အခန်း (၂၇၅)
Vol. 19 Ch. 275
"ဟုတ်တယ်လေဗျာ"
စွန်းဖုယွီ နောက်ဆုံးကျတော့မှ သဘောပေါက်သွားသည့် အသွင် ဖြစ်သွားခဲ့ပြီး "အင်း..ကျွန်တော်က ဘော့စ်ထက် အချိန်အကြာကြီး နေပြီးပြီးဆိုပေမယ့် ဘော့စ်လောက်တောင် နားမလည်သေးပါလားဗျာ..."
လုရင်း :"????"
ရှင်တို့ ဘာတွေ ပြောနေကြတာလဲဟင်...
ပြီးတော့ လေသံတွေကလည်း ဘာလို့ ထူးဆန်းနေကြတာလဲ....
"အဲ့လို မပြောစမ်းပါနဲ့ကွာ..ဒီလိုအရာမျိုးတွေနဲ့ ရင်းနှီးတယ်ဆိုပေမယ့် င်က လူရိုးသားလေးပါဟ....မင်းတို့ကောင်တွေ သောက်ရမ်းအလုပ်တွေ ကြိုးစားနေလို့ အနားယူရအောင် ဒီကို ခေါ်လာခဲ့တာ..ကိုယ့်ဘာကိုယ်ဆို တစ်လနေလို့ ဒီကို တစ်ခေါက်တောင် ရောက်ဖြစ်ချင်မှ ရောက်ဖြစ်တာ....ဒီတော့ အထင်မလွဲနဲ့...."
"ဟာ...အာစိ..ရောက်လာပြီလားဗျ..."
လင်းရီ ကားပါကင် ထိုးပြီးခါရှိသေး ခန်းမ မန်နေဂျာမှာ စိတ်အားထက်သန်စွာဖြင့် လင်းရီထံသို့ရောက်လာခဲ့ပြီး "အာစိ...ဒီနေ့ကော ဘယ်လိုလဲ နံပါတ်၁၈ပဲ ခေါ်လိုက်ရမလားဗျ....."
ငိုးပဲ ဟျောင့် ...မင်းခုလေးတင် ငါ့ရဲ့ ဖြူစင်တဲ့ ပုံရိပ်လေးကို ဖျက်ဆီးပစ်လိုက်တာပဲကွ...
ပြောကြသည်ကတော့ အမျိုးသားများ၏ စကားကို လွယ်လင့်တကူ မယုံပါနှင့် ဟုဆိုရိုးရှိခဲ့၏။ လုရင်း ယခင်က ထိုစကားကို နားမလည်ခဲ့သော်လည်း ယခုတော့ သူမ သဘောပေါက်သွားချေပြီ။
မစ္စတာလင်း..ရှင်က အရမ်းလိမ်တတ်တာပဲနော်...
"ဒီနေ့တော့ နံပါတ် ၁၈ကို မလိုသေးဘူး.."လင်းရီ တည်တံ့သော မျက်နှာထားဖြင့် ပြောလိုက်၏။
ခန်းမ မန်နေဂျာမှ လှပသော လုရင်းကို တစ်ချက်ကြည့်လိုက်ပြီး "အာစိ..ခင်များတို့ ဘောစိတွေကတော့ တကယ့်ကို သာမန်မဟုတ်တာပဲဗျာ...ကျွန်တော်တို့ ဆီက ကောင်မလေးတွေကို သဘောမတွေ့တာနဲ့စိတ်တိုင်းကျ တစ်ယောက် ခေါ်လာခဲ့တယ်ပေါ့..."
လုရင်း:"????"
ငါက ခြေသလုံးသားလေးတွေပဲ ဖော်ထားတာလေဟယ်..အဲ့တာတောင်မှ စတော်ကင် တစ်ထပ်ကတ်ထားသေးတယ်..ဒါတောင်မှ နင်က ငါ့ကို လူမှားနေသေးတယ်ပေါ့လေ...
"ကောင်းပြီ..အပိုတွေ မပြောနဲ့တော့..အဆင်ပြေတဲ့ တစ်ယောက်ကို ငါတို့ အခန်းထဲ လွှတ်ပေးလိုက်..."
"ဟုတ်ကဲ့ အာစိ..."
လင်းရီတို့ သုံးယောက်သား ရေနွေးဖြင့်ခေတ္တရေချိုးပြီးနောက် ခန္ဓာကိုယ်ကို တဘက်အရှည်ပတ်ကာ အနှိပ်ခန်းထဲသို့ ၀င်လာခဲ့ကြ၏။
"ဘော့စ်က ဒီကို မကြာခဏ လာဖြစ်တာလား..."
စွန်းဖုယွီ သိချင်စွာဖြင့် မေးကြည့်လိုက်သည်။
"မကြာခဏတော့ မလာပါဘူးကွာ..ဒါပေမယ့် ငါ့မှာ ချင်းဟန်လို့ခေါ်တဲ့ ဘော်ဒါ တစ်ယောက်တော့ရှိတယ်..အဲ့ကောင်ကတော့ အမြဲလာတယ်..အဲ့တာနဲ့ ငါ့ကို လာဖို့ အတင်းခေါ်နေတော့ ငြင်းလည်း မကောင်းတာနဲ့ပဲ ဖျစ်ညစ်ပြီး လာခဲ့ရတာပေါ့ကွာ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်လေသည်။
"ဟီးဟီး...သဘောပေါက်ပြီ သဘောပေါက်ပြီ..."စွန်းဖုယွီ ရရယ်မောလိုက်၏။
"အဲ့လိုလား...ခုမှပဲ ဒီနေရာက ဘာလို့ ဈေးကြီးနေရလဲဆိုတာ နားလည်သွားတော့တယ်..."လုရင်း ပြောလိုက်၏။
"မင်းတို့ နားမလည်ပါဘူးကွာ..ဒါကို ဉာဏ်ကွန့်မြူးတယ်လို့ခေါ်တယ်..တကယ်လို့ ငါသာ ဒီကိုလာပြီး အပမ်းမဖြေဘူးဆိုရင် ချစ်ပ်ဗားရှင်း ၂.၀ ကို ရေးနိုင်မှာတောင် မဟုတ်ဘူး..."လင်းရီ ပြောလိုက်၏။
လင်းရီနှင့် စွန်းဖုယွီတို့ကတော့ ယခုနေရာ၏ အထာနှင့် ရင်းနှီးနေသောကြောင့် သက်တောင့်သက်သာ ဖြစ်စွာ လဲလျောင်းလိုက်ပြီး ၀န်ဆောင်မှု ပေးသည်ကို ဇိမ်နှင့် ခံစားနေတော့၏။
လုရင်းကတော့ သူမကိုယ်ကို သူစိမ်းလူများ ထိတွေ့နေသည့် ခံစားချက်ကို အကျင့်မရှိသောကြောင့် လင်းရီ၏ ဖိတ်ခေါ်မှုကို ငြင်းဆန်လိုက်လေသည်။
တော်ပါပြီ...အိပ်ယာထဲမှာ တစ်ယောက်ထဲ လဲနေတာကတောင်မှ ပိုပြီး သက်တောင့်သက်သာ ဖြစ်ဦးမယ်...
"လုပ်စမ်းပါ လတ်တလော ဖြစ်သွားတဲ့ ကိစ္စလေးတွေ ပြောရအောင်... "လင်းရီ ပြောလိုက်သည်။
"လုလေး မင်းပြောလိုက်ကွာ....မင်း အားနေတာပဲ မဟုတ်လား..."
လင်းရီ စွန်းဖုယွီကို မျက်လုံးလှိမ့်လိုက်ပြီး "သူ(မ) အားနေတယ်ဆိုတာက ဘာသဘောလဲဟ...သူမလည်း နားဖို့ ကြိုးစားနေတာလေကွာ..."
"ဘာလို့လဲဆိုတော့ ကျွန်တော် လှုပ်ကို မလှုပ်ချင်တော့လို့..."
"ဟမ့်...နှာဘူးအိုကြီးပဲ...."လင်းရီ မှတ်ချက်ပြုလိုက်၏။
လုရင်းကတော့ မျက်လုံးအသာလှန်လိုက်ပြီး သူမရင်ထဲတွင်တော့ တိတ်တဆိတ် ကျိန်ဆဲနေလေသည်။ "အစ်ကိုစွန်းကတော့ အသက်ကြီးလာလေလေသူငယ်ပြန်လာလေလေလေပဲ."
"ကျွန်မ အပြင်ခဏထွက်ပြီး ဖိုင်တစ်ချို့ ယူလိုက်ဦးမယ်..."
လုရင်း ခြေညှပ်ဖိနပ်စီး၍ ထွက်သွားခဲ့ပြီး ပြန်ရောက်လာသည့် အချိန်တွင်တော့ သူမလက်ထဲတွင် စာရွက်စာတမ်းဖိုင်များ ပါလာခဲ့၏။
"ကျွန်မတို့ ဒီတစ်ခေါက် ဆယ်ရက် ခရီးထွက်သွားပြီးတော့ ချစ်ပ်နဲ့ ဖိုတိုလီတို ဂရပ်ဖီနယ်ပယ်က ကျွမ်းကျင်သူ ၃၂ ယောက်ကို ငှားနိုင်ခဲ့တယ်...သူတိူ့ရဲ့ ကိုယ်ရေးအချက်အလက်တွေကတော့ ဒီထဲမှာပဲ..ကော်ပီကိုတဲ့ နောက်မှ ရှင့်ဆီ မေးလ်နဲ့ ပို့လိုက်တော့မယ်..."
လင်းရီ စာဖိုင်များကို ယူလိုက်ပြီး စကားတစ်ခွန်းမျှ မဆိုဘဲ ဂရုတစိုက်နှင့် စစ်ကြည့်လိုက်၏။
နာရီ၀က်ကြာပြီနောက် သူ စာဖိုင် ငါးခုကို ဖယ်ထားလိုက်သည်။
"ဒီလူ ငါးယောက်က ဘာကြီးလဲဟ..သူတို့ကဖြင့် အနားယူပြီးလို့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေတောင် စနေပြီ...သူတို့ လက်ရှိ ပရောဂျက်ထဲကို စိတ်ရောကိုယ်ပါ နစ်မြုပ်ပြီး လုပ်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးမဟုတ်လား..."
"ပြီးတော့ သူတို့ကို တိုင်ပင်ခံရာထူး ပေးထားပြီးတော့လစာက တစ်နှစ်ကို ယွမ် ၉သိန်းကျော် ပေးထားတယ်ဆိုတော့ နည်းနည်းလေး များတယ် မထင်ဘူးလား..."
"အဲ့တာက ဒီလိုပါ....သူတို့က အနားယူထားတာ ကြာပြီဆိုပေမယ့် သူတို့ ကုမ္ပဏီမှာ အလုပ်လုပ်တုန်းက စုဆောင်းထားတဲ့ အဆက်အသွယ်တွေကို ကျွန်မတို့ရဲ့ လီတိုဂရပ်ဖီစက်အတွက် ပြန်အသုံးချလို့ရတယ်လေ..."
"တကယ်လို့ ကျွန်မတို့သာ လီတိုဂရပ်ဖီစက်ကို ပြုလုပ်ချင်တယ်ဆိုရင် တစ်ယောက်တည်း လုပ်လို့မရဘူး....လီတိုဂရပ်ဖီစက်က ကမ္ဘာပေါ်မှာ အဆင့်မြင့်ဆုံး နည်းပညာလို့ ပြောရင်တောင် ချဲ့ကားတာ မဟုတ်ဘူးနော်...နည်းပညာပိုင်းအရဆိုရင် သူတို့က နျူကလီးယားနဲ့ လေယာဉ်တွေထက်တောင် ပိုပြီး ရှုပ်ထွေးသေးတယ်..."
"ပြီးပြည့်စုံတဲ့ လီတိုဂရပ်ဖီစက်ရဲ့ အစိတ်အပိုင်းတွေက ၅,၀၀၀ ကျော်လောက်ရှိတယ်...ပြီးတော့ အဲ့ဒီ အစိတ်အပိုင်းကို ထုတ်လုပ်တဲ့ ပညာရှင်တွေကလည်း နယ်ပယ်ကိုယ်စီက ကျွမ်းကျင်သူတွေချည်းပဲ.ကျွန်မတို့ အသုံးပြုမှာက သူတို့ရဲ့ နည်းပညာကို မဟုတ်ဘူး...သူတို့ရဲ့ အဆက်အသွယ်တွေကိုပဲ"
"အင်း...မင်း ဘာဆိုလိုချင်လဲဆိုတာ ငါနားလည်တယ်..."လင်းရီ ခေါင်းတစ်ချပ်ညိမ့်၍ ပြောလိုက်သည်။
နိုင်ငံရှိ စက်ရုံကြီးများမှ သက်ဆိုင်ရာ ဌာနမှ အနားယူထားသည့် ခေါင်းဆောင်များကို အရေးကြီးသည့် နေရာများပေး၍ ရာထူးခန့်အပ်လေ့ရှိကြသည်။
သိူ့သော်လည်း ရေနွေးကြမ်းသောက်ပြီး ငါးမျှားဖို့လောက်သာ သိသော ထို ခေါင်းဆောင်များက ကုမ္ပဏီတစ်ခုကို ကောင်းစွာ စီမံနိုင်ပါလိမ့်မည်လော....
အဖြေကတော့ မဖြစ်နိုင်ပေ။ ၎င်းကိုလည်း သူဌေးကြီးတိုင်း သိရှိပြီးဖြစ်၏။
အကယ်၍ ၎င်းတို့သာ ထိုသူတို့၏ အတွေ့ကြုံမှတစ်ဆင့် အရေးကြီးသည့် အချိန်၌ အကြံဉာဏ်ကောင်းများ ရရှိသွားပါက သာမန်လူတို့ စိတ်ကူးမယဉ်နိုင်လောက်သော ထုတ်လုပ်မှုစရိတ် ကျသင့်ငွေများကို ချွေတာနိုင်ပြီး ဧရာမ အကျိုးအမြတ်များကို ဖန်တီးနိုင်ပေလိမ့်မည်။
ထို့ကြောင့် လုရင်းနှင့် စွန်းဖုယွီတို့ ယခုလို စီစဉ်လိုက်သည်မှု လုံး၀ ကျိုးကြောင်း သင့်တင့်လေသည်။
"ဆက်ပါဦး..."လင်းရီ ပြောလိုက်၏။
"ကျွန်မနဲ့ အစ်ကိုစွန်းရဲ့ တွက်ချက်မှုတွေ အရတော့ ဒီရဲ့ ကျွမ်းကျင်သူ ၃၂ ယောက်နဲ့ လီတိုဂရပ်ဖီ ပရောဂျက်ကို ယာယီ ထောက်ပံ့ဖို့ရာ လုံလောက်လိမ့်မယ်...ကျန်တဲ့ ၀န်ထမ်းတွေကိုတော့ ကျွန်မတို့ နောက်မှ ဖြည်းဖြည်းချင်း ရှာဖွေတော့မယ်..."
လင်းရီ နားထောင်ရန်း ခေါင်းတဆတ်ဆတ် ညိမ့်လိုက်သည်။
လုရင်းနှင့် စွန်းဖုယွီတို့မှာ ထက်မြက်သည့်ဉာဏ်ကြီးရှင်များဖြစ်၏။ ထို့ကြောင့် သူမတို့ ပြောသည့်အတိုင်း အလုပ်ဖြစ်မည်မှာ မလွဲမသွေပင်။
"လူတွေလည်း ရှာတွေ့ပြီဆိုတော့ ဘယ်ချိန်လောက် ပရောဂျက်ကို စလုပ်မှာ .."
"အွန်း..ကျွန်မတို့ဘက်က ပရောဂျက်ကို စလို့ရပြီဆိုပေမယ့် နည်းနည်းလောက် ထပ်စောင့်ဖို့ ဆုံးဖြတ်ထားတယ်...ခုက အချိန်မရောက်သေးဘူး..."လုရင်း ဆံပင်ကို နောက်သို့ သပ်လိုက်ပြီး " အဓိက ကီးဖြစ်တဲ့လူတစ်ယောက် ကျန်နေသေးတယ်...ကျွန်မနဲ့ အစ်ကိုစွန်းတို့ သူနဲ့တွေ့ဖို့ ကြိုးစားနေတာ နှစ်ရက်တောင်ရှိပြီ..ဒါပေမာ့် သူ့ဘက်က တွေ့ဖို့ အခွင့်ရေးလေးတောင် မပေးဘူး...."
"နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားကြည့်ပြီးပြီလား..."
"အွန်း..."လုရင်း ခေါင်းညိမ့်လိုက်ပြီး အနည်းငယ် သောကရောက်နေဟန်ဖြင့် "အစ်ကိုစွန်းနဲ့ ကျွန်မလည်း တတ်နိုင်တဲ့ နည်းပေါင်းစုံကို ကြိုးစားကြည့်တာပဲ..သူ့ဘက်ကတွေ့ဖို့ အခွင့်ရေး မပေးတာတော့ ကျွန်မလည်း မတတ်နိုင်တော့ဘူး..."
"ဒီတိုင်း နှာကြီးတဲ့ ဘိုးတော်ပဲမဟုတ်လား..သူ့ကို ဖျားယောင်းဖို့ရာက မခက်ခဲလောက်ပါဘူးဟ..."လင်းရီ လုရင်းကို တစ်ချက်ကြည့်လိုက်ပြီး "ဒါပေမယ့် မင်းက အပျင်းတစ်နေတယ်လို့ ဘာလို့ ခံစားနေရပါလိမ့်..."
"မဟုတ်ပါဘူးနော်..."
လုရင်း လေးနက်စွာဖြင့် ပြောလိုက်ပြီး "အစ်ကိုစွန်းက အမျိုးသားနဲ့ အမျိုးသမီး ကိစ္စတွေဆိုရင် အမြဲတမ်း ကိုင်တွယ်ရ လွယ်ကူတယ်လို့ ပြောဖူးတယ်....ဒါပေမယ့် ကျွန်မလည်း အမြဲတမ်း ဦးဆောင်ပြီးတော့ ဖြားယောင်းတာပဲ...လုံး၀ အပျင်းမတစ်ဘူး...."
"မင်းမြှူဆွယ်တာက ဆက်ဆီမဆန်လို့နေမှာပေါ့..."
လုရင်း :"...."
ငါ့ဒေါက်မြင့်ဖိနပ် ဘယ်ရောက်သွားလဲ...
"စိတ်လျှော့ပါဦးဟ..လေထုတောင် သိပ်သည်းပြင်းထန်လာသလိုပဲ..ငါက ဒီတိုင်း နောက်လိုက်တာ..."လင်းရီ ခက်ရင်းဖြင့် သရက်သီးတစ်တုံးကို ထိုးရင်း ပြောလိုက်၏။
"ဒီကောင်ကကော ဘယ်သူကြီးလဲ..ဆရာကြီးလား...ရုပ်ကြည့်ရသလောက်ကတော့ အတော်လေးကို ဘ၀င်မြင့်နေတဲ့ ရုပ်ပဲ..."
"သူက မိုက်ခရိုဆော့ဖ်ရဲ့ ဒုဥက္ကဌ၊ ကွန်ပျူတာအမြင်၊ ဂရပ်ဖစ်နဲ့ HCI ကျွမ်းကျင်သူ ရှန်းထျန်းကျိုးလေ..."
လုရင်း ခဏရပ်တန့်၍ "ရှင်က အရမ်းကျွမ်းကျင်တယ်ဆိုပေမယ့် သူ့ရဲ့ စကေးကလည်း ဘော့စ်နီးနီးလောက် ရှိတယ်နော်..."
"မင်းအဲ့လို ယှဉ်လောက်ပြီဆိုကတည်းက ဒီကောင် ဘယ်လောက် ဂရိုကျတယ်ဆိုတာ သိသွားပြီ..ဒီကောင်က သောက်ရမ်းကြမ်းတဲ့ ဂျီးနီးယပ်စ်ပဲ ဖြစ်ရမယ်...."
လုရင်း...
နိမ့်နိမ့်ချချနေ...နိမ့်နိမ့်ချချနေ....
လုရင်း ကိုယ့်အခြေနေကို သိပေသည်။ အခြားနယ်ပယ်တွင်တော့ သူမမှာ ဆရာတစ်ဆူအဖြစ် သတ်မှတ်ခြင်းခံရပြီး အများသူငါ၏ မျက်လုံးထဲတွင်တော မယှဥ်သာနိုင်သည့် အမျိုးသမီး တစ်ယောက်ဖြစ်သော်လည်း လင်းရီတို့လို ကျွမ်းကျင်သူများရှေ့တွင်တော့ သူမမှာ ရေတွင်းထဲမှ ဖားသူငယ်လေးသာ ။
လင်းရီ ထိုသို့ပြောလိုက်သော်လည်း ကွန်ကျူတာချစ်ပ်နယ်ပယ်နှင့် ပတ်သက်လာလျင်တော့ သူ့ကို အထင်ကြီးအောင် လုပ်နိုင်သည့်သူ မမွေးသေးချေ။
အဘယ်ကြောင့်ဆိုသော် ယခုနယ်ပယ်တွင် အာစရိယ ဉာဏ်ပညာ၏ ပံ့ပိုးမှုဖြင့် ချစ်ပ်နည်းပညာ ဖန်တီးရှင်၏ မှတ်ဉာဏ်များ ပိုင်ဆိုင်ထားသောကြောင့်ပင်။
သို့သော်လည်း လုရင်းက ထိုသူမည်မျှ အံ့ဩဖို့ကောင်းကြောင်း ပြောနေသောကြောင့် ထိုလူမည်မျှ တော်ကြောင်းကို လင်းရီ မှန်းဆ၍ နားလည်နိုင်ပေသည်။
ပို၍ အရေးကြီးသည်ကတော့ ယခုလက်ရှိ ပရောဂျက်နှင့် စပ်လျဉ်း၍ လင်းရီ ကူညီနိုင်သည်က များများစားစား မရှိချေ။
ချစ်ပ်နည်းပညာအကြောင်းကို ထုံးလိုမွှေ ရေလိုနှောက် တတ်ကျွမ်းထားသော်လည်း ဖိုတိုလီတိုဂရပ်ဖီစက်တီထွင်မည့်အရာကတော့ လုံး၀နယ်ပယ်နောက်တစ်ခုသို့ ရောက်ရှိသွားချေပြီ။ တူညီသည့်အရာများက သိပ်မရှိပဲ အားထုတ်ကြိုးပမ်းလျင်တောင် လင်းရီဘာမျှ သိပ်အသုံးချနိုင်လိမ့်မည် မဟုတ်ချေ။
လင်းရီ မေးစေ့ပွတ်ရင်း ရင်ထဲတွင်တော့ တိတ်တဆိတ် ကျိန်ဆဲနေ၏။
"ဒီလိုဆိုရင်တော့ ငါ ဒီ ထျန်းကျိုးဆိုတဲ့ကောင်ကို တစ်နည်းနည်းနဲ့ ရအောင် ကြံမှထင်တယ်..."
"သူများကို သွားခယရမှာ ပထမဆုံးအကြိမ်ဆိုတော့ ရင်ထဲ တစ်မျိုးကြီးပဲကွာ....."