လူကြီးမင်း၊ ကျွန်တော် ထပ်လှော်နိုင်ပါသေးတယ်
Vol. 65 Ch. 899
ထိုစွမ်းအားမှာ နဂိုကတည်းက စကြဝဠာကြီးထဲ၌ ရှိနေခဲ့ခြင်းဖြစ်ပြီး အခြားသူများမှာ ၎င်းအား ထိန်းကျောင်းနိုင်စွမ်း မရှိခဲ့သည်သာ ဖြစ်သည်။ ဤ စက္ကူလှော်တက်မှာ ထိုစွမ်းအားများကို စုစည်းနိုင်စွမ်းရှိသည့် ကြားခံပစ္စည်းတစ်ခုကဲ့သို့ ဖြစ်နေ၏။ ထိုစွမ်းအားများမှာ ထိုကဲ့သို့ စုစည်းလာကြပြီးနောက် စက္ကူလှော်တက်မှတစ်ဆင့် ဝမ်ပေါင်လဲ့၏ လက်နှစ်ဖက်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာတော့သည်။
၎င်းတို့မှာ ဝမ်ပေါင်လဲ့အား တုံ့ပြန်ချိန်ပင် မပေးဘဲ သူ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားကြပြီးနောက် ရေနွေးစီးကြောင်းတစ်ခုကဲ့သို့ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးထဲ၌ စီးဆင်းပျံ့နှံ့သွား၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီသွားရသလို သူ၏ ခန္ဓာကိုယ်ထဲမှလည်း အက်ကွဲသံများ ထွက်ပေါ်လာတော့သည်။ ထို့နောက် သူသည် အသက်ရှူသံများ မြန်ဆန်လာပြီး ကိုယ်စိတ်နှစ်ပါး သက်သောင့်သက်သာ ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရ၏။
သူသည် အာဟာရဆေးလုံးတစ်လုံးအား သောက်သုံးလိုက်ရသကဲ့သို့ပင်။ ဝမ်ပေါင်လဲ့မှာ စိတ်လက်ပေါ့ပါးသွားရုံသာမက သူ၏ ကျင့်ကြံခြင်းစွမ်းအားများ တိုးတက်လာသည်ကိုပါ အာရုံခံမိလိုက်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားရ၏။
သူ တော်ဝင်သင်္ချိုင်းကုန်းထဲ၌ ရရှိခဲ့သည့် အခွင့်အရေးကြီးကြောင့် သူ၏ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံခြင်း အခြေခံအုတ်မြစ်မှာ တောင့်တင်းခိုင်မာမှုအပြည့် ရှိနေပြီး သာမန် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများ၏ ကျင့်ကြံခြင်း အခြေခံအုတ်မြစ်များထက် အဆပေါင်းများစွာ ပို၍ သာလွန်နေပြီဖြစ်သည်။ ထိုအချက်မှာ သူ့အတွက် ကောင်းပါသော်လည်း တစ်ချိန်ထဲမှာပင် သူ နှောင်းပိုင်းထာဝရဝိညာဉ်အဆင့်မှ ဖောက်ထွက်နိုင်ရန်မှာ အခြား ကျင့်ကြံသူများထက် အဆတစ်ရာနီးပါး ပို၍ ခဲယဉ်းနေမည် ဖြစ်သည်။
သို့သော် ယခုတွင်မူ သူသည် စက္ကူလှော်တက်အား တစ်ကြိမ် လှော်ခတ်လိုက်ရုံနှင့် အကျိုးကျေးဇူး အမြောက်အမြား ရရှိသွားခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်တောက်ပလာပြီး အပျော်လွန်သွားရတော့သည်။
" လှေလှော်ရင် ဒီလို အကျိုးကျေးဇူးတွေ ရနိုင်မှန်း ငါ လုံးဝ မသိခဲ့ရပါလား " ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် စိတ်လှုပ်တရှား ဖြစ်သွားရ၏။ သူသည် ဤ အခွင့်အရေးကြီး ပေါ်ပေါက်လာရခြင်း၏ နောက်ကွယ်မှ အကြောင်းရင်း အတိအကျကို သိရှိထားခြင်း မရှိပါသော်လည်း စကြဝဠာကြီးထဲ၌ စွမ်းအင်များရှိနေခြင်းမှာ ကျင့်ကြံသူတစ်ယောက်အတွက် အလွန်အင်မတန်မှ အကျိုးရှိကြောင်း နားလည်ထားသည်။ ဂြိုဟ်အဆင့်သို့ ရောက်ရှိပြီးသွားသောအခါမှသာ စကြဝဠာကြီးထဲမှ ထိုစွမ်းအားများကို စုပ်ယူကာ ကျင့်ကြံခြင်းလေ့ကျင့်ရာ၌ အသုံးပြုနိုင်လောက်ပေသည်။
ကမ္ဘာဂြိုဟ် လူမှုအဖွဲ့အစည်း၏ ရှင်းပြချက်များနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ထိုစွမ်းအားများမှာ သာမန်မျက်စိဖြင့် မမြင်နိုင်သည့် ရောင်ခြည်တန်းများနှင့် ဆင်တူပေလိမ့်မည်။ စက္ကူလှော်တက်မှာမူ တမူထူးခြားသော ပစ္စည်းတစ်ခု ဖြစ်၏။ ၎င်းမှာ သူ့လို ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်အား စကြဝဠာကြီးထဲမှ စွမ်းအင်များကို စုပ်ယူနိုင်အောင် ကူညီပေးနိုင်စွမ်းရှိနေသည် မဟုတ်ပါလော။
" ငါက လူပုံစံစက္ကူရုပ်ကို အထင်လွဲမိခဲ့တာပဲ " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် ထိုသို့ ရေရွတ်လိုက်ပြီး နောက်သို့ ချက်ချင်းလှည့်ကြည့်လိုက်၏။ ထို့နောက် သူသည် ရိုသေလေးစားမှုများနှင့် ကျေးဇူးတင်လိုသည့် အရိပ်အယောင်များ ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံဖြင့် ၎င်းအား စိုက်ကြည့်နေလိုက်သည်။ ခဏအကြာတွင် သူသည် ရှေ့သို့ပြန်လှည့်သွားပြီး ပထမအကြိမ်တုန်းကထက်ပင် ပို၍အားစိုက်ကာ စက္ကူလှော်တက်အား လှော်ခတ်နေလိုက်တော့သည်။
" လှေလှော်ရတာ သိပ်ကြိုက်သဗျာ "
" လေ့ကျင့်ခန်းလုပ်ရတာ ကြိုက်မှကြိုက် "
" တခြားလူတွေကို ကူညီပေးရတာမှ ပျော်စရာကောင်းတာ "
သူသည် ထို စက္ကူလှော်တက်အား တစ်ကြိမ် လှော်ခတ်နိုင်ရန် သူ၏ ကျင့်ကြံခြင်းစွမ်းအားများ အားလုံးနှင့် သူ၏ကိုယ်ပွား၏ အပြင်ခန္ဓာကိုယ်စွမ်းအားများအားလုံးကို ထုတ်သုံးနေရ၏။ ထို့ကြောင့် သူသည် စကားလုံးများနှင့် ဖော်ပြ၍ မရနိုင်လောက်အောင် မောပန်းနွမ်းနယ်နေရပါသော်လည်း တစ်ကြိမ်လှော်ခတ်ပြီးသွားတိုင်း စိတ်ဓာတ်များ ပို၍တက်ကြွလာရသည်သာ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ပျော်ရွှင်ကျေနပ်လွန်းနေသောကြောင့် ပင်ပန်းမှုများကိုပင် မခံစားရတော့ပေ။ သူသည် စိတ်ဓာတ်ပြတ်သားမှု အပြည့်ရှိသော မျက်ဝန်းများဖြင့် အဆက်မပြတ် လှော်ခတ်နေသောကြောင့် သူ ပြန်လည်ရရှိခဲ့သည့် အကျိုးကျေးဇူးများမှာလည်း သိသာထင်ရှားလာတော့သည်။ စကြဝဠာကြီးထဲမှ နူးညံ့သိမ်မွေ့သော စွမ်းအင်လှိုင်းများမှာ စက္ကူလှော်တက်ထဲမှတစ်ဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ အဆင်မပြတ် စီးဝင်လာနေကြပြီဖြစ်သည်။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည့် အက်ကွဲသံများမှာ ပို၍ ကျယ်လောင်လာရ၏။ ထိုစဉ်တွင် သူ၏ ကျင့်ကြံခြင်း စွမ်းအားများမှာလည်း အဆင်မပြတ် တိုးတက်လာနေဆဲပင်။
၎င်းမှာ တမဟုတ်ချင်း ထိုးတက်သွားခြင်း မဟုတ်ပါသော်လည်း တောင်ထိပ်မှ အောက်သို့ လိမ့်ကျလာသည့် နှင်းလုံးကြီး တစ်လုံးကဲ့သို့ တဖြည်းဖြည်းနှင့် စုဝေးလာခြင်းဖြစ်၏။ ထိုကဲ့သို့ စုဝေးလာကြသည့် စွမ်းအားများ ပေါက်ကွဲသွားချိန်တွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ပေါ်မှ ကျင့်ကြံခြင်း အငွေ့အသက်များမှာ အားကောင်းလာကြတော့သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ပို၍ပင် ပျော်ရွှင်ကျေနပ်သွားရတော့သည်။ ကျင့်ကြံခြင်းအဆင့်များကို ဒြပ်ရှိပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ကြည့်လိုက်မည်ဆိုပါက ၎င်းတို့အား အမြင့်တစ်ခုအထိ ရောက်အောင် ပင့်တင်ရခြင်းမှာ ကျင့်ကြံခြင်းအဆင့်များကို မြှင့်တင်ခြင်းနှင့် ဆင်တူနေမည်ဖြစ်သည်။ ထိုသို့သာဆိုလျှင် သာမန် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအဆင့်များမှာ ငါးကီလိုဂရမ် ဝန်းကျင်ခန့်သာ ရှိနေမည်ဖြစ်ရာ ၎င်းတို့အား ပင့်တင်နိုင်ရန် အင်အားအများကြီး စိုက်ထုတ်စရာလိုမည် မဟုတ်ပေ။
သို့သော် ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့်မှာမူ ကီလိုဂရမ် ရာပေါင်းများစွာ ရှိနေမည် ဖြစ်သည်။ သို့ဖြစ်ရာ ၎င်းအား ပင့်တင်နိုင်ရန်မှာ အလွန်အင်မတန်မှ ခဲယဉ်းနေလိမ့်မည်။
ယခုတွင်မူ သူသည် ပင်ပင်ပန်းပန်းနှင့် လှော်ခတ်နေရပါသော်လည်း သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ တမဟုတ်ချင်း တိုးတက်လာနေသည် မဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ရှားပါး အခွင့်အရေးကြီးတစ်ခုနှင့် ကြုံတွေ့နေရသကဲ့သို့ ခံစားနေရတော့သည်။
သူ၏ ကျင့်ကြံခြင်းစွမ်းအားများ တမဟုတ်ချင်း တိုးတက်သွားမှုကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ ခန္ဓာကိုယ်ပေါ်၌ ပေါ်ပေါက်လာသည့် ပြောင်းလဲမှုများကို ဖုံးကွယ်ထားနိုင်စွမ်း မရှိတော့ပေ။ ထို့ကြောင့် လှေဝမ်းခေါင်းထဲရှိ ပါရမီရှင် လူငယ်အယောက်သုံးဆယ်ကျော်မှာ အမူအရာများ ပြောင်းလဲသွားကြတော့သည်။ သူတို့မှာ အစကတည်းက တစ်ခုခုမှာ လွဲနေကြောင်း အာရုံခံမိခဲ့ပြီးသားဖြစ်သည်။ သို့ဖြစ်ရာ ယခုကဲ့သို့သော ပြောင်းလဲမှုများကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသောအခါ သူတို့မှာ အံ့ဩတုန်လှုပ်သွားကြရ၏။ သူတို့မှာ သူတို့ကိုယ်သူတို့ လက်ရှိမျိုးဆက်၏ ပါရမီရှင်များအဖြစ် သတ်မှတ်ထားကြပြီး သာမန်လူများနှင့် မတူလောက်အောင် ဣန္ဒြေရှိရှိ နေနိုင်ကြသည့်တိုင်အောင် ယခုတွင် တအံ့တဩနှင့် အော်ဟစ်မိသွားကြဆဲပင်။
" အင်မော်တယ်ချီတွေပါလား "
" အဲဒီ စက္ကူလှော်တက်က မူမမှန်ဘူးကွ "
" ရှဲ့တလုရဲ့ ကျင့်ကြံခြင်းစွမ်းအားတွေ အခုလို တိုးတက်ရတဲ့ အကြောင်းပြချက် တစ်ခုပဲရှိတယ်။ စကြဝဠာကြီးထဲက အင်မော်တယ်ချီတွေ ဒီနေရာမှာ စုဝေးလာပြီတော့ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတွေ စုပ်ယူနိုင်စွမ်းရှိတဲ့ စွမ်းအင်တွေအဖြစ် ပြောင်းလဲသွားလို့ပဲ "
လူတိုင်းမှာ အုတ်အော်သောင်းနင်း ဖြစ်သွားကြပြီး ပါရမီရှင် အများစုမှာဆိုလျှင် မတ်တတ်ထလာကြ၏။ သူတို့မှာ ဝမ်ပေါင်လဲ့၏ လက်ထဲမှ စက္ကူလှော်တက်အား စိုက်ကြည့်နေရင်း မျက်ဝန်းများထဲ၌ လောဘမီးတောက်များ တောက်လောင်တာတော့သည်။ အချို့မှာ ၎င်းတို့အား ဖုံးကွယ်နိုင်စွမ်းရှိကာ အချို့မှာ ၎င်းတို့အား ဖုံးကွယ်နိုင်ရန် ကြိုးစားနေကြပါသော်လည်း အခြားသူများမှာမူ သူတို့၏ လောဘစိတ်များအား ချုပ်တည်းနိုင်ရန် ကြိုးစားနေကြခြင်း မရှိပေ။
သူတို့မှာ သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ပါရမီရှင်များ ဖြစ်ကြသည် ဖြစ်ရာ ဝမ်ပေါင်လဲ့ထက် ဗဟုသုတ ပို၍နှံ့စပ်ကြပေသည်။ ထို့ကြောင့် သူတို့သည် ဂြိုဟ်အဆင့်သို့ ရောက်သွားသည့် ကျင့်ကြံသူများမှာ ဝိညာဉ်ချီအား မရှိမဖြစ် လိုအပ်နေဆဲ ဖြစ်ပါသော်လည်း ထိုတစ်မျိုးတည်းကိုသာ လိုအပ်သည် မဟုတ်ကြောင်း သိထားကြ၏။
အင်မော်တယ်ချီဆိုသည်မှာ စကြဝဠာကြီးထဲရှိ ဒြပ်မရှိသော စွမ်းအားတစ်မျိုး ဖြစ်ပေသည်။ ထိုစွမ်းအားမှာ အဆုံးမဲ့တာအိုနယ်မြေထဲရှိ မရေမတွက်နိုင်လောက်အောင် များပြားသော နေမင်းများထဲမှ အချိန်မှန်မှန် ထွက်ပေါ်လာခြင်းဖြစ်သည်။ အကယ်၍ ထို စွမ်းအားများကို အမြောက်အမြား စုစည်းကာ သိပ်သည်းကျစ်လစ်သွားအောင် ပြုလုပ်လိုက်မည်ဆိုပါက သလင်းကျောက်နီများအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။
သို့သော် ဂြိုဟ်အဆင့်သို့ ရောက်ပြီးမှသာလျှင် သလင်းကျောက်နီများနှင့် စကြဝဠာကြီးထဲ၌ မျောလွင့်နေကြသည့် အင်မော်တယ်ချီများကို စုပ်ယူနိုင်စွမ်းရှိပေသည်။ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများအတွက် ၎င်းတို့အား စုပ်ယူနိုင်ရန်မှာ အလွန်အင်မတန်မှ ခဲယဉ်းနေမည်ဖြစ်သည်။ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများမှာ သူတို့၏ ခန္ဓာကိုယ်များထဲ၌ ဂြိုဟ်များကို ပိုင်ဆိုင်ထားကြခြင်းမရှိကြသောကြောင့် ထိုစွမ်းအင်များကို သန့်စင်နိုင်စွမ်း ရှိကြမည်မဟုတ်ပေ။ ထို့အပြင် ထို စွမ်းအင်မှာ ပြင်းထန်သောကြောင့် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများ ၎င်းတို့အား အတင်းအဓမ္မ စုပ်ယူနိုင်လျှင်တောင် အကျိုးကျေးဇူး များများစားစား ရရှိနိုင်မည်မဟုတ်ပေ။
၎င်းတို့အား စုပ်ယူနိုင်သည့်နည်းလမ်းများ ရှိပါသော်လည်း ထိုစွမ်းအင်များကို သန့်စင်ကာ ခန္ဓာကိုယ်ထဲ၌ ထိန်းသိမ်းထားနိုင်အောင် ကူညီပေးနိုင်သည့် ဘေးကင်းသောနည်းလမ်းများမှာ မရှိသလောက် နည်းပါးပေသည်။ ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက် ကြားခံပစ္စည်းတစ်ခုအဖြစ် အသုံးချခံကာ သူ၏ ခန္ဓာကိုယ်ဖြင့် ထိုစွမ်းအင်များကို သန့်စင်ပေးမှသာလျှင် ရနိုင်မည် ဖြစ်သည်။ သို့သော် ထိုနည်းလမ်းမှာ ပေးဆပ်ရမည့် အဖိုးအခ များပါသော်လည်း သန့်စင်ပြီးသား အင်မော်တယ်ချီ အမြောက်အမြား ပြန်လည်ပေးစွမ်းနိုင် မဟုတ်ပေ။
လှေပေါ်တွင် ရှိနေကြသည့် ပါရမီရှင်များမှာ သူတို့၏ ဂိုဏ်းတူ အစ်ကို၊ အစ်မများကြောင့် ထိုအကျိုးကျေးဇူးများကို ခံစားဖူးထားကြသည်ဖြစ်ရာ သန့်စင်ပြီးသား အင်မော်တယ်ချီများမှာ မည်မျှအထိ အဖိုးတန်ကြောင်း သိရှိထားကြပြီးသား ဖြစ်သည်။ ထို့ကြောင့် သူတို့မှာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်ရင်း မနာလိုဖြစ်လာကြတော့သည်။
အမှန်အတိုင်း ဆိုရလျှင် သူတို့မှာ ဝမ်ပေါင်လဲ့ကဲ့သို့ပင်။ သူတို့မှာ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည့်တိုင်အောင် သာမန် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများထက် အဆပေါင်းများစွာ ပို၍ အစွမ်းထက်နေကြသောကြောင့် သူတို့၏ ကျင့်ကြံခြင်းအဆင့်များကို မြှင့်တင်နိုင်ရန် အခက်တွေ့နေကြရ၏။ ယခုတွင် သူတို့မှာ ကမ္ဘာသစ်ကြီးတစ်ခုအား ရှာတွေ့လိုက်သည့်အလား မျက်ဝမ်းများ အရောင်တောက်ပလာကြပြီး လှေလှော်ခွင့် ရနိုင်မည့် နည်းလမ်းများကို စဉ်းစားတွေးတောနေကြတော့သည်။
စိတ်မရှည်တော့သည့် လူများမှာဆိုလျှင် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ လူပုံစံစက္ကူရုပ်အား ဦးညွှတ်အရိုအသေပေးကာ လျှောက်တင်လိုက်ကြ၏။
" လူကြီးမင်းခဗျား။ ကျွန်တော်လည်း လှေကူလှော်ပေးနိုင်ပါတယ်... "
သို့သော် လူပုံစံစက္ကူရုပ်ကြီး သူတို့အား ဆက်ဆံသည့်ပုံမှာ ဝမ်ပေါင်လဲ့အား ဆက်ဆံသည့်ပုံနှင့် လုံးဝ မတူပေ။ ၎င်းမှာ မကြားချင်ယောင် ဆောင်နေခြင်းပင် မရှိဘဲ ချက်ချင်းဆိုသလိုပင် နောက်သို့လှည့်လာပြီးနောက် မျက်ဝန်းများ အေးစက်စွာ တောက်ပသွား၏။ ထို့နောက် ၎င်းဆီမှ ထွက်ပေါ်လာသည့် အေးစက်စက် အငွေ့အသက်များမှာ ဝိညာဉ်လှေကြီးတစ်စင်းလုံးအား လွှမ်းခြုံသွားတော့သည်။
၎င်းမှာ ထိုလူငယ်လေးများအား ပြန်လည်တုံ့ပြန်ရန် အခြားမည့်သည့်နည်းလမ်းကိုမှ အသုံးပြုခဲ့ခြင်းမရှိပေ။ ၎င်း၏ ကျင့်ကြံခြင်းစွမ်းအားများထဲမှ ထွက်ပေါ်လာသည့် ဖိနှိပ်ချုပ်တည်းအားများနှင့် အေးစက်စက် မျက်ဝန်းများကိုကြည့်လျှင် ၎င်း၏ သဘောထားကို အထင်အရှားသိမြင်နိုင်ပေသည်။ ထို့ကြောင့် လှေပေါ်မှ လူငယ် ပါရမီရှင်လေးများမှာ မကျေမချမ်း ဖြစ်သွားကြပါသော်လည်း ဘာမှ မတတ်နိုင်ကြပေ။ သူတို့မှာ ဝမ်ပေါင်လဲ့တစ်ယောက် လှေအား လှော်ခတ်နေရင်း သူ၏ ကျင့်ကြံခြင်းစွမ်းအားများ အဆက်မပြတ် တိုးတက်လာနေသည်ကိုသာ လက်ပိုက်ကြည့်နေကြရတော့သည်။
" ဘာလို့ သူ ငါတို့ကို ဆက်ဆံတဲ့ပုံစံက ရှဲ့တလုကိုဆက်ဆံတဲ့ ပုံစံနဲ့ မတူရတာလဲ "
" ခဏနေပါဦး... ရှဲ့တလုဆီမှာ လျှို့ဝှက်ဆန်းကြယ် ပစ္စည်းတစ်ခုခု ရှိနေတာများ ဖြစ်နေမလား " ပါရမီရှင်များထဲတွင် ဉာဏ်ပြေးသည့် လူအချို့လည်း ပါကြသည်ဖြစ်ရာ သူတို့မှာ ချက်ချင်းဆိုသလိုပင် ခန့်မှန်းမိသွားကြ၏။
ဝမ်ပေါင်လဲ့မှာမူ သူတို့အား အာရုံစိုက်နေရန် အချိန်မရှိပေ။ သူသည် ထို ပါရမီရှင်လေးများ အမှန်အတိုင်း ခန့်မှန်းနိုင်ခဲ့လျှင်တောင် ဂရုစိုက်နေမည် မဟုတ်ပေ။ ယခုတွင် သူ၏ အတွေးထဲ၌ ကျင့်ကြံခြင်းအဆင့် တိုးတက်လိုသည့် ဆန္ဒတစ်ခုသာ ရှိနေတော့သည်။
သူသည် သူ၏ ကျင့်ကြံခြင်းအဆင့် ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့်ဆီသို့ တဖြည်းဖြည်း တက်လှမ်းသွားနေသည်ကို အာရုံခံမိနေသောကြောင့် စကားလုံးများနှင့် ဖော်ပြ၍ မရနိုင်လောက်အောင် စိတ်လှုပ်ရှားနေရပြီ ဖြစ်သည်။ ထို့အပြင် သူသည် စကြဝဠာကြီးထဲရှိ နူးညံ့သိမ်မွေ့သော စွမ်းအားများ သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည့် အချိန်တိုင်း သူ ထာဝရကြယ်မျက်လုံးပေါ်တွင် ညာလက်ရုံး အကြီးအကဲနှင့် တိုက်ခိုက်ခဲ့စဉ်တုန်းက ရရှိခဲ့သည့် ဒဏ်ရာများအားလုံး အလျင်အမြန် ပျောက်ကင်းသက်သာသွားနေသည့် အချက်ကိုလည်း သတိထားမိနေ၏။
ထိုမျှသာမက သူ၏ မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီးပင်လျှင် အကျိုးကျေးဇူးများကို ခံစားနေရပြီဖြစ်သည်။ ၎င်းထဲရှိ ဝိညာဉ်စွမ်းအင်မှာလည်း တစ်ဝက်ကျော်အထိ ပြန်လည် ပြည့်ဖြိုးလာ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားရပြီး သူ၏ မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီးအား ထုတ်လွှတ်လိုက်တော့သည်။ ထိုအခါ ၎င်းမှာ ချက်ချင်းဆိုသလိုပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးအား ဖုံးလွှမ်းသွား၏။ ထို့နောက် သူသည် စက္ကူလှော်တက်အား နောက်ထပ်တစ်ကြိမ်ထပ်၍ အားသွန်ခွန်စိုက် လှော်ခတ်လိုက်ပြန်သည်။
ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ ဝမ်ပေါင်လဲ့၏ အဆက်မပြတ် လှော်ခတ်မှုများကြောင့် ဝိညာဥ်လှေကြီးမှာလည်း စကြဝဠာကြီးထဲသို့ ရှေ့သို့ ဆက်လက် ရွေ့လျားသွားနေ၏။ သို့သော် ဝမ်ပေါင်လဲ့မှာ အကြိမ်တစ်ရာဝန်းကျင်ခန့် လှော်ခတ်လိုက်ပြီးနောက် တစ်ကိုယ်လုံး တုန်ရီသွားရတော့သည်။