မပျက်စီးနိုင်မှု
Vol. 29 Ch. 405
လီထျန်းရှင်၏ အဝတ်စများ တဖတ်ဖတ် လှူပ်ခတ်နေသည်။ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းသခင်ဟောင်းဖြစ်သည့်အားလျော်စွာ မိန်းမအဖြစ် ပြောင်းလဲနေသည့်တိုင် သူ၏သိုင်းစွမ်းရည်က သေချာပေါက် ထိပ်တန်းဖြစ်သည်။ လှုပ်ရှားလိုက်တိုင်း အတိုင်းထက်အလွန် အင်အားကြီးမားသော သိုင်းစွမ်းအင်က ပေါ်ထွက်လာ၏။
အဘွားစစ်၏ ကိုယ်လုံးလေးသည် ညင်သာစွာ ပျံဝဲနေသော်လည်း သူမ နင်းလိုက်သည့် ခြေလှမ်းတိုင်းက ကြောက်မက်ဖွယ်ရာ လေးလံဟန်တူသည်။ လေးလံခြင်းနှင့် ပေါ့ပါးခြင်းက သူမ၏လှုပ်ရှားမှုတိုင်းတွင် ကိန်းဝပ်လျက် ရှိသည်။
လီထျန်းရှင် လက်ဆန့်ထုတ်လိုက်သည့်အခါ ဟင်းလင်းပြင် ပြိုကျသွားပြီး သူမလက်ဝါးပြင်ထက်သို့ ကျဆင်းလာသည့်နှယ် ရှိသည်။ ပတ်ဝန်းကျင်ဟင်းလင်းပြင်က သူမလက်ဝါးကို ဗဟိုပြု၍ စက်ဝိုင်းအသွင်သဏ္ဍာန် ဖွဲ့တည်သွားသည်။ အပ်ချည်မျှင်ကဲ့သို့ သွေးကြောများက ဗဟိုချက်မှ ဖြာထွက်ကာ စက်ဝိုင်း၏အနားသတ်ကို ပုံဖော်ထားသည်။
သွေးကြောများ၏ အပေါ်ရှိ အထုံးတစ်ထုံးတိုင်းက ကြယ်ပုံစံရှိသည်။ ကြယ်များက ကြယ်အစုတစ်စုအဖြစ် ပေါင်းစည်းနေပြီး သုံးရာခြောက်ဆယ်သော ကြယ်များသည် ကွန်ရက်ကဲ့သို့ ချိတ်ဆက်ဖွဲ့တည်လျက် ဟင်းလင်းပြင်ကို ခြုံလွှမ်းထားကြ၏။
မဟာကြယ်ခြုံလွှမ်းလက်ဝါးသိုင်း
ကြယ်များနှင့် ကြယ်အစုများကို အသေးစိတ် ကြည့်ပါက ပုံသဏ္ဍာန်အမျိုးမျိုးကို သတိထားမိလိမ့်မည်။ ဥပမာ ကျစ်သို့ကြယ်၏အသွင်က တော်ဝင်မျိုးနွယ်ကို ကိုယ်စားပြု၍ ကောင်းကင်နန်းတော်သဏ္ဍာန် ရှိသည်။
အနောက်ကောင်းကင်ယံရှိ ကျန်း၊ ရှစ်၊ တိ၊ ကျိ၊ ဖန်း၊ ကျင်း ၊ ခန့်ဆိုသည့် ကြယ်အိမ်ခုနစ်ခုတွင် ကြယ်ခုနစ်ရာနှင့် ကြယ်အစု ငါးဆယ့်လေးစု ရှိကာ ဝံပုလွေ၊ ခွေးနှင့် ရစ်ငှက်အသွင်များ ဖွဲ့တည်ထားသည်။ ကြယ်တစ်စင်းစီ ကိုယ်စားပြုသော စွမ်းအားကလည်း တစ်ခုနှင့်တစ်ခု မတူညီပေ။
လီထျန်းရှင်သည် ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ဖြစ်ခဲ့ပြီး သစ်ခုတ်သမား၏ သင်ကြားပို့ချမှုများကိုလည်း နာကြားခဲ့ရသည့်အတွက် ကိုယ်ပိုင်ပေါင်းစည်းကျင့်စဉ်ကို တီထွင်နိုင်ခဲ့၏။
သူသာ တဏှာမကြီးခဲ့လျှင် သူ၏ပါရမီနှင့် အသိအမြင်က တစ်လောကလုံးတွင် ထိပ်တန်းဖြစ်ခဲ့လိမ့်မည်။ မဟာကြယ်ခြုံလွှမ်းလက်ဝါးသိုင်းက မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို တတ်မြောက်ပြီးနောက် သူ တီထွင်ခဲ့သော ပြိုင်ဘက်ကင်း သိုင်းကွက် ဖြစ်သည့်အပြင် အတိုင်းထက်အလွန် အင်အားကြီးမားသည်။
အဘွားစစ်က ပေါက်ကွဲအားလှိုင်း၏ အလယ်ဗဟိုဆီသို့ ပစ်မှတ်ထား၍ ဧကရာဇ်ယန်ဖုန်းနှင့်အတူ တိုက်ခိုက်နေသည်။ ဗဟိုချက်မှ ဖြာထွက်လာသော ကြောက်မက်ဖွယ်ရာ အားလှိုင်းများက ပတ်ဝန်းကျင်ကို ရိုက်ခတ်နေသဖြင့် တောတောင်ထဲရှိ မိစ္ဆာများမှာ သွေးအန်နေကြရသည်။ သူတို့အားလုံး အားလှိုင်းများမှ ကင်းလွတ်အောင် ခန်းမဆောင်ထဲ၌ အပြေးအလွှား သွားပုန်းလိုက်ကြ၏။
ချင်မူနှင့် လင်ယွိရှို့လည်း ကောင်းကင်နတ်သိုင်းလှိုင်းဂယက်များကို နဂါးများဖြင့် ကာလိုက်ရသည်။
ချင်မူ ရွှင်ပျော်ပျော်ဓားအပေါ် လက်တင်လိုက်ပြီး သူ့မျက်လုံးထဲ၌ သူငယ်အိမ်အလွှာအထပ်ထပ် ဖွဲ့တည်လာသည်။ သူ တောင်အောက်ရှိ တိုက်ပွဲအား လှမ်းကြည့်လိုက်သည်။
သူ၏လက်ချောင်းများက ဓားရိုးကို အဆက်မပြတ် တို့ထိနေပြီး သူ၏အရှေ့နှင့် အနောက်၌ ဝူကျိ၊ ထိုက်ကျိနှင့် သင်္ကေတလေးပါးတို့ ဖွဲ့တည်လာကာ သူ အလျင်အမြန် တွက်ချက်နေသည်။
ပေါက်ကွဲအားလှိုင်း၏ အလယ်ဗဟိုရှိ ပန်းချီကမ္ဘာမှာ တဖြည်းဖြည်း ပြိုကျပျောက်ကွယ်နေသည်။ ဧကရာဇ်ယန်ဖုန်းနှင့် လီထျန်းရှင်က ပတ်ပတ်လည်မှ ပြေးလွှားလျက် တိုက်ခိုက်နေကြသည်။ ထိုအချိန်တွင် မျက်ကန်း၏လက်ထဲရှိ လှံနက်ကလည်း ရှည်သထက် ရှည်လာသည်။ သူက ၎င်းကို ဆုပ်ကိုင်၍ လျင်မြန်စွာ ပြေးလွှားပြီး ပန်းချီကားထဲ ထိုးစိုက်လိုက်၏။
ပန်းချီကားထဲမှ ခြေလက်များက သိုင်းပညာရှင်သုံးဦးကို တုံ့ပြန်တိုက်ခိုက်နေပြီး အရေးနိမ့်နေခြင်းမရှိပေ။
ဧကရာဇ်ယန်ဖုန်း၏ မှော်စွမ်းအားက တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် အားကောင်းပြည့်သျှံနေသည်။ သူ၏သိုင်းအဆင့်က အမြင့်ဆုံးသို့ ပြန်မရောက်သေးသော်လည်း သူ၏မှော်စွမ်းအင်အဆင့်နှင့်တင် တစ်လောကလုံး၏ အပေါ်တွင် ရပ်နိုင်၏။ ၎င်းက လီထျန်းရှင်နှင့် မျက်ကန်းထက်ပင် သိပ်သည်း၍ သူ၏လှုပ်ရှားမှုတိုင်းက ထည်ဝါခံညားပြီး ခွန်အားအပြည့်ရှိကာ သူ၏သိုင်းကွက်တိုင်းက လေးလံပြင်းထန်သည်။
အခြားတစ်ဖက်တွင် လီထျန်းရှင်သည် ကောင်းကင်နတ်သိုင်းအရာ၌ ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်၏။ သူ၏ပေါင်းစည်းကျင့်စဉ်ကိုသာမက မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာမှ သိုင်းကွက်၊ မှော်အစီအရင်နှင့် ကောင်းကင်နတ်သိုင်းအမျိုးမျိုးကို သူ စိတ်တိုင်းကျ ထုတ်လွှတ်နိုင်သည်။ ထို့အပြင် ချင်မူ သူ့တွင် မရှိသော အရာတစ်ခုကို မြင်လိုက်ရသည်။
၎င်းက မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာအထဲ၌ ကိန်းဝပ်နေသော အဆင့်မြင့်ကောင်းကင်နတ်သိုင်းတစ်ခု ဖြစ်သည်။
သို့သော် ထိုသိုင်းကွက်အတွက် မဟာဉာဏ်အလင်းပွင့်ကောင်းကင်နတ်ဆိုး ကျမ်းစာမှ ကောင်းကင်နတ်သိုင်းမျိုးစုံကို ပေါင်းစည်းရန် လိုအပ်သည်။ ဥပမာ လီထျန်းရှင်၏ မဟာကြယ်ခြုံလွှမ်းလက်ဝါးသိုင်းက ကောင်းကင်နတ်သိုင်းသုံးရာကျော်ကို လက်ဝါးထဲတွင် ပေါင်းစည်းထားခြင်းဖြစ်၏။ ထို့ကြောင့် ကြောက်မက်ဖွယ်ရာ စွမ်းအားကို ပိုင်ဆိုင်ပေသည်။
‘ဂိုဏ်းသခင်လီက ငါတို့နတ်ဂိုဏ်းရဲ့ ဉာဏ်ကြီးရှင် ပီသပါပေတယ်။ အတွေးတွေ လမ်းလွှဲသွားတာပဲ ဆိုးတယ်” ချင်မူ လေးစား၍မဆုံး ဖြစ်နေသည်။
မျက်ကန်းအကြောင်းကိုတော့ ပြောစရာပင် မလိုပေ။ နဂါးထိန်းဧကရာဇ်နှင့် တိုက်ပွဲ၌ သူ၏အစွမ်းအစကို ပြသခဲ့ပြီး ဖြစ်သည်။ သို့သော် ယခု မျက်ကန်း၏သိုင်းကွက်က နဂါးထိန်းဧကရာဇ်နှင့် တိုက်ခိုက်ခဲ့စဉ်ကထက် များစွာအားကောင်း၏။ သူ၏ ကောင်းကင်လှံက ရှည်သထက် ရှည်လာကာ၊ ထိုးအား ပြင်းသထက် ပြင်းလာသည်။ သူ့ထံမှ လှံချက်တိုင်းက အလွန်အားကောင်းပြင်းထန်သည်။
သို့သော် သူ၏အားသာချက်က လီထျန်းရှင်နှင့် ဧကရာဇ်ယန်ဖုန်း မမြင်သည့် ရန်သူ၏တိုက်ကွက်များကို ဖျက်စီးပေးနိုင်ခြင်း ဖြစ်သည်။
သူက သူတို့နှစ်ယောက်ကို ကာကွယ်ပေးထား၍ လီထျန်းရှင်နှင့် ဧကရာဇ်အနေဖြင့် အသက်အန္တရာယ်အတွက် ပူပန်စရာမလိုဘဲ စိတ်တိုင်းကျ တိုက်ခိုက်နိုင်သည်။
သို့တိုင်တောင် သူတို့သုံးယောက်လုံး ရှင်းအန်းကို ပန်းချီထဲတွင် မထိန်းထားနိုင်တော့ပေ။
ထိုပန်းချီက ဟိုဟိုသည်သည် ပျံဝဲနေသည်။ အတွင်းထဲမှ လက်သီးသိုင်း၊ ခြေသိုင်းများက သူတို့၏သိုင်းကွက်များကို ခုခံနိုင်ရုံသာမက တန်ပြန် တိုက်ခိုက်နေ၏။
ရှင်းအန်း၏ ကောင်းကင်နတ်သိုင်းများသည် ပြိုင်ဘက်ကင်းအောင် အားကောင်း၏။ သူ၏မှော်စွမ်းအင်ကလည်း သိပ်သည်းသည်။ သူ၏ရုပ်ခန္ဓာက ပို၍ပင် အံ့ဖွယ်ထူးကဲသည့်အတွက် မျက်ကန်း၊ လီထျန်းရှင်နှင့် ဧကရာဇ်တို့နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။
အားလှိုင်းများကြောင့် ပန်းချီကားပင် အက်ကွဲလာနေသည်။
သူ လွတ်လာပေတော့မည်။
အခြေအနေမဟန်တော့သည်ကို မြင်လျှင် ချင်မူ မျက်မှောင်ကြုတ်သွားသည်။ သူ လှမ်းအော်လိုက်၏။ “ခေါင်းဆောင်ယွီ”
ယွီကျောက်ချင်းက တမုဟုတ်ချင်း ပြေးလာပြီး လက်နှစ်ချောင်းကို စု၍ ပန်းချီကားထဲ ထိုးထည့်လိုက်သည်။
ရွှစ်
သူမကား လျှပ်စီးလက်သွားသကဲ့သို့ အလွန်မြန်၏။ သူမလက်ချောင်းထိပ်မှ အလင်းတန်းများ ဖြာထွက်လာပြီး ဓားတစ်လက်ပမာ ပန်းချီကားထဲ ထိုးဝင်သွားသည်။
ယွီကျောက်ချင်း သိုင်းကွက်အား အောင်မြင်စွာ ထုတ်ဖော်နိုင်လိုက်သည့်အချိန်တွင် ပန်းချီကားထဲမှ ပြန်တွန်းလှန်လိုက်သော တုန်လှုပ်ဖွယ်ရာအားလှိုင်းကို တမုဟုတ်ချင်း ခံစားလိုက်ရသည်။ သူမ၏သေးသွယ်သည့်ခန္ဓာကိုယ်မှာ လွင့်ထွက်သွား၏။
ရုတ်တရက် ယွီကျောက်ချင်းကိုယ်ပေါ်ရှိ တောင်ပံများ ကားထွက်လာပြီး သူမကို ပင့်မြှောက်ပေးလိုက်သည်။ သူမက ကောင်းကင်ယံတွင် ရပ်လိုက်ကာ တောင်ပံများကို ခပ်မြန်မြန် ခတ်လိုက်သည်။ သူမကိုယ်ပေါ်ရှိ အဝတ်အစားများအပေါ်၌ မရေမတွက်နိုင်သော သင်္ကေတများ ပေါ်လာပြီး သူမအကြေးခွံမှ အလင်းတန်းများ လျင်မြန်စွာ ထွက်လာကာ ပန်းချီကားထဲ တရှိန်ထိုး ပြေးဝင်သွားသည်။
ပန်းချီကားထဲ၌ သွေးအငွေ့အသက်များ မြင်လိုက်ရ၍ ဧကရာဇ်ယန်ဖုန်းနှင့် လီထျန်းရှင်တို့ စိတ်အားတက်သွားပြီး သူတို့၏သိုင်းကွက်များက ပိုမိုစိပ်လာသည်။
ချင်မူ့တွင် စိုးရိမ်ပူပန်နေသောအမူအရာ ရှိပြီး သူက အနောက်ရှိ မိန်းကလေးများအား ခပ်တိုးတိုး ပြောလိုက်သည်။ “ခန်းမထဲ မြန်မြန်သွားပုန်းတော့”
လင်ယွိရှို့က ယန်ကျင့်ကျင့်တို့ကို ကပျာကယာ ခေါ်၍ တောင်အောက် ဆင်းသွားပြီး ခန်းမတစ်ခုထဲ၌ ပုန်းလိုက်ကြသည်။
ချင်မူ မျက်မှောင်အနည်းငယ် ကြုတ်နေမိသည်။ သူ့အရှေ့နှင့် အနောက်ရှိ တွက်ချက်ရေးကိရိယာများက အဆက်မပြတ် အလုပ်လုပ်နေသော်လည်း များစွာမကြာလိုက်လဲ သူ၏အသိအမြင်က မလုံလောက်သေးကြောင်း ခံစားလိုက်ရသည်။ မျက်ကန်းနှင့် ကျန်ရှိသူများ၏ အနိုင်ရနိုင်ခြေကို သူ တွက်မရတော့ပေ။
သူ သိုင်းကွက်ထုတ်လွှတ်သင့်သည့် ထောင့်ချိုးနှင့် အောင်မြင်နိုင်ခြေကို တွက်ပြီးသော် တမုဟုတ်ချင်း လှုပ်ရှားလိုက်သည်။ ရေနဂါးများက သူ၏ခန္ဓာကိုယ်ကို ရစ်သိုင်းကာ သူတို့၏မှော်စွမ်းအင်အား သူ့ကိုယ်ထဲ ပို့လွှတ်လိုက်ကြသည်။
ချင်မူ၏အရှိန်အဝါက ကြောက်ခမန်းလိလိ ထောင်တက်သွားပြီး သူ၏ခန္ဓာကိုယ်က ရှည်ထွက်လာသည်။ သူ၏မှော်စွမ်းအင်က ပိုမိုအားကောင်းလာကာ နဂါးကြေးခွံများလည်း သူ၏အရေပြားပေါ်၌ လျင်မြန်စွာ ပေါက်လာသည်။
သူ၏သူငယ်အိမ်ထဲ၌ အလွှာများ ထပ်မံဖွဲ့တည်လာသည်။ သူ ကောင်းကင်ကိုးဆင့်မျက်လုံး ကျင့်စဉ်အား အမြင့်ဆုံးအထိ ထုတ်လွှတ်လိုက်၏။
သူက ကောင်းကင်မျက်လုံးဖြင့် တိုက်ပွဲကို စောင့်ကြည့်၍ အဆင့်မြင့်သင်္ချာဖြင့် တွက်ချက်နေသည်။
‘ရှင်းအန်းမှာ ဟာကွက်တစ်ကွက် ရှိတယ်။ သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေက သဟဇာတမဖြစ်တော့ဘဲ တစ်ခုကို တစ်ခု ဆန့်ကျင်နေတယ်’
သူ့မျက်လုံးများ လင်းလက်သွားပြီး သူ၏စိတ်အာရုံက ယွီကျောက်ချင်းနှင့် လှမ်းဆက်သွယ်လိုက်သည်။ ထို့နောက် သူမက ဦးနှောက်လှိုင်းများဖြင့် မျက်ကန်း၊ လီထျန်းရှင်နှင့် ဧကရာဇ်ယန်ဖုန်းတို့ထံ အကြောင်းကြားလိုက်သည်။
တောင်၏ လမ်းတစ်ဝက်တွင် ချင်မူ ရပ်၍ ဒူးကွေးထိုင်လိုက်သည်။ သူ့ကိုယ်ပေါ်ရှိ ရေနဂါးများ မှော်စွမ်းအင်ကို တရှိန်ထိုး ပို့လွှတ်နေ၍ သူ၏အရှိန်အဝါလည်း ကြောက်မက်ဖွယ်ရာကောင်းနေသည်။
ရွှင်ပျော်ပျော်ဓားလက်ကိုင်ကို ကိုင်ထားသည့် ချင်မူ့လက် လှုပ်ရှားလိုက်သည့်အခါ ဓားရောင်များ မိုးမြေတစ်ခွင် ပြည့်နှက်သွားသည်။
သူ့ခြေထောက်မှ ခွန်အားများ ပေါ်ထွက်လာပြီး ထော့ကျိုးနီးပါး မြန်လာ၏။
အုန်း
ချင်မူ ဖြတ်သွားသော နေရာတွင်းတွင် ပန်းချီကားဆီ ဦးတည်လျက် ရွေ့လျားနေသော ပုံရိပ်များ ထပ်လျက် ကျန်ရစ်ခဲ့သည်။
ပန်းချီကားဆီ သူ ရောက်သည့်အချိန်တွင် ရွှင်ပျော်ပျော်ဓား၏ ဓားရောင်က ခြစ်ခြစ်တောက်ပူနေပြီ ဖြစ်သည်။
သူ၏အမြန်ဆုံး အမြင့်ဆုံးအထိ ရောက်သွားပြီး ရွှင်ပျော်ပျော်ဓားက လွန်သွားကြီးပမာ ပန်းချီကားကို ထိုးဖောက်လိုက်သည်။
ဓားက ရှင်းအန်း၏ ရင်ဘတ်ကို ထိုးဖောက်လိုက်၍ သူ့ကို ပန်းချီကားထဲမှ ထိုးကော်ထုတ်လိုက်သည်။ ရှင်းအန်၏ ရင်ဘတ်တစ်ခုလုံး စုတ်ပြတ်သွားသည်။
တစ်ချိန်တည်းမှာပင် မျက်ကန်း၏လှံချက် ရောက်လာသည်။ မဟူရာနဂါးလှံလုံထောင်က ရှင်းအန်း၏ ကျောကို ထိုး၍ ရင်ဘတ်မှ ဖောက်ထွက်လာသည်။
ဧကရာဇ်ယန်ဖုန်းနှ့င် လီထျန်းရှင်က နဂါးကိုးကောင်တောင်ဖြိုလက်ဝါးသိုင်းနှင့် မဟာကြယ်ခြုံလွှမ်းလက်ဝါးသိုင်းတို့ဖြင့် ရှင်းအန်၏ ဘယ်နားထင်နှင့် ညာနားထက်ကို တစ်ပြိုင်တည်း ရိုက်ချလိုက်ရာ အဖျက်စီးအားလှိုင်းက သူ၏ဦးနှောက်ဆီ တဟုန်ထိုး ဝင်ရောက်သွားသည်။
ထိုအခိုက်အတန့်တွင် ယွီကျောက်ချင်း၏ ခန္ဓာကိုယ်မှ အလင်းတန်းများ ထွက်လာပြီး ရှင်းအန်း၏ခြေထောက်ထဲ စိုက်ဝင်ကာ သူ့ကို မြေကြီးနှင့် တွဲထားလိုက်သည်။
“ပြီးသွားပြီလား”
အကုန်လုံး စိတ်သက်သာရာရသွားကြသည်။ ဤတိုက်ပွဲတွင် ယွီကျောက်ချင်း၏ အခန်းကဏ္ဍက အရေးပါဆုံးဖြစ်သည်။ သူမ၏ညွှန်ကြားမှုမှတစ်ဆင့် လီထျန်းရှင်၊ ဧကရာဇ်ယန်ဖုန်းနှင့် မျက်ကန်းတို့ တစ်ပြိုင်တည်း လှုပ်ရှားကာ အရက်စက်ဆုံးသိုင်းကွက်များဖြင့် ရှင်းအန်းကို တစ်ချက်တည်း သတ်ပစ်နိုင်ခဲ့၏။
“ဟီးဟီးဟီး မဆိုးဘူး”
ဓားနှင့်လှံဖြင့် ထိုးစိုက်ခံခဲ့ရသော ရှင်းအန်က ရုတ်တရက် ထချီးကျူးလိုက်သည်။ သူ၏နှုတ်ခမ်းထောင့်နှင့် ဒဏ်ရာဒဏ်ချက်များမှ သွေးများ စီးကျနေသော်လည်း တခဏသာ ဖြစ်သည်။ သွေးတို့က အသက်ရှင်နေသည့်အလား သူ့ကိုယ်ထဲ ပြန်ဝင်သွားကြသည်။
“မဆိုးဘူး”
ရှင်းအန်းက အူလှိုက်သည်းလှိုက် အော်ရယ်လိုက်၍ ချင်မူ မျက်နှာအကြီးအကျယ် ပြောင်းလဲသွားသည်။ သူ ကပျာကယာ ဓားထုတ်လိုက်သော်လည်း ထိုအခိုက်အတန့်တွင် ရှင်းအန်းက လက်ဆန့်တန်းကာ သူ့အား တောက်ထုတ်လိုက်သည်။ ချင်မူ့တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး နဂါးများလည်း နာကျင်စွာ အော်ဟစ်ကာ သူ့ကိုယ်ပေါ်မှ ကွာကျသွားသည်။
ချင်မူ၏ခွန်အား တရှိန်ထိုး ကျဆင်းသွားသည်။ မျက်ကန်းက လှံကို ဝင့်၍ ရှင်းအန်းကို ကော်ထိုးကာ ချင်မူ့အား ကယ်လိုက်သည်။ ရှင်းအန်းက လက်ဆန့်ထုတ်ပြီး လုံထောင်ကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သဖြင့် မျက်ကန်းလက်မှ မီးပွားများ ထွက်လာသည်။ ပြန်ကန်ထွက်လာသော လုံထောင်၏ ပွတ်တိုက်မှုကြောင့် သူ့လက်ဝါးအသားများ ဖွာလန်သွားသည်။ လုံထောင်က သူ့ရင်ဘတ်ထဲ စိုက်မိတော့မည်ကို မြင်လျှင် အနက်ရောင်နဂါးအသွင် ပြန်ပြောင်းပြီး သူ့ကို ရစ်ပတ်လိုက်သည်။ ရှင်းအန်း၏ စွမ်းအားကြောင့် လုံထောင်၏တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ခါနေ၏။
ကောင်းကင်လှံလုံထောင်၏ အရိုးများမှ နဂါးတွန်သံများ ထွက်ပေါ်လာသည်။ ထိုအခါမှ ရှင်းအန်း၏စွမ်းအားကို သူ ခါထုတ်လိုက်နိုင်သည်။ အနက်ရောင်အရိုးနဂါးက ခေါင်းထောင်၍ မျက်ကန်းကို တင်းကြပ်စွာ ရစ်ပတ်လိုက်သည်။
ရှင်းအန်း မြေကြီးပေါ် ဘုန်းခနဲ ပြုတ်ကျသွားသည်။ သူ့ရင်ဘတ်မှာ ချင်မူ့ဓားနှင့် မျက်ကန်း၏လှံကြောင့် အပေါက်အကြီးကြီးနှစ်ပေါက် ပေါက်နေ၏။
လီထျန်းရှင်းနှင့် ဧကရာဇ်ယန်ဖုန်း၏ လက်ဝါးရိုက်ချက်ကြောင့်လည်း သူ့ခေါင်းမှ ပြားလုနီးပါး ဖြစ်နေသည်။ သူ့ခြေထောက်တွင်မူ ယွီကျောက်ချင်း၏ သိုင်းကွက်ကြောင့် အပေါက်ဆယ်ပေါက်ကျော် ရှိနေသည်။
“မင်းတို့တွေ တကယ် မဆိုးဘူး” ဘေးနှစ်ဖက်မှ အရိုက်ခံထားရသည့်အတွက် ရှင်းအန်း၏ မျက်နှာက ရှည်မျောမျောကြီး ဖြစ်နေသည်။ သူ့မျက်နှာကလည်း ပုံပျက်ဆင်းပျက် အရုပ်ဆိုးနေ၏။ သို့သော် သူက ရိုးရိုးသားသား ပြုံးနေသေးသည်။ “မင်းတို့ကောင်တွေအတွက် ငါ့ခွန်အားအပြည့် ထုတ်ဖို့ တန်တယ်”
ဒုန်း
သူ သယ်ထားသည့် သေတ္တာ ပွင့်လာပြီး ခေါင်းသုံးခေါင်း ပျံထွက်လာသည်။ ရှင်းအန် သူ့ခေါင်းကို ဖြုတ်လိုက်သည့်အခါ ခေါင်းသုံးခေါင်းက သူ့လည်ပင်းပေါ် ကျလာပြီး လှုပ်ခါလိုက်၏။
ပြားနေသော ခေါင်းထဲမှ ကောင်းကင်မျက်လုံးများက ခေါင်းသုံးလုံးအနက်မှ တစ်ခေါင်း၏ မျက်လုံးနေရာသို့ ဝင်သွားသည်။
ထို့နောက် သေတ္တာထဲမှ လက်လေးချောင်း ထွက်လာပြီး သူ၏ချိုင်းအောက်၌ ဆက်သွားသည်။
ရှင်းအန် ၎င်းတို့ကို လှုပ်ရှားလိုက်သည့်အခါ လက်တစ်ဖက်က အဖောက်ခံလိုက်ရသော နှလုံးသားကို ဆွဲထုတ်၍ အသစ်လဲလိုက်သည်။ ထို့နောက် သူက ထက်ပိုင်းပြတ်သွားသည့် နံရိုးများကို ထုတ်ကာ ခေါင်းယမ်းလိုက်၏။ “ငါ မင်းတို့အားလုံးကို သတ်ရင်တောင်မှ အရှုံးတော့မရှိဘူးလို့ပဲ ပြောနိုင်တော့တယ်။ မင်းတို့က မဆိုးဘူး။ စုထားဖို့ တန်တယ်”
မျက်ကန်း အမူအရာပြောင်းလဲသွားပြီး သူက လေကို ဖမ်းဆုပ်လိုက်သည်။ လုံထောင်က တမုဟုတ်ချင်း သူ့လက်ထဲ ရောက်လာကာ အနက်ရောင်လှံအသွင် ပြန်ပြောင်းလိုက်သည်။ မျက်ကန်းက အလေးအနက် အော်လိုက်သည်။ “ငါတို့ သူ ပြောင်းပြီးသွားတဲ့အချိန်အထိ စောင့်နေလို့မဖြစ်ဘူး”
သူ့လက်ထဲရှိ လှံကြီးက တဟုန်ထိုး ထိုးခွင်းသွားသည်။ ဧကရာဇ်ယန်ဖုန်းနှင့် လီထျန်းရှင်ကလည်း ဘယ်နှင့် ညာမှ လိုက်သွားသည်။ ယွီကျောက်ချင်းလည်း အစွမ်းကုန် ထုတ်လိုက်သည့်တိုင် ရှင်းအန်းက အေးအေးလူလူပင်။ သူ့လက်နှစ်ဖက်ဖြင့် ပျက်စီးနေသော ခန္ဓာကိုယ်ကို ဆက်လက်ပြောင်းလဲနေသည်။
အုန်း
ဧကရာဇ်ယန်ဖုန်း လက်သီးချက်များစွာ ခံလိုက်ရပြီး လွင့်ထွက်သွားသည်။ ရှင်းအန်း၏ လက်တစ်ဖက်က လုံထောင်၏ ထိပ်ဖျားကို ဆုပ်ကာ မျက်ကန်းကို ကောင်းကင်ယံသို့ ပစ်ပေါက်လိုက်၏။
ခေါင်းနှစ်ခေါင်းက ပါးစပ်ဟ၍ ကျယ်လောင်စွာ ဟိန်းလိုက်ကြသည်။ အသံလှိုင်းများက ယွီကျောက်ချင်းကို ရိုက်ခတ်လိုက်သဖြင့် သူမနှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။ သူမ၏အသိစိတ်အလျဉ် ဖရိုဖရဲ ဖြစ်သွားပြီး သူမ ကောင်းကင်မှ ပြတ်ကျလာသည်။
လီထျန်းရှင်၏လက်ဝါးက ရှေ့ဆက်တိုးဝင်သွားသော်လည်း သူ မြင်လိုက်ရသည်မှာ ခန္ဓာကိုယ်အစိတ်အပိုင်း ပြောင်းလဲပြီးသွား၍ သူ့ကို မျက်နှာချင်းဆိုင်လိုက်သော ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ရှင်းအန်းဖြစ်သည်။
‘ငါ ဘယ်လိုလုပ် တိုက်ခိုက်နိုင်တော့မှာလဲ’ သူ မည်သည်ကိုမှ မတွေးတတ်တော့ပေ။
“ဂိုဏ်းသခင်လီ၊ မင်းက တာအိုနှလုံးသားထဲမှာ မိစ္ဆာမျိုးစေ့ ချထားတာမလား” ရှင်းအန်၏ မျက်နှာသုံးဖက်က ထူးဆန်းစွာ ပြုံးပြသည်။ မျက်နှာတစ်ခုစီက မတူပေ။ ယောက်ျား၊ မိန်းမမျက်နှာနှစ်မျိုးလုံး ပါပြီး အသက်ကြီးသည့်ခေါင်းက အသက်ကြီးကာ၊ အသက်ငယ်သည့်ခေါင်းက အသက်ငယ်သည်။ “အဲ့ဒါက ချိုးဖျက်ရတာ လွယ်တယ်။ မင်း သေရင် ငါ ဒီခန္ဓာကိုယ်ကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားပါ့မယ်”