← Chapters

လိုက်လံဖမ်းဆီးခံရခြင်း

Vol. 65 Ch. 900

လိုက်လံဖမ်းဆီးခံရခြင်း

Vol. 65 Ch. 900

သူ၏ မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီး အားအပြည့် ပြန်ဖြစ်သွားပြီး သူ၏ ဒဏ်ရာများအားလုံးမှာ လုံးဝ ပျောက်ကင်းသက်သာသွားပြီ ဖြစ်သည်။ ထိုအချိန်တွင် သူ၏ ကျင့်ကြံခြင်းစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာ၏။ ထို့ကြောင့် သူသည် တစ်ကိုယ်လုံး တုန်ရီသွားရပြီး သူ၏ အသိစိတ်ထဲ၌ မှန်တစ်ချပ် တစ်စစီ ကြေမွသွားရာမှ ထွက်ပေါ်လာသည့်အသံနှင့် ဆင်တူသည့် အသံများ ပဲ့တင်ထပ်သွားတော့သည်။ ထို့နောက် မကြာသေးမီတုန်းက ပေါ်ပေါက်လာခဲ့သည့် အငွေ့အသက်များထက် ပို၍ အားကောင်းသော အငွေ့အသက်တစ်မျိုးမှာ သူ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ ထို အငွေ့အသက်များများမှာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးအား ချက်ချင်း လွှမ်းခြုံသွား၏။

ထိုအချိန်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့်မှ ထာဝရဝိညာဉ် ထိပ်ဆုံးအဆင့်သို့ ဖောက်ထွက်သွားတော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်တောက်ပလာပြီး ဟက်ဟက်ပက်ပက် အော်ဟစ်ရယ်မောလိုက်၏။ သူသည် လှေဆက်လှော်ကာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ပြန်လည်တည်ငြိမ်သွားအောင် လုပ်နိုင်စွမ်းရှိမရှိ စမ်းကြည့်ရန် ပြင်လိုက်စဉ်မှာပင် သူ၏ ဘေးတွင် ရှိနေသည့် လူပုံစံ စက္ကူရုပ်မှာ ၎င်း၏ ညာဘက်လက်အား ဖြည်းညင်းစွာ မြှောက်လိုက်သည်။

သို့ဖြစ်ရာ ၎င်း ဆိုလိုချင်သည့် အဓိပ္ပါယ်မှာ သိသာထင်ရှားပေသည်။ ၎င်းမှာ ဝမ်ပေါင်လဲ့ဆီမှ စက္ကူလှော်တက်အား ပြန်တောင်းနေခြင်းဖြစ်၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ချီတုံချတုံဖြစ်သွားရ၏။ တစ်‌အောင့်ခန့်ကြာပြီးနောက် သူသည် မျက်စိပေကလပ်ပေကလပ်နှင့် ဝေ့လည်ကြောင်ပတ်လုပ်ကာ ပြန်ပြောလိုက်သည်။

" အဲ... လူကြီးမင်းက ကျွန်တော့်ကို အနားယူခိုင်းနေတာလား။ ကျွန်တော် ဆက်လှော်နိုင်ပါသေးတယ်ဗျ " သူသည် ထိုသို့ဆိုလိုက်ပြီးနောက် နောက်ထပ်တစ်ကြိမ် ထပ်၍ အလျင်အမြန် လှော်ခတ်ပြလိုက်၏။

" လူကြီးမင်း မြင်တယ်မလား။ ကျွန်တော်က လှေလှော်တဲ့နေရာမှာ ကျွမ်းပါတယ်ဗျ " ဝမ်ပေါင်လဲ့မှာ ထို လူပုံစံစက္ကူရုပ်၏ မျက်ဝန်းများ အရောင်လက်သွားသည်ကို သတိထားမိလိုက်သဖြင့် အနည်းငယ်ခန့် တုန်ရီသွားရ၏။ သို့သော် သူသည် ဤ အခွင့်အရေးကြီးအား လက်လွှတ်မခံလိုသောကြောင့် အံကြိတ်ကာ အရိုးသားဆုံး ပြုံးပြလိုက်ပြီး ဆက်လက် လှော်ခတ်နေလိုက်ဆဲပင်။

သို့သော် ဝမ်ပေါင်လဲ့မှာ ထိုသို့ လှော်ခတ်လိုက်ပြီးနောက် တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရ၏။ ထို‌ အအေးဓာတ်များမှာ လူပုံစံစက္ကူရုပ်ဆီမှ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။ လှေဝမ်းခေါင်းထဲရှိ ပါရမီရှင်အယောက်သုံးဆယ်ကျော်၏ အကြည့်များမှာလည်း အေးစက်နေကြ၏။ သူတို့မှာ မျက်ဝန်းများထဲ၌ မနာလိုစိတ်များ ပြည့်နှက်နေကြပြီး ဝမ်ပေါင်လဲ့အား ထိုနေရာမှ မောင်းထုတ်ပစ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာကြတော့သည်။

သူတို့ ထိုကဲ့သို့ ခံစားနေကြရသည်မှာ မထူးဆန်းပေ။ သူတို့မှာ သူတို့ မရနိုင်သည့် အရာများအား အခြားသူများ ရရှိသွားမည်ကို မလိုလားကြပေ။

သို့သော် ဝမ်ပေါင်လဲ့၏ အမြင်တွင် သူတို့မှာ သုံးစားမရသည့် လူနုံလူအများသာ ဖြစ်ကြပေသည်။ သူသည် တစ်ကိုယ်လုံး အေးစက်ကာ ဝေခွဲမရ ဖြစ်နေရပါသော်လည်း သတ္တိကောင်းကာ ကိုယ့်ကိုယ်ကိုယ် မညှာတတ်သည့်လူတစ်ယောက် ဖြစ်နေသောကြောင့် ဟန်ဆောင်ပြုံးကာ ရိုးသားမှုအပြည့်ရှိသည့်ပုံစံ ဟန်ဆောင်နေဆဲပင်။ ထို့အပြင် သူသည် မျက်နှာချိုသွေးသည့် အမူအရာဖြင့် လူပုံစံစက္ကူရုပ်အား စိုက်ကြည့်နေလိုက်သေးသည်။

" ဪ... ကျွန်တော် လှေလှော်တဲ့ ပုံစံ လွဲနေတာပဲ။ လူကြီးမင်း။ ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို ပုံစံကျအောင် ပြင်ပေးပါဦး။ ပြီးရင် လိုအပ်ချက်လေးတွေ ရှိရင်လည်း ပြောပြပေးပါဦးဗျ " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ အံကြိတ်လိုက်၏။ သူသည် နှလုံးသားတစ်ခုလုံး ဗြောင်းဆန်နေရပြီ ဖြစ်ပြီး သတ္တိကောင်းသူများမှာ အသက်သေဆုံးသည်အထိ လက်လျှော့မည် မဟုတ်ကြောင်း မှတ်ယူလိုက်၏။ ထို့ကြောင့် သူသည် နောက်ထပ်တစ်ကြိမ်ထပ်၍ လှော်ခတ်လိုက်ပြန်သည်။ သို့သော် သူ ထိုသို့‌လှော်ခတ်ရန် ကြိုးစားလိုက်စဉ်မှာပင် လူပုံစံစက္ကူရုပ်ကြီး၏ မျက်ဝန်းများထဲမှ အလင်းရောင်များမှာ စူးရှတောက်ပလာပြီး ၎င်းမှာ ၎င်း၏ ညာဘက်လက်အား ဝှေ့ယမ်းလိုက်၏။ ထိုအခါ ဝမ်ပေါင်လဲ့၏ ရှေ့၌ အားကောင်းသော စွမ်းအင်လှိုင်းတစ်မျိုး ပေါ်ပေါက်လာပြီး သူ၏ခန္ဓာကိုယ်အား ဝိညာဉ်လှေကြီး၏ အပြင်ဘက်သို့ လွင့်ထွက်သွားအောင် တိုက်ထုတ်ပစ်လိုက်တော့သည်။

စက္ကူလှော်တက်မှာမူ လူပုံစံစက္ကူရုပ်ကြီး၏ လက်ထဲသို့ ပြန်ရောက်သွား၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား တစ်ချက်ပင်မကြည့်ဘဲ လှေရှေ့ပိုင်းတွင် ရပ်ကာ စက္ကူလှော်တက်အား လှော်ခတ်၍ ဖြည်းဖြည်းချင်း ထွက်ခွာသွားတော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် စိုးရိမ်တကြီး ဖြစ်သွားရ၏။ သူသည် လှေလှော်ရာမှ ရရှိနိုင်မည့် အခွင့်အရေးကြီးအား လက်လွှတ်ဆုံးရှုံးလိုက်ရမည်ကို မလိုလားပေ။ ထို့ကြောင့် သူသည် သူ၏ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ အသံကုန်အော်ဟစ်၍ နောက်မှ ပြေးလိုက်သွားတော့သည်။

" လူကြီးမင်း။ စောင့်ပါဦးဗျ။ ကျွန်တော် မှားသွားပါတယ်။ ကျေးဇူးပြုပြီးတော့ နောက်ထပ် အခွင့်အရေးတစ်ခု ထပ်ပေးပါ "

" လူကြီးမင်း။ ကျွန်တော် လှေပေါ် တက်ချင်လို့ပါဗျ " ဝမ်ပေါင်လဲ့မှာ အရှိန်န်ကုန်မြှင့်တင်ကာ အသံကုန် အော်ဟစ်နေပါသော်လည်း ဝိညာဉ်လှေပေါ်မှ လူပုံစံစက္ကူရုပ်မှာ သူ့အား လျစ်လျူရှုထားနေဆဲဖြစ်ပြီး ဝိညာဉ်လှေကြီးမှာလည်း အဝေးသို့ ဆက်လက်ထွက်ခွာသွားနေဆဲပင်။ သူသည် လှေပေါ်ရှိ ပါရမီရှင်များ နောက်သို့လှည့်ကာ ကျေနပ်အားရနေသည့် အမူအရာများဖြင့် သူ့အား လှမ်းကြည့်နေကြသည်ကို မသဲမကွဲ မြင်လိုက်ရ၏။

သူတို့၏ အကြည့်များကြောင့် ဝမ်ပေါင်လဲ့မှာ မရွှင်မပျ ဖြစ်သွားရတော့သည်။ ထို့အပြင် သူသည် သူတို့မှာ အလွန်အင်အတန်မှ သဘောထားသေးသိမ်သည်ဟုလည်း ခံစားလိုက်ရ၏။ ဝမ်ပေါင်လဲ့မှာ အချိန်အနည်းငယ်ခန့် ထပ်၍ နောက်မှ ပြေးလိုက်သွားပါသော်လည်း နောက်ဆုံးတွင် ဝိညာဉ်လှေကြီးမှာ မှုန်ဝါးဝါး ဖြစ်ကာ ပျောက်ကွယ်သွားတော့သည်။ ထို့ကြောင့် သူသည် သက်ပြင်းချကာ ထို ဝိညာဉ်လှေကြီး ပျောက်ကွယ်သွားသည့် အရပ်မျက်နှာဘက်သို့ မကျေမချမ်းဖြစ်နေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေလိုက်၏။

" ငါက တစ်ခါနှစ်ခါလောက်ပဲ ထပ်ပြီးတော့ လှော်လိုက်တာကို။ ငါ အဲဒီလို လုပ်လို့ စက္ကူလှော်တက် ကျိုးပဲ့သွားမှာလည်း မဟုတ်ပါဘူး။ ငါ လှေပေါ် မတက်ချင်ဘူးလို့ အတန်တန် ငြင်းခဲ့တုန်းကတော့ သူက ငါ့ကို ခဏခဏလာခေါ်နေခဲ့ပြီးတော့။ နောက်ဆုံး သူက ငါ့ကို ထိန်းချုပ်ပြီးတော့တောင် လှေပေါ် အတင်းတင်ခဲ့သေးတာ။ အခုကျတော့ ငါ့ကို ဒီအတိုင်း နှင်ထုတ်လိုက်တယ်ပေါ့ " ဝမ်ပေါင်လဲ့မှာ ထိုအကြောင်း ပို‌တွေးလေလေ ပို၍ပင် မရွှင်မပျ ဖြစ်လာရလေလေ ဖြစ်နေတော့သည်။ သို့သော် သူသည် ဘာမှမတတ်နိုင်သောကြောင့် သက်ပြင်းသာချလိုက်ရ၏။

" ထားပါတော့လေ။ ငါက သဘောထားကြီးမားတဲ့ လူတစ်ယောက်မလို့ ဒီလို ကိစ္စလေးတွေကို အထအနကောက်နေလို့ ဘယ်ဖြစ်ပါ့မလဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့ ရေရွတ်ကာ သူ၏ဗိုက်အား ပုတ်ကြည့်လိုက်သောအခါ သူ၏ ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့် ကျင့်ကြံခြင်းအဆင့်အား အာရုံခံမိလိုက်၏။ ထိုအခါ သူသည် အနည်းငယ်ခန့် အားမလိုအားမရ ဖြစ်သွားရသော်လည်း ချက်ချင်းဆိုသလိုပင် ပြန်၍ စိတ်ကြည်လင်သွားသည်။

သူသည် အခွင့်အရေးကြီးအား လက်လွှတ်ဆုံးရှုံးလိုက်ရသောကြောင့် အားမလိုအားမရ ဖြစ်နေခြင်းမဟုတ်ဘဲ သူ၏ဗိုက်ကြောင့် ထိုသို့ ခံစားနေရခြင်း ဖြစ်ပေသည်။

" ငါ ပိန်လွန်းနေပြီပဲ။ အရင်တုန်းကနဲ့ မတူတော့ပါလား " ဝမ်ပေါင်လဲ့မှာ ခေါင်းငုံ့ကာ မာကျောမှုအပြည့်ရှိသော သူ၏ ဝမ်းဗိုက်ကြွက်သားလုံးများ ညှစ်ကြည့်လိုက်၏။ ထို့နောက် သူသာ် သူ၏ဝိညာဉ်အား ထိန်းချုပ်ကာ သူ၏ ဝမ်းဗိုက်ပေါ်၌ အဆီလွှာတစ်လွှာ ပေါ်ပေါက်လာအောင် ဖန်တီးလိုက်တော့သည်။ ထိုအခါမှသာ သူသည် နေထိထိုင်သာ ရှိသွား၏။

" ဒါပေမဲ့ ဟိုကောင်လေးတွေက အဲဒီလှေကြီးကို... ကြယ်ကြွေလှေလို့ ခေါ်ခဲ့တာမလား။ ကြယ်ကြွေ သယ်‌ယူပို့ဆောင်ရေး ယာဉ်တစ်စင်းများ ဖြစ်နေမလား " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မျက်လုံးများ မှေးသွားတော့သည်။ ထို ဝိညာဉ်လှေကြိီးပေါ်ရှိ လူတိုင်းမှာ အဆုံးမဲ့မျိုးနွယ်စု၏ ဘာသာစကားများကို ပြောခဲ့ကြသည် မဟုတ်ပါလော။ သို့သော် သူတို့မှာ အဆုံးမဲ့ မျိုးနွယ်စုထဲ၌ ရောက်နေကြသည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ အထူးတလည် အံ့အားသင့်နေခြင်းတော့ မရှိပေ။

" အဲတာဆိုရင် အဲဒီလှေနဲ့ လူပုံစံစက္ကူရုပ်က ကြယ်‌သုဿာန်နဲ့ ပတ်သတ်နေတာများ ဖြစ်နေမလား။ အဲဒီလှေက ဝင်ခွင့်ရှိတဲ့ လူတွေကို ကြယ်‌သုဿာန်ဆီ ခေါ်သွားပေးနေတာဆိုရင်ရော " ဝမ်ပေါင်လဲ့မှာ ထိုသို့ ခန့်မှန်းကာ မျက်ဝန်းများ အရောင်တောက်ပသွားတော့သည်။ သူ သိရှိထားသည့် သတင်းအချက်အလက်များမှာ ပြီးပြည့်စုံမှု မရှိသေးသောကြောင့် သူသည် အဖြေအတိအကျအား ရှာမတွေ့နိုင်ဘဲ ဖြစ်နေရ၏။ သို့သော် ထိုသဲလွန်စများကြောင့် သူ၏ ခန့်မှန်းချက်များမှာ မှန်ကန်နိုင်ခြေ အများကြီးရှိကြောင်း ဝမ်ပေါင်လဲ့က ခံစားနေရသည်။

" တကယ်လို့ ငါ့ရဲ့ ခန့်မှန်းချက်တွေသာ အမှန်ပဲဆိုရင်... ငါ့ရဲ့ သိုလှောင်လက်စွပ်ထဲက လူပုံစံစက္ကူရုပ်ကရော အရင်တုန်းက ကြယ်ကြွေသံတမန်တစ်ယောက် ဖြစ်ခဲ့ပြီးတော့ ကြယ်‌သုဿာန်ထဲကနေ ရောက်လာခဲ့တာများလား " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ သူ၏ သိုလှောင်အိတ်အား ငုံ့ကြည့်လိုက်၏။ ထို့နောက် သူသည် သူ၏ နတ်ဘုရားအာရုံဖြင့် ၎င်းအား အကဲခတ်ကြည့်ရှုလိုက်သောအခါ မျက်လုံးများ မှေးသွားရတော့သည်။

" ငါ အဲဒီ လက်စွပ်ကို ထပ်ပြီးတော့ ပြန်ပိတ်ဖို့ မေ့ခဲ့တာပဲ " ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် အမူအရာ ပြောင်းလဲသွားပြီး ထို သိုလှောင်လက်စွပ်အား ပြန်ပိတ်လိုက်၏။ ထို့နောက် သူသည် ခေါင်းမော့ကာ သူ၏ ဘေးဘီဝဲယာအား သတိကြီးကြီးထား၍ ဝေ့ဝိုက်ကြည့်ရှုလိုက်တော့သည်။

သူသည် လှေပေါ်သို့ အတင်းအကျပ် တင်ခံခဲ့ရပြီးနောက် အထူးအခွင့်အရေးကြီးအား ရရှိခဲ့သောကြောင့် ထိုလက်စွပ်အား ပြန်ပိတ်ရန် အချိန်မရှိခဲ့သဖြင့် ၎င်းအား မေ့ပျောက်သွားခဲ့ရခြင်းဖြစ်သည်။ သူသည် ယခုတွင် ထို သိုလှောင်လက်စွပ်အား ပြန်ပိတ်လိုက်ပြီဖြစ်ပါသော်လည်း သူ၏ ခရီးစဉ်တစ်လျှောက်လုံးတွင် ၎င်းမှာ တစ်ကြိမ်ပြီးတစ်ကြိမ် ပွင့်နေခဲ့မည်သာဖြစ်ကြောင်း ချက်ချင်းရိပ်မိလိုက်၏။ သို့ဖြစ်ရာ သူ‌၏ တည်နေရာမှာ ပေါ်သွားလောက်ပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် လိုက်လံဖမ်းဆီးခံနေရလောက်ပြီ ဖြစ်ပေသည်။

သို့သော် ဝိညာဉ်လှေကြီးပေါ်၌ အကာအရံတစ်ခုခု ရှိနေခဲ့မည်ဆိုပါက သူ၏ တည်နေရာမှာ လုံခြုံမှု ရှိနေလောက်သေးသည်။

မည်သို့ပင် ဆိုစေကာမူ နောက်ဆုံးတွင် အန္တရာယ်များ ရှိနေနိုင်ပေသည်။ ၎င်းတို့မှာ သူ၏ ခန့်မှန်းချက်များသာဖြစ်ပြီး သူ့ဆီတွင် သက်သေအထောက်အထား အတိအကျမရှိပါသော်လည်း ဝမ်ပေါင်လဲ့မှာ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း၏ လှည့်စားခြင်းကို ခံခဲ့ရပြီးနောက် သတိဝီရိယအပြည့် ရှိနေခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် နတ်မျက်လုံး လူမှုအဖွဲ့အစည်းဆီသို့ ချက်ချင်း ပြန်လိုသည့် အတွေးများကို မေ့ပျောက်ထားလိုက်တော့သည်။

သူ့အား လိုက်လံဖမ်းဆီးနေသည့်လူများ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဝမ်ပေါင်လဲ့မှာ အဆိုးဆုံး အခြေအနေအား ထည့်သွင်းစဉ်းစားထားရန် လိုအပ်ပေသည်။ အကယ်၍ သူ့အား လိုက်လံဖမ်းဆီးနေကြသည့် လူများ နတ်မျက်လုံး အဖွဲ့အစည်းထဲသို့ ရောက်ရှိလာပြီး ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းနှင့် ပေါင်းစည်းသွားကြမည်ဆိုလျှင် သူ့အတွက် မိုးမီးလောင်သွားနိုင်သည် မဟုတ်ပါလော။

" အမြဲတမ်း သတိရှိရှိနေတာ အကောင်းဆုံးပဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်အား လှစ်ခနဲ လှုပ်ရှားကာ နှစ်ရက်တိတိ အချိန်ပေး၍ အနီးတစ်ဝိုက်ရှိ စကြဝဠာကြီးထဲမှ ဂြိုဟ်ငယ်တစ်လုံး အရွယ်အစားခန့်ရှိသော ဥက္ကာပျံတစ်လုံးအား ရှာဖွေလိုက်သည်။ သူသည် ထိုဥက္ကာပျံပေါ်သို့ ဆင်းသက်သွားလိုက်ပြီးနောက် ၎င်း၏ အတွင်းပိုင်းထဲ၌ ဂူတစ်လုံးတူးကာ တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး ထို ဥက္ကာပျံတစ်ခုလုံးပေါ်၌ မန္တန်အစီအရင်များ တပ်ဆင်နေလိုက်တော့သည်။ သူသည် သူ၏ ဘေးပတ်ပတ်လည်၌ မန္တန်အစီအရင်များ တပ်ဆင်ပြီးသွားသောအခါ မျက်လုံးများ မှေးသွားသည်။

" ဘာပဲဖြစ်ဖြစ် အရင်ဆုံး ငါ ဒီနေရာမှာ သုံးလတိတိ စောင့်လိုက်မယ်။ သုံးလလောက် ပုန်းနေပြီးမှ နတ်မျက်လုံး လူမှုအဖွဲ့အစည်းဆီကို ပြန်မယ်ကွာ "

ဝမ်ပေါင်လဲ့၏ ဆုံးဖြတ်ချက်များနှင့် ခန့်မှန်းချက်များမှာ မမှားပေ။ ရှန်လင်းကျစ်နှင့် တန်ကျိုးကျစ်တို့နှစ်ယောက် လိုက်ပါစီးနင်းလာကြသည့် ရွှေရောင်နွားချေးပိုးကြီးမှာ သူ၏ သိုလှောင်လက်စွပ် အလိုလိုပွင့်လာသည့် အချိန်များတုန်းက သူ၏တည်နေရာအား ပစ်မှတ်ထားခဲ့ကြပြီးသား ဖြစ်သည်။ ထို့အပြင် သူတို့မှာ ထိုနေရာအထိ ရောက်ရှိလာခဲ့ကြ၏။ သို့သော် ဝမ်ပေါင်လဲ့တစ်ယောက် လှေပေါ်သို့ တက်သွားခဲ့ပြီးနောက် သူတို့မှာ သူ့အား အာရုံခံနိုင်စွမ်း မရှိတော့သဖြင့် နေရာများတိုးချဲ့ကာ လိုက်လံရှာဖွေနေခဲ့ကြရသည်။

ဝမ်ပေါင်လဲ့မှာ လှေကြီးပေါ်မှ နှင်ချခံခဲ့ရစဉ်တုန်းက သိုလှောင်လက်စွပ်အား အလျင်အမြန် ပြန်ပိတ်ခဲ့ပါသော်လည်း သူ လှေကြီး၏ အပြင်ဘက်သို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ရှန်လင်းကျစ်မှာ သူ၏ လက်စွပ်ပေါ်ရှိ အမှတ်အသားအား ချက်ချင်းပြန်၍ အာရုံခံမိလိုက်၏။

ထို့ကြောင့် သူသည် ချက်ချင်းဆိုသလိုပင် စိတ်လှုပ်ရှားသွားရပြီး တန်ကျိုးကျစ်အား ဝမ်ပေါင်လဲ့၏ တည်နေရာအတိအကျကို ပြောပြလိုက်တော့သည်။ ထိုအခါ ရွှေရောင် နွားချေးပိုးကြီးမှာ ဝမ်ပေါင်လဲ့ နောက်ဆုံးရှိနေခဲ့သည့် နေရာသို့ အရှိန်အဟုန်ပြင်းစွာ ဦးတည်သွား၏။

ရွှေရောင် နွားချေးပိုးကြီးမှာ ငါးရက်အတွင်းတွင် ဝမ်ပေါင်လဲ့ လှေကြီးပေါ်မှ နှင်ချခံခဲ့ရသည့်နေရာသို့ ရောက်ရှိလာ၏။ ထိုနေရာသို့ ရောက်သောအခါ ၎င်းမှာ တဝီဝီအော်မြည်ကာ ရပ်တန့်သွားသည်။ ထိုအခါ ၎င်း၏ အတွင်းပိုင်းထဲ၌ ရှိနေသော ရှန်လင်းကျစ်မှာ မျက်ဝန်းများ ဝင်းလက်တောက်ပသွားရတော့သည်။

" လွန်ခဲ့တဲ့ ငါးရက်တုန်းက အဲဒီ မျိုးမစစ်ကောင်လေးက ဒီနေရာမှာ ပေါ်လာခဲ့တာ။ ကျွန်တော့်ရဲ့ သိုလှောင်လက်စွပ် နောက်ထပ်တစ်ကြိမ် ထပ်ပြီးတော့ အဆက်အသွယ် ပြတ်သွားခဲ့တာ နှမြောစရာပဲ။ ဒီတစ်ခေါက် သူ ဘယ်ဘက်ကို ထွက်သွားတာလဲဆိုတာ ကျွန်တော် အတိအကျ မသိဘူး "

တန်ကျိုးကျစ်မှာ သူ၏စကားများကို ကြားလိုက်ရသောအခါ လှောင်ပြုံးပြုံးကာ ကြိမ်းဝါးလိုက်တော့သည်။

" ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူလေးတစ်ယောက်က ဘယ်ကိုများ ထွက်ပြေးနိုင်မှာမလို့လဲ "

All Chapters