ရှင်းအန်း
Vol. 29 Ch. 402
ဒုက္ခိတဘိုးဘွားကျေးရွာတွင် အဘွားစစ်မှလွဲ၍ ကျန်ရှိသူအားလုံးသည် နယ်ပယ်တစ်ခုတွင် ထူးချွန်ကျွမ်းကျင်ကြ၏။ ထိုနယ်ပယ်၌ နတ်ဘုရားအဆင့်အထိ ကျင့်ကြံထားပြီးလည်း ဖြစ်သည်။
ကောင်းကင်တံတား ကျိုးပျက်နေသည့်အတွက် ပိုမိုမြင့်မားသောအဆင့်သို့ မတက်နိုင်တော့၍ သူတို့အားလုံး နယ်ပယ်တစ်ခုတည်းကိုသာ အားသွန်ခွန်စိုက် ကျင့်ကြံခဲ့ကြသည်။ ဤသို့ဖြင့် သူတို့၏သိုင်းစွမ်းရည်က အထက်ကောင်းကင်ဘုံမှ နတ်ဘုရားများ၏ သိုင်းစွမ်းရည်နှင့် တန်းတူဖြစ်လာခဲ့၏။ နဂါးထိန်းဧကရာဇ်ကဲ့သို့သော နတ်ဘုရားအတုများအောက်ပင် အားမနည်းတော့ပေ။
နယ်ပယ်တစ်ခုတည်းတွင် နတ်ဘုရားအဆင့် ရောက်ရုံမျှဖြင့် အထက်ကောင်းကင်ဘုံ၏ အဆင့်မြင့်သိုင်းပညာရှင်များအား ထိပ်တိုက်ရင်ဆိုင်နိုင်လျှင် ... နယ်ပယ်အားလုံး၌ နတ်ဘုရားအဆင့်သို့ ရောက်သွားပါက မည်သို့ဖြစ်လိမ့်မည်နည်း။
နတ်ဘုရားအစစ် ဖြစ်မသွားဘူးလော။
ရှင်းအန်းဆိုသည့် အဆင့်မြင့်သိုင်းပညာရှင်က ထိုကဲ့သို့သော လမ်းကို လျှောက်နေခြင်းဖြစ်မည်။ သို့သော် သူ့နည်းသူဟန်ဖြင့် ကြိုးစားအားထုတ်လိုခြင်းမဟုတ်ဘဲ အခြားသူများ၌ ရှိပြီးသား အစိတ်အပိုင်းကို လုယူချင်နေသည်။
လူတစ်ယောက်၏စွမ်းအင်သည် အကန့်အသတ် ရှိ၏။ ကောင်းကင်တံတားကို ပြန်မဆက်နိုင်လျှင် အချိန်တစ်ခုရောက်ပါက သေဆုံးရသည်။ အလွန်ဆုံး နှစ်ရှစ်ရာသာ အသက်ရှင်နေထိုင်နိုင်ပေသည်။ ရှင်းအန်းအနေဖြင့် တစိုက်မတ်မတ် ကျင့်ကြံအားထုတ်လေ့လာလျှင် အများဆုံး နယ်ပယ်နှစ်ခုတွင် နတ်ဘုရားအဆင့် ရောက်နိုင်သည်။ အခြားတစ်ဖက်တွင် အခြားသူ၌ ရှိပြီးသား အစိတ်အပိုင်းအား လုယူလျှင်မူ နတ်ဘုရားအဆင့် ခန္ဓာကိုယ်တစ်ခုကို တည်ဆောက်၍ အစစ်အမှန်နတ်ဘုရား ဖြစ်လာနိုင်သည်။
ရှင်းအန်းက ရွာလူကြီးနှင့် ခေတ်ပြိုင်သိုင်းပညာရှင်တစ်ဦး ဖြစ်ချေရာ ရွာလူကြီးကဲ့သို့ အိုမင်းသင့်ပြီဖြစ်သော်လည်း ငယ်ငယ်ရွယ်ရွယ်သာ ရှိသေးသည်။ ဆိုလိုသည်က ထော့ကျိုး၏ ခြေထောက်နှင့် မျက်ကန်း၏ မျက်လုံးတို့အပြင် တခြားအစိတ်အပိုင်းများကိုလည်း လုယူထားလိမ့်မည်။ သူ့လက်ချက်ဖြင့် သေဆုံးခဲ့ရသော အဆင့်မြင့်သိုင်းပညာရှင်များ သေချာပေါက် ရှိခဲ့လိမ့်မည်။
သူ၏သိုင်းစွမ်းရည် မည်သည့်အဆင့်သို့ ရောက်နေမှန်း မည်သူမျှ တထစ်ချ မပြောနိုင်ပေ။
မျက်ကန်း၏ မျက်လုံးများသည် အဆင့်မြင့်ဆုံး ကောင်းကင်မျက်လုံးများး ဖြစ်ပြီး ထော့ကျိုး၏ ခြေထောက်များသည်လည်း အမြန်ဆုံး ကောင်းကင်ခြေထောက်များ ဖြစ်၏။ ဤနှစ်မျိုးတည်းနှင့်တင် သူ့အနေဖြင့် ထိပ်တန်းသိုင်းသမားတစ်ယောက် ဖြစ်လာနိုင်သည်။
သို့တိုင်အောင် သူက နှစ်မျိုးနှင့်တင် မကျေနပ်နိုင်ဘဲ အခြားလူများ၏ နတ်ဘုရားအဆင့် ခန္ဓာကိုယ်အစိတ်အပိုင်းများကိုလည်း လုယူခဲ့သေး၏။
ထိုမျှ အင်အားကြီးမားသော သိုင်းသမားတစ်ယောက်က အဘိုးကြီးမာ၏ လက်ကို လိုချင်လျှင် တထဂတအနေဖြင့်ပင် အဘိုးကြီးမာ သူ့အား မယှဉ်နိုင်လောက်ပေ။
သားသတ်သမားက ငေါက်ခနဲ ထရပ်လိုက်ပြီး ပြောလိုက်သည်။ “ငါ အဘိုးကြီးမာကို သွားရှာမယ်”
“သားသတ်သမား မင်းမှာ ဓားမတွေက သန်မာအားအကောင်းဆုံးလား” ရွာလူကြီးက လှမ်းမေးလိုက်၏။
သားသတ်သမား ခြေလှမ်းများကို ရပ်လိုက်သည်။ “မဟုတ်ဘူး၊ ငါ့မှာ သန်မာအားအကောင်းဆုံးက နှလုံးသားပဲ”
သူ၏ခန္ဓာကိုယ်မှ ကောင်းကင်မိုးကြိုးခြိမ်းသံကဲ့သို့ တဂျုန်းဂျုန်း မြည်သံများ ထွက်လာသည်။ စစ်မြေပြင်ထက်တွင် ဘီလူးကြီးတစ်ကောင် စစ်ဗုံကြီးတစ်လုံးကို တီးနေသကဲ့သို့ ကြောက်မက်ဖွယ်ရာ မြည်ဟည်းနေသော်လည်း အသံမှာ သားသတ်သမား၏ နှလုံးခုန်သံသာ ဖြစ်သည်။
သူ ချီနှင့်သွေးတို့ကို လှုံ့ဆော်လိုက်သည့်အခါ သူ့နှလုံးခုန်သံက ကြားလိုက်သူတိုင်းကို အလေးလံဆုံး၊ အတုတ်ခိုင်ဆုံး ကောင်းကင်ဓားမကြီးတစ်လက် ဓားအိမ်ထဲမှ ထွက်လာသကဲ့သို့ ခံစားလိုက်ရစေသည်။ ထိုဓားမသည် မည်သည့်ခလုတ်ဆူးညောင့်ကိုမဆို သိမ်းကျုံးခုတ်ပိုင်းပစ်နိုင်ဟန်တူ၏။
ကောင်းကင်ဓားမက သားသတ်သမား၏ လက်ထဲရှိ ဝက်ခုတ်ဓားမများမဟုတ်ဘဲ၊ သူကိုယ်တိုင်က ကောင်းကင်ဓားမ ဖြစ်နေခြင်း ဖြစ်သည်။
ကောင်းကင်ဓားမကို ဖွဲ့တည်ရန် အားကောင်းသောစွမ်းအင်ကို လိုအပ်ပြီး ထိုစွမ်းအင်၏ အရင်းအမြစ်က သူ၏နှလုံးသား ဖြစ်သည်။
ချင်မူ အနီရောင်ကောင်းကင်မျက်လုံးအား ဖွင့်၍ သားသတ်သမားကို ကြည့်လိုက်သည်။ သူ မြင်လိုက်သည်မှာ လူတစ်ယောက်မဟုတ်ဘဲ ၊ ဓားမတစ်လက် ဖြစ်နေ၏။
ဓားမ၏အလယ်တွင် တဂျုန်းဂျုန်း ခုန်နေသော နှလုံးသားရှိသည်။ နှလုံးသွေးကြောများက နဂါးများသဖွယ် လူးလွန့်ဖြာထွက်နေပြီး ဓားမနှင့် ချိတ်ဆက်ကာ ကွန်ယက်တစ်ခုအား ဖွဲ့တည်နေသည်။
နှလုံးတစ်ချက် ခုန်လိုက်တိုင်း နှလုံးက တုနှိုင်းမဲ့ ချီနှင့်သွေးတို့ကို ကောင်းကင်ဓားမဆီသို့ ပို့လွှတ်လိုက်သည်။
သားသတ်သမားက သူ၏နှလုံးသားကို ကောင်းကင်နှလုံးသားအဖြစ် ကျင့်ကြံထားချေသည်။
ရွာလူကြီးက ပြောလိုက်သည်။ “သူ မင်းရဲ့ ကောင်းကင်နှလုံးသားကို လိုလိမ့်မယ်”
သားသတ်သမား ခေါင်းယမ်းလိုက်၏။ “ငါ သူ့ကို မကြောက်ဘူး”
“သူလည်း မင်းကို မကြောက်ဘူး။ မင်း သူ့ကို တိုက်ခိုက်ရင်တောင်မှ အနိုင်ရနိုင်ခြေ နည်းနည်းပဲ ရှိတယ်။ အဘိုးကြီးမာကို မင်းဘာသာမင်း သွားရှာရင် သေချာပေါက် လမ်းမှာတင် အတိုက်ခိုက်ခံရလိမ့်မယ်။ ရွှေအ မင်းရဲ့ သန်မာအားအကောင်းဆုံးအပိုင်းက ဘာလဲ”
ရွှေအက ဆေးတံကို ဖွာလျက် ထိုင်နေသည်။ ရွာလူကြီး၏အမေးကို ကြားလျှင် ဆေးတံကို ခါ၍ ခါးတွင် ချိတ်လိုက်သည်။
ရုတ်တရက် သူ့ကျောပေါ်ရှိ မီးဖိုက မီးစွမ်းအင်မရှိဘဲ ဟုန်းခနဲ ထတောက်လာသည်။ သို့သော် သူ၏ချီစွမ်းအင်ကြောင့်လည်း မီးထတောက်လာခြင်းမဟုတ်ပေ။ ပူခြစ်နေသည်ကလည်း ဆေးမီးဖိုမဟုတ်၊ သူ့ခန္ဓာကိုယ် ဖြစ်သည်။
သူ၏ချီစွမ်းအင်က ခြစ်ခြစ်တောက် ပူပြင်းနေပြီး သူ၏ဝမ်းဗိုက်ထဲတွင် မီးဖိုတစ်လုံး အရှိန်ပြင်းပြင်း တောက်လောင်နေသကဲ့သို့ ထင်ရသည်။ ထိုမီးဖိုက နေအသေးလေးတစ်စင်းကဲ့သို့ လည်နေ၏။
နေက စွမ်းအင်ကို အဆက်မပြတ် စုစည်းရင်း ကမ္ဘာတုန်ဟည်းသွားရလောက်အောင် ပေါက်ကွဲတော့မည်နှင့် တူသည်။
“ရွှေအ မင်းရဲ့ တန်းထျန် (ချက်အောက်ဘက်ရှိ စွမ်းအင်ဗဟိုချက်နေရာ)က ကောင်းကင်မီးဖိုအဖြစ် ဖွဲ့တည်နေပြီပဲ။ ရှင်းအန်း အဲ့ဒါကိုလည်း လိုလိမ့်မယ်” ထို့နောက် ရွာလူကြီးက နားကန်းဆီသို့ လှမ်းကြည့်ကာ ခေါင်းယမ်းလိုက်သည်။ “နားကန်း၊ မင်းရဲ့ ပန်းချီလမ်းစဉ်က အမြင့်ဆုံးအထိ ရောက်နေပြီဆိုပေမယ့် ရှင်းအန်း လိုချင်တာ မင်းမှာ မရှိဘူး။ သူ မင်းရဲ့ ပန်းချီစွမ်းရည်ကိုလည်း မယူနိုင်ဘူး”
နားကန်း ခေါင်းမော့၍ ဆေးဆရာကို လှမ်းကြည့်လိုက်သည်။ “အဲဒီတတ်ယောင်ကားကိုလည်း သူ့မျက်လုံးထဲ ရှိမှာမဟုတ်ဘူး။ သူ့ကျင့်ကြံအဆင့်က နိမ့်လွန်းတယ်။ ကောင်းကင်နတ်အသွင်အဆင့်ကနေ တက်ကိုမတက်နိုင်ဘူး”
ဆေးဆရာက ပြုံးလိုက်ပြီး ပြောလိုက်သည်။ “တစ်ယောက်သော ပန်းချီဆရာလိုတော့ ငတ်မသေသေးပါဘူး”
နားကန်း သူ့စကားကို အရေးမစိုက်ဘဲ သူ့ကိုယ်သူ ဂုဏ်ယူနေသည်။ “ငါ့ပန်းချီတစ်ချပ် ရောင်းရငွေက မြို့တော်မှာ အိမ်ဆယ်အိမ်လောက် ဝယ်ပစ်လိုက်လို့ရတယ်။ မင်းကတော့ ဆေးရမ်းကုမိတာနဲ့ မွဲပြာကျမှာ”
“ရှင်းအန်း ဆေးဆရာကို လိုတယ်” ရွာလူကြီးက ရုတ်တရက် ထပြောလိုက်သည်။ အကုန်လုံး အတန်ငယ် မှင်သက်သွားကြ၍ သူ ရှင်းပြလိုက်၏။ “ဆေးဆရာက သူ့ခန္ဓာကိုယ်ကို ပြောင်းလဲပေးနိုင်တယ်လေ”
ဆေးဆရာ တဆတ်ဆတ် တုန်သွားသည်။
“မပူကြနဲ့။ သားသတ်သမား၊ ရွှေအ၊ ဆေးဆရာ ငါ့နောက် လိုက်ခဲ့။ ငါတို့ မဟာမိုးခြိမ်းသံကျောင်းတော်ဆီ အတူတူ သွားကြမယ်။ နားကန်း၊ ထော့ကျိုး၊ မျက်ကန်း မင်းတို့ကတော့ နေခဲ့။ ရှင်းအန်းရဲ့ ပစ်မှတ်က ငါတို့ဆိုတော့ မင်းတို့ဆီ လာမှာမဟုတ်ဘူး။ ကိုင်း ဒါဆို ငါတို့ သွားကြမယ်။ မူအာ မင်းလည်း ဒီမှာနေပြီး နှစ်ကူးလိုက်။ ငါတို့ကတော့ မဟာမိုးခြိမ်းသံကျောင်းတော်မှာ သက်သက်လွတ်သွားစားရတော့မယ်။ သွားကြစို့”
မျက်ကန်း၏မျက်နှာက တည်ကြည်လေးနက်နေသည်။ “လုံထောင်က သူ့ကို တွေ့ချင်တယ်။ ကောင်းကင်လှံက သူ့လက်ချက်ကြောင့် တစ်ခါရှုံးခဲ့ပြီးပြီ။ ငါ သူနဲ့ စာရင်းရှင်းချင်တယ်”
ရွာလူကြီး ခေါင်းယမ်းကာ ပြောလိုက်သည်။ “ဒီကိစ္စက မင်းတစ်ယောက်တည်းရဲ့ ကိစ္စမဟုတ်ဘူး။ ပြီးတော့ ဒီမှာ သိုင်းပညာရှင်တစ်ယောက် ရှိနေလို့ လိုတယ်။ ထော့ကျိုးက ဘာမှမလုပ်နိုင်တော့ဘူးလေ၊ ခြေတစ်ဖက်ရှိတုန်းကဖြင့် ပြေးနိုင်သေးတယ်။ အခု နှစ်ဖက်လုံး မရှိတော့ဘူးဆိုတော့ မင်းနေခဲ့တာ အကောင်းဆုံးပဲ”
မျက်ကန်းက မျက်မှောင်ကြုတ်သွားသော်လည်း မည်သည်ကိုမှ မပြောပေ။
ဆေးဆရာက ဆေးခြင်းထုတ်ပြီး ရွာလူကြီးကို ထည့်လိုက်သည်။ အမျိုးသမီးများလည်း အတူလိုက်ရန် ပြင်နေကြ၍ ဆေးဆရာ အသနားခံလိုက်ရသည်။ “မမကြီးတို့၊ ကျုပ် ရက်ပိုင်းအတွင်း ပြန်လာမှာပါ။ ထွက်မပြေးပါဘူး မစိုးရိမ်ကြပါနဲ့”
ထိုအခါမှ အမျိုးသမီးများက သူ့အား ထွက်သွားခွင့်ပြုသည်။
ထော့ကျိုး၊ မျက်ကန်း၊ နားကန်းနှင့် ချင်မူတို့သာ ခန်းမထဲ ကျန်ခဲ့သည့်အခါ ထော့ကျိုးက ထငိုပြန်သည်။ “အခုတော့ မူအာက ရွာမှာ အမြန်ဆုံးဖြစ်သွားပြီပေါ့။ ငါ့ခမျာ ပြေးချင်တာတောင် မပြေးနိုင်တော့ဘူး”
ချင်မူ သူ့ကို နှစ်သိမ့်လိုက်၍ ထော့ကျိုး၏ခံစားချက်များ တဖြည်းဖြည်း တည်ငြိမ်သွားသည်။ သို့သော် သူ့ခါးအောက်ပိုင်းတွင် ခြေထောက်မရှိတော့သည်ကို မြင်လျှင် လှိုက်၍လှိုက်၍ ဝမ်းနည်းလာသည်။ သူ ငိုမိပြန်သည်။ “အရင်တုန်းက ခြေတစ်ချောင်းနဲ့ ခုန်ဆွခုန်ဆွ သွားနိုင်သေးတယ်။ ပြေးနိုင်သေးတယ်။ အခုတော့ ခုန်ဆွခုန်ဆွတောင် မသွားနိုင်တော့ဘူး”
“ဘိုးဘိုးထော့ကျိုး၊ ကျွန်တော် ဘိုးဘိုးကို သမင်ခြေထောက်နဲ့ ဆက်ပေးမယ်လေ။ တောင်ပေါ်မှာ သမင်မိစ္ဆာတွေအများကြီး ရှိတယ်။ ကျွန်တော့်အစွမ်းအစနဲ့ဆို ပြောင်းလဲပေးဖို့ မခက်ပါဘူး” ချင်မူ အကြံပြုလိုက်သည်။
“သမင်ခြေထောက်တွေက ခွင်ခွင်ကြီးလေ။ တစ်လှမ်းနှစ်လှမ်း လှမ်းပြီးတာနဲ့ ဒူးထောက်ကျသွားလိမ့်မယ်။ မလိုချင်ဘူး မလိုချင်ဘူး”
ချင်မူလည်း မတတ်နိုင်တော့ပေ။ နားကန်းက နားညီးသည်ဆိုကာ သူ့အခန်းသူ ပြန်သွားသည်။
ထော့ကျိုးက မျက်ရည်မျက်ခွက်ဖြင့် နားကန်း သူ့ကို ပစ်ထားသည့်အကြောင်း ပွစိပွစိ ပြောနေသည်။ မျက်ကန်းလည်း ထွက်သွားရန် ပြင်နေ၍ ချင်မူ သူ့ကို တားလိုက်သည်။ “ဘိုးဘိုးမျက်ကန်း၊ ကျွန်တော် ခိုင်ဧကရာဇ်ခေတ်ရဲ့ နံပါတ်တစ်ကောင်းကင်မျက်လုံးကို တွေ့ခဲ့တယ်။ ကျစ်ချင်းရဲ့ မျက်လုံးတွေပဲ။ အဲဒီမျက်လုံးတွေက ကျွန်တော့်မျက်လုံးထဲမှာ သင်္ကေတတချို့ ခတ်နှိပ်လိုက်ပေမယ့် အမှတ်အသားတွေပဲ ကျန်ခဲ့တာ။ သိုင်းကွက်မပါတော့ ကျွန်တော် ဘယ်လိုအသက်သွင်းရမလဲ မသိဘူး”
“မင်း ဝင်လာတုန်းက မင်းမျက်လုံးတွေ သိပ်ထူးခြားနေတာကို ငါ မြင်လိုက်ပါတယ်။ ထူးဆန်းတဲ့ စွမ်းအင်တစ်ခုက မင်းမျက်လုံးထဲမှာ သောင်းကျန်းပြီး မငြိမ်မသက် ဖြစ်နေတဲ့ပုံပဲ” မျက်ကန်း ရှင်းအန်းကို ရှာမည့်အတွေးကို ခေါင်းထဲမှ ထုတ်လိုက်ပြီး ခိုင်ဧကရာဇ်၏ နံပါတ်တစ်ကောင်းကင်မျက်လုံးကို စိတ်ဝင်စားသွားသည်။ “အဲဒီသင်္ကေတတွေကို လင်းလာအောင် လုပ်လို့ရသေးလား။ ဖွဲ့စည်းပုံကို ကြည့်ချင်လို့”
ထော့ကျိုး၏ ညည်းညူသံ ထွက်လာသည်။ “ငါ့ခြေထောက်တွေ”
မျက်ကန်း မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ “ထော့ကျိုးက ညည်းပဲညည်းနေတာ။ အပြင်မှာပဲ ဆွေးနွေးကြစို့”
ချင်မူ ထော့ကျိုးကို ထားခဲ့လိုက်ပြီး မြေးအဘိုးနှစ်ယောက်သား ခန်းမဆောင်ဘေးရှိ ရေကန်ဆီ ရောက်လာကြသည်။ ငါးခေါင်းလူကိုယ်ရှိသော ရေသူမများက တောင်ပေါ်မှ ခူးလာသည့် သစ်သီးများဖြင့် ပြေးလာ၏။ “သခင်ကြီး၊ သစ်သီးသုံးဆောင်ပါဦး”
ချင်မူ အနီရောင်သစ်သီးတစ်လုံး ယူလိုက်သည့်အခါ သစ်သီးက စူးစူးဝါးဝါး အော်သည်။ “ငါ့ကို မစားနဲ့”
ချင်မူ သစ်သီးကို ကပျာကယာ ပြန်ချလိုက်ပြီး လင်ဗန်းထဲတွင် လိမ့်နေသော သစ်သီးများကို မြင်လိုက်ရ၏။ “အိုး အိုး ငါ သွေးထွက်နေပြီ”
“ကြည့်မနေနဲ့။ နတ်ဘုရားသွေး တောင်ပေါ် ရွာကျပြီးကတည်းက သစ်သီးတွေရော၊ သစ်ပင်တွေရော ထူးဆန်းကုန်တာပဲ” မျက်ကန်းက ခေါင်းယမ်းကာ ပြောလိုက်သည်။ “သစ်သီးအကုန်လုံး မိစ္ဆာတွေ ဖြစ်ကုန်တယ်လေ”
သူတို့စကားပြောနေကြစဉ် အနီရောင်သစ်သီးတစ်လုံးက လက်များပေါက်လာပြီး ၎င်း၏ခန္ဓာကိုယ်မှ စိမ့်ထွက်နေသော အနီရောင်အရည်များကို ထိလိုက်သည်။ “သွေးတွေ ထွက်နေပြီ။ ငါတော့ သေတော့မယ်” ထို့နောက် သတိလစ်သွား၏။
ကျန်သစ်သီးများက သတိလစ်နေသော သစ်သီးဆီ လိမ့်လာကြကာ အော်ဟစ်ငိုကြွေးနေကြသည်။
ချင်မူ ကြက်သီးမွေးညင်း ထသွားပြီး လင်ဗန်းပေါ်ရှိ သစ်သီးများအား အောက်ချလိုက်သည်။ ထိုအခါ သစ်သီးများက ပျော်ရွှင်သွားကြပြီး သတိလစ်နေသော သစ်သီးလည်း ပြန်နိုးလာသည်။ သစ်သီးမိစ္ဆာများအားလုံး လျင်မြန်စွာ လိမ့်သွားကြကာ ဘေးမှ ဖြတ်သွားသည့် သစ်ပင်မိစ္ဆာတစ်ကောင်၏ ကိုယ်ပေါ် တက်လိုက်ကြသည်။ သစ်ပင်မိစ္ဆာ၏ ခေါင်းပေါ်ရောက်မှ သူတို့ သက်ပြင်းချလိုက်ကြ၏။
ရုတ်တရက် သစ်ပင်မိစ္ဆာ၏ဘေးရှိ သမင်မိစ္ဆာတစ်ကောင်က သစ်သီးတစ်လုံးအား ခိုးကြောင်ခိုးဝှက် လှမ်းကိုက်လိုက်သည်။ သစ်သီးမိစ္ဆာများ အလန့်တကြား အော်ဟစ်ပြီး သမင်မိစ္ဆာကို ဆဲဆိုကာ ငိုကြွေးကြပြန်သည်။ သစ်ပင်မိစ္ဆာက စိတ်တိုသွားပြီး သမင်မိစ္ဆာကို တိုက်ခိုက်သည်။
ချင်မူ မှင်သက်နေသည်။ တိုက်ခိုက်နေသော မိစ္ဆာနှစ်ကောင်ကို သူ ကြောင်ငေးငေး ကြည့်နေမိ၏။ ထိုအချိန်တွင် ရေသူမများက သစ်ပင်မိစ္ဆာခေါင်းပေါ်မှ သစ်သီးများကို အပြေးလာခူးပြီး ချင်မူနှင့် မျက်ကန်းဆီ လာပို့ကြသည်။
“ငါတော့ ဒီဟာတွေနဲ့ အသားကျနေပြီ” မျက်ကန်း ခေါင်းယမ်းလိုက်သည်။ “မင်း တောင်ပေါ် မတက်ကြည့်ရသေးဘူးမလား။ အဲဒီနေရာမှာမှ တကယ် ထူးဆန်းတာတွေ ရှိတာ။ အဲဒီက မြက်တွေ၊ နွယ်တွေက သေချင်စိတ်ပေါက်လာအောင် လူကို စိတ်အနှောင့်အယှက်ပေးနိုင်လွန်းတယ်။ သူတို့ကို အဖက်လုပ်မနေနဲ့။ မူအာ၊ မင့်ကောင်းကင်မျက်လုံးထဲက အမှတ်အသားတွေကို အသက်သွင်းပြီး ပြစမ်းပါဦး”
ယန်ကျင့်ကျင့် သင်ပေးထားသည့် မောင်စုရှင်းထွမ်ကျင့်စဉ်ကို ချင်မူ ထုတ်လွှတ်လိုက်သည်။ ကြယ်အသွင်သဏ္ဍာန်ကွင်းများ သူ၏မျက်လုံးထဲတွင် ဖွဲ့တည်လာပြီး ကွင်းများ၏ အလယ်ရှိ နေမှ ကြောက်မက်ဖွယ်ရာ နေအလင်းရောင် ဖြာထွက်လာ၏။ ရုတ်ရုတ်သဲသဲ ဖြစ်နေသော မိစ္ဆာများမှာ လန့်ဖျပ်သွားကြပြီး မြေကြီးတွင် ဝပ်ကာ မလှုပ်ရဲကြတော့ပေ။
မျက်ကန်း အံ့အားသင့်သွားပြီး အတန်ကြာ တွက်ချက်ကြည့်လိုက်သည်။ “ကျစ်ချင်းက အမှန်တကယ် ထူးချွန်တာပဲ။ သူ့ကောင်းကင်နတ်သိုင်းက ငါ့ထက်တောင် အဆင့်မြင့်သေးတယ်။ ဒါပေမဲ့ မင်း ထုတ်လွှတ်လိုက်တာက သူ့ကောင်းကင်မျက်လုံးရဲ့ အလင်းရောင်ပဲ ရှိသေးတယ်။ စွမ်းအားမပါဘူး။ ထပ်ထုတ်လွှတ်ကြည့်ဦး”
ချင်မူ မောင်စုရှင်းထွမ်ကျင့်စဉ်ကို ထပ်မံထုတ်လွှတ်လိုက်သည့်အခါ မျက်ကန်းက ပြုံးလိုက်သည်။ “အမှန်ပဲ မျက်လုံးသိုင်းတစ်ခု ရှိနေတယ်။ ဒါပေမဲ့ သင်္ကေတစွမ်းအားတွေ အသက်မဝင်သေးဘူး။ စိတ်ဝင်စားဖွယ်တော့ ကောင်းတယ်။ ငါ့မျက်လုံးတွေသာ ရှိရင် အဆင့်နောက်တစ်ဆင့်တောင် တက်နိုင်လောက်မှာ။ နှမြောစရာပဲ... မူအာ ဘိုးဘိုး ဒီသင်္ကေတတွေနဲ့ ကောင်းကင်ကိုးဆင့်မျက်လုံးကျင့်စဉ်ကို ပေါင်းစည်းကြည့်လိုက်မယ်။ ရက်ပိုင်းလောက်မှ ကြာမယ်ထင်တယ်။ ပြီးတာနဲ့ မင်းကို ပြန်သင်ပေးမယ်”
ချင်မူ ခေါင်းညိတ်လိုက်သည်။
မျက်ကန်းက ပြုံးပြုံးရွှင်ရွှင်ဖြင့် သူ၏ကောင်းကင်မျက်လုံးထဲရှိ သင်္ကေတများအား မှတ်သားနေသည်။ “ကဲ မင်းရဲ့ ချစ်ဇနီးတွေကို အချိန်သွားပေးလိုက်ဦး။ ငါ့လို အဘိုးကြီးနောက် လိုက်နေစရာမလိုပါဘူး။ ရှင်းအန်းကို သွားရှာမှာ မပူပါနဲ့ စိတ်ချ”
ချင်မူ စိတ်မချနိုင်သေးပေ။
ထိုအချိန်တွင် လင်ယွိရှို့က သူ့ကို လှမ်းအော်သည်။ “နွားကျောင်းတဲ့ကောင်လေး၊ ငါတို့ နှစ်သစ်ကူးအတွက် တောင်ပေါ်မှာ သစ်သီးသွားခူးမလို့၊ လိုက်မှာလား”
“သွား သွား” မျက်ကန်း ပြုံးလိုက်သည်။
ချင်မူ အပြေးအလွှား သွားပြီး လင်ယွိရှို့ကို ပြောလိုက်၏။ “တောင်ပေါ်က သစ်သီးတွေက မိစ္ဆာတွေ ဖြစ်နေပြီ။ ကိုက်လိမ့်မယ်”
“ဘွားဘွားက တောင်ပေါ်မှာ မိစ္ဆာမဖြစ်သေးလို့ စားလို့ရတဲ့ သစ်သီးတွေ ရှိသေးတယ်လို့ ပြောတယ်။ ဟိုရေသူမတွေကသာ မခွဲတတ်တာတဲ့” ဟူလင်းအာ ပြောလိုက်သည်။
သူတို့ တောင်ပေါ် ရောက်သည့်အခါ သစ်သီးပင်များကို မြင်လိုက်ရသော်လည်း သစ်သီးပင်များက သူတို့ကို ခူးတော့မည့်အကြောင်း ကြားလိုက်ရ၍ အမြစ်များ ဆွဲနုတ်ကာ ထွက်ပြေးကြသည်။ ချင်မူတို့အားလုံး မှင်သက်သွားကြ၏။
“ဟေ့ ဟေ့ ငါ့ကို နင်းထားတယ်” မြက်ပင်သေးသေးလေးက ဒေါသတကြီး လှမ်းအော်သည်။ “ငါ့ညီအစ်ကိုတွေရော ဘယ်မှာလဲ”
မြက်ပင်လူသားများ သူတို့နောက် လိုက်လာ၍ ချင်မူတို့ အသက်လုပြေးကြရသည်။ ရုတ်ရုတ်သဲသဲ ဖြစ်ပြီးနောက်ဆုံးတွင်တော့ အဘွားစစ်ပြောသည့် သစ်သီးခြံကို သူတို့ တွေ့သွား၏။ ချင်မူ သစ်သီးတစ်လုံးစားကြည့်သည့်အခါ အရသာက ချိုပြီး မွှေးနေလေသည်။
ယန်ကျင့်ကျင့်၊ လင်ယွိရှို့နှင့် စစ်ယွင်ရှန်းတို့က ခြင်းများဆွဲ၍ သစ်သီးခူးနေသည့်အချိန် ဟူလင်းအာကတော့ သစ်ကိုင်းပေါ်တွင် ထိုင်စားနေသည်။ မကြာခင် ဗိုက်ဖောင်းကားသွား၍ အမြီးလေးများကို ချကာ လှဲနေတော့သည်။
“သိပ်မွှေးတဲ့ သစ်သီးပဲ”
ရုတ်တရက် အသံတစ်သံ ထွက်လာ၍ ချင်မူ လှမ်းကြည့်လိုက်သည့်အခါ သေတ္တာကြီးတစ်ခု ထမ်းလျက် သစ်ပင်များကြားမှ ထွက်လာသော လူငယ်တစ်ယောက်အား မြင်လိုက်ရသည်။
ချင်မူ ခြင်းတစ်ခြင်းထဲမှ သစ်သီးများ ယူ၍ ပေးလိုက်ပြီး ပြုံးပြလိုက်သည်။ “နောင်တော်က ဘယ်က လာတာလဲ။ ဘယ်ကို သွားနေတာလဲ”
လူငယ်က ကျေးဇူးတင်စကားဆိုကာ သစ်သီးများကို ချီးကျူးမဆုံးဖြစ်နေသည်။ “ဒီထဲမှာ နတ်ဘုရားသွေးရဲ့ အရသာ ပါနေလို့ ဒီလောက်စားကောင်းနေတာကိုး။ ငါ့မှာ အိမ်အတည်တကျရယ်လို့ မရှိပါဘူး။ လျှောက်သွားနေတာ များပါတယ်။ ဒီကိုလာတဲ့ အကြောင်းရင်းကတော့ နတ်ဆေးသမားတော်ချင်နဲ့ တွေ့ပြီး ရောဂါကုပေးဖို့ တောင်းဆိုမလို့ပါ”
ချင်မူ မျက်တောင်ခတ်ပြီး မေးလိုက်သည်။ “နတ်ဆေးသမားတော်ချင်၊ ရောဂါကုမယ် ဟုတ်လား။ နောင်တော်က ဘယ်လိုရောဂါမျိုး ခံစားနေရလို့လဲ”
လူငယ်က သက်ပြင်းချ၍ ပြောသည်။ “ကုမရတဲ့ ရောဂါပါ”
ချင်မူ့အကြည့်များ လက်ခနဲ ဖြစ်သွားသည်။ “နောင်တော့်ကို ဘယ်လိုခေါ်ရမလဲ”
လူငယ်က သစ်သီးကို မြေကြီးထဲ မြှုပ်၍ မြေမှုန်များဖြင့် သေသေချာချာ ဖုံးလိုက်သည်။ “ရှင်းအန်း”