစ်သောင်းရဲ့သွေးနဲ့ ရေးထားတဲ့စာတွေကို ယူလာပြီး ငါ့ကို အကူအညီတောင်းခဲ့တယ်။ ငါက ဝင်ပါပေးရမှာပေါ့”
“တောက်ရင်၊ မင်းက မူရှန်မြို့ကိုစောင့်ရှောက်ဖို့အတွက် မသင့်တော်တော့ဘူး”
သူ့ခန္ဓာကိုယ်ထဲမှ အစိမ်းရောင်ချီစွမ်းအင်အလင်းများ ထွက်ပေါ်လာသည်။ ထို့နောက် သူ့နောက်တွင် ချီအလင်းဓားတစ်ခု ဖြစ်တည်လာသည်။
ဓားဆန္ဒတစ်ခုသည် ဟန်မူယဲ့နှင့် ခေါင်းဆောင်တောက်ရင်ကို ဦးတည်ထားသောကြောင့် သူတို့ရှေ့တွင် ရွှေအလင်းများ ဖြစ်ပေါ်လာ၏။
ထိုအရာသည် ဓားအလင်းကိုခုခံရန် ကိုယ်ပိုင်ခွန်အားတစ်ခု နိုးထလာခြင်း ဖြစ်သည်။
“တောက်ရင်၊ ငါနဲ့အတူ ဖုန်းလင်ဓားဂိုဏ်းကိုလိုက်လာပြီး မင်းရဲ့ပြစ်မှုတွေကို ဝန်ခံလိုက်”
“ငါက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို သတင်းပို့ပြီး မင်းကိုလာခေါ်ခိုင်းလိုက်မယ်”
သူက မျက်လုံးများကိုမှေးကျဉ်းပြီး ဟန်မူယဲ့ကို ကြည့်သည်။ ထို့နောက် အေးစက်စွာ ပြောသည်။
“မင်းမရပ်ရင် ငါက ညှာတာနေမှာမဟုတ်ဘူး”
ကျန်းချန်က အစမှအဆုံးထိ ဟန်မူယဲ့ကို ပြောမသွားပေ။
ခေါင်းဆောင်တောက်ရင်က ခုခံရဲမည်ဆိုလျှင် သူက ဟန်မူယဲ့ကို သေချာပေါက်သတ်ပစ်မည်။
ခေါင်းဆောင်တောက်ရင်၏ ခန္ဓာကိုယ်ထဲမှ သိပ်သည်းသောစွမ်းအားများ ပေါ်ထွက်လာသည်။
ဓားတာအို၊ ဓားလမ်းကြောင်း၊ ဓားလမ်းစဉ်…။
သူတို့က ကောင်းကင်ဘုံအဆင့်ကျင့်ကြံသူနှင့် မတွေ့သရွေ့ လုပ်ချင်သလို လုပ်ပိုင်ခွင့်များ ရှိသည်။
ဟန်မူယဲ့က မည်သည့်စကားမှ မပြောပေ။ သူ့ခန္ဓာကိုယ်ပေါ်တွင် ဓားဆန္ဒစုတစ်ခု စည်းလာပြီး သူ့ခေါင်းပေါ်မှာ အစိမ်းရောင်ဓားငယ်တစ်လက် ထွက်ပေါ်လာသည်။
ဓားငယ်ကို မြင်လိုက်ရသောအခါတွင် ကျန်းချန်က အံ့အားသင့်သွားသည်။ ထို့နောက် မျက်လုံးများတောက်ပလာပြီး အံတင်းတင်းကြိတ်လျှက် ပြောသည်။
“အဲဒါ မင်းပဲ”
ထိုဝိညာဉ်လိပ်ပြာဓားသည် အံ့ဖွယ်ကိုးပါးတောင်ခြေတွင် သူ့ကို အသက်ဆုံးရှုံးလုနီးပါး ဖြစ်စေ၏။
ထို့အပြင် ယခုအချိန်တွင် သူက တူညီသောဓားအငွေ့အသက်ကို ခံစားမိနေသည်။
သူ့ကို တိုက်ခိုက်သောလူမှာ ဟန်မူယဲ့ဖြစ်သည်။
ဟန်မူယဲ့က ပြန်မဖြေဘဲ စွမ်းအားများကို စုစည်းနေ၏။
သူသည် တိမ်မြုံကမ်းပါးတိုက်ပွဲမှာ ကောင်းကင်ဘုံအဆင့်ကျင့်ကြံသူကို သတ်ဖြတ်ပြီးနောက် စပါးစိမ်းတောင်ကုန်းတွင် မျက်နှာတစ်ထောင်သူတော်စင်၏ ကိုယ်ပွားကို သတ်ဖြတ်လိုက်သည်။ ယခုအချိန်တွင် ဟန်မူယဲ့က ကောင်းကင်ဘုံအဆင့်ကျင့်ကြံသူနှင့် ရင်ဆိုင်ရသောအခါတွင် ဖိအားသိပ်မဖြစ်တော့ပါ။
သူက ခေါင်းဆောင်တောက်ရင်နှင့် ပူးပေါင်းလိုက်ပါက ကျန်းချန်ကိုသတ်ပစ်နိုင်သည်။
“ကောင်းပြီ ကောင်းပြီ”
ကျန်းချန်က လက်မြှောက်လိုက်ပြီး သူ့နောက်မှာ ရှိနေသောဓားအလင်းက ရွှေရောင်ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသည်။ ထိုဓားသည် အဆုံးမရှိသောလေနှင့် တိမ်ကို သယ်ဆောင်လာသည်။ ထိုဓားချက်သည် မိုင်တစ်ရာအတွင်းမှာ ရှိနေသော တိမ်များကို နှိုးဆွပေးနိုင်ပုံရသည်။
ဖုန်းလင်ဓားဂိုဏ်း၏ ဓားနည်းနစ်…။
“ဂိုဏ်းခေါင်းဆောင်ကျန်းက ငါ့ရဲ့မူရှန်မြို့အတွက် ဆုံးဖြတ်ချက်ချပေးမလို့လား”
ထိုအချိန်တွင် အောက်မှ အသံတစ်သံထွက်လာသည်။
ဟန်မူယဲ့က အနည်းငယ်အံ့အားသင့်သွားသည်။
မူမိသားစုခေါင်းဆောင်၏ အသံ…။
‘သူက တောင်ပိုင်းကုန်းမြေကို သွားနေတာမဟုတ်ဘူးလား’
ဟန်မူယဲ့က သွားပေါ်အောင်ပြုံးနေသော ခေါင်းဆောင်တောက်ရင်ကို မြင်လိုက်ရသည်။
‘ဒီလူအိုကြီးက မူမိသားစုခေါင်းဆောင်ပြန်ရောက်နေတဲ့အကြောင်း ငါ့ကိုတောင် မပြောဘူး’
မြေခွေးအိုကြီးပဲ…
ဟန်မူယဲ့၏ မျက်လုံးများ စူးရှသွားသည်။
မူရှန်မြို့ကို ကာကွယ်ထားသော အစိမ်းရောင်အလင်းလွှာသည် တုန်ခါသွားပြီး တိမ်များအားလုံးကို နောက်ဆုတ်သွားစေသည်။
ချက်ချင်းဆိုသလို အစိမ်းရောင်ဝတ်စုံကို ဝတ်ထားသော မူမိသားစုခေါင်းဆောင်လူအိုကြီးသည် ဝင်္ကပါအလင်းလွှာပေါ်သို့ ရောက်လာသည်။
ထိုအချိန်တွင် သူ့ခန္ဓာကိုယ်၏ အငွေ့အသက်သည် ကောင်းကင်ဘုံအဆင့်သို့ ရောက်နေပြီ ဖြစ်ကြောင်း ရှင်းလင်းစွာ ပြောနေသည်။
ခေါင်းဆောင်မူသည် ကောင်းကင်ဘုံအဆင့်သို့ တက်လှမ်းသွားပြီး ဖြစ်သည်။
သူသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ပထမဆုံး ကောင်းကင်ဘုံအဆင့် အာခီမီပညာရှင်ဖြစ်လာသည်။
ထို့အပြင် မူမိသားစုခေါင်းဆောင်၏ ဘေးတွင် ရပ်နေသော ပန်းရောင်ဝတ်စုံဖြင့် အမျိုးသမီး၏ အငွေ့အသက်သည်လည်း မူမိသားစုခေါင်းဆောင်ထက် နိမ့်ကျခြင်းမရှိပေ။
သူမသည်လည်း ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူဖြစ်သည်။
အပြင်လူများက ထိုအကြောင်းကို မသိကြပေ။
ဟန်မူယဲ့၏ အမူအရာတင်မကဘဲ ကျန်းချန်၏ အမူအရာက မူမိသားစုခေါင်းဆောင်နှင့် ဘေးတွင် ရှိနေသော အမျိုးသမီးကျင့်ကြံသူကို ကြည့်လိုက်ပြီး မဲ့ရွဲ့သွားကြသည်။
“တာအိုရောင်းရင်းမူက ကောင်းကင်ဘုံအဆင့်ကို ရောက်သွားပြီပဲ။ ဂုဏ်ယူပါတယ်”
သူက အံကြိတ်လျက် ပြောသည်။
မူမိသားစုခေါင်းဆောင်က ခေါင်းညိတ်လိုက်ပြီး သူ့ဘေးမှာ ရှိသော အမျိုးသမီးကျင့်ကြံသူကို ညွှန်ပြလျက် ပြောသည်။
“ကျုပ် မိတ်ဆက်မပေးရသေးဘူး။ ဒါက ကျုပ်ရဲ့တာအိုလက်တွဲဖော် ဟုန်ဖူပါ”
“သူမက တောင်ပိုင်းကုန်းမြေကလေ”
“အစတုန်းက အနောက်ဘက်နယ်စပ်ကုန်းမြေနဲ့ တောင်ပိုင်းကုန်းမြေက စစ်ဖြစ်နေတဲ့အတွက် ငါတို့က ဒီကိစ္စကို မကြေညာနိုင်ခဲ့ဘူး”
“အခုတော့ အနောက်ဘက်နယ်စပ်ကုန်းမြေနဲ့ တောင်ပိုင်းကုန်းမြေက ငြိမ်းချမ်းရေးယူလိုက်တဲ့အတွက် ငါတို့က ပွင့်ပွင့်လင်းလင်း ရှိနေနိုင်ပြီလေ”
ခေါင်းဆောင်မူ စကားပြောနေသောအခါတွင် သူ့ဘေးတွင် ရှိသော အမျိုးသမီးကျင့်ကြံသူက သူ့ကို ချစ်မြတ်နိုးစွာကြည့်နေသည်။
“ဟုတ်ပါတယ်။ ဟုတ်ပါတယ်”
ကျန်းချန်က မူမိသားစုခေါင်းဆောင်နှင့် အမျိုးသမီးကျင့်ကြံသူကို ကြည့်လိုက်သည်။
“တာအိုရောင်းရင်းမူက ပြန်ရောက်နေပြီပဲ။ ကျုပ်က ဘာမှမဟုတ်ဘဲ စိတ်ပူနေမိတယ်”
မူမိသားစုခေါင်းဆောင်က ခပ်ဟဟရယ်မောလျှက် လက်သီးဆုပ်လိုက်သည်။
“ဂိုဏ်းခေါင်းဆောင်ကျန်းက ကြင်နာတတ်တာပဲ။ မူမိသားစုကိုလာပြီး တစ်ခွက်လောက်သောက်ပါဦးလား”
‘ဒီအချိန်မှာ သောက်မလို့လား’ ဟန်မူယဲ့က တွေးမိသည်။
‘ကျန်းချန်က ဝိုင်သောက်နိုင်ပါ့မလား’
‘သူက ဒေါသတွေနဲ့ ပြည့်နေတာမဟုတ်ဘူးလား’