အရှေ့ပင်လယ်က ဂိုဏ်းတူညီကို
Vol. 18 Ch. 251
ဟန်မူယဲ့သည် အမွေအနှစ်စံအိမ်အနီးသို့ ရောက်တော့မည့်အချိန်တွင် ခပ်ပြတ်ပြတ်အော်သံတစ်ချက် ကြားလိုက်ရပြီး ဓားအလင်းတစ်ခု သူ့ဘေးမှ တိုးဝင်လာ၏။
“ခလွမ်”
ဟန်မူယဲ့က လက်မြှောက်လျှက် ဓားအလင်းကို ကာလိုက်သည်။
“အမ်”
ဓားကို ဆွဲထုတ်လိုက်သောလူက အံ့အားသင့်စွာ အသံပြုလိုက်သည်။ ဓားအလင်းသည် ပြောင်းလဲမသွားဘဲ တစ်ချက်တွန့်ကွေးသွားပြီး ဟန်မူယဲ့၏ ရင်ဘတ်ထံသို့ ဆက်လက်တိုးဝင်လာသည်။
ဟန်မူယဲ့၏ လက်ထဲတွင် ရှိနေသော ကံကြမ္မာဓားသည် တုန်ခါသွား၏။ သူက ဓားသွားကို ရှေ့တိုးလျှက် ဓားအလင်းကို ထိုးချလိုက်သည်။
“ကောင်းလိုက်တဲ့ ဓားနည်းစနစ်”
ခပ်ပြတ်ပြတ်အော်သံတစ်ချက်ပေးလိုက်ပြီးနောက် ပေသုံးဆယ်အကွာတွင် အစိမ်းရောင်ဝတ်စုံနှင့် ဓားကိုင်ထားသောလူငယ်တစ်ယောက် ပေါ်လာသည်။
ထိုလူ၏ ခန္ဓာကိုယ်ထဲမှ သိပ်သည်းလှသောဓားဆန္ဒများ ပေါ်ထွက်နေသည်။ သူ့ကျင့်ကြံဆင့်သည် အခြေခံအုတ်မြစ်၏ အထက်တွင်ရှိပြီး ကမ္ဘာမြေအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။
“အနောက်ဘက်နယ်စပ်ကုန်းမြေကို ကျုပ် ရောက်လာကတည်းက ဓားတစ်ချက်တည်းနဲ့ ကျုပ်ကို နောက်ဆုတ်သွားအောင်လုပ်နိုင်တာ မင်းတစ်ယောက်ပဲ ရှိသေးတယ်”
လူငယ်က တိုက်ခိုက်လိုစိတ်ပြည့်နေသော မျက်နှာဖြင့် ဟန်မူယဲ့ကို စိုက်ကြည့်နေသည်။
သူက လက်မြှောက်လိုက်ပြီး ဟန်မူယဲ့ကို ဓားဖြင့် ချိန်ရွယ်လျက် ခပ်ဟဟရယ်သည်။
“ဓားချက်သုံးချက်၊ မင်းက ကျုပ်ရဲ့ဓားချက်သုံးချက်ကို ခုခံနိုင်ရင် ကျုပ်မိတ်ဆွေဖြစ်ဖို့ အဆင့်မီတယ်”
တစ်ယောက်ယောက် ဟန်မူယဲ့ကို ဓားဖြင့် ညွှန်ထားကြောင်း မြင်လိုက်ရသောအခါတွင် လုကောက ရှေ့ထွက်လာသည်။ သို့သော်လည်း ဟန်မူယဲ့က လက်မြှောက်ပြီး သူ့ကို တားလိုက်သည်။
“ကျုပ်ကလည်း မင်းရဲ့ဓားပညာကို စိတ်ဝင်စားပါတယ်”
ဟန်မူယဲ့က လက်ထဲတွင် ရှိသော အစိမ်းရောင်ကံကြမ္မာဓားကို မြှောက်လိုက်သည်။
“ဟမ် ....”
ချက်ချင်းဆိုသလို မရေမတွက်နိုင်လောက်သောဓားချီများသည် ကြယ်တာရာလေပြင်းအဖြစ်သို့ ပြောင်းလဲသွား၏။
ဓားထွက်ပေါ်မလာမီကပင် ဓားဆန္ဒများသည် အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ထိတွေ့သွား၏။
ဟန်မူယဲ့၏ နောက်တွင်ရပ်နေသော ခေါင်းဆောင်တောက်ရင်က မျက်မှောင်ကြုတ်လျက် ပြောသည်။
“ဒီဓားဆန္ဒက တောင်တန်းနဲ့ပင်လယ်လိုပဲ လှုပ်ရှားနေတယ်။ ဒါက ငါတို့အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ဓားလမ်းစဉ်မဟုတ်ဘူး”
“အရှေ့ပင်လယ်ဓားကျင့်ကြံသူ၊ ကျုပ်က မင်းတို့အရှေ့ပင်လယ်ရဲ့ ဓားနည်းစနစ်ကို စိတ်ဝင်စားသွားပြီ။”
ဟန်မူယဲ့က အစိမ်းရောင်ကံကြမ္မာဓားဖြင့် ချိန်ရွယ်လိုက်သည်။ ရွှေရောင်အလင်းတစ်ခုသည် လူငယ်၏ ရှေ့သို့ ချက်ချင်းရောက်သွားသည်။
ဟန်မူယဲ့က အရှေ့ပင်လယ်ဓားကျင့်ကြံသူများနှင့် မတိုက်ခိုက်ဘူးသော်လည်း ဓားစံအိမ်တွင် ရှိသောဓားတချို့သည် အရှေ့ပင်လယ်မှ ရောက်လာခြင်း ဖြစ်သည်။
ထို့ကြောင့် သူသည် အရှေ့ပင်လယ်ဓားနည်းနစ်များကို မြင်ဖူး၏။
ထိုဓားနည်းစနစ်သည် ကျယ်ပြန့်ပြီး အကန့်အသတ်မရှိပေ။
အရှေ့ပင်လယ်ဓားအမွေအနှစ်ကို အသက်သွင်းလိုက်သောအခါတွင် ဓားအလင်းသည် အဆုံးမရှိ ထွက်ပေါ်လာလိမ့်မည်။
“ကောင်းတယ်…”
ရှေ့မှ ထွက်ပေါ်လာသောဓားချီကို မြင်လိုက်ရသောအခါတွင် လူငယ်က အော်ဟစ်လိုက်ပြီး လက်ထဲတွင် ရှိသောဓားကို လှိုင်းလုံးများသဖွယ် အသွင်ပြောင်း၍ ဝှေ့ယမ်းခုတ်ချသည်။
“ဘမ်း....”
ဓားအလင်းသည် မြင့်တက်လာသောလှိုင်းလုံးများကဲ့သို့ ပေတစ်ရာမြင့်သောကျောက်ဆောင်ကို ဝင်တိုက်လိုက်ပြီး ၎င်းအား တုန်ခါသွားစေသည်။
လူငယ်က ခြေတစ်လှမ်းဆုတ်လိုက်ပြီး တောက်ပသောမျက်လုံးများနှင့်အတူ ဟန်မူယဲ့ကို ကြည့်သည်။
“မတုံ့ပြန်ရင် ရိုင်းသွားမှာပေါ့။ ကျုပ်ဓားကို ကြည့်လိုက် ....”
သူ စကားပြောပြီးသောအချိန်တွင်ပင် ဓားအလင်းမှာ လှုပ်ရှားလာသည်။
တောက်ပနေသောဓားအလင်းသည် အေးစက်နေသော ပင်လယ်ရေတစ်စက်ကဲ့သို့ ရှေ့သို့ တိုးဝင်လာ၏။
ဓားအလင်းသည် ဓားသွားထက်တွင် ပေါ်လာသောအခါ ချက်ချင်းဆိုသလို လှိုင်းလုံးအဖြစ် ပြောင်းလဲသွားသည်။
ထိုလှိုင်းလုံးသည် ကောင်းကင်ကြီးပြိုကျလာသကဲ့သို့ ဟန်မူယဲ့ထံသို့ ရောက်လာ၏။
ထိုဓားနည်းစနစ်မျိုးသည် မဟာတာအိုနှင့် ပေါင်းစပ်နေသော အရိပ်အယောင်ရှိသည်။
“မဆိုးဘူးပဲ။ ပင်လယ်လှိုင်းလုံးတွေနဲ့ တူတယ်”
ဟန်မူယဲ့က ခပ်ဟဟရယ်မောလျက် လက်ထဲတွင် ရှိသောဓားဖြင့် ညွှန်လိုက်သည်။ ဓားအလင်းက လှိုင်းလုံးကို နောက်ဆုတ်သွားစေသည်။
မျက်နှာချင်းဆိုင်တွင် ရှိနေသောလူငယ်က ကြောင်အသွားသည်။
သူ့ဓားချက်ကို ရိုးရှင်းစွာပြန်တွန်းထုတ်နိုင်မည်ဟု မျှော်လင့်မထားပေ။
“ဘုန်း ....”
လှိုင်းလုံး ကျဆင်းလာပြီး သူက တုန်ခါလျက် နောက်ဆုတ်လိုက်ရသည်။
ရေစက်များက မရေမတွက်နိုင်သောဓားချီအဖြစ် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်မှာ သောင်းကျန်းနေသည်။
အေးစက်နေသောဓားအလင်းသည် ပူလောင်နေသောကျောက်တုံးများနှင့် တိုက်မိသွားပြီး ဖုန်မှုန့်များကို ကောင်းကင်တွင် ပြည့်သွားစေသည်။
ထိုဓားချက်၏ စွမ်းအားမှာ မိုင်ဆယ်ချီသောတောင်တန်းများကို ခုတ်ဖြတ်ပစ်နိုင်သည်။
သို့သော်လည်း ဟန်မူယဲ့နှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသောလူငယ်က ထိန်းချုပ်ထားပြီး ခွန်အားများကို ဓားနည်းစနစ်ထဲတွင်သာ ထည့်သွင်းထား၏။
အနောက်ဘက်နယ်စပ်ကုန်းမြေမှာ မော့ယွမ်လို့ခေါ်တဲ့ ဓားကျင့်ကြံသူတစ်ယောက်ရှိတယ်။ မင်းသူ့ကိုသိလား”
မျက်နှာပေါ်မှာ ဖုန်မှုန့်များနှင့် ပြည့်နေသော ဆံပင်စည်းမထားသည့်လူငယ်က ဆယ်ပေအကွာမှာ ဆင်းသက်လိုက်သည်။ သူက ဟန်မူယဲ့ကိုစိုက်ကြည့်လျက် လေးနက်စွာ ပြောသည်။
‘မော့ယွမ်လား’
လုကောနှင့် ခေါင်းဆောင်တောက်ရန်တို့၏ အမူအရာက ထူးဆန်းနေသည်။ သူတို့က မော့ယွမ်၏နာမည်ကို ကြားဖူးသည်။
ဟန်မူယဲ့သည် မော့ယွမ်၏ တပည့်ဖြစ်ပြီး ဓားတစ်သောင်းတို့အိမ်အပြန်နည်းစနစ်ကို သူ့ဆီမှ သင်ယူခဲ့ကြောင်း သူတို့သိထားသည်။
ဟန်မူယဲ့က ခပ်ဟဟရယ်သည်။
“ကြည့်ရတာ ဆရာမော့ယွမ်က အရှေ့ပင်လယ်ကို လုံလုံခြုံခြုံရောက်သွားတဲ့ပုံပဲ”
ဟန်မူယဲ့က မော့ယွမ်ကို ဆရာဟုခေါ်လိုက်ကြောင်း ကြားရသောအခါတွင် လူငယ်က ပါးစပ်အဟောင်းသားဖြစ်နေပြီး သက်ပြင်းချလိုက်သည်။
“မအံ့သြတော့ပါဘူး ....”
“မင်းက မော့ယွမ်ပြောတဲ့ ဟန်မူယဲ့ပဲဖြစ်လိမ့်မယ်”
ဟန်မူယဲ့က ခေါင်းညိတ်သည်။
သူက တိုက်ရိုက်တပည့်ဟု မော့ယွမ်ကပြောထားလျှင် သူ ဝန်ခံလိုက်ပေမည်။
လူငယ်က တုန်ခါသွားပြီး ကိုယ်လုံးပေါ်မှာ ရှိသော ဖုန်မှုန့်များကို ခါထုတ်သည်။ ထို့နောက် ဟန်မူယဲ့ကို ဦးညွှတ်ပြီး ပြောသည်။
“အရှေ့ပင်လယ်ရဲ့ရှောက်ယိုစွန်းက ဆရာတူအစ်ကိုဟန်မူယဲ့ကို နှုတ်ဆက်ပါတယ်”
“ကျွန်တော်က ဆရာမော့ယွမ်ရဲ့အမည်ခံတပည့်ပါ”
‘မော့ယွမ်က အရှေ့ပင်လယ်မှာ တပည့်လက်ခံခဲ့တာလား’
ဟန်မူယဲ့က ရှောက်ယိုစွန်းကို အံ့အားသင့်စွာကြည့်သည်။
‘မော့ယွမ်က အရှေ့ပင်လယ်ကိုသွားတာ သိပ်မကြာသေးဘူး။ အခု နာမည်ကြီးနေပြီလား’
“အဟွတ် အဟွတ်၊ ဆရာတူအစ်ကိုဟန်၊ ဆရာမော့ယွမ်က အရှေ့ပင်လယ်မှာ သူ့ဓားနဲ့ ဓားတစ်သောင်းတို့အိမ်အပြန်နည်းစနစ်ကို အသုံးပြုပြီး လျှောက်ရမ်းနေတယ်။ အဲဒီဓားနည်းစနစ်ကိုသင်ချင်တဲ့လူတိုင်းက သူ့တပည့်ဖြစ်လာနိုင်တယ်”
“ဆရာမော့ယွမ်က တိုက်ရိုက်တပည့်ကိုတော့ လက်မခံဘူး။ သူက အမည်ခံတပည့်တွေကိုပဲ လက်ခံတယ်”
ရှောက်ယိုစွန်းက ဟန်မူယဲ့ကိုမော့ကြည့်လျက် တီးတိုးပြောသည်။
“ဆရာမော့ယွမ်က အနောက်ဘက်နယ်စပ်ကုန်းမြေမှာ တိုက်ရိုက်တပည့်တစ်ယောက်ကို လက်ခံခဲ့တယ်လို့ ပြောတယ်။ သူက တိုက်ရိုက်တပည့်တွေ လက်မခံတော့ဘူးတဲ့”
‘ငါသိပြီ’
ဟန်မူယဲ့က ခေါင်းညိတ်သည်။
မော့ယွမ်က အရှေ့ပင်လယ်သို့ ရောက်သွားလျှင် သက်ဆိုင်ရာနေရာသို့ ရောက်သွားသလိုဖြစ်နေပေလိမ့်မည်။ သို့သော်လည်း သူက ဓားတစ်သောင်းတို့အိမ်အပြန်နည်းစနစ်ဖြင့် အရှေ့ပင်လယ်ကို လွှမ်းမိုးထားလိမ့်မည်ဟု သူ ထင်မထားမိပေ။
သို့သော်လည်း တွေးကြည့်လိုက်ပါက ဓားနည်းစနစ်များစွာကို ကြုံတွေ့လေလေ ဓားတစ်သောင်းတို့အိမ်အပြန်နည်းစနစ်မှာ ပို၍ သန်မာလေလေ ဖြစ်ပေလိမ့်မည်။
သူက အရှေ့ပင်လယ်ရှိ လူအားလုံးကို စိန်ခေါ်ပြီးသွားသောအခါတွင် ဓားတစ်သောင်းကို တစ်ခုတည်းအဖြစ်စုစည်း၍ ထိုဓားနည်းစနစ်ကို အထွတ်အထိပ်သို့ ရောက်အောင် မြှင့်တင်နိုင်လိမ့်မည်။
“ဆရာတူအစ်ကိုဟန်၊ ဆရာမော့ယွမ်ကြောင့် အနောက်ဘက်နယ်စပ်ကုန်းမြေမှာ ခင်ဗျားကို စိန်ခေါ်ချင်တဲ့လူတွေ အများကြီးရှိတယ်”
ရှောက်ယိုစွန်းက ပြုံးလျက် ဟန်မူယဲ့ကိုပြောသည်။
‘ကျုပ်ကို စိန်ခေါ်မှာလား’
ဟန်မူယဲ့က ဂုဏ်ယူမှုများကို ဖော်ပြလိုက်ပြီး မျက်လုံးထဲတွင် ယုံကြည်ချက်များ ဖြတ်ပြေးသွားသည်။
ယခုအချိန်တွင် သူ့ခန္ဓာကိုယ်က ဓားတစ်ချောင်းကဲ့သို့ ဖြောင့်မတ်နေသည်။
“အဲဒီလိုဆိုမှတော့ ကျုပ်က ဆရာမော့ယွမ်ရဲ့ဂိုဏ်သတင်းကို ဖျက်ဆီးပစ်မှာမဟုတ်ဘူး”
ရှောက်ယိုစွန်းက ဟန်မူယဲ့ကိုမော့ကြည့်လျက် ခေါင်းညိတ်သည်။
ဟန်မူယဲ့၏ဓားနည်းစနစ်က သူခန့်မှန်းထာသည်ထက် ပိုမိုနက်ရှိုင်းသည်။
အနောက်ဘက်နယ်စပ်ကုန်းမြေနှင့် အရှေ့ပင်လယ်ရှိ ရွယ်တူများကြားတွင် ဟန်မူယဲ့သည် ဓားတစ်ချက်ဖြင့် သူ့ကိုနောက်ဆုတ်သွားစေနိုင်သော ပထမဆုံးလူဖြစ်သည်။
သူက မော့ယွမ်နှင့် ဆက်နွယ်နေသောကြောင့် သူတို့ကြားရှိဆက်သွယ်ရေးက အတော်လေးချောမွေ့နေသည်။
ရှောက်ယိုစွန်းက သူ့ဆရာ၏ အမိန့်ကြောင့် အနောက်ဘက်နယ်စပ်ကုန်းမြေသို့လာပြီး နေမင်းရောင်ဝါနန်းတော်၏ အခြေအနေကို လာရောက်စစ်ဆေးခြင်း ဖြစ်သည်ဟု ရှင်းပြ၏။
“ဆရာတူအစ်ကိုဟန်က အချိန်ကိုက်ရောက်လာတာပဲ။ ဆရာမော့ယွမ်က ထန်တောင်ကုန်းဓားဂိုဏ်းကို ဧည့်သည်အကြီးအကဲအဖြစ်နဲ့ ဝင်ရောက်ခဲ့တယ်”
“ခင်ဗျားက သူ့တပည့်ရင်းဆိုတော့ ထန်တောင်ကုန်းဓားဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ဝက်အဖြစ် ယူဆနိုင်တယ်”
ရှောင်ယိုစွန်းက ဟန်မူယဲ့၏နောက်မှာ ရှိသော ခေါင်းဆောင်တောက်ရင်နှင့် လုကောကို ကြည့်လိုက်သည်။ သူက တိုးတိုးလေးပြောသည်။
“ကျွန်တော်တို့ထန်တောင်ကုန်းဓားဂိုဏ်းက အရှေ့ပင်လယ်ရဲ့ ထိပ်တန်းဓားဂိုဏ်းတစ်ခုပဲ။ ကျွန်တော်တို့ဂိုဏ်းမှာ သန်းချီနေတဲ့တပည့်တွေနဲ့ ကောင်းကင်ဘုံအဆင့်ကျင့်ကြံသူ ၁၃ယောက်ရှိတယ်”
ကောင်းကင်ဘုံအဆင့် ၁၃ယောက်…။
အရှေ့ပင်လယ်၏ထိပ်တန်းဓားဂိုဏ်းက အနောက်ဘက်နယ်စပ်ကုန်းမြေရှိ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူအားလုံးထက် ပိုသန်မာနေသည်။
ထိုခွန်အားကြောင့် ခေါင်းဆောင်တောက်ရင်က တုန်ခါသွားသည်။
ဟန်မူယဲ့က အရှေ့ပင်လယ်၏ အခြေအနေကို သိထားသည်။
ဓားတာအို၊ ဓားလမ်းစဉ်…။
အရှေ့ပင်လယ်တစ်ခုလုံးမှာ ဂိုဏ်းကြီး လေးဂိုဏ်း ငါးဂိုဏ်းခန့်သာ ရှိပြီး တစ်ကိုယ်တော်ကျင့်ကြံသူများ အမြောက်အများ ရှိသည်။
အရှေ့ပင်လယ်ကျင့်ကြံသူများ၏ အကြီးမားဆုံးရန်သူက အရှေ့ပင်လယ်မိစ္ဆာများ ဖြစ်ကြသည်။
ရေအမျိုးအစားမိစ္ဆာများထဲတွင် ကျွမ်းကျင်သူအများအပြားရှိသည်။
အလယ်ပိုင်းကုန်းမြေ၏ ဖိနှိပ်မှုကြောင့်မဟုတ်လျှင် အရှေ့ပင်လယ်ကျင့်ကြံသူများက အရှေ့ပင်လယ်ရေမိစ္ဆာများကို ဖိနှိပ်နိုင်မည်မဟုတ်ပေ။
ထန်တောင်ကုန်းဓားဂိုဏ်းက အရှေ့ပင်လယ်၏ ဂိုဏ်းကြီးများထဲမှ တစ်ဂိုဏ်းဖြစ်သည်။ သို့သော်လည်း ရေမိစ္ဆာများ၏လက်ထဲမှ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရုံသာ ရှိသည်။
ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူ ၁၃ယောက်ရှိသော်လည်း အများစုသည် ရေမိစ္ဆာများကို တိုက်ခိုက်နေရသည်။
သူက ထိုအချက်အလက်များကို ဓားစံအိမ်၏ဒုတိယထပ်မှာ ရှိသော ဓားနှစ်လက်ဆီ၌ တွေ့မြင်ဖူး၏။
“ထန်တောင်ကုန်းဓားဂိုဏ်းနဲ့ နေမင်းရောင်ဝါနန်းတော်တို့က မျိုးဆက်တူညီပြီး လျှို့ဝှက်နေရာတစ်ခုကို အတူတူစောင့်ရှောက်ခဲ့တယ်”
“နောက်ပိုင်းမှာတော့ နေမင်းရောင်ဝါနန်းတော်က ကပ်ဘေးကြီးတစ်ခုကို ကြုံတွေ့ပြီးနောက် အနောက်ဘက်နယ်စပ်ကုန်းမြေမှာ ရှိတဲ့ ဂိုဏ်းအမွေအနှစ်က ပြတ်တောက်လုနီးပါးဖြစ်သွားခဲ့တယ်”
“လျှို့ဝှက်နေရာကိုစောင့်ရှောက်ဖို့အတွက် ကျွန်တော်တို့ထန်တောင်ကုန်းဓားဂိုဏ်းပဲ ကျန်ခဲ့တဲ့အတွက် အတော်လေးခက်ခဲသွားတယ်”
“ဒီနှစ်တွေမှာ ကျွန်တော်တို့က လျှို့ဝှက်နေရာကို လက်လွှတ်လိုက်ရပြီ”
“နေမင်းရောင်ဝါနန်းတော်စောင့်ကြပ်ခဲ့တဲ့နေရာမှာ လျှို့ဝှက်ချိပ်စည်းတွေများ ရှိမလားဆိုပြီး မကြာခဏစစ်ဆေးကြည့်ဖို့တော့ လိုအပ်သေးတယ်”
ထိုလျှို့ဝှက်ချက်များမှာ ရှေးခေတ်အချိန်ကတည်းက ဆင်းသက်လာခြင်း ဖြစ်သည်။
ထိုနည်းလမ်းမျိုးက ဂိုဏ်းကြီးများတွင်သာ ရှိပေလိမ့်မည်။
“လျှို့ဝှက်နယ်မြေရဲ့ချိပ်စည်းက ပျက်စီးသွားပြီလား”
ဓားဘုရင်ယွမ်ထျန်းက နေမင်းရောင်ဝါနန်းတော်၏လမ်းကြောင်းကို အသုံးပြုပြီး ထွက်သွားချင်သောအခါမှာ ဟုန်ချောင်ယန်၏တားဆီးမှုကို ခံခဲ့ရကြောင်း သူ မှတ်မိလိုက်သည်။
‘အရာအားလုံးက ဒါနဲ့ဆက်သွယ်နေတာလား’
“ဆရာတူအစ်ကိုဟန်၊ လျှို့ဝှက်နယ်မြေရဲ့ချိပ်စည်းက ဒီရက်ပိုင်းတွေမှာ အားနည်းလာတယ်။ အဲဒါကြောင့် ကျုပ် ဝင်ကြည့်ဖို့ စီစဉ်ထားတယ်”
ရှောက်ယိုစွန်းက ဟန်မူယဲ့ကို ကြည့်လျက် လေးနက်စွာ ပြောသည်။
“ဒီမှာ ရှိနေတဲ့ချိပ်စည်းက တစ်ခုခု ဖြစ်သွားမယ်ဆိုရင် အနောက်ဘက်နယ်စပ်ကုန်းမြေတစ်ခုလုံး ဒုက္ခရောက်မှာစိုးရိမ်မိတယ်”