ပြိုင်ဘက်ကင်း
Vol. 29 Ch. 404
“ယောက္ခမက သားမက်ကို သတ်ဖို့ ရောက်လာပြီ” စစ်ယွင်ရှန်းတစ်ယောက် မျက်နှာတစ်ပြင်လုံး ရဲတက်လာသည့်တိုင်အောင် စိတ်လှုပ်ရှားလာသည်။ “ဂိုဏ်းသခင်၊ ဧကရာဇ်တော့ ရှင့်ခေါင်းကို ဖြတ်တော့မယ်။ ရှင့်အနေနဲ့ ရွေးချယ်စရာမရှိတော့လို့ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ အင်အားနဲ့ ဧကရာဇ်ကို သတ်ပြီး ဧကရာဇ်နေရာကို ယူရလိမ့်မယ်
“မင်းသမီးရှို့က ရှင့်ကို လက်ထပ်ထားတာဆိုတော့ ရှင့်ရဲ့ ကိုယ်လုပ်တော်မိဖုရားတစ်ပါး ဖြစ်လာမယ်။ ရှင်တို့နှစ်ယောက်က ချစ်သူတွေ ဆိုပေမယ့် မင်းသမီးရှို့က ဧကရာဇ်အတွက် ရှင့်ကို ကလဲစားပြန်ချေရမှာမလို့ သောကများရလိမ့်မယ်။ ကျန်တဲ့ ကိုယ်လုပ်တော်တွေနဲ့လည်း ရင်ဆိုင်ရလိမ့်မယ်
“အဲဒီမှာ ဂိုဏ်းသခင်ကို သတ်ပြီး ဧကရီဘုရင်မ လုပ်ချင်နေတဲ့ ကောင်းကင်နတ်မယ်ရှန်းလည်း ရှိတယ်။ မင်းသမီးက ငါ ဂိုဏ်းသခင်ကို မလုပ်ကြံနိုင်အောင် ကာကွယ်ပြီး ဂိုဏ်းသခင်ကို သူ့ဘာသာသူ သတ်ဖို့လည်း အကြံထုတ်နေရလိမ့်မယ်။ ဘယ်လောက်သနားစရာကောင်းလိုက်မလဲ”
လင်ယွိရှို့ စိတ်ပျက်သည့်ဟန်ဖြင့် မျက်လုံးလှန်လိုက်သည်။ “ညီမလေးရှန်း၊ နင် တွေးတာများနေပြီ။ ခမည်းတော်က ဒီကို ခေါင်းဆောင်ယွီကျောက်ချင်းရဲ့ ကိစ္စအတွက် ကြွလာတာ။ ကောင်းကင်ငှက်မွှေးမျိုးနွယ်ဝင်တွေကို သူကိုယ်တိုင် နေရာချထားပေးဖို့ လိုတယ်လေ။ ဒါ့အပြင် ခေါင်းဆောင်ယွီက ကောင်းကင်ငှက်မွှေးကမ္ဘာရဲ့ အရှင်သခင်မဆိုတော့ ဘယ်လိုပဲနေနေ သူကိုယ်တိုင် လာမှကိုဖြစ်မှာ။ နွားကျောင်းတဲ့ကောင်လေးကို သတ်ဖို့ မဟုတ်ဘူး”
ချင်မူ၏ ပလွေသံကြောင့် ရေနဂါးများက သူတို့အရှေ့တွင် လူးလွန့်သွားလာနေသည်။
ထိုအခိုက်အတန့်တွင် နဂါးတွန်သံနှင့်အတူ နဂါးချီစွမ်းအင်လှိုင်းများက တောင်ကုန်းတစ်လျှောက် ဖြာထွက်သွားသည်။ ဧကရာဇ်ယန်ဖုန်း ကောင်းကင်ထက်မှ ဆင်းသက်လာသည်။
ဧကရာဇ်ယန်ဖုန်း ဤနေရာသို့ လာရသည့်အကြောင်းရင်းမှ လင်ယွိရှို့ ပြောခဲ့သည့်အတိုင်းမဟုတ်ပေ။ ကောင်းကင်ငှက်မွှေးမျိုးနွယ်စုနှင့် ယွီကျောက်ချင်းအတွက်သာ မဟုတ်၊ လင်ယွိရှို့အတွက် ကိုယ်တိုင်ရောက်လာခြင်း ဖြစ်သည်။ မျက်ကန်းက သူမကို ပြန်ပေးဆွဲပြီးနောက် သူ့အား မဟာမိုးခြိမ်းသံကျောင်းတော်ဆီသို့ မလှိမ့်တပတ် ခေါ်သွားခဲ့၍ တထာဂတနှင့် ဗုဒ္ဓဝါဒအကြောင်း ဆွေးနွေးနေခဲ့ရသည်။ ရက်အနည်းငယ်ကြာမှ သူ စကားလက်စ ဖြတ်နိုင်ခဲ့၏။
မဟာမိုးခြိမ်းသံကျောင်းတော်မှ ထွက်လာပြီး များစွာမကြာလိုက်ဘဲ ချင်မူက သူ့ဆီသို့ အစီရင်ခံစာ လှမ်းပို့လိုက်သည်။ စာကို ရလျှင်ချင်း သူ ကိုယ်ရံတော်များကိုပင် မစောင့်ဘဲ အပြေးအလွှား ထွက်လာခဲ့မိသည်။
ဤကောင်လေးသည် အလွန်ရဲတင်း၏။ သူ၏သမီးတော်ကိုပင် အတင်းအဓမ္မ ခိုးပြေးခဲ့သည်။ သူမကို အတင်းအဓမ္မ ခိုးပြေးခဲ့သူက ချင်မူကိုယ်တိုင်မဟုတ်သော်လည်း သူ၏ခွင့်ပြုချက်မရှိဘဲ လင်ယွိရှို့အား ပြန်ပေးဆွဲခြင်းဖြစ်နေသေးသည်။
မျက်ကန်းအဘိုးကြီးက သူ့လက်ထဲသို့ ကြက်တစ်ကောင် အတင်းထိုးထည့်ပြီး ခမည်းခမက်အတွက် မင်္ဂလာဟင်းလျာဟုပင် ပြောခဲ့သည်။ ဧကရာဇ်ယန်ဖုန်းမှာ သူ၏ဂေါ်ဖီခင်းအား ဝက်တစ်ကောင် ဖျက်စီးသွားသကဲ့သို့ ရင်ထုမနာ ဖြစ်ခဲ့ရသည်။
သို့သော် ဧကရာဇ်ယန်ဖုန်း အဘွားစစ်၏မြေပေါ် ဆင်းလိုက်သည့်အခါ တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားလိုက်ရသည်။ အခြေအနေက ဖိစီးနေသယောင် ရှိ၏။ သူ၏သမီးတော်ကို ပြန်ပေးဆွဲခဲ့သော မျက်ကန်းအဘိုးကြီးက အရပ်ပုသော်လည်း ကြောက်မက်ဖွယ်ရာ မြင့်မားသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ အနက်ရောင်အရိုးနဂါးက သတ်ဖြတ်လိုသော စိတ်ဆန္ဒကို ဖော်ပြလျက် သူ့ကို ရစ်သိုင်းလှည့်ပတ်နေသည်။
ထိုစဉ် ခန်းမကြီး၏အရှေ့၌ အမျိုးသမီးသိုင်းပညာရှင်များက သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ခြုံလွှမ်းလျက် ရပ်နေကြသည်။ ဧကရာဇ်ယန်ဖုန်း၏ မျက်လုံးထောင့်စွန်းများ တွန့်သွား၏။ ထိုအမျိုးသမီးများအကြား၌ သူ၏မယ်တော်ကြီးလည်း ရှိနေချေသည်။
‘မယ်တော်ကြီး နန်းတော်ကနေ ထွက်သွားတုန်းက ငါ လူလွှတ်ပြီး စုံစမ်းခဲ့သေးတယ်။ ကြားလိုက်ရသမျှကတော့ ကျောက်စိမ်းမျက်နှာ အဆိပ်ဘုရင်ရဲ့ သတင်းကြားလို့ သူ့နောက် လိုက်သွားတယ်ဆိုတာပဲ’
ဧကရာဇ်ယန်ဖုန်း၏ မျက်နှာ မည်းမှောင်သွားပြီး သူ့ဘာသာသူ တွေးလိုက်မိသည်။ ‘ငါ့နှယ် တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကို ဘယ်နားသွားထားရပါ့။ ကျောက်စိမ်းမျက်နှာအဆိပ်ဘုရင်ရဲ့ ချစ်သူတွေကို မျှားထုတ်အောင် ကျောက်စိမ်းမျက်နှာအဆိပ်ဘုရင်အကြောင်း ဖြန့်လိုက်တာက ငါပါ။ သူတို့ကို အသုံးချပြီး မယ်တော်ကြီးကို ထိန်းဖို့ တွေးထားတာကို ဘယ်လိုလုပ် သူက အဲဒီအဘွားကြီးတွေနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ပုံ ပေါ်နေတာလဲ။ သူတို့နဲ့အတူ ဒီမှာနေလိုက်ဖို့များ ကြံစည်နေသလား’
သူ ငိုလိုက်ချင်ပါသော်လည်း မျက်ရည်က ကျမလာ။ လင်မိသားစု၏ မိန်းမသားများသည် အကြောက်အရွံ့ကင်းပြီး တခြားမိသားစုများ၏ သမီးတော်များနှင့် မတူကြပေ။ သူတို့က သူတို့၏ပျော်ရွှင်မှုနောက် လိုက်ရဲသည်။ သို့ရာတွင် မိသားစု သိက္ခာကျမည့်သတင်းများ ပြန့်၍မဖြစ်ပေ။ ဧကရာဇ်၏မျက်နှာကို ထောက်ထားရန် လိုသည်။
ထို့နောက် ဧကရာဇ်ယန်ဖုန်း အဘွားစစ်ကို မြင်သွားပြီး စိတ်ထဲ ဟာလာဟင်းလင်း ဖြစ်သွားသည်။ သူ အာခေါင်ခြောက်လာပြီး သူ၏မျက်လုံးထဲတွင် မိဖုရားဆောင်ရှိ ကိုယ်လုပ်တော်သုံးထောင်လုံး မှေးမှိန်သွားသည်။
ချင်မူ သူ့ကို တာအိုသခင်ဟောင်းနှင့် တထာဂတဟောင်း၏ လက်ထဲမှ ကယ်တင်ခဲ့စဉ်အခါ ဤနေရာတွင် သူ တည်းခဲ့ဖူးသော်လည်း သူ့ကို စောင့်ရှောက်ခဲ့သူ၏ မျက်နှာကို မမြင်ခဲ့ဖူးပေ။ အဘွားစစ်က ဝါးလုံးရှည်ဖြင့်သာ ထမင်းပန်းကန်ကို ထိုးပို့ခဲ့သည်။
အဘွားစစ်၏ မျက်နှာကို မြင်သည့်အခါ ဧကရာဇ်ယန်ဖုန်း မှင်သက်သွားပြီး ငေးမောနေမိတော့သည်။
“အရှင်မင်းကြီး၊ ဧကရာဇ်ဖြစ်ချင်သေးတယ်မလား။ အဲ့ဒါ ဂိုဏ်းသခင်လီ” ချင်မူက ကျယ်လောင်စွာ အော်လိုက်သည်။
ဧကရာဇ်ယန်ဖုန်း ရင်ခုန်သံများကို မြိုသိပ်၍ အကြည့်လွှဲကာ ခေါင်းမလှည့်ရဲတော့ပေ။ အဘွားစစ်က ညို့မြူစွာ ရယ်လိုက်သည်။ “ကောင်စုတ်လေး၊ ငါ့အစီအစဉ်တွေ ပျက်ကုန်ပြီ။ မဟုတ်လို့ကတော့ ဒီအင်ပါယာက ငါတို့ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ အင်ပါယာ ဖြစ်နေပြီ။ ဧကရာဇ်၊ ဒဏ်ရာတွေ သက်သာရဲ့လား။ သိုင်းအဆင့်ရော ပုံမှန်ပြန်ဖြစ်ပြီလား။ မဖြစ်ရင်ကတော့ ရှင် နတ်ရွာစံတော့မှာပဲ”
ဧကရာဇ်ယန်ဖုန်း၏အကြည့်က ယွီကျောက်ချင်းအပေါ် ကျရောက်သွားသည်။ သူမက လူမျိုးခြားအသွင်အပြင် ရှိသည်ကို မြင်လျှင် သူ သူ့ဘာသာသူ တွေးလိုက်မိသည်။ ‘သူက ဝန်မင်းချင် ပြောတဲ့ ကောင်းကင်ငှက်မွှေးမျိုးနွယ်ခေါင်းဆောင် ဖြစ်မယ်။ သိုင်းအဆင့်က အင်မတန် မြင့်မားတာပဲ... သူ ဘယ်သူ့ကို သတိထားနေတာပါလိမ့်’
သူ ထိုသို့တွေးမိလိုက်သည့်အချိန်တွင် ဘီးတပ်ကုလားထိုင်တစ်လုံးပေါ်၌ ထိုင်နေသော ထော့ကျိုးနှင့် စုတ်တံတစ်ချောင်းကို လျင်မြန်စွာ လှုပ်ယမ်းနေသည့် နားကန်းကို မြင်လိုက်ရသည်။ ထို့နောက် သူ့အကြည့်က တောင်ပေါ်မှ ဆင်းလာသော လူငယ်ဆီ ရောက်သွား၏။
သေတ္တာထမ်းလာသော လူငယ်ကို မြင်လိုက်သည်နှင့် ဧကရာဇ်ယန်ဖုန်း ရင်ထဲတွင် ပြင်းပြင်းထန်ထန် တုန်ရီသွားသည်။ လူငယ်က အသက်ကြီးပုံမရသော်လည်း အထက်ကောင်းကင်ဘုံ၏ နတ်ဘုရားထက်ပင် သန်မာအားကောင်းသော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။
‘နေသူရိန်ခွင်းကောင်းကင်အမြှောက်ကို ယူလာရမှာ’
ဧကရာဇ်ယန်ဖုန်း အံကြိတ်လိုက်မိသည်။ သူ၏ကောင်းကင်ရတနာများမှာ ဒဏ်ရာအပြင်းအထန် ရထား၍ သိုင်းအဆင့်က နဂိုအတိုင်း ပြန်မဖြစ်သေးပေ။ သို့ရာတွင် ချင်မူက တစ်လောကလုံးရှိ သင်္ချာပညာရှင်အားလုံးကို စုစည်း၍ ကောင်းကင်တံတားအတွက် သင်္ချာညီမျှခြင်း တည်ဆောက်ခဲ့ရာ သူ၏ကောင်းကင်တံတားကို ပြုပြင်နိုင်မည့် နည်းလမ်းများ တွေ့ရှိခဲ့သည်။ သူ၏သိုင်းအဆင့်က ကိုးဆယ်ရာခိုင်နှုန်းအထိ ပြန်မြင့်တက်သွားသဖြင့် တစ်လောကလုံးရှိ ထိပ်တန်းသိုင်းပညာရှင်တစ်ယောက် ပြန်ဖြစ်နေပြီဖြစ်သည်။
သို့သော် လူငယ်နှင့် မျက်နှာချင်းဆိုင်လိုက်သောအခါ သူ့မှာ အားနည်းချက်ကို ဆုပ်ကိုင်ခံထားရပြီး အရေခွံစုတ်ခံရတော့မည့် နဂါးတစ်ကောင်ပမာ ခံစားလိုက်ရသည်။ ထိုလူက တာအိုသခင်နှင့် တထာဂတနှစ်ယောက် ပေါင်းထားသည်ထက် အန္တရာယ်ပိုများသည်။
“ဧကရာဇ်ရဲ့ သိုင်းစွမ်းရည်က မဆိုးဘူးပဲ” ရှင်းအန်းက သူ့ကို လှမ်းကြည့်ကာ နှုတ်ဆက်သည်။ “ခြေသလုံးအိမ်တိုင် ရှင်းအန်း အရှင်မင်းကြီးကို ဂါဝရပြုပါတယ်။ အရှင်မင်းကြီးရဲ့ မှော်စွမ်းအင်က နတ်ဘုရားအဆင့်ကို ရောက်နေပြီ။ ကောင်းကင်ရတနာတွေကလည်း ပျက်စီးထားတာကို အသစ်ပြန်ဖွဲ့တည်ထားတာဆိုတော့ တခြားသူတွေရဲ့ ကောင်းကင်ရတနာထက် ပိုသန်မာအားကောင်းတယ်။ မဆိုးဘူး ငါ့အတွက် လိုတယ်”
သူ့မျက်လုံးများက မျက်ကန်း၏မျက်လုံးများ ဖြစ်၍ မည်သူ့ကိုမဆို ထိုးဖောက်မြင်နိုင်သော ဆန်းကြယ်မှော်စွမ်းအင်တစ်ရပ် ကိန်းဝပ်နေသယောင် ရှိသည်။ ဧကရာဇ်ယန်ဖုန်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ၏ကောင်းကင်ရတနာများက ပျက်စီးသွားပြီးနောက် ပြန်တည်ဆောက်ထားခြင်းဖြစ်၍ ပြိုင်ဘက်ကင်းအောင် ခိုင်မာကြောင်း သူ သိလိုက်ရသည်။ ယင်းက သူ့ကို သားကောင်အား မြင်လိုက်ရသကဲ့သို့ ဝမ်းသာလာစေ၏။
ဧကရာဇ်ယန်ဖုန်းမှာ သားရဲတစ်ကောင် သူ့ကို ကြည့်နေသကဲ့သို့ ခံစားလိုက်ရ၍ ရင်ထဲ တင်းကြပ်သွားသည်။
ထို့နောက် ရှင်းအန်းက မျက်ကန်းကို ကြည့်လိုက်ပြီး အံ့အားသင့်သွားဟန်တူသည်။ သူက ချီးကျူးလိုက်သည်။ “တာအိုမိတ်ဆွေရဲ့ စိတ်က အင်မတန် ခိုင်မာတာပဲ။ မျက်လုံးတွေ ဖောက်ထုတ်ပြီးကတည်းက တခြားလမ်းစဉ်ကို လျှောက်ပြီး တခြားကောင်းကင်မျက်လုံးကျင့်စဉ်မှာ အမြင့်ဆုံးတောင် ရောက်နေပြီပေါ့လေ။ မူလဝိညာဉ်ကို ကောင်းကင်မျက်လုံးရဲ့ နေရာမှာ ထား,ထားတာပါလား။ စိတ်မျက်လုံးဆိုတာ ဒီလောကမှာ ပြိုင်ဘက်ကင်းပဲ။ ငါ မင်းရဲ့ မူလဝိညာဉ်ကို သိပ်သဘောကျတယ်”
မျက်ကန်း အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
ရှင်းအန်း၏အကြည့် ယွီကျောက်ချင်းအပေါ် ရောက်သွားသည့်အခါ သူ့မျက်လုံးများ တောက်ပလာသည်။ “မင့်အရေခွံက မဆိုးဘူး။ သေတ္တာထဲမှာ မင့်အရေခွံထားဖို့အတွက် သီးသန့်စင်တစ်စင် ထားရမယ်”
သူက ဘီးတပ်ကုလားထိုင်ပေါ်ရှိ ထော့ကျိုးကို သာမန်ကာလျှံကာ ကြည့်ပြီးနောက် အကြည့်လွှဲလိုက်၍ ထော့ကျိုး ဒေါသထွက်သွားသည်။ သူ အံတင်းတင်းကြိတ်ကာ အော်ဟစ်လိုက်၏။ “သောက်အဘိုးကြီး၊ ငါ့ခြေထောက်တွေ ပြန်ပေး”
ရှင်းအန်းက သူ့ကို ရှိသည်ဟုပင် မထင်ဘဲ အနီးနားရှိ ခန်းမထဲတွင် ပန်းချီဆွဲနေသော နားကန်းကို လှမ်းကြည့်လိုက်သည်။ “မင်းဦးနှောက်ထဲမှာ အဆုံးမဲ့ တောင်တန်းမြစ်ချောင်းတွေ၊ နတ်ဘုရားတွေ၊ နတ်ဝိဇ္ဇာတွေ၊ သရဲတစ္ဆေတွေ၊ မကောင်းဆိုးဝါးတွေ ရှိနေတယ်။ အဲ့ဒါကြောင့် မင်း အဆုံးမဲ့ကမ္ဘာတွေကို ရေးဆွဲနိုင်တာပဲ။ ငါ မင့်ဦးနှောက်ကို သဘောကျတယ်”
နားကန်း စုတ်တံကို ရပ်၍ သူ့အား ကြည့်လိုက်သည်။
ရှင်းအန်း၏အကြည့်က အမျိုးသမီးသိုင်းပညာရှင်များကို ဖြတ်ကျော်သွားသည်။ ဆေးဆရာနောက် လိုက်လာခဲ့သော ဤအမျိုးသမီးတို့သည် သိုင်းလောကတွင် ထင်ရှားကျော်ကြားပြီး ဂိုဏ်းချုပ်ကြီးအဆင့်များပင် ပါ၏။ သို့သော် အများစုက ရှင်းအန်အတွက် မျက်စိကျလောက်စရာ မရှိပေ။
နောက်ဆုံးတွင် သူ အဘွားစစ်ကို လှမ်းကြည့်လိုက်သည့်အခါ အံ့အားသင့်သွားသည်။ အဘွားစစ်၏ အလှကို မယစ်မူးသွားဘဲ သူက ရေရွတ်လိုက်သည်။ “လူသားတစ်ယောက်က ဘယ်လိုကြောင့် ဒီလောက်လှနိုင်တာလဲ။ ခန္ဓာကိုယ်ကိုလည်း ငါ လိုချင်တယ်”
“နောက်ကျသွားပြီ” လီထျန်းရှင်က သရော်တော်တော် ပြုံးလိုက်သည်။ “ရှင်းအန်း ဒီခန္ဓာကိုယ်က ငါ့အပိုင်ပဲ”
“ဂိုဏ်းသခင်လီလား” ရှင်းအန်းက လှောင်ပြုံးပြုံး၍ အေးအေးလူလူ ဆို၏။ “ငါ မင်းကို အရင်က မြင်ခဲ့ဖူးတယ်။ မင်းက သိပ်ထူးချွန်ပြီး ရည်မှန်းချက်ကြီးတဲ့ လူတစ်ယောက်ပါ။ ဘာကြောင့် အခုလို ပြောင်းလဲသွားတာပါလိမ့်။ ဟုတ်သား ဒီနတ်မိမယ်လေးကြောင့် မင်း မင်းကိုယ်မင်း ဆုံးရှုံးလိုက်ရတာကိုး။ မင်းက ဒီခန္ဓာကိုယ်ကို သိမ်းပိုက်ချင်လို့ ဒီခန္ဓာကိုယ်ရဲ့ တာအိုနှလုံးသားထဲမှာ မင်းရဲ့မူလဝိညာဉ်ကို ထည့်ခဲ့တယ်။ ဒါပေမဲ့ ဒီခန္ဓာကို ငါ သဘောကျသွားပြီမလို့ မင်းအနေနဲ့ ထွက်သွားဖို့ပဲ ရှိတယ်”
လီထျန်းရှင်က မိန်းကလေးအချင်းချင်းပင် ချစ်မိရလောက်အောင် မြူသလို ပြုံးလိုက်သော်လည်း ရှင်းအန်းက မတုန်လှုပ်ပေ။ သူက ဘေးဘီဝဲယာကို ကြည့်ကာ ဝမ်းသာနေသည်။ “ငါ့ရောဂါကို ကုဖို့ နတ်ဆေးသမားတော်ချင်ကိုပဲ လာရှာတာဆိုပေမယ့် တကယ် သိမ်းထားသင့်တဲ့ အစိတ်အပိုင်းတွေ အများကြီးနဲ့ တွေ့ရမယ် မထင်ထားဘူး။ တယ် ကံကောင်းတာပဲ” သူက ဝမ်းသာရွှင်မြူးစွာဖြင့် ကျေးဇူးတင်လိုက်သည်။ “အားလုံးကို ကျေးဇူးတင်ပါတယ်”
ထော့ကျိုး သည်းမခံနိုင်တော့ပေ။ သူ ဘီးတပ်ကုလားထိုင်ကို ရှေ့တွန်း၍ အော်လိုက်သည်။ “ငါက ကောင်းကင်ခြေထောက်ဆိုပေမယ့် ကောင်းကင်လက်လည်း ဟုတ်တယ်ကွ။ ကောင်းကင်ခိုးယူနေမင်းလဲလှယ်သိုင်းက ခြေသိုင်းသက်သက် မဟုတ်ဘူး...”
ဝှစ်
ဘီးတပ်ကုလားထိုင်က မြောက်တက်သွားပြီး ထော့ကျိုး၏လက်များက ရင်သပ်ရှုမောဖွယ်ရာ သိုင်းကွက်ပေါင်းများစွာကို ထုတ်ဖော်လိုက်သည်။ ကောင်းကင်ခိုးယူနေမင်းလဲလှယ်သိုင်းက ကောင်းကင်ခိုးယူခြေသိုင်းနှင့် နေမင်းလဲလှယ်လက်သိုင်းဟူ၍ နှစ်မျိုးကွဲသည်။ ထော့ကျိုးအား စောရနတ်ဘုရားဟု အသိများကြသည့် အကြောင်းရင်းမှာ သူ၏လက်သိုင်းများကလည်း မည်သည့်အချုပ်အနှောင်၊ အတားအဆီးကိုမဆို ဖြတ်ကျော်ကာ ကောင်းကင်ကို ခိုးယူပြီး နေမင်းလဲလှယ်နိုင်သည့်တိုင်အောင် ကြောက်စရာကောင်းလွန်း၍ ဖြစ်သည်။
ဝုန်း
ဘီးတပ်ကုလားထိုင် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွား၍ ထော့ကျိုး ပြုတ်ကျသွားသည်။ သူ ကြမ်းပြင်ပေါ် ဘုန်းခနဲ လဲကျသွားကာ မထနိုင်တော့ပေ။
“ကောင်းကင်လက်သိုင်းတဲ့ အသုံးလည်းမဝင်ဘဲနဲ့”
ရှင်းအန်းက တဟားဟား အော်ရယ်ရင်း တစ်ဖက်လှည့်လိုက်သည်။ နဂါးတွန်သံ ထွက်ပေါ်လာပြီး သူ၏လက်ဝါးက မျက်ကန်း၏လှံထိပ်ကို ဖမ်းဆုပ်လိုက်၏။ မျက်ကန်း၏ လှံသည် အနက်ရောင်နဂါး၏အရိုးများဖြင့် ဖွဲ့တည်နေသော ကောင်းကင်လှံလုံထောင် ဖြစ်သည်။ လှံက နဂါးတစ်ကောင်ကဲ့သို့ တိုးဝင်လာပြီး မာန်သွင်းတွန်ကျူးလိုက်သည်။
မျက်ကန်း၏ခြေကွက်များက သွက်လက်ဖျတ်လတ်သည်။ လှံက ပုံရိပ်ယောင်သကဲ့သို့ လျင်မြန်စွာ လှုပ်ရှား၍ နဂါးနက်များပမာ ရှင်းအန်းကို ဆက်တိုက် ထိုးစိုက်နေသည်။
မျက်ကန်း၏ လှံသိုင်းတစ်ခုတည်းကပင် အဆင့်မြင့်ဆုံးသို့ ရောက်နေပြီဖြစ်သည်။ သူ နဂါးထိန်းဧကရာဇ်နှင့် တိုက်ခိုက်ခဲ့တုန်းက နဂါးထိန်းဧကရာဇ် သတိပင်မပြုမိခင် တိုက်ပွဲကို အဆုံးသတ်နိုင်ခဲ့သည်။
မျက်ကန်းတွင် မျက်လုံးမရှိသော်လည်း စိတ်ကောင်းကင်မျက်လုံးများသည် ကျန်ကောင်းကင်မျက်လုံးများထက် ပို၍သန်မာအားကောင်းသည့်အတွက် လှုပ်ရှားမှုတိုင်း၏ ဟာကွက်များကို သူ မြင်နိုင်သည်။ လုံထောင်က သူ၏စိတ်တိုင်းကျ ရွေ့လျားနေပြီး ၎င်း၏တိုက်ကွက်များက ပြိုင်ဘက်ကင်းသည်။
သို့သော် ပို၍ပင် ကြောက်မက်ဖွယ်ရာကောင်းသော ပြိုင်ဘက်တစ်ယောက်ကို ဆုံတွေ့ခဲ့ရချေပြီ။ ရှင်းအန်း၏ မျက်လုံးများက သူ၏မျက်လုံးများ ဖြစ်၍ စိတ်ကောင်းကင်မျက်လုံးများအောက် အနည်းငယ်သာ နိမ့်ကျသည်။ ထို့အပြင် ရှင်းအန်း၏ မှော်စွမ်းအားက နတ်ဘုရား၏စွမ်းအားသဖွယ် ဖြစ်သောကြောင့် ထိုးချက်တိုင်းက လုံထောင်အား တဆတ်ဆတ် တုန်ခါနေစေသည်။ မျက်ကန်း၏ ကိုယ်လုံးသေးသေးလည်း တုန်ရီနေပြီး လက်များထုံကျင်လာ၍ နောက်ဆုတ်လိုက်ရသည်။
“ကျား”
မျက်ကန်း၏ မျက်ခုံးနှစ်ဖက် ကြုံ့သွားပြီး သူ့အနောက်၌ လိပ်နက်နတ်ဘုရားအသွင် ဖွဲ့တည်လာသည်။ သူက အားကုန်ထုတ်၍ အပြေးရောက်လာသော ဧကရာဇ်မယ်တော်ကြီးနှင့် အမျိုးသမီးသိုင်းပညာရှင်များနှင့်အတူ လှုပ်ရှားလိုက်၏။ တခဏအတွင်း အလင်းရောင်မျိုးစုံ တောက်ပလင်းထိန်လာပြီး ကောင်းကင်နတ်သိုင်းများ တရှိန်ထိုး ဝင်ရောက်သွား၏။
အုန်း
ဧကရာဇ်မယ်တော်ကြီးနှင့် အမျိုးသမီးသိုင်းပညာရှင်များ သွေးအန်ကာ လွင့်ထွက်သွားကြသည်။ ရှင်းအန်းက ပြုံးရယ်လျက် ပြောလိုက်သည်။ “မင်းတို့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ငါ စိတ်တောင်မဝင်စားဘူး။ သိက္ခာအကျခံပြီး ငါ့ကို လာမတိုက်ကြနဲ့”
“မင်း ငါ့မယ်တော်ကို ရိုက်လိုက်တယ်ပေါ့။ ခေါင်းဖြတ်သတ်ပစ်မယ်။ မန်...”
ဧကရာဇ်ယန်ဖုန်း၏ခန္ဓာကိုယ် လှုပ်ခါလိုက်သည့်အခါ ထည်ဝါခံ့ညားသော ချီစွမ်းအင် ထွက်ပေါ်လာသည်။ သူ၏ကောင်းကင်ရတနာများ တဒုန်းဒန်း ပွင့်လာကာ နဂါးတွန်သံ၊ ကျားဟိန်းသံများ မြည်ဟည်းလာ၏။ သူ လက်ဆန့်တန်းလိုက်သည့်အချိန်တွင် ကောင်းကင်ယံမှ နဂါးကိုးကောင်ကောင်းကင်မီးလျှံ ကျဆင်းလာသည်။
ရှင်းအန်းက လှောင်ပြုံးလိုက်သည်။ သူ့ခေါင်းထိပ်က ရုတ်တရက် ပွင့်ထွက်သွားပြီး မြောက်တက်လာသည်။ ၎င်းက ရွှေရောင်သပိတ်ကြီးသဖွယ် ပျံထွက်သွား၏။ သပိတ်သည် နဂါးကိုးကောင်ကောင်းကင်မီးလျှံအား အုပ်ဖမ်းပြီးနောက် သူ့ခေါင်းဆီ ပြန်ရောက်လာသည်။
ဧကရာဇ်ယန်ဖုန်း အံ့အားသင့်သွားသော်လည်း နဂါးကိုးကောင်ကို ဖွဲ့တည်ကာ မျက်ကန်းနှင့်အတူ ရှင်းအန်းအား တိုက်ခိုက်လိုက်သည်။
တစ်ချိန်တည်းမှာပင် နားကန်းက သူ၏စုတ်တံကြီးကို ခပ်ဆတ်ဆတ် ခါလိုက်သည်။ သူ ယခုလေးတင် ဆွဲပြီးသွားသည့် ပန်းချီကားက ခန်းမအပြင် ထွက်သွား၏။ နားကန်းက စုတ်တံကို ကိုင်လျက် လေပေါ် ခုန်တက်ပြီးနောက် ပန်းချီကားထဲ ဝင်သွားသည်။ သူ့စုတ်တံက ပန်းချီကားထဲမှ ထွက်လာပြီး ရှင်းအန်း၏ကိုယ်ကို ထိလိုက်ရာ ရှင်းအန်း ပန်းချီကားထဲ ကျသွားသည်။
ပန်းချီပုံရိပ်များက လေထဲတွင် တဖျတ်ဖျတ် ပျံဝဲနေသည်။ အထဲရှိ နတ်ဘုရားများ၊ မိစ္ဆာများက ရှင်းအန်းကို ဝိုင်းအုံတိုက်ခိုက်နေကြသည်။ သူက ပန်းချီကားတစ်လျှောက် ဖြတ်ပြေးရင်း တစ်ယောက်မကျန် သတ်ပစ်လိုက်၍ ပန်းချီပုံရိပ်အားလုံး မှင်အိုင်ဖြစ်ကုန်သည်။
ရုတ်တရက် နားကန်းက ခုန်ထွက်လာပြီး ပန်းချီကားကို စုတ်တံဖြင့် တို့ထိလိုက်သည်။
ပန်းချီ၏ အတွင်းဟင်းလင်းပြင်က ပြိုကျကာ ကျုံ့ဝင်သွားပြီးနောက် ကြေက်မက်ဖွယ်ရာအင်အားဖြင့် ပေါက်ကွဲသွား၍ အလွန်ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
နားကန်း သက်ပြင်းချလိုက်သည့်အချိန်မှာပဲ လက်ဝါးတစ်ဖက်က ပေါက်ကွဲအားလှိုင်း၏ အလယ်မှ ထွက်လာကာ နားကန်း၏ ဒန်တျန်ကို ရိုက်ထည့်လိုက်သည်။ မျက်ကန်းက လုံထောင်ကို ကမန်းကတန်း ပစ်လွှတ်လိုက်၍ လုံထောင်က နဂါးနက်တစ်ကောင်အသွင် ပြောင်းသွား၏။ လူနှစ်ယောက်၏အင်အား ပေါက်ကွဲသွားပြီး နားကန်း သွေးအန်လျက် လွင့်ထွက်သွားသည်။
သူ ပြုတ်ကျသွားသည့်နေရာမှ ထလိုက်သည့်အခါ နောက်သွေးတစ်ပွက် အန်လိုက်ရသည်။ သူ့ခြေလက်များ နုံးချည့်နေသည်။ “သူ့မှော်စွမ်းအားနဲ့ ရုပ်ခန္ဓာကိုယ်က သိပ်သန်မာလွန်းတယ်။ ငါ သူ့ကို ဒဏ်ရာရအောင် မလုပ်နိုင်ဘူး။ အခု သူ ငါ့ပန်းချီထဲမှာ ပိတ်မိနေတယ်။ မြန်မြန်လုပ်ကြ၊ ငါ သူ့ကို ကြာကြာ ချုပ်မထားနိုင်ဘူး..”
ဧကရာဇ်ယန်ဖုန်း ပေါက်ကွဲအားလှိုင်း၏ အလယ်ဗဟိုကို အပြေးရောက်လာပြီး နဂါးများက ရှင်းအန်းဆီ ထွက်သွားသည်။ တစ်ချိန်တည်းမှာပင် မျက်ကန်း၏ မဟူရာလှံလုံထောင်ကလည်း လျှပ်စီးလို တရစပ် ထိုးနေသည်။ လှံချက်တိုင်းက ရှင်းအန်းကိုသာ အတိအကျ ချိန်ရွယ်ထား၏။
“ငါ့အလှည့်ပဲ”
လီထျန်းရှင် ပျံသန်းလာသည်။