အခန်း (၂၇၆)
Vol. 19 Ch. 276
"မင်းတို့ ဒီကောင်ကို လိုအပ်တယ်ဆိုတာ သေချာပြီလား..."လင်းရီ လေးနက်စွာ မေးမြန်းလိုက်၏။
"သေချာတယ်ဘော့စ်..."
စွန်းဖုယွီ ထလာပြီး "ကျွန်တော့်အထင်တော့ ဒီလူက ကျွန်တော်တို့ရဲ့ လိတိုဂရပ်ဖီ ပရောဂျက် တိုးတက်ရေးအတွက် အရေးပါတဲ့ လူတစ်ယောက်ပဲဗျ ..ဖြစ်နိုင်မယ်ဆိုရင်တော့ သူ့ကို ခေါ်နိုင်တာက ပိုကောင်းတယ်... "
လင်းရီ မေးစေ့ပွတ်ရင်း စဉ်းစားလိုက်ပြီး "အင်း...ငါ့ရဲ့ ချောမောခန့်ညားတဲ့ ရုပ်ရည်က အသုံးမ၀င်တော့ဘူးဆိုတော့ နည်းနည်း ခက်တော့မှာပဲ... "
"အိုင်ယား..."
လုရဂ်း သက်ပြင်းချလိုက်ပြီး "မစ္စတာလင်း..ကျွန်မတို့က အရေးကြီး ကိစ္စတွေ ဆွေးနွေးနေတာနော်..ကျေးဇူးပြုပြီး အလေးနက်ထားစမ်းပါရှင်ရယ်..."
"ငါအ၀တ်တွေ ၀တ်ထားလို့လား...အလေးနက်ထားနေတာပဲလေ....."
လုရင်း :"...."
"ထားလိုက်တော့..."
"ရှန်းထျန်းကျိုး ကိစ္စကိုတော့ လောလောဆယ် ဘေးချိတ်ထားလိုက်ဦး..ငါအချိန်ရမှပဲ အမေရိကားကို သွားပြီးတော့ သူ့ကို ဘယ်လို သွေးဆောင်ရမလဲဆိုတာ စဉ်းစားဦးမယ်..."
"တခြား ကိစ္စတွေကော ရှိသေးလား.."
"အွန်း..ခုဆို ကျွန်မတို့ လုံရှင်း သုတေသနစင်တာက ပြုလုပ်နေတဲ့ ပရောဂျက် သုံးခု ရှိနေပြီနော်...တစ်ခုက ချစ်ပ်ဗားရှင်း ၂.၀ ၊ နောက်တစ်ခုက ဖုန်းရဲ့ စစ်စတမ်အသစ်...နောက်ဆုံး ကျန်တာက ကျတော့ ခု ဖိုတိုလီတိုဂရပ်ဖီစက် "လုရင်း ပြောလိုက်ပြီး "ဒါပေမယ့် ဖိုတိုလီတိုဂရပ်ဖီစက်သာ မရှိဘူးဆိုရင် ကျွန်မတို့ ချစ်ပ်ပရောဂျက်ရဲ့ တိုးတက်မှုဖြစ်စဉ်ကလည်း နှေးကွေးလာတော့မှာ...ဒါကြောင့်မို့ ကျွန်မနဲ့ အစ်ကိုစွန်းတို့ သေချာလေး သုတေသန လုပ်ပြီးတော့ ဖုန်းအတွက် စစ်စတမ်အသစ် ရေးတဲ့ဘက်ကို ဦးစားပေးမယ်လို့ ဆုံးဖြတ်ထားတယ်..ဖိုတိုလီတို ဂရပ်ဖီစက်အတွက်ကတော့နောက်ထပ် ဓာတ်ခွဲခန်း တစ်ခုလောက်လိုချင်တယ်..."
"နောက်ထပ် ဓာတ်ခွဲခန်း တစ်ခု..."
"အွန်း..."လုရင်း ခေါင်းညိမ့်လိုက်ပြီး "မိုဘိုင်းဖုန်း စစ်စတမ်ရေးတာနဲ့ ပတ်သက်ပြီးကတော့ ဘာမှ ကွယ်ဝှက်နေစရာမလိုဘူး..ပြီးတော့ ကုမ္ပဏီအများကြီးကလည်း တစ်နှစ်ထက် တစ်နှစ်ပိုကောင်းအောင် အပြိုင်ချနေကြတာ ..ဆိုတော့ အဲ့တာကို လုံရှင်းသုတေသန စင်တာမှာ လုပ်တာက အကောင်းဆုံးပဲ..ဒါပေမယ့် ဖိုတိုလီတိုဂရပ်ဖီစက်ကျတော့ ခြားနားသွားပြီ ..သူက စစ်အဆင့် လျို့ဝှက်ပရောဂျက်လို့တောင် သတ်မှတ်လို့ရတယ်..ပြီးတော့ ကျွန်မတို့ တတ်နိုင်သလောက် ဖုံးကွယ်ထားနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပဲ..အဲ့တာကြောင့်မို့ နောက်ထပ် ဓာတ်ခွဲခန်းတစ်ခုလောက် လိုချင်တာ..ဒါပေမယ့် အဲ့တာတွေကလည်း ကျွန်မတို့ရဲ့ အိုင်ဒီယာသပ်သပ်ပါပဲလေ..နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ မစ္စတာလင်းရဲ့ လက်ထဲမှာပဲ...."
"ပြဿနာမရှိဘူး..."လင်းရီ တုံ့ဆိုင်းခြင်းမရှိ ပြန်ပြောလိုက်၏။
"ခု မင်းတို့ လိုအပ်မယ့် ပစ္စည်းတွေကို ပြင်ဆင်ထားလိုက်တော့..ငါ တစ်ပတ်အတွင်း ဓာတ်ခွဲခန်းအသစ်ရအောင် ရှာပေးမယ်..."
"ကျေးဇူးပါ မစ္စတာလင်း..."
"ငါ့ကို မစ္စတာလင်းလို့ ခေါ်နေတာ တော်လိုက်တော့..နားထောင်ရတာ အရမ်း ထူးဆန်းတယ်..."လင်းရီပြောလိုက်ပြီး "ဘော့စ်လို့ပဲခေါ်..."
"ဘော့စ်..?"
"အင်း..အဲ့တာကမှ ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းတာ..."
လုရင်း၏ ခေါင်းထက်တွင်တော့ မေးခွန်း သင်္ကေတများနှင့် ပြည့်နှက်သွားခဲ့၏။
ဒီတိုင်း ခေါင်းစဉ်လေးတစ်ခုပဲ မဟုတ်လား...
ဘာတွေ စိတ်လှုပ်ရှားစရာ ရှိလို့လဲ...
စွန်းဖုယွီ ရယ်မောလိုက်ပြီး "နားထောင်ရတာတော့ တော်တော်လေး လူငယ်ဆန်တယ်..."
"တစ်ခြား တင်ပြချင်တာများ ရှိသေးလား..."
"ဟင့်အင်း ..ခုတော့ ရှိသေးဘူး..."
"မရှိတော့ရင်လည်း လစ်လိုက်တော့..ငါတို့ နောက်ထပ် တစ်ဆက်ရှင်လောက် ဆက်ယူလိုက်ဦးမယ်..."
လုရင်း :"...."
လုရင်းလည်း အနှိပ်ခံရသည်ကို သဘောမတွေ့သောကြောင့် တင်ပြပြီးသည်နှင့် အ၀တ်စားများလဲပြု၍ ထိုနေရာမှ ထွက်လာခဲ့လိုက်သည်။
စွန်းဖုယွီလည်း အချိန်အကြာကြီး မနေခဲ့ပေ။ နာရီ၀က်ကြာမျှ ဆက်လက်ဇိမ်ခံပြီးနောက် သူလည်း လင်းရီကို နှုတ်ဆက်ကာ ထိုနေရာမှ ထွက်လာခဲ့လေသည်။
လင်းရီ တစ်ဦးတည်းကသာ အပြည့်အ၀ဇိမ်ခံပြီး တစ်ရေးတစ်မောပင် အိပ်စက်အနားယူလိုက်သေးသည်။
နောက်တစ်နေ့ နံနက် ရှစ်နာရီထိုးသောအခါ လင်းရီ ကျောင်းသို့ မောင်းလာခဲ့လိုက်၏။
သူ၏အတန်းမှာ နံနက်ပိုင်း ဒုတိယချိန်ဖြစ်သောကြောင့် လင်းရီ အလျင်မလိုပဲ ဖြည်းဖြည်းချင်း မောင်းလာခဲ့လိုက်သည်။
လုရင်းနှင့် စွန်းဖုယွီတို့၏ တင်ပြချက်အရ ထိုရှန်းထျန်းကျိုး ဆိုသည့်သူမှာ အင်မတ်မှ ထူးချွန်သည့်ကျွမ်းကျင်သူတစ်ဦး ဖြစ်ရပေမည်။ အကယ်၍ သူသာ ဖိုတိုလီတို ဂရပ်ဖီစက်ကို တည်ဆောက်ချင်သည်ဆိုပါက ထိုသူမပါဘဲ ပြုလုပ်၍မရသည့်ပုံပင်။
ထို့ကြောင့်သူ၏ အမေရိကားသို့ ခရီးစဉ်မှာ အပမ်းဖြေရန် အချိန်မရှိပဲ ထိုနေရာသို့ ရောက်လျင်ရောက်ချင်း အရေးကြီး ကိစ္စကို အရင် ပြီးမြောက်အောင် လုပ်ရပေမည်။
တစ်ဖက်သူကို သွေးဆောင်နိုင်ခြင်း ရှိမရှိကတော့ လင်းရီလည်း မသေချာပေ။သို့တိုင်အောင် သူ့ဘက်က တော့ အကောင်းဆုံး ကြိုးစားမည်ဖြစ်၏။
ထိုအကြောင်း တွေးရင်း လင်းရီ စနစ်၏ မျက်နှာပြင်ကို ဖွင့်ရန် အမိန့်ပေးလိုက်၏။ မစ်ရှင်ပြီးမြောက်မှု ဇယားတွင်တော့ (၁၉/၂၀)ဖြစ်နေပြီး အတန်းတစ်ချိန် သင်ပြီးသွားပါက သူ၏ အန္တိမ မစ်ရှင်လည်း ပြီးဆုံးသွားပေတော့မည်။
ထို့ကြောင့် မစ်ရှင်ပြီးမြောက်သည့်အခါမှသာ အမေရိကသို့ သွားရန် ဆုံးဖြတ်လိုက်သည်။
ကလင် ကလင် ကလင်
လင်းရီ၏ ဖုန်းသံ မြည်လာခဲ့ပြီး ဟော်ယွမ်ယွမ်မှ ခေါ်ဆိုလာခဲ့ခြင်းဖြစ်၏။
"ဘော့စ်..တစ်ခုခုတော့ ဖြစ်နေပြီ..ရှင် ကုမ္ပဏီကို မြန်မြန်လာမှရမယ်..."
"ကောင်းပြီ...."
ဟော်ယွမ်ယွမ်၏ စရိုက်သဘာ၀နှင့်ဆိုပါက ယခုလို ကိစ္စမျိုးကို သူမ စနောက်၍ ပြောလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် အမှန်တကယ် အရေးကြီးသည့် ကိစ္စ ရှိပေရမည်။
လင်းရီ အချိန်တစ်စက်မျှ ဖြုန်းမနေတော့ဘဲ ကားပြန်လှည့်၍ လင်းယွမ်အုပ်စုသို့ ဦးတည်လိုက်သည်။
ရုံးခန်းသို့ရောက်သည့်အခါတွင်တော့ ချီရှန်းကျောက်နှင့် ဟော်ယွမ်ယွမ်တို့နှစ်ဦး မျက်နှာချင်းဆိုင် ထိုင်နေကြသည်ကို မြင်လိုက်ရ၏။
"ဘော့စ် ရောက်လာပြီလားဗျ..."
လင်းရီ ခေါင်းညိမ့်လိုက်ပြီး "ဘာဖြစ်တာလဲ....ဘာကိစ္စမို့လို့ အလန့်တကြားနဲ့ ဒီခေါ်လိုက်တာ"
ဟော်ယွမ်ယွမ် စက္ကူတစ်ရွက်ကို ယူလာခဲ့ပြီး လင်းရီကို ကမ်းပေးလိုက်၏။
"တရားရုံးမှ ဆင့်ခေါ်လွှာ..."
"အမ်...ငါ့ကို ခေါ်တာလားဟ..."လင်းရီ အံ့အားသင့်သွားခဲ့ပြီး "ဘာလဲ..ငါကရုပ်ချောလွန်းလို့ ပြည်သူတွေက ဆန္ဒပြကုန်ကြပြီလား..အဲ့လိုဆိုရင် .ငါတော့ ကိစ္စတုံးပြီ ထင်တယ်...သေတဲ့အထိ ပြစ်ဒဏ်ချခံရတော့မယ်...."
"ဘယ်သိမှာ...ဖတ်ကြည့်လေ အဖြူမည်း စာလုံးတွေနဲ့တော့ သေချာရေးထားတာပဲ..."ဟော်ယွမ်ယွမ် လင်းရီကို စူးစိုက်ကြည့်လိုက်ပြီး "ဘော့စ်..ရှင်အခုတလော ဘာတွေ လုပ်သေးလဲ..လမ်းဘေး သေးပန်းတာများ မိသွားတာလား..."
"သေးပန်းတယ်...ငါခုတလော လုပ်တာဆိုလို့ ချစ်တာပဲရှိတယ်..."
"ဟွန့် ..စကားကို ကတ်တီးကတ်ဖဲ့ လာမပြောနဲ့...မနေ့တုန်းက ဘော့စ် ဟွာချင်းရေကန်မှာ အင်ပါယာကတ်နှစ်ခု အတွက် ၃၇၆,၀၀၀သိန်း ကျသင့်တယ်ဆိုပြီး ပြေစာ ရောက်လာတယ်နော် "
ချီရှန်းကျောက် နားကြား လွဲသွားပြီး "၃၇၆,၀၀၀တန် အင်ပါယာကဏန်း...? အဲ့လောက် ဈေးပေးရတယ်ဆိုရင်တော့ အတော်လေး ကြီးမှာပဲနော....."
"အစ်ကိုချီ..ရှင်ခဏလောက် ရှောင်ပေးလို့မရဘူးလား..ဒီကိစ္စတွေက ရှင့်ကို ပြောလည်း နားလည်မှာ မဟုတ်ဘူး.."
"အိုး..အိုကေလေ.."
"ကောင်းပြီ..စကား အပိုတွေ ပြောမနေနဲ့တော့..."
လင်းရီ ဆင့်ခေါ်စာကို ယူပြီး အထဲတွင် ရေးသားထားသည့်စာများကို ဂရုတစိုက် ဖတ်ရှုလိုက်သည်။
"ဘယ်လို ငရဲလဲဟ..ဒီကောင်တွေက လင်းယွမ်ဖောင်ဒေးရှင်းကို လူလိမ်ပါဆိုးပြီးတော့ တရားစွဲနေတာပဲကွ..."
"အွန်း...သူတို့ ပြောထားတာကတော့ ကျွန်မတို့ ကူညီထောက်ပံ့တဲ့ ပလန်တွေက ဖောင်းဒေးရှင်းအတွက် ချမှတ်ထားတဲ့ တရား၀င်စည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီဘူး ဆိုပြီးတော့မှ တရားစွဲထားတာ..."ဟော်ယွမ်ယွမ် ပြောလိုက်၏။
"ကျုပ် အခုလေးတင် စစ်ဆေးကြည့်ပြီးပြီ...ကျုပ်တို့ကို တရားစွဲတဲ့သူက နာမည်ကြီး ထျန်းဟုန် ဖောင်ဒေးရှင်းကပဲဘောစ့်....ဆင့်ခေါ်စာ ပို့လိုက်တာကျတော့ ကျိုးဟိုင် အမှတ်၂ တရားရုံးက..."ချီရှန်းကျောက်မှ ပြောလိုက်ပြီး "ထျန်းဟုန် ဖောင်ဒေးရှင်းဆိုတာကလည်း နယ်နယ်ရရတော့ မဟုတ်ဘူးဗျ....သူတို့ကို ကျိုးဟိုင်က ထျန်းဟုန်အုပ်စုက ပိုင်တာ...ပြီးတော့ ပိုင်ရှင်ကလည်း ချိုင်းနားက ထိပ်တန်း မိသားစုတွေထဲက တစ်ခု ဖြစ်တဲ့ ကျောက်မိသားစုကပဲ"
"နောက်တစ်ခုကကျတော့ ကျိုးဟိုင် အမှတ် (၂) တရားရုံးဆို တာကလည်း သူတို့ရဲ့ စစ်တလင်း...အဲ့ဒီမှာ ရင်ဆိုင်တဲ့ အမှုမှန်သမျှ သူတို့ဘက်က ရှုံးတယ်ရယ်လို့ကို မရှိဖူးသေးဘူး..."
"Tencentရဲ့ နန်ရှန်း ပီဇာဟပ်နဲ့တုန်းကလိုပဲပေါ့.."
လင်းရီ ပြောလိုက်သည်။
"အဲ့လို သဘောပါပဲဗျ..."ချီရှန်းကျောက် ပြောလိုက်ပြီး "ပြီးတော့ အမှုကလည်း မနက်ဖြန်ဆို ကြားနာတော့မှာတဲ့..ဒါကြီးက နည်းနည်းတော့ တရားမ၀င်ဘူး..ကျုပ်တို့ကို ပြင်ဆင်ချိန်တောင် မပေးဘူး..ဆိုတော့ တစ်ခုခုမသင်္ကာစရာ ကောင်းတဲ့ အနံ့တွေ ရနေတယ်..."
လင်းရီ ခေါင်းညိမ့်လိုက်၏။ သူချီရှန်းကျောက် ဆိုလိုချင်နေသည့် အဓိပ္ပာယ်ကို နားလည်ပေသည်။
သို့တိုင်အောင် လင်းရီ ထျန်းဟုန် ဖောင်ဒေးရှင်းနှင့်ကျောက်မိသားစု ဟူသော စကားလုံးတို့ကို အနည်းငယ် ရင်းနှီးနေသလို ခံစားနေရ၏။
တခဏမျှ စဉ်းစားပြီးနောက် လင်းရီ နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
လွန်ခဲ့သော ရက်အနည်းငယ်ခန့် သူတက်ရောက်ခဲ့သည့် ပရဟိတ ညစာစားပွဲမှာလည်း ထိုကျောက်မိသားစုမှ ပွဲစီစဉ်သူများပင် မဟုတ်ပါလော...
ထို့ပြင် ထိုပွဲ၌ ကျီချင်းရန်ကို ပိုးပန်းချင်နေသည့် သောက်ရူး ကျောက်ကျိန်းရန်ဆိုသူနှင့်လည်း ဆုံခဲ့သေးသည်။အဆုံးတွင် သူ ထိုကောင့်ထံမှ ငွေ ငါးသောင်း လိမ်ရိုက်ခဲ့လေသည်။
ထိုအကြောင်းကို စဉ်းစားမိတော့ လင်းရီ အဘယ်ကြောင့် သူရုတ်တရက် တရားစွဲခံရလဲဆိုတာ နားလည်သွားတော့၏။ ထိုမျိုးမစစ်လေးမှ လက်စားချေလာခြင်းပင်။ သိူ့သော်လည်း သူ၏ လက်စားချေမှုက အနည်းငယ် အဆင့်မြင့်သည်ဟု ဆိုရပေမည်။ လင်းရီပင် အနည်းငယ် အံ့အားသင့်သွားခဲ့၏။
ဆိုးတော့ မဆိုးပါဘူး...
"တရားခွင်ကို မနက်ဖြန် ကိုးနာရီ ရောက်ရမယ် မဟုတ်လား.....ငါသွားလိုက်မယ်.." လင်းရီ ပြောလိုက်၏။
"ပြီးတော့ကော.."ဟော်ယွမ်ယွမ် မေးလိုက်လေသည်။
"ဘာကို ပြီးတော့လဲ..."
"တရားရုံးသွားတော့မယ်ဆိုတော့ နည်းနည်းပါးပါး ပြင်ဆင်သွားဦးမှပေါ့ အရူးဘော့စ်ရဲ့.."
"ပြင်ဆင်မယ်...ဟမ့်..အဲ့သောက်ရူးတစ်သိုက်ဆီ သွားတာကို ပြင်ဆင်ဖို့ လိုသေးလို့လားဟ..."လင်းရီ ပြောလိုက်ပြီး "ဒါပေမယ့် ပြင်ဆင်တာလည်း မဆိုးပါဘူးကွာ..."
"ကျွန်မ ပြောချင်တာလည်း အဲ့တာပဲလေ..ကိစ္စအကြီးကြီးကို ဘာလို့ မပြင်ဆင်ပဲ သွားမှာလဲ..ဟုတ်တယ်မလား..."
လင်းရီ ခေါင်းညိမ့်လိုက်ပြီး "မနက်ဖြန်မိနီစကတ်နဲ့ အနက်ရောင် စတော်ကင် ၀တ်ခဲ့နော်...ပြီးကျ ငါနဲ့ လိုက်ခဲ့.."
"အာ....ဘာလို့ ကျွန်မက အဲ့လိုနေရာမျိုးကို မိနီစကတ်နဲ့ စတော်ကင် အနက်ရောင် ၀တ် သွားရမှာလဲ..."
"မင်းက အားပေးတဲ့သူ လုပ်ရမှာလေ...အဲ့တာတွေ မ၀တ်တော့ ဘာ၀တ်ချင်တာ..."