နေမင်းရောင်ဝါနန်းတော်ဟောင်းသို့
Vol. 18 Ch. 249
ထို့အပြင် ကျန်းချန်သည် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူနှစ်ယောက်နှင့် ရင်ဆိုင်ပြီး ဝိုင်သောက်ရဲလျှင် ထူးဆန်းနေပေလိမ့်မည်။
ဟန်မူယဲ့မှာ ရယ်မိလုနီးပါး ဖြစ်သွားသည်။
ကျန်းချန်က လက်ကိုဝှေ့ယမ်းပြီး အေးစက်စွာ ပြောသည်။
“ကျုပ်က ဂိုဏ်းကိစ္စတွေနဲ့ အလုပ်ရှုပ်နေတယ်။ နှုတ်ဆက်ပါတယ်”
ထို့နောက် သူသည် ဆယ်မိုင်အကွာသို့ ပျံသန်းသွား၏။
ချန်မင်နှင့်တခြားလူများက လျင်မြန်စွာ လိုက်ပါသွားကြသည်။
နေရာမှာတင် ကျန်နေသော မူရွှင်းသည် မူမိသားစုခေါင်းဆောင်ကို ဖြူဖျော့နေသော မျက်နှာနှင့် ကြည့်နေမိသည်။ သူက စကားပြောတော့မည့်အချိန်၌ပင် မျက်လုံးများ ရုတ်တရက် ပြူးကျယ်လာသည်။ ဓားအလင်းတစ်ခုသည် သူ့နောက်ကျောမှနေ၍ ရင်ဘတ်ကို ဖောက်ထွက်သွား၏။
ခေါင်းဆောင်တောက်ရင်က ခေါင်းယမ်းလျက် ညင်သာစွာ ပြောသည်။
“ဒီကျန်းချန်က စိတ်သဘောထား သေးသိမ်နေတုန်းပဲ”
ခေါင်းဆောင်တောက်ရင်သည် ဖုန်းလင်ဓားဂိုဏ်းတွင် နေဖူးပြီး ကျန်းချန်ကို သိသည်။
မူမိသားစုခေါင်းဆောင်က မျက်လုံးများ မှေးကျဉ်းလိုက်ပြီး လက်မြှောက်သည်။ သူက မူရွှင်း၏ အလောင်းကို အောက်တွင် ရှိနေသောမြို့ထဲသို့ ပစ်ချလိုက်သည်။
မြို့ကို ကာကွယ်ထားသောအလင်းလွှာသည် ပျောက်ကွယ်သွားပြီး ဟန်မူယဲ့နှင့် ခေါင်းဆောင်တောက်ရင်တို့လည်း ပြန်ဆင်းလာကြသည်။
မိုးရေကြာပန်းဥယျာဉ်သို့ ရောက်လာသောအခါတွင် ခေါင်းဆောင်တောက်ရင်က ပြုံးလျက် မူမိသားစုခေါင်းဆောင် ပြန်ရောက်နေသည့်အကြောင်းအား ပြောပြ၏။
သူက ဟုန်ဖူ၏ နောက်ခံကို ဖုံးကွယ်ထားရန်အတွက် လူသိအောင် မကြေညာခြင်း ဖြစ်သည်။
“အဲဒီလူအိုကြီးက တောင်ပိုင်းကုန်းမြေကိုသွားပြီး ကောင်းကင်ဘုံအဆင့်ကို တက်ရောက်သွားတဲ့အပြင် နတ်မိမယ်ပီအိုနေးကိုပါ ပြန်ပေးဆွဲလာသေးတယ်”
“ကောင်းကင်ဘုံအဆင့် တူနှစ်ကိုယ်ကျင့်ကြံခြင်းနည်းစနစ်က အတော်လေး အံ့အားသင့်စရာကောင်းတယ် ....”
ခေါင်းဆောင်တောက်ရင်၏ မျက်လုံးထဲတွင်ရှိသော အားကျမှုများမှာ ဖုံးကွယ်မရပါ။
မူမိသားစုခေါင်းဆောင်၏ ကောင်းကင်ဘုံအဆင့်ကိုအားကျနေခြင်းလား သို့မဟုတ် နတ်မိမယ်ပီအိုနေးနှင့် ပြန်လာသည့်အတွက် အားကျနေခြင်းလားဆိုသည်ကိုတော့ မသိနိုင်ပေ။
နှစ်ခုလုံးလည်း ဖြစ်နိုင်သည်။
“တာအိုရောင်းရင်းတောက်ရင်၊ ကျွန်မရဲ့ခင်ပွန်းက ကျွန်မကိုကယ်ဖို့အတွက် မိုင်ထောင်ချီဖြတ်သန်းပြီး တောင်ပိုင်းကုန်းမြေကိုလာခဲ့တယ်။ ကျွန်မက သေခြင်းနှင့်ရှင်ခြင်းကြားမှာ သူနဲ့ပဲ အတူရှိတော့မယ်”
တံခါးအပြင်ဘက်မှ နတ်မိမယ်ပီအိုနေး၏ အသံ ထွက်ပေါ်လာသည်။
ခေါင်းဆောင်မူနှင့် ဟုန်ဖူတို့ အခန်းထဲသို့ ဝင်လာကြ၏။
ဟုန်ဖူက ဟန်မူယဲ့ကို ကြည့်လျက် ညင်သာစွာ ပြောသည်။
“မင်းက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ ဟန်မူယဲ့မဟုတ်လား”
ဟန်မူယဲ့က လျင်မြန်စွာ ဦးညွှတ်လိုက်ပြီး ပြောသည်။
“ဟန်မူယဲ့က အကြီးအကဲကို နှုတ်ဆက်ပါတယ်”
ကောင်းကင်ဘုံအဆင့်ကျင့်ကြံသူတစ်ဦးကို လေးစားသင့်သည်။
ဟုန်ဖူက လက်ဝှေ့ယမ်းလိုက်ပြီး သက်ပြင်းချသည်။
“တောင်ပိုင်းကုန်းမြေမှာ အစ်ကိုကောင်းချန်ကုန်းက ငါ့ကိုလဲလှယ်ဖို့အတွက် မီးတောက်နီစစ်တပ်ကို မဝင်ရောက်ခဲ့ဘူးဆိုရင် ငါ ပြန်လာနိုင်မှာမဟုတ်ဘူး”
“ငါက မင်းတို့နှစ်ယောက်လုံးကို ကျေးဇူးတင်ရမယ်”
‘ဓားစံအိမ်ရဲ့အကြီးအကဲကောင်းလား’
ဟန်မူယဲ့က တွေးလိုက်သည်။
‘မီးတောက်နီစစ်တပ်ကို ဆန္ဒအလျောက်ဝင်သွားခဲ့တယ်’
‘အဲဒါက ဘာပြောချင်တာလဲ’
ဟန်မူယဲ့က ခေါင်းဆောင်မူကို ကြည့်လိုက်သည်။
မူမိသားစုခေါင်းဆောင်က ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“မီးတောက်နီစပ်တပ်ခေါင်းဆောင် ရှောင်ယွဲ့လီက ဟုန်ဖူကို ချုပ်နှောင်ထားတယ်။ ညီအစ်ကိုကောင်းက စစ်တပ်စခန်းထဲကို တစ်ယောက်တည်းဝင်ပြီး ဟုန်ဖူရဲ့နေရာမှာ အစားထိုးအဖမ်းခံလိုက်တယ်”
‘ရှောင်ယွဲ့လီလား’
ဟန်မူယဲ့က ထိုနာမည်ကို မှတ်မိသည်။
အံ့ဖွယ်ကိုးပါးတောင်ခြေတွင် အကြီးအကဲကောင်းချန်ကုန်းသည် သေခြင်းတရားအတွက် ကြိုတင်ပြင်ဆင်ထားပြီး ဟန်မူယဲ့ကို အလယ်ပိုင်းကုန်းမြေသို့သွားရောက်ပါက လူတစ်ယောက်ထံသို့ စာပို့စေလိုသည်။
သူတို့နှစ်ယောက်ကြားတွင် တစ်ခုခု ပတ်သက်နေ၏။
ဟန်မူယဲ့က ခေါင်းဆောင်မူ၏ စိတ်လှုပ်ရှားနေသော မျက်နှာကို မြင်လိုက်ရသည်။
“ညီအစ်ကိုကောင်းက ငါနဲ့ ဟုန်ဖူအတွက် မီးတောက်နီစစ်တပ်ရဲ့ အကျဉ်းထောင်ထဲကို ရောက်သွားတယ်။ မူမိသားစုက ဒီကြင်နာမှုကို ဘယ်တော့မှမေ့မှာမဟုတ်ဘူး”
မူမိသားစုခေါင်းဆောင်၏ စိတ်လှုပ်ရှားနေသော မျက်နှာကို ကြည့်လျက် ကောင်းချန်ကုန်းက ချစ်သူဟောင်းကို သွားရှာခြင်း ဖြစ်ကြောင်း ဟန်မူယဲ့ ပြောချင်မိသည်။ သူက သူတို့ ပျော်ရွှင်ရန်အတွက် စတေးလိုက်ခြင်း မဟုတ်ပေ။
သို့သော်လည်း မူမိသားစု၏ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူနှစ်ယောက်က အနောက်ဘက်နယ်စပ်ကုန်းမြေမှာ လွှမ်းမိုးနိုင်စွမ်းကြီးမားပြီး အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက သူတို့ကို မဟာမိတ်အဖြစ်လိုအပ်နေကြောင်း တွေးမိသောအခါတွင် ဟန်မူယဲ့က သက်ပြင်းချရန်သာ ဆုံးဖြတ်လိုက်သည်။
“အကြီးအကဲကောင်းချန်ကုန်းက ဘယ်လိုလူမျိုးလဲဆိုတာကို အကြီးအကဲတို့မသိဘူးလား”
“သူက အပြင်ပန်းမှာ အေးစက်စက်နိုင်ပေမဲ့ အတွင်းစိတ်ကတော့ နွေးထွေးတယ်။ သူက သူရဲကောင်းဆန်ပြီး မိတ်ဆွေတွေအတွက် သူ့ကိုယ်သူစတေးနိုင်တယ်။ သူ့အကျင့်စရိုက်နဲ့ ကျင့်ကြံခြင်းကို မချီးကျူးတဲ့လူ မရှိဘူးလေ”
“အရင်တုန်းက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအတွက် သူသေဖို့ဆန္ဒရှိခဲ့တယ်။ သူ့ရဲ့ သူရဲကောင်းစိတ်ဓာတ်က တလောကလုံးကို တုန်လှုပ်စေနိုင်တယ်။”
သူက စကားပြောနေစဉ်မှာပင် မျက်နှာပေါ်တွင် နာကျင်မှုနှင့် မခံမရပ်နိုင်ဖြစ်မှုများ ပေါ်လာသည်။ သူက တီးတိုးပြောသည်။
“ကံမကောင်းတာကတော့ ကျွန်တော်တို့ အံ့ဖွယ်ကိုးပါးတောင်မှာ ခေါင်းလောင်းခြောက်ကြိမ်မြည်လာတော့မှာပဲ”
မဟာအကြီးအကဲတစ်ယောက် သေဆုံးသွားလျှင် ခေါင်းလောင်းခြောက်ကြိမ် မြည်ပေလိမ့်မည်။
ဟန်မူယဲ့၏ စကားများကို ကြားလိုက်ရသောအခါတွင် မူမိသားစုခေါင်းဆောင်က လက်သီးတင်းကျပ်စွာ ဆုပ်ထားပြီး ပြောသည်။
“စိတ်မပူပါနဲ့။ ဟုန်ဖူနဲ့ ငါက ညီအစ်ကိုကောင်းကို ကယ်ဖို့အတွက် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနဲ့ ပူးပေါင်းမှာပါ”
ဟန်မူယဲ့က ခေါင်းဆောင်တောက်ရင်ကို လှည့်ကြည့်သည်။
အဓိပ္ပာယ်ကတော့ ရိုးရှင်းသည်။ ခေါင်းဆောင်တောက်ရင်က ကျန်သောကိစ္စများကို ကိုင်တွယ်ရမည်။
ခေါင်းဆောင်တောက်ရင်က လေးနက်သော မျက်နှာထားဖြင့် ခေါင်းညိတ်သည်။ သူက အကြီးအကဲကောင်းချန်ကုံးကို အကြောင်းပြု၍ မူမိသားစုခေါင်းဆောင်၊ နတ်မိမယ်ပီအိုနေးတို့နှင့်အတူ ဆွေးနွေးနေသည်။
ဟန်မူယဲ့သည် မူမိသားစုနှင့် အံ့ဖွယ်ကိုးပါးဂိုဏ်း၏ ပူးပေါင်းမှုဆွေးနွေးမှုများ၌ ဝင်မပါတော့ပါ။
တခြားတစ်ဘက်တွင် ကောင်းချန်ကုန်း၏ ကြင်နာမှုကြောင့် နတ်မိမယ်ပီအိုနေးက ဟန်မူယဲ့ကို အာခီမီပညာရပ်များနှင့်ပတ်သက်၍ လမ်းညွှန်ပေး၏။ ဟန်မူယဲ့၏ အာခီမီပါရမီက ထူးခြားကြောင်း သူမ သိထားသည်။
နတ်မိမယ်ပီအိုနေး၏ အာခီမီကျွမ်းကျင်မှုသည် မူမိသားစုခေါင်းဆောင်ထက် မနိမ့်ပေ။
တောင်ပိုင်းကုန်းမြေ၏ အာခီမီပညာရပ်သည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ အမွေအနှစ်များနှင့် ကွဲပြားခြားနားပေသည်။
ဥပမာအားဖြင့် တောင်ပိုင်းကုန်းမြေတွင် ဆေးမီးဖိုနှင့် မီးတောက်မလိုအပ်သော ဆေးလုံးသန့်စင်ခြင်းနည်းစနစ်များ ရှိနေသည်။
“ဆေးလုံးဆိုတာ ဘာလဲ။ အဲဒါက ကမ္ဘာပေါ်မှာရှိတဲ့ သဘာဝစွမ်းအင်တွေကို စုစည်းပြီး သန့်စင်လိုက်တာပဲ”
နတ်မိမယ်ပီအိုနေးက ရှေ့တွင်ရှိနေသော ဆေးမီးဖိုကို ကြည့်လျက် အထဲသို့ ရေအလင်းတစ်ခု ပစ်သွင်းလိုက်သည်။
“ဒါက သန့်စင်ပြီး ပုံစံဖြစ်ပေါ်စေတာဆိုတော့ ရေနဲ့မီးကြားမှာ ကွာခြားချက်မရှိဘူး”
ဆေးမီးဖိုထဲတွင် ရှိသောဆေးစွမ်းအားများက ဝဲကတော့အဖြစ်လည်ပတ်နေပြီး မီးမှရေအဖြစ် ပြောင်းလဲသွားသည်။ ဆေးလုံး၏ ဆေးစွမ်းအင်များ ချက်ချင်းစုစည်းလာသည်။
မူမိသားစုခေါင်းဆောင်က ပြုံးလျက် ကြည့်နေသည်။
ဟန်မူယဲ့က ဆေးလုံးလှည့်ပတ်ခြင်းနည်းစနစ်နှင့် ပတ်သက်ပြီး သူတို့ကိုမေးသောကြောင့် သူတို့က လမ်းညွှန်ပေးနေခြင်း ဖြစ်သည်။
မူမိသားစုခေါင်းဆောင်နှင့် နတ်မိမယ်ပီအိုနေးတို့က သူတို့၏ပညာရပ်များအား ထိန်ချန်မထားပါ။
သူတို့နှစ်ယောက်က ဟန်မူယဲ့အမြင်ကျယ်သွားစေရန်အတွက် အမျိုးမျိုးသော အာခီမီနည်းစနစ်များကို ပြသ၏။
သူတို့နှစ်ယောက်၏ အာခီမီကျွမ်းကျင်မှုသည် အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ထိပ်အဆုံးအဆင့်တွင် ရှိသည်။
သုံးရက်အကြာတွင် ဟန်မူယဲ့နှင့် ခေါင်းဆောင်တောက်ရင်တို့သည် လုကောနှင့်အတူ မူရှန်မြို့မှ တိတ်ဆိတ်စွာ ထွက်လာကြ၏။
မူမိသားစုခေါင်းဆောင် ပြန်ရောက်လာသောကြောင့် ခေါင်းဆောင်တောက်ရင်မှာ မူရှန်မြို့၌ ဆက်နေရန်မလိုတော့ပေ။
ထို့အပြင် ဟန်မူယဲ့သည် အာကာသဝိညာဉ်သူငယ်ဆေးလုံးနှင့် ဆေးလုံးကိုးကြိမ်ပြောင်းလဲခြင်းနည်းစနစ်ကို နားလည်နေပြီ ဖြစ်သည်။ သူက မူရှန်မြို့၌ မနေလိုတော့ပေ။
မူရှန်မြို့မှ ထွက်မလာခင်တွင် ခေါင်းဆောင်တောက်ရင်က အာကာသဝိညာဉ်သူငယ်ဆေးလုံးအတွက် မြို့ထဲတွင် ဝိညာဉ်ဆေးပင်များ ရှာပြီးနောက် မူမိသားစုနှင့်လည်း ဆေးပင်များလဲလှယ်ပေး၏။
ဟန်မူယဲ့ကလည်း အခွင့်အရေးယူ၍ ကိုးနဝင်းတိမ်မြူရွှေကြာစေ့ဆေးလုံးအတွက် လိုအပ်သောဝိညာဉ်ဆေးပင်များကို လဲလှယ်သည်။
ထို့ကြောင့် သူသည် ကိုးနဝင်းတိမ်မြူရွှေကြာစေ့ဆေးလုံးကို ဖော်စပ်ရန်အတွက် ဝိညာဉ်ဆေးပင်အနည်းငယ်သာ လိုအပ်တော့သည်။
စပါးစိမ်းတောင်ကုန်း၏ ကောင်းကင်ဘုံအဆင့်မိစ္ဆာမူကျင်းကလည်း သိပ်မကြာခင်မှာ ဝိညာဉ်ဆေးပင်များကို အံ့ဖွယ်ကိုးပါးတောင်သို့ ပို့ပေးပေလိမ့်မည်။
မူကျင်းသည်လည်း ကောင်းကင်ဘုံအဆင့်သို့ တက်လှမ်းသွားပြီး ဖြစ်သည်။ ဟန်မူယဲ့က ထိုအကြောင်းကို မူမိသားစုခေါင်းဆောင်အား ပြောပြလိုက်သောအခါတွင် မူမိသားစုခေါင်းဆောင်က သက်ပြင်းချသည်။
“ပြောရမယ်ဆိုရင် ငါက အဲဒီမိစ္ဆာနဲ့ သဘောတူညီချက်လုပ်ဖို့ စပါးစိမ်းတောင်ကုန်းကို သွားခဲ့သေးတယ်။ နောက်ပိုင်း မရောက်တာတောင် အတော်ကြာနေပြီ”
ဟန်မူယဲ့က သူ့ကို ကြည့်လျက် ပြောသည်။
“အကြီးအကဲမူက စပါးစိမ်းတောင်ကုန်းကို သွားဖူးတယ်လား။ အဲဒါဆို ညအိပ်ဖူးတာလား”
မူမိသားစုခေါင်းဆောင်က ခေါင်းညိတ်သည်။
“အင်းပေါ့။ သစ်ပင်မိစ္ဆာတွေက တကယ့်ကိုသဘောထားကောင်းတယ်။ အဟွတ် အဟွတ် ....”
နတ်မိမယ်ပီအိုနေး၏ အကြည့်နှင့် ပတ်သက်ပြီး တစ်ခုခုမှားယွင်းနေသည်။
....
မူရှန်မြို့မှ ထွက်လာသောအခါတွင် ခေါင်းဆောင်တောက်ရင်သည် အရှိန်အဝါများကိုသိမ်းဆည်းလိုက်ပြီး ဟန်မူယဲ့နှင့်လုကောကို အနောက်ဘက်ဆီသို့ ခေါ်ဆောင်သွားသည်။
သူတို့က နေမင်းရောင်ဝါနန်းတော်၏ နေရာဟောင်းသို့ သွားနေခြင်း ဖြစ်သည်။
“လွန်ခဲ့တဲ့နှစ်တစ်သောင်းတုန်းက အနောက်ဘက်နယ်စပ်ကုန်းမြေဟာ ဂိုဏ်းကြီးတွေနဲ့ပြည့်နေတယ်”
“အဲဒီအချိန်တုန်းက ကောင်းကင်ဘုံအဆင့် ဝိညာဉ်သူငယ်ကျင့်ကြံသူတွေဟာ ထိပ်တန်းကျွမ်းကျင်သူတွေ မဟုတ်ကြဘူး”
ခေါင်းဆောင်တောက်ရင်က သင်္ဘောပျံထဲတွင်ထိုင်နေပြီး နေမင်းရောင်ဝါနန်းတော်၏ အကြောင်းကို ဟန်မူယဲ့အား ရှင်းပြနေသည်။
အမှန်အတိုင်းပြောရလျှင် ကြွင်းကျန်သောဓားတချို့မှ မြင်ခဲ့ရသည့်မြင်ကွင်းများသည် ခေါင်းဆောင်တောက်ရင်၏ ပြောစကားထက် ပိုမိုအသေးစိတ်ကျသည်။
သို့သော်လည်း စကားလက်ဆင့်ကမ်းလာသော ပုံပြင်တချို့က မဆိုးလှပေ။
ခေါင်းဆောင်တောက်ရင်၏ စကားအရ နေမင်းရောင်ဝါနန်းတော်သည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ မီးအမျိုးအစားကျင့်ကြံသူများအတွက် တော်ဝင်နယ်မြေဖြစ်သည်။
အာခီမီ၊ လက်နက်တာအိုနှင့် ဓားနည်းစနစ်များကလည်း အလွန်အဆင့်အတန်းမြင့်သည်။
ခေါင်းဆောင်တောက်ရင်သည် နေမင်းရောင်ဝါနန်းတော်ဟောင်းသို့ မီးစွမ်းအင်အားလေ့လာရန် သွားခဲ့သေးသည်။
သူ့ပြောစကားအရ မီးအမျိုးအစားဓားပညာရပ်ကို လေ့ကျင့်လျှင် အတော်လေးဉာဏ်အလင်းရလိမ့်မည်။
“နေမင်းရောင်ဝါနန်းတော်က ဓားကျင့်ကြံသူကြီးတစ်ယောက်ကြောင့် ပျက်စီးသွားခဲ့တယ်ဆို”
ဟန်မူယဲ့က ခေါင်းဆောင်တောက်ရင်ကို ကြည့်လျက် ညင်သာစွာမေးသည်။
သူမြင်ခဲ့ရသောမြင်ကွင်းများအရ ဓားဘုရင်ယွမ်ထျန်းသည် နေမင်းရောင်ဝါနန်းတော်ကို မဖျက်ဆီးခဲ့ပါ။
ဓားဘုရင်ယွမ်ထျန်းနှင့် နေမင်းရောင်ဝါနန်းတော်က ဂိုဏ်းတူသည်ဟု မူကျင်းကလည်း ပြော၏။
ပျက်စီးသွားခဲ့ရသော အကြောင်းအရင်းကိုတော့ မူကျင်းလည်းမသိပေ။ လွန်သော နှစ်ပေါင်းရှစ်ထောင်ခန့်က ပျက်စီးသွားသည်ဟုသာ ပြောနိုင်သည်။
ထိုစဉ်က နေမင်းရောင်ဝါနန်းတော်တွင် ကျင့်ကြံသူကြီးများ တိုက်ခိုက်နေကြသည်ဟု သတင်းကြားခဲ့ရသည်။
နေမင်းရောင်ဝါနန်းတော်သည် ကောင်းကင်ဘုံမီးတောက်တစ်ခုကို ဆွဲဆောင်မိပြီး ကပ်ဘေးတစ်ခုဆင်းသက်လာသည်ဟု ပြောကြသည်။
နေမင်းရောင်ဝါနန်းတော်ကို လက်ဝါးတစ်ချက်ဖြင့် ဖျက်ဆီးသော ထူးခြားဆန်းကြယ်သည့် ကျင့်ကြံသူတစ်ဦးလည်းရှိနေသည်။